← Chapters

ဘိုးဘေးနန်းတော် ပွင့်လာပြီ

Vol. 88 Ch. 1140

ဘိုးဘေးနန်းတော် ပွင့်လာပြီ

Vol. 88 Ch. 1140

ဘိုးဘေးနန်းတော်

ကြီးမားကျယ်ပြောပြီး အဆုံးမဲ့နေ၏။ တောင်တန်းများ၊ ရတနာများကား နေရာတိုင်းလိုလို ပြန့်ကြဲနေလျက်။

တွေ့ကရာပစ္စည်းလေးတစ်ခုကပင် အပြင်လောကတစ်ခုလုံးအား ရူးခါသွားစေရန် လုံလောက်သည့်တိုင်.... ဤနေရာမှာ အတိုင်းထက်အလွန် ခြောက်ကပ်တိတ်ဆိတ်နေသည်။ ကြီးမားလှသော ဟင်းလင်းပြင်သားရဲကြီးများသာ ဤရှေးဟောင်းကမ္ဘာအတွင်း၌ ကျက်စားသွားလာနေကြချေသည်။ အချင်းချင်း မျိုးပွားနေကြခြင်း၊ သတ်ဖြတ်စားသောက်နေကြခြင်းတို့ကိုလည်း အတိုင်းသာ တွေ့မြင်ရ၏။

ယနေ့တွင် ဟင်းလင်းပြင်သားရဲအားလုံးသည် သူတို့၏ရင်ဘတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် ကောင်းကင်သို့ ခေါင်မော့ကြည့်လိုက်ကြ၏။

ကောင်းကင်ထက်၌ကား ... အက်ကွဲကြောင်းတစ်ခု။

ထိုစဉ် ၁၉ ခုမြောက်ဟင်းလင်းပြင်အတွင်းရှိ ဟင်းလင်းပြင်သားရဲမိခင်ကြီးသည်လည်း မျက်လုံးဖွင့်၍ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းဆီ လှမ်းကြည့်လိုက်သည်။

သူမဘေးတွင် ဟင်းလင်းပြင်သားရဲဥများ ပွတ်သိပ်ကြပ်နေချေသည်။ ၁၉ ခုမြောက် ဟင်းလင်းပြင်တစ်လွှာလုံးပင် ပြည့်နှက်ရသည့်တိုင်အောင် သိန်းသန်းချီသည်။

“ဂျွတ် ဂျွတ် ဂျွတ် ....”

ဟင်းလင်းပြင်သားရဲမိခင်၏ အရိုးများ တုန်ခါလာပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများ စိတ်လှုပ်ရှားလာကြသည်။ သူတို့က ကောင်းကင်ထက်သို့ ပျံတက်၍ အက်ကွဲကြောင်းထံ ကရောသောပါး သွားနေကြချေပြီ။

အက်ကွဲကြောင်းသည် ပြန့်ကားသထက် ပြန့်ကားလာပြီးနောက် အရွယ်အစားတစ်ခုသို့ အရောက်တွင် ရပ်တန့်သွား၏။ ဘိုးဘေးနန်းတော်၏အတွင်းထဲမှနေ၍ တောက်ပနေသော ကြယ်တာရာကောင်းကင်နှင့် အရောင်အသွေးစုံလင်သော အပြင်ကမ္ဘာကို မြင်ရလာသည်။

ပြွတ်သိပ်ကြပ်နေသော ဟင်းလင်းပြင်သားရဲများက ကျိုင်းကောင်အုပ်ကြီးပမာ အက်ကွဲကြောင်းဆီ ပျံသန်းသွားကြသည်။ သူတို့၏ပါးစပ်များမှ ဝိညာဉ်ကိုပင် လွင့်ထွက်သွားစေနိုင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ ပထမဆုံး ဟင်းလင်းပြင်သားရဲက အက်ကွဲကြောင်းထဲ အလျင်အမြန် ဝင်ပြီး ဘိုးဘေးနန်းတော်အပြင်သို့ ထွက်ရန် ကြိုးစားလိုက်စဉ် သူ၏ရုပ်ခန္ဓာမှာ ဖောင်းခနဲ ပေါက်ကွဲကာ အသွေးအသားများ အရည်ပျော်ကုန်သည်။

သို့သော် ဟင်းလင်းပြင်သားရဲများက အက်ကွဲကြောင်းထဲ ဝင်တိုးနေကြဆဲပင်။ သူတို့၏ခန္ဓာကိုယ်များသည် ပွင့်အာကျလာသော နှင်းဆီပန်းနီနီကဲ့သို့ ပေါက်ကွဲပွင့်ထွက်ကုန်ကြ၏။

တခဏလေးအတွင်း ဟင်းလင်းပြင်သားရဲပေါင်းများစွာ အက်ကွဲကြောင်းအတွင်း၌ သေဆုံးသောကြောင့် သူတို့၏သွေးများက အက်ကွဲကြောင်းကို နီရဲနေစေတော့သည်။

အပြင်မှ ကြည့်လျှင် ဘိုးဘေးနန်းတော်မှာ စကြဝဠာ၏ သွေးသံရဲရဲ အနာတစ်ခုနှင့် တူနေသည်။

ရုတ်တရက် ဟင်းလင်းပြင်၏ အတွင်းထဲမှ ဟင်းလင်းပြင်သားရဲမိခင်က အားကောင်းပြင်းထန်သော ခပ်အုပ်အုပ်အသံတစ်ချက် ပြုလိုက်သည်။ ကျန်ဟင်းလင်းပြင်သားရဲများက အက်ကွဲကြောင်းထဲ ဝင်တိုးနေကြသည်ကို ရပ်လိုက်ပြီး အနားသတ်များ၌ နေရာယူလိုက်ကြာကာ သူတို့၏ကြွက်သားများ၊ လက်သည်းများဖြင့် အပေါက်ကြီးအား တွန်းလျက် ချဲ့နေကြသည်။

သို့သော် ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏အင်အားအကြီးဆုံးခေတ်တွင် ဤစည်းတံဆိပ်အား ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။ စည်းတံဆိပ်က ကမ္ဘာတစ်ကမ္ဘာစီ၏ ပြောင်းပြန်ဘက်ခြမ်းကို အသုံးချထားသောကြောင့် ဟင်းလင်းပြင်သားရဲများ ဖွင့်နိုင်မည့်အရာမဟုတ်ပေ။

ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကြီး မည်းမှောင်နေသည်။

ကောင်းကင်နတ်ဘုံက ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ရာတွင် အခရာကျခဲ့၏။ သူတစ်ယောက်တည်းသပ်သပ်ဖြင့် စည်းတံဆိပ်ကို ပြန်လည်ပြုပြင်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ယခုအချိန်၌ ရှေးဟောင်းနတ်ဘုရားများစွာ သေဆုံးသွားကြပြီမဟုတ်ပါလော။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကလည်း သူနှင့်အတူ ပူးပေါင်းတော့မည်မဟုတ်ပေ။

ဘိုးဘေးနန်းတော်၏ စည်းတံဆိပ် ပြေလျော့သွားမှုအား ပြုပြင်နိုင်တော့မည်မဟုတ်။

သို့သော် ဘိုးဘေးနန်းတော်၏ စည်းတံဆိပ် ကျိုးပျက်သွား၍ ကမ္ဘာသူကမ္ဘာသားများ ၎င်း၏ တည်နေရာကို ရှာတွေ့သွားလျှင် မြှုပ်နှံထားခဲ့သော သမိုင်းကြောင်းကား ဘွားဘွားထင်ထင် ပေါ်လာပေတော့မည်။

‘သမိုင်းကြောင်းကလွဲပြီး ကြောက်စရာလည်း ရှိတယ်... ကမ္ဘာလောကကို ဖျက်စီးနိုင်တဲ့ အဲဒီဟာ.... ဘိုးဘေးနန်းတော်ကနေ အဲဒီဟာ ထွက်လာမှာ ငါ ကြောက်မိတယ်’ သူ တစ်ယောက်တည်း တွေးနေမိသည်။

တစ်ချိန်တည်းဆိုသလို ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးလည်း ဤထူးဆန်းသော အခြေအနေကို ခံစားလိုက်ကြရသည်။ မဟာလေဟာနယ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် စစ်တပ်ကြီးသည် ကောင်းကင်နတ်ဘုံဆီသို့ လှည့်ကြည့်လိုက်၏။

မဟာလေဟာနယ်ထဲမှ ကောင်းကင်နတ်ဘုံကို မြင်ရန် မဖြစ်နိုင်သော်လည်း သူတို့ ခံစားကြရချေသည်။

ကောင်းကင်နတ်အရှင်ဟုန်က ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး မဆိုစလောက် ပြုံးလိုက်သည်။ သူက လေးနက်တည်ကြည်သော အမူအရာဖြင့် ပြော၏။ “ကောင်းကင်နတ်ဘုံ ပြောင်းလဲသွားပြီ... အားလုံးပဲ ဒီကိစ္စက ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံကို ပုန်ကန်တိုက်ခိုက်တာကြောင့် ဖြစ်လိမ့်မယ်... မစစ်ဆေးလို့ မဖြစ်ချေဘူး... ငါ ပြန်ပြီး တစ်ချက်ကြည့်လိုက်မယ်”

နတ်ဧကရာဇ်လန်ရွှမ်နှင့် ကျန်ရှိသူများလည်း မအံ့ဩမိဘဲ မနေကြပေ။ မဟာလေဟာနယ်အား တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်ခဲ့သူမှာ ကောင်းကင်နတ်အရှင်ဟွေ့ပြီးလျှင် ကောင်းကင်နတ်အရှင်ဟုန် ဖြစ်သည်။ သို့သော် ထိုမျှစိတ်အားထက်သန်ခဲ့သော ကောင်းကင်နတ်အရှင်ဟုန်က မဟာလေဟာနယ်ထဲ ရောက်နေခါမှ အဘယ်သို့ပြု၍ ‌ကောင်းကင်နတ်ဘုံသို့ အလျင်စလို ပြန်ချင်နေသနည်း။

ကောင်းကင်နတ်အရှင်ကုန်းက မှင်သေသေ ဝင်ပြောသည်။ “ငါလည်း ပြန်မယ်... တာအိုမိတ်ဆွေကုန်း၊ အတူသွားကြတာပေါ့”

ကောင်းကင်နတ်အရှင်ဟုန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမနှင့် အတူမသွားချင်သောကြောင့် သူက ခြောက်ကပ်ကပ် ရယ်လျက် အလင်းတန်းအသွင်ဖြင့် လျှပ်တပြက် ထွက်သွားတော့သည်။

ကောင်းကင်နတ်အရှင်ကုန်းကလည်း သက်တံတစ်စင်းအသွင် ပြောင်း၍ အနီးကပ် လိုက်သွားလေသည်။

နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်ရှိသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နတ်ဧကရာဇ်လန်ရွှမ်က ချောင်းဟန့်ပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “တာအိုမိတ်ဆွေဟုန်နဲ့ တာအိုမိတ်ဆွေကုန်းက တစ်ယောက်နဲ့ တစ်ယောက် မတည့်ဘူး... ငါ သူတို့နဲ့ ပထမဆုံး တွေ့တုန်းကဆို တာအိုမိတ်ဆွေကုန်းက တာအိုမိတ်ဆွေဟုန်ကို လူရုပ်မထွက်အောင်အထိ ရိုက်နှက်နေတာ... သူတို့ အတူသွားရင် လမ်းမှာ ပြဿနာတစ်ခုခု ဖြစ်လိမ့်မယ်... သူတို့နှစ်ယောက် အဆင်ပြေသွားအောင် ငါ လိုက်သွားလိုက်ပါဦးမယ်” ထိုသို့ပြောပြီးနောက် သူလည်း ထွက်သွားသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က အလျင်အမြန် လှမ်းအော်သည်။ “သူတို့နှစ်ယောက်က တိုက်ခိုက်ရင် သူတို့မိသားစုတောင် သူတို့ သိတော့တာ မဟုတ်ဘူး... တာအိုမိတ်ဆွေလန်ရွှမ်တစ်ယောက်ထဲဆို မတားနိုင်မှာ စိုးမိတယ်... ငါ သွားပြီး ကူညီလိုက်ပါ့မယ်”

ကောင်းကင်နတ်အရှင်ရှုသည် မျက်မှောင်ကြုတ်၍ ကောင်းကင်နတ်အရှင်ဟွေ့ထံ ကြည့်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟုန်နဲ့ ကောင်းကင်နတ်အရှင်ကုန်းရဲ့ နောက်ကြောင်းတွေက လျှို့ဝှက်တယ်... နတ်ဧကရာဇ်လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ ရှေးဟောင်းကမ္ဘာဦးခေတ်ကနေ ဒီနေ့ထက်ထိ တည်ရှိခဲ့တဲ့သူတွေ... သူတို့က လျှို့ဝှက်ချက်တွေ အများကြီး သိထားတာကြောင့် ထွက်သွားကြတာ... ကောင်းကင်နတ်အရှင်ချင်တစ်ယောက်တည်း ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ခဲ့တာတော့ မဟုတ်တန်ဘူး... ကောင်းကင်နတ်အရှင်ဟွေ့၊ ရှင်ရော ဘာကြောင့် မပြန်တာလဲ”

ကောင်းကင်နတ်အရှင်ဟွေ့က နူးညံ့ချိုသာစွာ ပြုံးလိုက်သည်။ “မင်းမှ မပြန်တာ ငါက ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ”

ကောင်းကင်နတ်အရှင်ရှုက အေးစက်စက် တုံ့ပြန်လိုက်၏။ “ကျွန်မ ရှင့်ကို စိတ်မဝင်စားဘူး”

ကောင်းကင်နတ်အရှင်ဟွေ့သည် သူမနှင့် ‌ဘေးချင်းယှဉ်လျက် လျှောက်နေရင်း အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြားမှာ အရှုပ်အရှင်းကင်းတာဆိုနဲ့ မင်းနဲ့ ငါပဲ ရှိတယ်... မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်က ငါတို့ ကြားမှာ ပုန်းနေသလို၊ ကျန်တဲ့ ဖြစ်တည်မှုတွေလည်း ရှိတယ်... ဘယ်သူက လူကောင်းလဲ၊ ဘယ်သူက လူဆိုးလဲ ခွဲရခက်တယ်... မင်းနဲ့ငါ ပူးပေါင်းရင်တော့ အနိုင်ရနိုင်ခြေ များလိမ့်မယ်”

ကောင်းကင်နတ်အရှင်ရှုက ခြေလှမ်းများကို ရပ်၍ အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ရှင်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လူယုံဖြစ်နေခဲ့တာ မဟုတ်လား... ရှင့်စကား ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နားထဲ ပြန်ရောက်မှာ မစိုးရိမ်ဘူးလား”

ကောင်းကင်နတ်အရှင်ဟွေ့သည် တည်ကြည်လေးနက်စွာ တုံ့ပြန်၏။ “ငါ မင်းကို လေးစားတယ်.... ငါတို့ အတူတူပူးပေါင်းနိုင်ရင် ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို ပိုအလေးထားလာလိမ့်မယ်.... မင်းက နတ်ဘုရားတစ်ပိုင်းဆိုပေမယ့် လူသားတစ်ပိုင်းလည်း ဟုတ်တာပဲလေ”

ကောင်းကင်နတ်အရှင်ရှုက သရော်သလို မဲ့လိုက်ရင်း ရှေ့ဆက်လျှောက်သွားသည်။ “ကျွန်မက နတ်ဘုရားတစ်ပိုင်းပါ... ကျွန်မ နားမလည်တာက ရှင်က လူသားကောင်းကင်နတ်အရှင်တစ်ယောက် အသေအချာ ဖြစ်ရဲ့သားနဲ့ အခြားသူတွေထက်ပိုပြီး လူသားတွေရဲ့ အာဏာကို ဝင်စွက်ဖက်နေတာကိုပဲ... ကောင်းကင်နတ်အရှင်ယွင် အသတ်ခံခဲ့ရတဲ့အချိန် ရှင်လည်း ရှိတယ်... ရှင်က မင်ဧကရာဇ်ကိုလည်း သတ်ခဲ့တယ်... ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်တို့ အသတ်ခံခဲ့ရတဲ့အချိန်မှာလည်း ရှင့်စနက်တွေ မကင်းဘူး.. ကိုယ့်မျိုးနွယ်အပေါ်မှ ရှင်က သိပ်ရက်စက်လွန်းတယ်”

ကောင်းကင်နတ်အရှင်ဟွေ့၏ အသံက လေးနက်သွားသည်။ “လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ငါ့မှာ လှုပ်ရှားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး... သူတို့က ကောင်းကင်နတ်ဘုံ၊ ရှေး‌‌ဟောင်းနတ်ဘုရားတွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို မလွန်နိုင်တဲ့လူတွေလေ... လူသားမျိုးနွယ်အတွက် ရုန်းကန်ကြိုးစားနေတယ် ပြောပေမယ့် အဲဒါတွေက မဖြစ်နိုင်ဘူး.. လူသားမျိုးနွယ်အနေနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူး.... အင်အားပိုကြီးတဲ့သူ အောက်မှာ အညံ့ခံမှ အသက်ရှင်နိုင်လိမ့်မယ်”

သူက လေးနက်နေ‌သော မျက်ဝန်းများဖြင့် အဝေးသို့ ကြည့်သည်။ “သူတို့ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ခံယူချက်တွေအတွက် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အသက်တွေကို စတေးပစ်ချင်ခဲ့ကြတယ်... ငါ့လက်အောက်က လူတွေကို ကြည့်လေ... အကုန်လုံး ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်ကြတယ်... ဘယ်သူမှ မပုန်ကြဘူး... လမ်းမတူတဲ့လူတွေဆိုတာ အတူအလုပ်လုပ်လို့ကို မရတာ... အတိတ်က အဖိုးတန်တဲ့ သူငယ်ချင်းပဲ ဖြစ်ပါစေဦးတော့ ငါ ငဲ့ညာမပေးနိုင်ဘူး... ငါ့လူသားမျိုးနွယ်ကို သူတို့ ဖျက်စီးခွင့်မပေးနိုင်ဘူး”

ကောင်းကင်နတ်အရှင်ရှုသည် သူ့ကို တစ်ချက်ကြည့်လိုက်၏။ “ဒါကြောင့် ရှင်က မဟာလေဟာနယ်ဆီ သွားချင်နေခဲ့တာကိုး... ကောင်းကင်နတ်အရှင်ချင်နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို သုတ်သင်ရှင်းလင်းဖို့ အရင်ဆုံး ဝင်လာတာလည်း ရှင်ပဲ”

ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းအနောက်၌ မီးတောက်များ ဖျိုးဖျိုးဖျစ်ဖျစ် မြည်လာပြီး အလင်းလှည်းဘီးအသွင် ဖွဲ့တည်သွားသည်။ “ကောင်းကင်နတ်အရှင်ချင်က နာမည်ကြီးချင်နေတာ... ငါ့လူသားမျိုးနွယ်ကို ကပ်ဆိုက်အောင် သူ လုပ်မှာ ငါ လက်ပိုက်မကြည့်နိုင်ဘူး... သူ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပူးပေါင်းလိုက်ရင် ပြန်လမ်းမရှိတဲ့ လမ်းကို လျှောက်လိုက်တာနဲ့ အတူတူပဲ... ရှေးဟောင်းနတ်ဘုရားတွေ မွေးထားတဲ့ ခွေးတစ်ကောင်ပဲ သူ ဖြစ်လာမှာ... သူ အောင်မြင်သွားရင် လူသားမျိုးနွယ်လည်း သူ့လို‌ ခွေးဖြစ်လာလိမ့်မယ်... လက်ရှိဘဝတွေလို အေးအေးချမ်းချမ်း နေနိုင်မှာမဟုတ်ဘူး.. ငါ သူ့ကို နားချဖို့ ကြိုးစားပြီးပြီ... ဒါပေမဲ့ သူက ခေါင်းမာလွန်းတယ်... အဲဒါကြောင့် သူ အမှားတွေ ထပ်မလုပ်တော့အောင် သူ့ရဲ့ အသက်ကို ငါ အဆုံးသတ်ပေးရမယ်”

ကောင်းကင်နတ်အရှင်ရှုမှာ မနေနိုင်ဘဲ ‌‌မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်မူကရော”

ကောင်းကင်နတ်အရှင်ဟွေ့ ငေးငိုင်သွားသည်။

“ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံဆီ သွားတုန်းက နဂါးသွဲ့ရေကန်မှာ သူ့ကို ကာကွယ်ပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်သုံးပါး ရှိတယ်... မင်းက သူတို့ထဲက တစ်ယောက်မလား”

ကောင်းကင်နတ်အရှင်ရှုက မဲ့လိုက်လေသည်။ “ရှင်ကလည်း မျက်နှာနှစ်ဖက်နဲ့လူပဲ... ပြောတာက တခြား၊ ဆိုလိုတာက တခြား”

ကောင်းကင်နတ်အရှင်ဟွေ့သည် ခေါင်းယမ်းလိုက်၏။ “မင်းမှားနေပြီ... ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ငါ သူ့ကို အရွံဆုံးပဲ... သူ့ရဲ့ တည်ရှိမှုကိုတောင် ငါ သည်းမခံနိုင်ဘူး”

ကျောနောက်ပစ်ထားသော သူ့လက်က လက်သီးဆုပ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ချင်ယဲ့ထက်တောင် ပိုဂြိုဟ်မွှေသေးတယ်... သူ့စကားတွေ၊ သူ့လုပ်ရပ်တွေက အများကြီးပို ဆိုးရွားတယ်... သူ ဆက်လုပ်နေရင် လူသားမျိုးနွယ် ကပ်ဆိုက်လိမ့်မယ်... လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ငါ သူ့ကို အရင်ဆုံး သတ်ကို သတ်ပေးရမှာ.... ဒါ့အပြင် ဟောင်နဲ့ ငါက မိတ်ဆွေတွေလေ... သူ့ကို ကယ်ဖို့ ငါက ဟောင်ကို ဘာလို့ သစ္စာဖောက်ရမှာလဲ... အဲဒီနေ့တုန်းက သူ့ကို ကာကွယ်ပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်တွေထဲမှာ ငါ မပါဘူး”

သူက ခေါင်းခါပြီး ဆက်ပြော၏။ “လူသားမျိုးနွယ် ရှင်သန်ချင်ရင် သစ္စာဖောက်တွေ၊ သူပုန်တွေကို အမြစ်ဖြုတ်ရမယ်... တစ်ယောက်မှ အသက်ရှင်လျက် ထားလို့ မဖြစ်ဘူး... ဒီသူပုန်တွေကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေ လှည့်စားခံနေရတာ မြင်တိုင်း ငါ အသည်းနာမိတယ်... ဒီတိုင်းလေး အသက်ရှင်နေရတာ မကောင်းဘူးလား... မဟာလေဟာနယ်မှာတုန်းက သူ့ကို သတ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ငါ တခဏ တွေဝေခဲ့မိတာ နှမြောဖို့ ကောင်းတယ်.... သူ ငါ့ကို ကယ်ပေးခဲ့လို့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကနေတ လွတ်မြောက်လာဆိုတော့ ငါ သူ့ကို မသတ်ခဲ့တာ”

သူသည် ခံစားချက်မဲ့သောအသံဖြင့် ပြောနေ၏။ “ဒါပေမဲ့ တောင််ကောင်းကင်မှာ သူက ပြင်းထန်တဲ့ ပြစ်မှုတစ်ခု ကျူးလွန်ပြီး ငါနဲ့ မိတ်ဆွေဆက်ဆံရေး ဖြတ်တောက်ပစ်ခဲ့တယ်... ဒီတော့ နောက်တစ်ခါ တွေ့ရင် အေးအေးဆေးဆေး သတ်နိုင်ပြီ”

“ရှင်က ခံယူချက်တော့ ကောင်းပေမယ့် ကိုယ့်မျိုးနွယ်အပေါ်မှာ ရက်စက်လွန်းတယ်” ကောင်းကင်နတ်အရှင်ရှုက အပြုံးတစ်ခုဖြင့် ပြောသည်။

ရုတ်တရက် သူမ၏အမူအရာ ပြောင်းလဲသွားပြီး သူမက လက်မြှောက်ကာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကို တားလိုက်၏။ “ဘယ်သကောင့်သားက ဒီမှာ ယိုတု တည်ဆောက်ပြီး မြေအောက်ဘုံအရှင်သခင် လုပ်ဝံ့တာလဲ... အတင့်ရဲလှချည်လား... လေးစားရိုသေမှုကို မရှိဘူး.. ထွက်လာခဲ့စမ်း”

All Chapters