← Chapters

ချင်မျိုးရိုးတွေ တစ်ယောက်မှ မကောင်းဘူး

Vol. 88 Ch. 1142

ချင်မျိုးရိုးတွေ တစ်ယောက်မှ မကောင်းဘူး

Vol. 88 Ch. 1142

အခန်းသုံးခန်းမှာ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ဖန်ဆင်းရှင်တို့ ပုံစံရေးဆွဲဆောက်လုပ်ထားသည့် ဆန်းကြယ်အိမ်တစ်လုံး ဖြစ်ချေသည်။ အိမ်ထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်တာအိုအပြင် ဖန်ဆင်းရှင်တို့၏ အင်အားအကြီးဆုံး အသိစိတ်အလျဉ်စက်၀န်း လှည့်ပတ်နေ၏။ သူမနှင့် ကောင်းကင်နတ်အရှင်ဟောင်မှာ ထိုအိမ်ထဲတွင် မသေရုံတမယ် ပိတ်မိနေခဲ့ဖူးလေသည်။

ကောင်းကင်ဆရာသခင်လေးဦးနှင့် ကောင်းကင်နတ်ဘုံ၏ ဧကရာဇ်သုံးပါးမှာ မဟာလေဟာနယ်ယိုတုထဲတွင် ဤသို့မြင်ကွင်းမျိုးအား မမြင်ဖူးခဲ့ကြချေ။ သို့သော် ကောင်းကင်ယင်သားတော်သည် မြင်ရသည့်အခါ မနာလိုဖြစ်လာ၏။

‘ယိုတုသားတော် ကောင်စုတ်လေးက…. အစွမ်းအစတွေ တိုးတက်လာခဲ့ပြီပဲ…. အဲ့ဒီလိုရုပ်ခန္ဓာမျိုးသာ ငါ့မှာ ရှိရင်တော့ ငါအနှေးနဲ့အမြန် မြေအောက်ဘုံအရှင်သခင် ဖြစ်နိုင်တာပေါ့….’

သူက တွေးနေသည်။ “အဲ့ဒီအချိန်ရောက်ရင် ငါက ကောင်းကင်နတ်အရှင်ဟောင်ကို ခစားနေရတဲ့ စစ်သူကြီးသာသာ မဟုတ်တော့ဘဲနဲ့ ကောင်းကင်နတ်အရှင်ယင်ဖြစ်လာမှာ…”

သူ့နှလုံးသားတွင် စိတ်အားထက်သန်မှုတို့ တဟုန်းဟုန်း တောက်လောက်နေသည်။ ချင်ဖုန်းကျင့် အလျင်အမြန် တိုးတက်လာခဲ့ခြင်းသည် တွေ့ကရာ အကုန်စားသည့်အတွက်ကြောင့်ပင်။

ကောင်းကင်နတ်ဘုံစစ်တပ်သည် မဟာလေဟာနယ်အတွင်း ဆက်လက်၀င်ရောက်နိုင်ရန် မရေမတွက်နိုင်အောင် သေကြေကျဆုံးခဲ့ကြရ၏။ သူတို့၏ မူလဝိညာဉ်များမှာ ထိုကောင်စုတ်ကလေး၏ ဝါးမြိုခြင်းခံနေရ၏။

နတ်ဘုရားမိစ္ဆာတစ်သန်း၏ မူလဝိညာဉ်များက ချင်ဖုန်းကျင့်အတွက် ကောင်းကင်ယင်သားတော်၏ စွမ်းအားအား ယာယီယှဉ်ပြိုင်နိုင်ရန် လုံလောက်ပေသည်။

မည်သူက ထိုသို့ရုပ်ခန္ဓာမျိုးကို မပိုင်ဆိုင်ချင်ဘဲ နေမည်နည်း။

“ကောင်းကင်နတ်အရှင်ဟွေ့က အမြဲတမ်း မကောင်းမှုကို ရွံမုန်းခဲ့တာ….

အတိတ်တုန်းကအတိုင်းသာ ဆိုရင် သူ ဒီမိစ္ဆာလေးကို တွေ့တာနဲ့ သတ်ပြီးလောက်ပြီ…”

ကောင်းကင်နတ်အရှင်ရှုသည် သူ့ဘေးရှိ ကောင်းကင်နတ်အရှင်ဟွေ့ကို ကြည့်၍ သာမန်ကာလျှံကာ မေးလိုက်၏။

“ရှင် ဘာလို့ ဒီနေ့မှ အရမ်းအေးဆေးတည်ငြိမ်နေရတာလဲ”

ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စက် နှာမှုတ်၍ စိတ်မ၀င်စားစွာ ပြောသည်။ “သူက ငယ်ငယ်လေးပဲ ရှိသေးတာလေ… မင်းက စလှုပ်ရှားပြီးမှတော့ ငါ ဝင်ပါလို့ ကောင်းပါတော့မလား…. ဒီသတင်းသာ ပေါက်ကြားသွားရင် ကောင်းကင်နတ်အရှင်နှစ်ယောက်က‌ ကောင်စုတ်လေးတစ်ကောင်ကို ပေါင်းအနိုင်ကျင့်တယ်လို့ လူတွေ ပြောကြလိမ့်မယ်”

ကောင်းကင်နတ်အရှင်ရှုက လက်မြှောက်၍ အော်ဟစ်လိုက်၏။ “မဟာစစ်တပ် ချီတက်စမ်း..”

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုံစစ်တပ်များ၏ အနောက်တွင် ၀ရုန်းသုန်းကားဖြစ်သွားသည်။ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ “ရန်သူ တိုက်ခိုက် ..”

“ခိုင်ဧကရာဇ်ရဲ့ အမှိုက်ကောင်တွေနဲ့ ဖန်ဆင်းရှင်တွေ က အလစ်တိုက်လာတာပဲ”

တိုက်ခိုက်သတ်ဖြတ်သံများက အနောက်မှ ထွက်ပေါ်လာသဖြင့် ကောင်းကင်နတ်အရှင်ရှုက မျက်မှောင်ကြုတ်၍ ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်ကို ရှေ့တက်စေလိုက်သည်။ ရုတ်တရက် ချင်ဖုန်းကျင့်၏အသံသည် ထွက်ပေါ်လာပြီး သူက ခပ်ဟဟ ရယ်နေ၏။ “မြေအောက်ဘုံအရှင်သခင်မိသားစုက တူမလေး… ‌ငါ့ရဲ့ မဟာလေဟာနယ်ယိုတုဖန်ဆင်းရှင်တွေနဲ့ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်က နင်တို့ကို ဒီနေရာကနေ အလစ်တိုက်နိုင်တယ်ဆိုတာ လေးလေးဖုန်းကျင့် ပြောဖို့ မေ့သွားတယ်…နင်တို့က အပြင်ကို မမြင်ရဘူးလေ…”

ကောင်းကင်နတ်အရှင်ရှုသည် မဟာလေဟာနယ်ယိုတုအတွင်းသို့ ကြည့်လိုက်သည့်အခါ ချင်ဖုန်းကျင့်က အခန်းသုံးခန်း၏ ဘယ်ဘက်အစွန်ဆုံး တံခါးပေါက်မှ ‌ခေါင်းပြူထွက်နေသည်ကို တွေ့လိုက်ရ၏။ သူက အချိန်မရွေး ထွက်ပြေးတော့မည့်အလား သံသယဝင်ဖွယ်ကောင်းစွာ ပြုမူနေချေသည်။

“ဒါကြောင့် နင်တို့ မဟာလေဟာနယ်ယိုတုကို အရင်တိုက်ခိုက်ရမှာ…ဟီးဟီး…. မဟာလေဟာနယ်ထဲမှာ ထောင်ချောက်တွေ အများကြီးထားထားတယ်လို့ ငါပြောထားပေမယ့် နင်တို့ ၀င်ရဦးမှာပဲ…”

ကလေးကြီးသည် တံခါးနောက်တွင် ပုန်းလျက် စိတ်လှုပ်ရှားစွာ တုန်ရီနေ၏။ သူ၏ ကြိတ်ရယ်နေသံက ကောင်းကင်နတ်အရှင်ရှု၏ နားထဲသို့ ၀င်ရောက်လာသည်။ “ငါက ဉာဏ်ကောင်းလိုက်တာ…. ညီဆိုးလေးထက် ပိုဉာဏ်ကောင်းတယ်... ဒီတစ်ခါ အများကြီး စားနိုင်တော့မယ်”

ကောင်းကင်နတ်အရှင်ရှုက ရုတ်တရက် လက်သီးဆုပ်၍ ကောင်းကင်နတ်အရှင်ဟွေ့ဆီသို့ ကြည့်လိုက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့မှာ သတိထားမိပုံမပေါ်ချေ။ သူမက နှာမှုတ်၍ အော်ဟစ်လိုက်၏။ “ကောင်းကင်ယင်သားတော်… ငါ့အမိန့်ကို နာခံစမ်း”

ကောင်းကင်ယင်သားတော်၏ ဦး‌ရေပြားမှာ ထုံကျင်သွားပြီး သူက အင်တင်တင်ဖြင့် ရှေ့ထွက်လာသည်။

“မြေကောင်းကင် မိစ္ဆာနတ်ဘုရားတွေကို ဦးဆောင်ပြီး မဟာလေဟာနယ်ယိုတုကို သွားသိမ်းပိုက်စမ်း…. မအောင်မြင်ရင် နင့်ခေါင်းနင် ဖြတ်ပြီး ယူလာခဲ့”

ကောင်းကင်ယင်သားတော်မှ လုပ်ချင်စိတ်မရှိသော်လည်း ခေါင်းငုံ့၍ အမိန့်နာခံရုံသာ တတ်နိုင်သည်။ သူက စိတ်ထဲမှ တွေးနေသည်။ “ယိုတုသားတော်က အင်မတန် သန်မာတဲ့ပုံပေါက်ပေမယ့် အင်မတန်မှ တုံးအတယ်…. အဲ့ဒီ ကလိမ်ကကျစ် ကောင်းကင်နတ်အရှင်မူလည်း သူ့ခန္ဓာကိုယ်ကနေ ခွဲထွက်သွားခဲ့လို့ တော်သေးတယ်…. မဟုတ်ဘဲ ညီအစ်ကိုနှစ်ယောက်သာ ပေါင်းစည်းနေသေးရင် ငါ တကယ် သေလိမ့်မယ်”

သူက မြောက်ကောင်းကင်ဧကရာဇ်နန်းဆောင်၏ စစ်တပ်ကို ပြန်လည်နေရာချ၍ မဟာလေဟာနယ်ယိုတုအတွင်းသို့ ၀င်ရောက်သွားတော့သည်။

မမျှော်လင့်ထားဖွယ်ကောင်းစွာနှင့် မြောက်ကောင်းကင်ဧကရာဇ်နန်းဆောင်၏ စစ်တပ်ကြီးမှာ မဟာလေဟာနယ်ယိုတုအတွင်း ၀င်ရောက်သွားသည်နှင့် ချင်ဖုန်းကျင့် မြေအောက်၌ ကွယ်ဝှက်ထားခဲ့သည့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းမိသွားလေသည်။ ရာချီသော နတ်ဘုရားနှင့်မိစ္ဆာတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် မီးလောင်ကျွမ်းလာပြီး အကုန်လုံး အော်ဟစ်ငိုကြွေးလျက် ပြာကျကုန်၏။

“ဟီးဟီး…” ချင်ဖုန်းကျင့်က အဝေးရှိ ဧရာမတောင်ကြီး၏အနောက်မှ ချောင်းကြည့်နေလေသည်။

ကောင်းကင်ယင်သားတော်မှာ ဒေါသူပုန်ထသွားပြီး ‌ချင်ဖုန်းကျင့်၏‌ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လိုက်၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “နေရာပြန်ယူကြ… အထိတ်တလန့်မဖြစ်နဲ့…. သူ ထောင်ချောက် ဘယ်လောက် ဆင်ထားလဲ အရင်ကြည့်ကြစို့”

သူက လေပေါ်ပျံတက်၍ မဟာလေဟာနယ်ယိုတုအတွင်းသို့ ကြည့်လိုက်သည်။ သူ့မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရီလာပြီး မူးဝေလာတော့သည်။

မဟာလေဟာနယ်ယိုတုအတွင်းတွင် ထောင်ချောက်များ နေရာတိုင်းလိုလိုတွင် ပြည့်နေ၏။ နေရာချထားသည်မှာမူ ဖရိုဖရဲဖြင့် ပွစာကြဲနေသည်။

“မင်းက စစ်တိုက်နေတာလား…. သေးပန်းပြီး နေရာမှတ်နေတဲ့ ခွေးတစ်ကောင်လားကွ”

ကောင်းကင်ယင်သားတော်က ဒေါသအမျက်တချောင်းချောင်းဖြင့် ရယ်လိုက်သည်။ “ထောင်ချောက်တွေကို ဘယ်လိုလုပ် ဒီလို ထားရဲရတာလဲ… မင်းဘက်က လူတွေပါ ထောင်ချောက်မိကုန်ကြရင် ဘယ်နှယ့်လုပ်မလဲ”

ထိုစဉ် အဝေးရှိ ထောင်ချောက်တစ်ခုအနီးတွင် မီးကျွမ်းလျက် လဲကျနေသော အလောင်းတချို့ကို သူ တွေ့လိုက်ရသည်။ ထိုသူတို့မှာ ဖန်ဆင်းရှင်များနှင့် ရွှင်ပျော်ပျော်ကျေးရွာမှ နတ်ဘုရားမိစ္ဆာတို့ ဖြစ်ကြ၏။

ပရမတ္တကမ္ဘာမှ ဖန်ဆင်းရှင်များနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားနှင့်မိစ္ဆာတို့လည်း ဤမြေအောက်ဘုံအရှင်သခင်လေး ထောင်ချောက် မည်မျှဆင်ထားမှန်း မသိကြောင်း ထင်ရှားလှသည်။

ကောင်းကင်ယင်သားတော် ခေါင်းထိုးကိုက်လာတော့သည်။ ယခုလို အခြေအနေမျိုးတွင် ထောင်ချောက်တစ်ခုချင်းစီကို ဖြည်းဖြည်းနှင့်မှန်မှန် ဖျက်ဆီး၍သာ ရှေ့ဆက်သွားနိုင်ပေလိမ့်မည်။

ချင်ဖုန်းကျင့်ကို အားသုံး၍ တိုက်ခိုက်ခြင်းက အကျအဆုံး များပြားစေလိမ့်မည်။

“ချင်မျိုးရိုးတွေ တစ်ယောက်မှ မကောင်းဘူး”

ကောင်းကင်ယင်သားတော်က ဒေါသတကြီး အော်လိုက်သည်။ “တစ်မိသားစုလုံး ဓားပြတွေ၊ သူပုန်တွေ၊ သူရမ်းကားတွေချည်းပဲ”

ကောင်းကင်နတ်ဘုံအပြင်တွင် ချင်မူသည် ပျက်စီးနေသော ကောင်းကင်နတ်ဘုံကို ကြည့်၍ ရင်ထဲထိနေ၏။ သူက ချက်ချင်း ပြောလိုကသ်ည်။ “ကောင်းကင်နတ်ဘုံရဲ့ အနောက်ကို သွားကြစို့”

နဂါးချီလင်က ကောင်းကင်နတ်ဘုံ၏ ဆန့်ကျင်ဘက်သို့ ချက်ချင်း ဦးတည်သွားသည်။ ချင်မူမှာ တစ်ချက်ကြည့်၍ ပင့်သက်ရှိုက်မိလိုက်လေသည်။

ကောင်းကင်နတ်ဘုံ၏ ပြောင်းပြန်ဘက်ခြမ်းကား နောက်ဆုံး၌ ထွက်ပေါ်လာချေပြီ။

၎င်းသည် နတ်သတ္တုဖြင့် အလုံးစုံ သွန်းလုပ်ထားသော အပြောကျယ်ကျယ် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။ နတ်တောင်တန်းများမှာ ခမ်းနားတင့်တယ်နေပြီး သွေးဖြင့်‌ ရေးဆွဲထားသည့် သင်္ကေတများ ပြည့်နက်နေ၏။

မြေတွင်ပင်လျှင် သင်္ကေတအမှတ်အသားများ သိပ်သည်းထူထပ်စွာ ဖုံးလွှမ်းနေရာ နံ့သာဆောင်၏ ချိပ်တံဆိပ်များထက်ပင် ပိုမိုများပြားချေသည်။

ထိုချိပ်တံဆိပ်များမှ သွေးတို့ စီးကျနေပြီး ၎င်းသွေးများမှာ နတ်ဘုရားအင်အားတို့ ပြည့်နှက်နေ၏။ ၎င်းက ကမ္ဘာခေတ်နှောင်းနတ်ဘုရားတစ်ပါး၏ နတ်ဘုရားအင်အားသက်သက်သာ မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားတို့၏ စွမ်းအားကို သယ်ဆောင်ထားသော သွေးဖြစ်သည်။ သူတို့သည် သူတို့ကိုယ်ပိုင်သွေးကို သုံး၍ ကိုယ်ပိုင်မဟာတာအိုကို ရေးဆွဲရင်း ယင်းမဟာတာအိုချိပ်တံဆိပ်များကို ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်နတ်ဘုံ တည်ရှိနေသည့် နယ်မြေမှာ ဘိုးဘေးနန်းတော်ဆီမှ ဆင်းသက်လာခြင်း ဖြစ်ရမည်။ ဘိုးဘေးနန်းတော်တွင်သာ ထိုသို့ခမ်းနားတင့်တယ်သည့် နတ်တောင်တန်းမျိုး ရှိချေသည်။

အတိတ်တွင် ကောင်းကင်နတ်ဘုံ၏ နောက်ကျောကို မမြင်နိုင်ခဲ့ချေ။ ကောင်းကင်နတ်ဘုံ၏ ဘက်နှစ်ဘက်လုံးမှာ အရှေ့ဘက်အလား ရှိခဲ့၏။ ယခု ကောင်းကင်နတ်ဘုံ၏ နောက်ကျော ပေါ်ပေါက်လာပြီဖြစ်ရာ ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ထားသော စည်းတံဆိပ်များအနက် ကောင်းကင်နတ်ဘုံ၏ နောက်ကျောဖြင့် ဖော်ဆောင်ထားသော လျော့ရဲလာပြီဖြစ်သည့် အဓိပ္ပာယ်ပင်။

ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားသည့်အချိန်တွင် ဘိုးဘေး‌နန်းတော်၏ ချိတ်တံဆိပ်ကို ချိုးဖျက်ရန် မလုံလောက်သော်လည်း ကြောက်မက်ဖွယ်ရာ အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်သည်။

“မဟာဧကရာဇ်က ဒီအခိုက်အတန့်ကို စောင့်နေတာပဲ…. ဘိုးဘေးနန်းတော်က တကယ်ပဲ ပွင့်လာတော့မှာလား…. ဘိုးဘေးနန်းတော်ရဲ့ ၁၉ ခုမြောက် ဟင်းလင်းပြင်ကို အပြည့်နေရာယူထားတဲ့ ဟင်းလင်းပြင်သားရဲ‌ဥတွေက….”

ချင်မူမှာ စိတ်ထိန်းရန် ကြိုးစားလိုက်သော်သော်လည်း သူ၏စိတ်မှာ ရှုပ်ထွေးနေချေသည်။ နဂါးချီလင်နှင့် ယန်အာလည်း တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့သည် ဘိုးဘေးနန်းတော်ထဲသို့ ချင်မူ၊ တဟုန်၊ ကုရှောင်တို့နှင့် အတူလိုက်ခဲ့ဖူးသောကြောင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိကြလေသည်။

ဘိုးဘေးနန်းတော်အတွင်းရှိ ဟင်းလင်းပြင်းသားရဲများသာ ထွက်လာကြပါက အသင်္ချေသော ကောင်းကင်ဘုံများအား ဝါးမြိုရန် အချိန်ကြာကြာ ယူရမည်မဟုတ်ချေ။

ရုတ်တရက် ချင်မူက ‌တဟားဟား အော်ရယ်လိုက်၏။ သူ့အသံ၌ ပျော်ရွှင်မှုတို့ ပြည့်နှက်နေချေသည်။

နဂါးချီလင်က သတ္တိမွေး၍ မေးလိုက်မိသည်။ “ဂိုဏ်းသခင်က စိုးရိမ်နေရဲ့သားနဲ့ ဘာလို့ရယ်နေတာလဲ”

“တုံးလွန်းလို့ ငါ့ကိုယ်ငါ ရယ်နေတာပါကွာ”

ချင်မူက ကောင်းကင်နတ်ဘုံအရှေ့ဘက်သို့ လျှောက်သွားရင်း ပြောသည်။ “အန္တရာယ်…. အန္တရာယ်ရှိလာရင် အခွင့်အလမ်းဆိုတာလည်း ရှိတယ်…. ငါက စောစောက အန္တရာယ်တွေကိုပဲ တွေးမိပြီး အခွင့်အလမ်းတွေကို မေ့သွားခဲ့တယ်…. ငါသာ ကောင်းကောင်းလုပ်နိုင်ရင် အန္တရာယ်ကို အခွင့်အလမ်းအဖြစ် ပြောင်းလို့ရနိုင်တယ်…”

သူ့မျက်လုံးများတွင် အလင်းရောင်တို့က တလက်လက် တောက်ပနေသည်။ “အန္တရာယ်လို့ မြင်ရင် ရှေ့ဆက်တိုးဖို့ ခက်ခဲလိမ့်မယ်…. ဒါပေမဲ့ အခွင့်အလမ်းလို့မြင်ရင်တော့ အမိအရ ဆုပ်ကိုင်ရလိမ့်မယ်…. အဲ့ဒီမှသာ သမားရိုးကျလမ်းကြောင်းကနေ ဖောက်ထွက်ပြီး ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်လိမ့်မယ်…. ဒါက ‌လောကတစ်ခုလုံးကို ပြောင်းလဲသွားနိုင်တဲ့ အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာနိုင်တယ်… ဒါကြောင့် ဘာပဲဖြစ်ဖြစ် ငါ အမိအရ ဆုပ်ယူရလိမ့်မယ်…”

နဂါးချီလင်နှင့် ယန်အာမှာ ဇဝေဇဝါဖြစ်နေသော်လည်း သူ့အနောက်မှ အလောတကြီး လိုက်သွားကြသည်။

ချင်မူသည် အက်ကွဲနေသော တောင်ကောင်ကင်းမုခ်၀ထဲသို့ ခြေချလိုက်စဉ် ကောင်းကင်နတ်အရှင်ရှောင်၏ နဂါးကိုးကောင်ရထားလှည်းကို တွေ့လိုက်ရ၏။ ကောင်းကင်နတ်အရှင်ရှောင်က ပြတင်းပေါက် ဖွင့်၍ သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်သည်။ “ကောင်းကင်နတ်အရှင်မူ”

ချင်မူက ပြုံးပြလိုက်သည်။ “တာအိုမိတ်ဆွေရှောင်၊ မဟာဧကရာဇ်က ဘိုးဘေးနန်းတော်ဆီကို သွားပြီး ဟင်းလင်းပြင်သားရဲမိခင်ကို စေလွှတ်တော့မယ်… ခင်ဗျား ဘာစီစဉ်ထားလဲ”

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာက မပြောင်းလဲချေ။ “မင်း အဲ့ဒီကို ရောက်ဖူးတာပဲ”

ချင်မူက ခေါင်းညိတ်၏။ “ခင်ဗျားလည်း ရောက်ဖူးသားပဲ…. ဒါပေမဲ့ ခင်ဗျားရဲ့ တံစဉ်းလည်း အဲ့ဒီမှာ ပျောက်သွားခဲ့တာ နှမြောစရာကောင်းတယ်…. ချိပ်တံဆိပ်က လျော့ရဲသွားပေမယ့် ချိပ်တံဆိပ်ကို မပျက်စီးစေဘဲ ၀င်ရောက်နိုင်တဲ့သူက တစ်ယောက်ပဲ ရှိတယ်လေ…”

“အဲ့ဒိီလူက မင်းပဲ”

ကောင်းကင်နတ်အရှင်ရှောင်က ပြတင်းပေါက်ကို ပိတ်လိုက်သည်။ “တက်ခဲ့”

ချင်မူက ရထားလှည်းပေါ် တက်၍ ကန့်လန့်ကာများ ဖွင့်ကာ ၀င်တော့မည့်အချိန် ကောင်းကင်နတ်အရှင်ယန်က ကြောင်ဖြူကို ရင်တွင် ပိုက်၍ ရုတ်တရက် လျှောက်လာသည်။ “တစ်‌ယောက်တည်းဆို အရမ်းထင်ပေါ်လွန်းတယ်လေ… ကျွန်မကိုလည်း လိုက်ခွင့်ပေးပါ..”

သူမလည်း ၀င်ရောက်လာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ချန်းက ၀တ်ရုံစကို မ၍ အလောတကြီး ပြေးလာသည်။ သူမက နိမ့်ချည်၊ မြင့်ချည် လှုပ်ရှားနေသော ရင်အုံလေးဖြင့် ‌ဟောဟဲလိုက်၍ ရထားလှည်းပေါ် လွှားခနဲ ခုန်တက်ကာ ပြောသည်။ “ကျွန်မလည်း လမ်းကြုံလိုက်ချင်လို့”

All Chapters