ကောင်းကင်နတ်ဘုံကို ခွဲဖွင့်ခြင်း
Vol. 88 Ch. 1139
ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန် ပျာယာခတ်လာသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုတို့ဖြင့် ချုပ်နှောင်ခံထားရသော်ငြား သူတို့ ထုတ်လွှတ်နိုင်သည့် စွမ်းအားကား အင်အားကြီးမားလှသေး၏။ ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန်တို့အနေဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အသုံးမချပါက မည်သို့မျှ ခုခံနိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ခိုင်ဧကရာဇ်က စတင်တိုက်ခိုက်သည်။ နတ်ဘုရင်လန်ဝူကလည်း တိုက်ခိုက်သည်။ အားကောင်းပြင်းထန်လှသော အသိစိတ်အလျဉ်တို့က တဟုန်ထိုး ထွက်ပေါ်လာပြီး ကျောက်စိမ်းမြို့တော်တစ်၀က်ကို ချက်ချင်း ဖုံးလွှမ်းလိုက်ရာ လန်ဝူ မြင်ယောင်ဖန်ဆင်းထားသော အချိန်နှင့်နေရာသို့ ၀င်ရောက်သွားစေသည်။
လက်ဝဲ၊ လက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ နတ်ရှိန်ဝါနှင့် နတ်ဗျူဟာတပ်ဖွဲ့တို့မှာ ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်အတွင်းမှ လွတ်မြောက်လာလျှင်လျင်း သူမ၏အသိစိတ်အလျဉ်ဖြင့် ဖန်ဆင်းထားသည့် အဆုံးမဲ့ အချိန်နှင့် နေရာဟင်းလင်းပြင်သို့ ရောက်ရှိကုန်ကြသောကြောင့် စစ်ကူမပေးနိုင်တော့ပေ။
ဤနန်းစောင့်တပ်ဖွဲ့ခြောက်ဖွဲ့၏ အင်အားက ပေါ့သေးသေး မဟုတ်ပေ။ သူတို့ စစ်ပွဲထဲ ဝင်လာပါက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များကိုပင်လျှင် ဖိနှိပ်နိုင်ကြသည်။ သို့သော် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တစ်ဦးနှင် ထိပ်တိုက်တွေ့ရသည့်အခါတွင်တော့ သူတို့အင်အားမှာ မလုံလောက်ချေ။
နန်းစောင့်တပ်ဖွဲ့ခြောက်ဖွဲ့ကို နတ်ဘုရင်လန်ဝူ ပိတ်လှောင်ထားသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရှောင်က သူမကို လျှပ်တပြက် တိုက်ခိုက်လိုက်၏။ ဟင်းလင်းပြင်သားရဲက ဟင်းလင်းပြင်အတွင်းသို့ ပြန်လည်ဆုတ်ခွာလိုက်သည်။
နတ်ဘုရင်လန်ဝူ၏ အသံက ဟင်းလင်းပြင်နက်ထဲမှ ပျံ့လွင့်လာသည်။ “ရှောင်၊ ကောင်းကင်နတ်အရှင်ယွင်ရဲ့ တပည့်ဖြစ်တဲ့ နင်က မဟာဧကရာဇ်အကြောင်း အရမ်းသိနေတော့ နင့်ရဲ့ သရုပ်မှန်ကို ငါ သံသယ၀င်မိတယ်…. နင်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ မိသားစု၀င်များလား….. နင်က သူ့အဖေတောင် ဖြစ်နိုင်တယ်”
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူလည်း ဟင်းလင်းပြင်ထဲ အလျင်စလို လိုက်ဝင်သွား၏။
ကောင်းကင်နတ်အရှင်ဟောင်သည် စိတ်နှလုံးခိုင်မာသူ ဖြစ်သော်လည်း သူမစကားကြောင့် ကြောင်အသွား၏။ သူ့မှာ ခိုင်ဧကရာဇ်၏ ဓားချက်ကျရောက်လာချိန်တွင် ငိုင်နေသောကြောင့် အလောတကြီး ရှောင်တိမ်းလိုက်ရသည်။
ဤသည်မှာ နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော အရာပင်။
ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားပြီးကတည်းက ကောင်းကင်နတ်အရှင်ဟောင်သည် မည်သူ့တိုက်ကွက်ကိုမှ မရှောင်တိမ်းခဲ့ချေ။ သူကား တစ်လောကလုံးတွင် အသိပ်သည်းဆုံး ကျင့်စဉ်စွမ်းအင်နှင့် အပြောင်မြောက်ဆုံး ကောင်းကင်နတ်သိုင်းတို့ကို အမြဲတမ်း ပိုင်ဆိုင်ထားသော နတ်ဘုရားတစ်ပါး ဖြစ်သည်။
သို့သော် သူ၏စိတ်အာရုံ ထွေပြားသွားသည့်အခါ ဒဏ်ရာမရအောင် ခိုင်ဧကရာဇ်၏ဓားကို ရှောင်တိမ်းရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။
ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန်တို့မှာလည်း အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အချင်းချင်း သတိထားနေကြသည်။
“ဟောင်၊ မင်းတို့တွေက ပဲ့ကိုင်လမ်းပြသူတွေ လုပ်ဖို့ သတ္တိမရှိကြတော့ဘူး”
ခိုင်ဧကရာဇ်သည် သူရဲကောင်းတစ်ဦး၏ ဟန်ပန်အမူအရာတို့ဖြင့် တိုက်ခိုက်နေပြီး သူ၏ဓားက ကောင်းကင်နတ်အရှင်ဟောင်ကို နောက်သို့ ဆုတ်နေစေသည်။ သူ၏ ဓားကွက်များမှာ ဓားချီလှိုင်းဂယက်များအလား အဆုံးမဲ့လျက် ဖြာထွက်နေပြီး လျှပ်စီးတို့က ကောင်းကင်နတ်ဘုံတွင် မြွေလိမ်မြွေကောက် ဖျတ်ဖျတ်လူးနေ၏။ ကျယ်ပြောလှသော ကောင်းကင်နတ်ဘုံမှာ သူ၏ဓားအောက်တွင် လက်မှုပညာသည်တစ်ဦး လှီးဖြတ်လိုက်သော ရောင်စုံပိုးသားချည်စသဖွယ် နှစ်ခြမ်းကွဲစပြုလာသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ဆက်မတောင့်ခံနိုင်တော့ဘဲ နောက်ဆုတ်နေသည်အား ရပ်လိုက်၏။ သူက ညာလက်ဖြင့် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည့်အခါ နတ်လက်နက်တစ်လက်သည် သူ့လက်ထဲတွင် ရုတ်တရက် ဖွဲ့တည်လာချေသည်။
ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်သိုင်းများတွင် ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် နတ်လက်နက် အသုံးပြုရန် မဆိုထားနှင့်၊ ထိုသို့အသုံးပြုရသည်ကိုပင် မကြိုက်ကြောင်း လူတိုင်း သိကြ၏။
သို့သော် သူ မည်မျှ လျှို့ဝှက်ထားမှန်း မည်သူမှ မသိကြချေ။
ထိုစဉ်အခါတုန်းက ကောင်းကင်နတ်ဧကရာဇ်၏ ကျောက်ယန်ခန်းမကို ဖောက်ထွင်းခဲ့သူ သုံးယောက် ရှိခဲ့သည်။ တစ်ယောက်က ကောင်းကင်နတ်အရှင်ယွင်၊ တစ်ယောက်က ချင်မူဖြစ်ပြီး ကျန်တစ်ယောက်က သူပင်။ သူတို့သုံးဦးသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဘိုးဘေးနန်းတော်ထဲတွင် ထိန်းသိမ်းထားသော လက်နက်များကို ခွဲယူခဲ့ကြ၏။
ကောင်းကင်နတ်အရှင်ဟောင်က ခိုးလာခဲ့သည့် ရတနာများအနက် ကျောက်စိမ်းတိုင်လုံးကို တာအိုဘိုးဘေးကြီးဆီ ပေးခဲ့သည်။ ၎င်းကို အစောင့်အရှောက်ဆောင်၏ ကျောက်စိမ်းတိုင်လုံး သွန်းလုပ်ရာတွင် အသုံးပြုခဲ့၏။ အဆောင်တစ်ခုကိုလည်း ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲ၌ နှစ်မြုပ်၍ ကောင်းကင်နတ်အရှင်ယွီနှင့် နတ်မင်းလေးပါး ကောင်းကင်လက်နက်များ ဖန်ဆင်းရာတွင် အကူအညီ ဖြစ်စေခဲ့သည်။
သို့သော် သူသည် အခြားရတနာများကို သိမ်းဆည်း၍ နတ်လက်နက်များအဖြစ် လျှို့ဝှက်စွာ သွန်းလုပ်ထားခဲ့၏။
ဤအခိုက်အတန့်တွင် သူ၏ညာလက်က စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည့်အခါ စက်ဝိုင်းပုံသဏ္ဍာန် နတ်လက်နက်တစ်ခု ဖွဲ့တည်လာသည်။ သို့သော် ထိုလက်နက်သည် ချလွမ်ခနဲ မြည်၍ ချက်ချင်း ကွဲထွက်သွားပြီး ယွမ်တုမဟာတာအို ၃၆ ခုအား ထုတ်ဖော်လိုက်ရင်း ကမ္ဘာဦးဘုံ၏ သက်တမ်းအကြာဆုံး အသွင်သဏ္ဍာန်ကို ဖွဲ့တည်လိုက်သည်။
နတ်လက်နက် ၃၆ ခု ဖြစ်တည်လာ၏။ နဂါး၊ ဇာမဏီ၊ တောင်တန်း၊ ကန်၊ မြစ်၊ တောင်ကုန်း၊ စမ်းချောင်း၊ ဒယ်အိုး၊ စေတီနှင့် အစရှိသော အသွင်သဏ္ဍာန်၊ အရွယ်အစားမျိုးစုံဖြင့် လက်နက်များ ဖြစ်ကြချေသည်။
ထိုနတ်လက်နက်တစ်ခုချင်းစီ၏ စွမ်းအားမှာ နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်လွန်းပြီး အဆုံးမဲ့သည့် တာအိုအင်အားတို့ကို ထုတ်လွှတ်နေသည်။ ၎င်းတို့ထဲမှ တစ်ခုက ကမ္ဘာတစ်ခုလုံးကိုပင် ချေမှုန်းပစ်နိုင်၏။
ဘိုးဘေးနန်းတော်၏ စွမ်းအားအကြီးဆုံးရတနာမှ သွန်းလုပ်ထားသော နတ်လက်နက်သည် ထူးကဲပြောင်မြောက်ပေလိမ့်မည်။
ထိုစက်ဝန်းပြားမှာ ထပ်မံကွဲထွက်သွားပြန်ပြီး တချွင်ချွင် မြည်သံများနှင့်အတူ ကောင်းကင်တာအို ၄၉ ခု ထွက်လာသည်။ ၎င်းတို့ကလည်း ကောင်းကင်တာအိုရတနာ ၄၉ ခုအသွင်သဏ္ဍာန် ရှိကြ၏။ ပိုက်ကွန်၊ ထီး၊ ချောက်နက်၊ တွင်းနက်၊ ကြိုး၊ ဝါး၊ နန်းတော်၊ မုခ်၀၊ ရေတွင်း အစရှိသဖြင့် ဖြစ်ကြလေသည်။
စက်ဝန်းပြားသည် တဖန် ကွဲထွက်သွားပြန်၍ ယိုတုမဟာတာအိုကို ဖော်ဆောင်လိုက်သည်။ ယိုတုမဟာတာအို၏ နတ်လက်နက် ၆၄ ခုမှာ အဆောင်၊ သင်္ဘော၊ မျက်နှာဖုံး၊ ကြာပွတ်၊ ဦးချို၊ မျက်လုံး၊ ခွေ့၊ တောင်တံခါးဝ၊ မီးအိမ်၊ မီးတောက် အစရှိသည်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ မတူညီကြပေ။
စက်ဝိုင်းပြားက ထပ်မံကားထွက်လိုက်ပြန်ရင်း ကောင်းကင်တွင် ပိုမိုရှုပ်ထွေးနက်နဲသော ကြယ်များ၊ ကြယ်တာရာအစုအဝေးများကို ဖော်ဆောင်လိုက်သည်။
ဤသည်က သူ၏ အနန္တတာအိုကောင်းကင်လှည်းဘီး ဖြစ်လေသည်။
ခိုင်ဧကရာဇ်၏ဓား ပြေး၀င်လာစဥ် ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏လက်ဖြင့် ဟန့်တားကာလိုက်ပြီး ကောင်းကင်နတ်ဘုံတစ်ဘုံလုံးကို တုန်လှုပ်သွားစေသည့် ငလျင်လှိုင်းများ ဖြစ်ပေါ်လာစေသည်။
ထိုအချိန်တွင် ချင်မူနှင့် အခြားသူများမှာ တောင်ကောင်းကင်မုခ်၀မှ အလောတကြီး ထွက်သွားလိုက်ကြသဖြင့် ကောင်းကင်နတ်ဘုံနှင့် ဝေးနေသည်။ ရုတ်တရက် ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခုက ကောင်းကင်နှင့် မြေကြီးထံမှ ထွက်ပေါ်လာပြီး သူတို့နားထဲ ၀င်ရောက်လာ၏။ သို့သော် အသံက သူတို့၏တာအိုနှလုံးသားထဲမှ ထွက်ပေါ်လာပြီး အတွင်း၌ တစ်စုံတစ်ခု ပြိုလဲသွားသည့်အလား ထင်ရပေသည်။
ချင်မူက ဖျတ်ခနဲ လှည့်ကြည့်လိုက်ရာ အသက်ရှူမှားဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
ကောင်းကင်နတ်ဘုံတွင် နှိုင်းယှဉ်မရနိုင်လောက်အောင် တောက်ပနေသော အလင်းတန်းတို့ကား နတ်ကောင်းကင်ခန်းမထဲမှ ရောင်စုံနေရောင်ခြည်ကဲ့သို့ ဖြာထွက်လာ၏။
တစ်ချိန်တည်းမှာပင် အလင်းတန်းတို့က ကောင်းကင်နတ်ဘုံ၏ အောက်မှလည်း ခံ့ညားသော အရောင်အဝါတန်းများ တောက်ပလာသည်။
ရောင်စုံအလင်းတန်းတို့၏ အကျယ်အ၀န်းက ပိုပို၍ ရှည်လျားလာသည်။ ၎င်းတို့က နတ်ကောင်းကင်ခန်းမကို ဗဟိုပြု၍ အရှေ့ကောင်းကင်မုခ်၀နှင့် အနောက်ကောင်းကင်မုခ်၀တို့ထံ ပျံ့နှံ့လာကြသည်။
ထိုမျှသာမက အလင်းတန်းရောက်ရှိသွားသော နေရာတိုင်းတွင် တစ်လောကလုံးကိုပင် လှုပ်ခါမတတ် တုန်သွားတတ်သည်။ နတ်နန်းဆောင်များနှင့် ခန်းမများမှာ တစ်ခုပြီးတစ်ခု နှစ်ခြမ်းကွဲကုန်ကြသည်။
၎င်းကို မြင်သောအခါ ချင်မူ ခေါင်းနပန်းကြီးလာသည်။ ထိုကွဲအက်မှုက အနောက်ကောင်းကင်မုခ်၀နှင့် တောင်ကောင်းကင်မုခ်၀တို့ထံ ပျံ့နှံ့သွားပေတော့မည်။ ထိုအချိန်တွင် ကောင်းကင်နတ်ဘုံသည် လုံးလုံးလျားလျား ထက်ခြမ်းကွဲသွားမည်ဖြစ်၏။
ရောင်စုံအလင်းတို့ ပျံ့နှံ့လာသည့် အမြန်နှုန်းက အင်မတန် မြန်ဆန်ပြီး မြန်သထက် မြန်လာသည်။
နောက်ဆုံးတွင် အနောက်ကောင်းကင်မုခ်၀မှာ တုန်ခါသွားပြီး ဝုန်းခနဲ နှစ်ခြမ်းကွဲသွား၏။
ရောင်စုံအလင်းတန်းများက အရှေ့ကောင်းကင်မုခ်၀ထံ ရောက်ရှိလာကြသည်။ အရှေ့ကောင်းကင်မုခ်၀ တဝုန်းဝုန်းမြည်ဟီး၍ ကွဲအက်တော့မည့်အချိန်၌ ကောင်းကင်နတ်အရှင်ရှောင်သည် ဖျတ်ခနဲ ပေါ်လာကာ မာန်သွင်းအော်ဟစ်ရင်း အရှေ့ကောင်းကင်မုခ်၀ နှစ်ခြမ်းကွဲတော့မည်ကို တားဆီးလိုက်သည်။
သို့သော် နတ်ဘုရားအဆင့်အထိ ကျင့်ကြံ၍ ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်ခဲ့သော ကျင့်ကြံသူတိုင်းမှာ သူတို့စိတ်ထဲ၌ တစ်စုံတစ်ခု ကွဲအက်သွားသကဲ့သို့ တစ်လောကလုံး လှုပ်ခါမတတ် တုန်ခါမှုကြီးကို ခံစားလိုက်ရသည်။
သူတို့က ကောင်းကင်နတ်ဘုံရှိရာသို့ တစ်ပြိုင်နက်တည်းနီးပါး လှမ်းမျှော်ကြည့်လိုက်ကြသည်။
အချို့နတ်ဘုရားများမှာ ကောင်းကင်နတ်ဘုံ၏ တည်နေရာကို မသိကြသော်လည်း ထိုနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့စိတ်ထဲမှ အသံမှာ ကောင်းကင်နတ်ဘုံ တည်ရှိရာနေရာမှ ထွက်ပေါ်လာ၍ပင်။
ထိုကျယ်လောင်လှသော အသံမှာ သူတို့စိတ်ထဲသာမဟုတ်။ တာအိုနှလုံးသားထဲအထိ ၀င်ရောက်သွားသည်မှာ တာအိုနှလုံးသားတို့ ကွဲအက်သွားသည့်အလားပင် ထင်ရသည်။
လက်ရှိကောင်းကင်နတ်ဘုံမှာ နှိုင်းမရလောက်အောင် အဓိပ္ပာယ်မရှိသည့် ခံစားချက်ကြီးကို ပေးစွမ်းနေသော ပါးစပ်ပေါက်ကြီးတစ်ပေါက်ကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်နတ်ဧကရာဇ်၏ အမြင့်ဆုံးအာဏာကို ကိုယ်စားပြုသော ကောင်းကင်နတ်ဘုံမှာ ထိုကဲ့သို့ နှစ်ခြမ်းကွဲသွားခဲ့ချေပြီ။
ခိုင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောရင်း အဝေးသို့ ထွက်ပြေးသွားသော ဓားရောင်တစ်ရောင်အဖြစ် အသွင်ပြောင်းသွားသည်။ သူ့အသံက အဝေးမှ ပျံ့လွင့်လာ၏။ “ကောင်းကင်နတ်အရှင်ဟောင်၊ ဒီနေ့ ကောင်းကင်နတ်ဘုံ ပျက်စီးသွားရတာ မင်းကျေးဇူးကြောင့်ပဲ…. ငါ မင်းဆီကို နောက်တစ်နေ့မှ ထပ်လာလည်တာပေါ့ကွာ”
ကောင်းကင်နတ်အရှင်ဟောင်က ရပ်၍ အနန္တတာအိုကောင်းကင်လှည်းဘီးအား ထိန်းချုပ်ရင်း သူ့ကို လိုက်ဖမ်းလေသည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ရှောင်က လှမ်းအော်သည်။ “နတ်အရှင်တို့၊ ကောင်းကင်နတ်ဘုံကို မြန်မြန် တည်ငြိမ်အောင် လုပ်ကြပါ… ဆက်ပြီး မကွဲအက်စေနဲ့… မဟုတ်ရင် ဘိုးဘေးနန်းတော် ပေါ်လာလိမ့်မယ်”
ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားသည်။ သူတို့က အလျင်အမြန် ပျံသန်းလာကြရင်း ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲမသွားရန် အတူတူ တားဆီးပေးကြသည်။
ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်ဘုံ၏ ပျက်စီးနေသော အခြမ်းများကို အပူပေးပြီး ပြန်ဆက်ရန် ကြိုးစားနေသည်။ သို့သော် သူ၏ ပြောင်မြောက်လှသော စွမ်းအားဖြင့်ပင်လျှင် ကောင်းကင်နတ်ဘုံကို ပြန်ဆက်ရန် ခက်ခဲလှသည်။
သူ ကောင်းကင်နတ်ဘုံကို ဆက်ပြီးနောက် ကောင်းကင်နတ်ဘုံ၏ ဒဏ်ရာနှင့် ဆင်တူသော ဧရာမအမာရွတ်ကြီးကို ကောင်းကင်၌ မြင်လိုက်ရလေသည်။
ကောင်းကင်နတ်ဘုံအပြင်တွင် ချင်မူ့ရင်မှာ တဒိန်းဒိန်းခုန်နေ၏။ ဘိုးဘေးနန်းတော်၏ စည်းတံဆိပ်ကား လျော့ရဲသွားချေပြီ။
စကြ၀ဠာအတွင်းပိုင်းထဲတွင်….
အဆုံးမဲ့သော တုန်ခါမှုသည် ဤနေရာအထိ ရောက်ရှိလာပြီး အမှောင်ထုထဲ၌ အက်ကွဲကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာ၏။