ငါ့ကို လေးလေးချင်လို့ ခေါ်
Vol. 88 Ch. 1141
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးပါးလည် လက်များ မြှောက်လိုက်ကြကာ စစ်ချီတက်နေမှုကို ရပ်တန့်စေလိုက်သည်။ သူတို့က သတိကြီးစွာဖြင့် ဟိုဟိုသည်သည် ကြည့်လိုက်ကြ၏။
ကောင်းကင်နတ်ဘုံတွင် များပြားလှသော စစ်သည်တော်များ၊ စီးတော်မြင်းများ ရှိသလို လေသင်္ဘောတို့ကလည်း ကောင်းကင်တခွင် ဖုံးလွှမ်းထားသည်။ ကောင်းကင်ဆရာသခင်လေးပါးက ဂိုဏ်းကြီးလေးဂိုဏ်း၏ စစ်တပ်များကို ဦးဆောင်ပြီး ဧကရာဇ်လေးပါးကမူ ကောင်းကင်လေးခု၏ စစ်တပ်များကို ဦးဆောင်သည်။ တစ်ဦးချင်းစီက စစ်တပ်ကြီးတစ်တပ်စီကို ချုပ်ကိုင်ထားချေသည်။
သူတို့အပြင် နဂါးသိုင်းတပ်ဖွဲ့၊ နတ်သိုင်းတပ်ဖွဲ့နှင့် ကောင်းကင်နတ်မြစ်ရေတပ်တို့လည်း ပါဝင်ကြသည်။
ကောင်းကင်နတ်ဘုံ ဤတစ်ကြိမ်တွင် စုစည်းခဲ့သည့် အင်အားမှာ ပေါ့သေးသေး မဟုတ်ချေ။ ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာကို ပြားပြား၀ပ်ချေမှုန်းရန် လုံလောက်ပေသည်။
မြောက်ကောင်းကင်၏ စစ်တပ်မှာ အမှောင်ဓာတ်ဖြင့် မိစ္ဆာဆန်သည်။ သူတို့သွားသမျှနေရာတိုင်းတွင် လူတိုင်းက ရှောင်ကျဉ်သွားကြသည်။
ကောင်းကင်ယင်သားတော်က မိစ္ဆာမျက်နှာဖုံးအုပ် သင်္ဘောထက်တွင် ရပ်နေသည်။ အမှောင်ပင်လယ်သည် ရေများ အလိပ်လိပ် ကြွတက်လျက် လှိုင်းလုံးတို့ ရိုက်ခတ်နေ၏။ သူသည်လည်း ပတ်၀န်းကျင်ကို ဟိုဟိုသည်သည် ကြည့်နေ၏။
ကောင်းကင်နတ်အရှင်ရှု၏ အသံ သူ၏နားထဲ ရောက်လာသည်အခါ သူလည်း စိတ်ထဲ လှုပ်ခတ်သွားပြီး မဟာလေဟာနယ်၏ လှည့်စားမှုကို ချက်ချင်း ထွင်းဖောက်မြင်ခဲ့သည်။
ကောင်းကင်ဆရာသခင်လေးပါး၏ ယိုတုကောင်းကင်နတ်သိုင်းများအပေါ် နားလည်မှုမှာ သူ့လောက် မနက်နဲချေ။ ကျန်ရှိသူများအနေဖြင့် လှည့်ကွက်များကို မမြင်နိုင်သော်လည်း သူကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
မည်သူမှ မသိလိုက်သော အချိန်တစ်ခုတွင် မဟာလေဟာနယ်အတွင်း၌ အချိန်နှင့်နေရာဟင်းလင်းပြင် အလွှာအသစ်တစ်လွှာ ပေါ်ထွက်လာခဲ့၏။ ထိုအလွှာသစ်က မဟာလေဟာနယ်နှင့် အလိုအလျောက် ထပ်သွားခဲ့သည်။
ကောင်းကင်နတ်ဘုံ၏ စစ်တပ်များက မဟာလေဟာနယ်သို့ ၀င်ရောက်၍ သက်ရှိကမ္ဘာတွင် သွားလာနေကြခြင်း ဖြစ်သည်။ သို့သော် အချိန်မရွေး မတူညီသည့် အချိန်နှင့် နေရာဟင်းလင်းပြင်ထဲသို့ ၀င်ရောက်သွားနိုင်ပေသည်။
ထိုမတူညီသော အချိန်နှင့်နေရာမှာ အမှန်တကယ်တွင် ယိုတု ဖြစ်၏။
မဟာလေဟာနယ်၏ ယိုတုပင်။
“တယ်လည်း အတင့်ရဲလှချည်လား… မဟာလေဟာနယ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာက ငကြောက်တွေက ယိုတုကို တည်ဆောက်ပြီး နယ်ခံဧကရာဇ်တစ်ပါး ဖြစ်လာတယ်ပေါ့”
ကောင်းကင်ယင်သားတော်သည် အတော်လေး မျက်နှာပျက်နေ၏။ “ငါ့ကို မြောက်ကောင်းကင်မင်တုရဲ့ ဧကရာဇ်လို့ပဲ သိကြတာ…. ငါ့ကိုယ်ငါတောင် မြေအောက်ဘုံအရှင်သခင်လို့ မခေါ်ရဲခဲ့ဘူး…. ဒါပေမဲ့ မဟာလေဟာနယ်က ရွာသားတွေက ကိုယ်ပိုင်ကမ္တာတည်ဆောက်ပြီး နောက်ထပ် မြေအောက်ဘုံအရှင်သခင်တစ်ပါး ဖန်ဆင်းခဲ့တယ်ပေါ့လေ…”
ရုတ်တရက် အချိန်နှင့် နေရာဟင်းလင်းပြင်မှာ ဝေဝါးသွားပြီး အမှောင်ထုကြီး ရွေ့လျားလာသည်။ မကြာမီ အမှောင်ထုသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်း၍ ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော စစ်တပ်များကို လွှမ်းမိုးသွားတော့၏။
အမှောင်ထုထဲတွင် နတ်ဘုရားများမှာ ညနက်တွင်းရှိ ဖယောင်းတိုင် မီးတောက်များအလား ထင်းလင်းနေသည်။ သူတို့က အမှောင်ထု ဆက်လက် မဖုံးနိုင်အောင် နတ်ဘုရားအလင်းတန်းများ ထုတ်လွှတ်နေကြသည်။
ထိုအခိုက်အတန့်တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ မျက်လုံးကိုးလုံးဖြင့် ၀၀တုတ်တုတ် ကလေးကြီးတစ်ယောက်က အမှောင်ထုအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာကာ ကောင်းကင်နတ်ဘုံ၏ စစ်တပ်များရှေ့တွင် ပေါ်လာသည်။
“ခွီး…”
နတ်ဘုရားမတစ်ပါးမှာ မအောင့်နိုင်ဘဲ အော်ရယ်မိပြီးနောက် ခပ်တိုးတိုး ပြောလေသည်။ “ဒီမြေအောက်ဘုံအရှင်သခင်က ချစ်စရာလေးနော်”
အခြားနတ်ဘုရားမများကလည်း ရယ်လျက် ပြော၏။ “သူသာ နည်းနည်းပိုသေးရင် ဖက်လို့ကောင်းမှာပဲ”
“မရယ်ကြနဲ့”
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ မျက်လုံးကိုးလုံးဖြင့် ၀၀တုတ်တုတ် ကလေးကြီးက လက်သီးများဆုပ်လိုက်သည်။ သူသည် ရှက်လည်းရှက် ဒေါသလည်း ထွက်နေပြီး သူ၏ ကလေးသံလေးမှာ စူးခနဲ ထွက်လာတော့သည်။ “ရယ်တဲ့သူမှန်သမျှ သတ်ပစ်မှာနော်”
ကောင်းကင်နတ်ဘုံ၏ စစ်တပ်အားလုံး တဟားဟား ရယ်လိုက်ကြသည်။
“မရယ်ပါနဲ့ဆို…”
ချင်ဖုန်းကျင့်၏မျက်နှာကြီးမှာ နီရဲလာတော့သည်။ သူ့အသံမှာ ငိုမဲ့မဲ့ဖြစ်နေချေသည်။ သူက စိတ်တိုတိုဖြင့် ပြော၏။ “ငါ့ညီလေးက မင်းတို့အားလုံးကို သေအောင် ရိုက်ပစ်လို့ရတယ်… အမေ၊ သူတို့က သားကို လှောင်ရယ်နေကြတယ်”
အားလုံးက ပို၍ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ကောင်းကင်ယင်သားတော်၏မျက်နှာမှာ သုန်မှုန်နေပြီး သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ယိုတုသားတော်…. ယိုတိုမှာ ပထမဆုံး မွေးဖွားလာတဲ့ သက်ရှိဆိုတဲ့အတိုင်းပဲ… စွမ်းအားကြီးလွန်းလို့ ငါ့ကိုတောင် ခြိမ်းခြောက်နိုင်တယ်..”
ကောာင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာတိုင်းမှာ ကောင်းကင်ယင်သားတော်ကဲ့သို့ ဗဟုသုတမရှိကြချေ။ ချင်ဖုန်းကျင့်၏ ကျင့်စဉ်စွမ်းအင်မှာ နားမလည်နိုင်အောင် သိပ်သည်းနက်နဲသည်ကို လူအချို့သာ သိကြလေသည်။
ချင်ဖုန်းကျင့်၏ သိုင်းအဆင့်မှာတော့ ကောင်းကင်တံတားအဆင့်နှင့် တူညီသော ကောင်းကင်နတ်မြစ်အဆင့်တွင်သာ ရှိနေသေးသည်။
ကလေးကြီးမှာ သိုင်းကျင့်ကြံခြင်းအကြောင်း နားကန်းတစ်လုံးမျှ မသိချေ။ ချင်မူနှင့် ခန္ဓာကိုယ်မျှဝေခဲ့ရသည့် အတိတ်တုန်းက သိုင်းကျင့်၍ လမ်းစဉ်များ၊ ကျင့်စဉ်များ ကောင်းကင်နတ်သိုင်းများကို လေ့လာစူးစမ်းခဲ့သူမှာ ချင်မူသာဖြစ်၏။ သူ ချင်မူ့ထံမှ ခွဲထွက်လာသည့်အချိန်တွင် ချင်မူသည် ကောင်းကင်နတ်မြစ်အဆင့်တွင်သာ ဖြစ်ပြီး နတ်ဘုရားအဆင့်သို့ မကျင့်ကြံရသေးပေ။
သူက ချင်မူ ကလော်ထုတ်ခဲ့သော မျက်လုံးကို သုံး၍ ရုပ်ခန္ဓာဖန်ဆင်းခဲ့ရာ သူတို့နှစ်ယောက်လုံးသည် ကောင်းကင်နတ်မြစ်အဆင့် ရုပ်ခန္ဓာများအား ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်၏။ ကွာခြားမှုက ချင်ဖုန်းကျင့် လျှောက်လှမ်းခဲ့သည့် လမ်းစဉ်မှာ သိုင်းအဆင့်များမတည်ရှိစဉ်တုန်းက နတ်ဘုရားတစ်ပိုင်းတို့၏ လမ်းစဉ် ဖြစ်ပြီး ချင်မူကမူ နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ခဲ့၏။
သို့သော် ချင်ဖုန်းကျင့်ကား မွေးကတည်းက မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည့်အလျောက် သူ၏ခွန်အားကို သိုင်းအဆင့်ဖြင့် တိုင်းတာ၍ မရနိုင်ပေ။ သူက သိုင်းအဆင့်မဲ့သော မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သည်။
ချင်ဖုန်းကျင့်သည် နတ်ဘုရားတစ်ပိုင်းများနှင့် မတူပေ။ သူသည် သူ၏သွေးဆက်ကို မမှီခိုဘဲ ယိုတုမဟာတာအိုနှင့် သူမွေးဖွားစဉ်ကတည်းက ၀င်ရောက်လာခဲ့သော မိစ္ဆာသဘာ၀နှင် မိစ္ဆာချီတို့ကိုသာ အားကိုး၏။
နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်လျှင် သူ့တွင် ပိုမိုမြင့်မားသော အလားအလာရှိပြီး မဟာတာအိုချုပ်နှောင်မှုမှ ရုန်းထွက်၍ ကိုယ်ပိုင်လမ်းစဉ် ရှာဖွေချင်သော မြေအောက်ဘုံအရှင်သခင်ကိုပင် အားကျမနာလိုဖြစ်စေခဲ့သည်။
သူကား နတ်ဘုရားတစ်ပိုင်းနှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါင်းစည်ထားသကဲ့သို့ပင်။
ကောင်းကင်ယင်သားတော်က ကောင်းကင်နတ်အရှင်ရှုကို ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာသည် မပြောင်းလဲချေ။ ထို့နောက် ကောင်းကင်ယင်သားတော်က ခံစားချက်တစ်စုံတစ်ရာ မပြသော ကောင်းကင်နတ်အရှင်ဟွေ့ဆီသို့ ကြည့်လိုက်၏။
ရုတ်တရက် ကောင်းကင်နတ်အရှင်ရှုက ပါးစပ်ဟလိုက်သည်။ “မောင်လေး…”
ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရှုကို ကြည့်ကာ ပြုံးပြ၏။ “မြေအောက်ဘုံအရှင်တစ်ယောက်ပဲ ငါ့ကို ညီလေးလို့ ခေါ်လို့ရတယ်… နင်က သူ့သမီးဆိုတော့ ငါ့ကို လေးလေးဖုန်းကျင့်လို့ ခေါ်”
ကောင်းကင်နတ်အရှင်ရှုက နှာခေါင်းရှုံ့လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “နင့်ရဲ့ ယိုတုမဟာတာအိုက အားကောင်းတယ်... ဒါပေမဲ့ နင်က ငါ့ပြိုင်ဘက်တော့ မဟုတ်ဘူး ... နင် သေချင်ရင်တော့ ငါက ဆန္ဒဖြည့်ပေးရတာပေါ့”
“ငါ ကြောက်မယ် ထင်နေလား”
ချင်ဖုန်းကျင့်က ဒေါတသကြီး ရန်တွေ့သည်။ “ဒါပေမဲ့ ကြည့်ရတာ ငါ နင့်ကို အနိုင်မယူနိုင်ဘူး ထင်တယ်... နင်တို့ ငါ့ယိုတုကို ဖြတ်သွားရင် ပရမတ္တဟင်းလင်းပြင်ကိုလည်း ရောက်နိုင်တယ်လို့ ငါ လာပြောတာ”
ကောင်းကင်နတ်အရှင်ရှုမှာ အနည်းငယ် ကြောင်အသွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။ “နင့်မှာ သစ္စာရှိတဲ့ နှလုံးသားရှိသားပဲ… ချီးကျူးလောက်ပါပေတယ်…”
ချင်ဖုန်းကျင့်က ပြုံးလေသည်။ “ငါပြောတာ အဲ့အဓိပ္ပာယ်မဟုတ်ဘူး…. ငါ့ယိုတုမှာ အန္တရာယ်အမျိုးမျိုး ခင်းကျင်းထားတယ်လို့ ပြောချင်တာ…. နင်တို့က ငါစားတာခံဖို့ နင်တို့ဘာသာ ရောက်လာကြတာလေ… ဟာ…. ငါ နင်တို့ ၀င်လာအောင် လှည့်စားမလို့ကို ဘာလို့ ထုတ်ပြောလိုက်မိတာလဲ”
ကောင်းကင်နတ်အရှင်ရှုသည် အေးစက်စက် နှာမှုတ်လိုက်ရာ မီးတောက်များက သူမဦးခေါင်းနှင့် ခြေနှစ်ဖက်တွင် ထတောက်သွား၏။ ၎င်းတို့မှာ ယိုတုမိစ္ဆာမီးတောက်များ ဖြစ်ကြပြီး အချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းကဲ့သို့ ဖွဲ့တည်လျက် လှုပ်ရှားနေသည်။
ချင်ဖုန်းကျင့်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး လိပ်ပြာပုံစံ တာအိုအမှတ်အသားများ ချက်ချင်းပင် လေထဲ၌ ပြည့်နှက်သွားသည်။ သူက စိတ်လှုပ်တရှား ပြောလေသည်။ “နင်က တော်တော်သန်မာတာပဲဟ… အရသာ တော်တော်ရှိလောက်တယ်….နောက်တစ်ခု ကျန်သေးတယ်”
အဝါရောင်စမ်းချောင်းနှစ်စင်းက အရှေ့နှင့်အနောက်မှ ပြေးဝင်လာကြသည်။ ချင်ဖုန်းကျင့်မျက်ခုံးနှစ်ဖက်ကြားရှိ တာအိုအမှတ်အသားများက အဝါရောင်စမ်းချောင်းများနှင့် တိုက်မိသွားသော်လည်း ဝုန်းခနဲ ကွဲထွက်သွား၏။
ချင်ဖုန်းကျင့်က ခေါင်းလှည့်လိုက်ရာ သူ့ဒုတိယဦးခေါင်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာ ထွန်းလင်းစွာ တောက်ပသွားသည်။ သူ့ခန္ဓာကိုယ်က လှည့်ပတ်သွားပြီး တတိယမိစ္ဆာမျက်လုံးရှိ အလင်းရောင်က အဝါရောင်စမ်းချောင်းနှင့် ထိတွေ့သွား၏။ ထို့နောက် သူ့တစ်ကိုယ်လုံး တုန်ရီကာ နောက်သို့ လွင့်ထွက်သွားချေသည်။
ဝုန်း….
မဟာလေဟာနယ်တစ်ခုလုံးမှာ သူနှင့်အတူ နစ်မြုပ်သွားပြီး အမှောင်ထုလည်း လွင့်ပျယ်သွား၏။
ကောင်းကင်နတ်အရှင်ရှု၏ ဒုတိယအချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းမှာ လွဲချော်သွားသည်။ သူမ မဟာလေဟာနယ်ယိုတုထဲသို့ လှမ်းကြည့်လိုက်သည့်အခါ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ကလေးကြီးမှာ ခြေဗလာဖြင့် ထွက်ပြေးနေသည်ကို တွေ့လိုက်ရလေသည်။ သိုင်းပညာရှင်တစ်ဦးနှင့် လုံးလုံးလျားလျားမှ မတူချေ။
ချင်ဖုန်းကျင့်အသံက မဟာလေဟာနယ်နှင့် ယိုတုအတွင်းမှ ထွက်လာသည်။ သူက ရယ်လျက် ပြောနေ၏။ “မင်းတို့ လောင်းချင်လား သဘောတူချင်လား….ငါ မြေအောက်ဘုံအရှင်သခင်လေးဆီမှာ ကျန်ဆိုလို့ရတယ်… ငါက အရာရာကို မျှမျှတတပဲ လုပ်တတ်တယ်…. ဖန်ဆင်းရှင်တွေ၊ လူသားတွေ၊ နတ်ဘုရားတွေဆိုပြီး ဘက်မလိုက်တတ်ဘူး…. အကုန်လုံး စားပစ်နိုင်တယ်..”
သူ့အသံတွင် ဂုဏ်ယူမှုတို့ ပြည့်နှက်နေ၏။ “မြေအောက်ဘုံအရှင်သခင်ကြီးက ဒီကိုလာလို့မရဘူး…. မင်းတို့ ကျိန်ဆိုချင်ရင် ငါ့ဆီမှာပဲ ကျိန်လို့ရမယ်… ငါက အစားချေးမများဘူး”
ကောင်းကင်နတ်အရှင်ရှုက တောက်ပနေသော မိစ္ဆာမျက်လုံးများဖြင့် အေးစက်စက် နှာမှုတ်လိုက်ရင်း ထိုကလေးကြီးအား သတ်ရန် ယိုတုအတွင်း ပြေး၀င်သွားလေသည်။
သို့သော် ကလေးကြီး၏အမြန်နှုန်းမှာ အံ့ဩဖွာကောင်းလှသည်။ သူက ဘယ်၊ ညာ ရှောင်တိမ်း၍ သူမမိစ္ဆာမျက်လုံး၏ ကောင်းကင်နတ်သိုင်းကို ရှောင်ရှားနေ၏။ မရှောင်နိုင်တော့မှန်း သဘောပေါက်သွားသည့်အခါ သူက ရုတ်တရက် ကျွမ်းထိုး၍ နတ်ဓားတစ်လက် ထုတ်လိုက်သည်။
ဝှစ်… ဝှစ်…. ဝှစ်..
ဓားရောင်က အရပ်လေးမျက်မှသို့ ပျံထွက်၍ အလင်းတန်းတစ်တန်း ထွက်ပေါ်လာစေ၏။
ကောင်းကင်နတ်အရှင်ရှုမှာ အံ့ဩမှင်သက်သွားသည်။ “ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်ရဲ့ ဓားလမ်းစဉ်ပဲ… သူက တကယ်ကြီး သိနေတာလား..”
ချင်ဖုန်းကျင့် ထုတ်ဖော်နေသော ချင်မူနှင့် ခိုင်ဧကရာဇ်တို့၏ ဓားသိုင်းကွက်များမှာ မဆိုးရွားလှပေ။ သူက သူမကို အငိုက်ဖမ်း၍ သူမ၏ မိစ္ဆာမျက်လုံးကောင်းကင်နတ်သိုင်းအား ချိုးဖျက်လိုက်သည်။
ယိုတုသားတော်မှာ အခြားသူများအမြင်တွင် တုံးအပြီး ချစ်စရာကောင်းသော ကလေးကြီးတစ်ယောက်သာ ဖြစ်သည်။ ဓားကွက်များကို ဤမျှအထိ ထုတ်လွှတ်တတ်လိမ့်မည်ဟု မည်သူမှ မထင်ထားလောက်ပေ။
သူမ လှုပ်ရှားတော့မည့်အချိန် ချင်ဖုန်းကျင့်က လေဟာနယ်တံတားဆီ ထွက်ပြေးသွားပြီး အခန်းသုံးခန်းထဲ ဝင်ကာ ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှုမှာ တွန့်ဆုတ်သွားပြီးနောက် လိုက်မဖမ်းတော့ပေ။
လေဟာနယ်တံတားနှင့် အခန်းသုံးခန်းနှင့် ပတ်သက်ပြီး တွေ့ကြုံခဲ့ရသော အကြောက်တရားက သူမရင်ထဲတွင် ကိန်းအောင်းနေဆဲ ဖြစ်၏။