← Chapters

ကျေးဇူးအကြွေး

Vol. 88 Ch. 1143

ကျေးဇူးအကြွေး

Vol. 88 Ch. 1143

ချင်မူ့အကြည့်က ကောင်းကင်နတ်အရှင်ချန်း၏ ရင်သားမှ တစ်ဖက်သို့ လွှဲသွားသဖြင့် ‌နဂါးချီလင်မှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော် ချင်မူ့အကြည့်သည် ကောင်းကင်နတ်အရှင်ယန်၏ ရင်ခွင်ထဲရှိ ကြောင်ဖြူဆီသို့ ရောက်သွားပြန်သဖြင့် သူ့မှာ စိုးရိမ်ပူပန်မိလာပြန်၏။ ‘ဂိုဏ်းသခင်ကတော့ ဒုက္ခပါပဲ…. ကြောင်ကို ကြည့်တာက အပေါ်ယံကြီး… ချီးပဲ…. ဒီနတ်အရှင်မနှစ်ဦးက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားတွေနော်….ကောင်းကင်နတ်ဧကရာဇ်က ဂိုဏ်းသခင်အရှေ့မှာဗျ…. အဲ့လောက် ပေါ်တင်ကြီး မကြည့်နဲ့လေဗျာ…’

ရထားလှည်းထဲတွင် ကောာင်းကင်နတ်အရှင်လေးပါးသည် လူခွဲ၍ ထိုင်ခုံအသီးသီးတွင် ထိုင်လိုက်ကြ၏။ နဂါးချီလင်မှာ ချင်မူ လျှောက်သွားမည်စိုးသောကြောင့် သူ့ထိုင်ခုံအောက်သို့ တိုး၀င်လိုက်ပြီး ယန်အာကတော့ အစိမ်းရောင်စာကလေး အသွင်ပြောင်း၍ ချင်မူ့ခေါင်းပေါ်၌ ‌တရေးတမော အိပ်လိုက်သည်။

ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန်တို့က ဟိုဟိုသည်သည် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးလုံးမှာ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားများဖြစ်သည့်အလျောက် ချောမောလှပကြ၏။ သူတို့၏မျက်၀န်းကလေးများက ရေအလား တည်ငြိမ်အေးချမ်းနေပြီး မြင်ရသူတိုင်းအား ရင်ဖိုစိတ်လှုပ်ရှားစေနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။ သူတို့၏မျက်၀န်းများကို ကြည့်ရုံဖြင့် မည်မျှလှပကြောင်း သိမြင်နိုင်ချေသည်။

ကောင်းကင်နတ်အရှင်ချန်းက ပိုမိုလွတ်လပ်ပေါ့ပါးသော အသွင်ရှိ၏။ သူမသည် ပေါ့ပေါ့ပါးပါးပါး အ၀တ်များကိုသာ ၀တ်ဆင်ထားပြီး ဆွဲ‌ဆောင်မှုတစ်မျိုး ရှိနေသည်။ အ၀တ်များက ဖော်သင့်သ‌ည့်နေရာကို ဖော်၍ ဖုံးသင့်သည့်နေရာကို ဖုံးပေးထားသည်။

ကောင်းကင်မိန်းမပျိုယန်မှာတော့ ပိုမို သင့်တင့်သော အ၀တ်အစားတို့ကို ၀တ်ဆင်ထားသည်။ သို့သော် သူမရင်ခွင်ထဲရှိ ကြောင်ဖြူလေးမှာ အာရုံဆွဲဆောင်နိုင်လွန်းသဖြင့် ထိုနေရာသို့သာ အကြည့်ရောက်စေသည်။

သူတို့၏အကြည့်က ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကို ကျော်ဖြတ်၍ ချင်မူ့အပေါ် ကျရောက်လာသည်။

ချင်မူက အေးအေးလူလူ ပြုံးပြလိုက်သည်။

နဂါးကိုးကောင် ရတနာရထားလှည်းကား ကောင်းကင်နတ်ဘုံဆီမှ မောင်းထွက်သွားချေပြီ။ ကောင်းကင်နတ်အရှင်ရှောင် ချောင်းဟန့်၍ စကားပြောတော့မည့်အချိန် ချင်မူက အရင်ဦးအောင် ပြောလိုက်သည်။ “အကျိုးအမြတ်ကို အညီအမျှ ခွဲယူမယ်”

ကောင်းကင်နတ်အရှင်သုံးပါး၏အကြည့် သူ့ဆီ ရောက်လာသည့်အခါ ချင်မူက ပြုံးလျက် ပြော၏။ “ဒီမှာ အပြင်လူမရှိဘူး ဆိုတော့ ကျွန်တော် တည့်ပဲ ပြောပါတော့မယ်…. ကျွန်တော်က ဘိုးဘေးနန်းတော်ကို ၀င်နိုင်ပေမယ့် အတိုက်အခိုက်စွမ်းရည် သိပ်မရှိတော့ ကျွန်တော့်အတွက် ဘိုးဘေးနန်းတော်ကနေ အမြတ်များများရဖို့ ခက်တယ်… တာအိုမိတ်ဆွေသုံး‌ယောက်လုံးက လုံလုံလောက်လောက် သန်မာကြတယ်လေ…. ဒါပေမဲ့ ဘိုးဘေးနန်းတော်ကို ပြင်တာပဲဖြစ်ဖြစ်၊ ဘိုးဘေးနန်းတော်ထဲ ၀င်တာပဲဖြစ်ဖြစ်…. ကျွန်တော့်ကို လိုအပ်တယ်… ဒါကြောင့် အကျိုးအမြတ်ကို ညီတူညီမျှ ခွဲယူကြဖို့ အကြံပြုချင်ပါတယ်”

နတ်အရှင်မယန်သည် ကြောင်ဖြူကို ပွေ့လျက် မည်သည်မှ မပြောချေ။

နတ်အရှင်မချန်းက နေကြာအစေ့တစ်ထုပ်ကို မည်သည့်နေရာကမှန်းမသိ ထုတ်လိုက်ပြီး အေး‌ဆေးစွာ ဝါးနေ၏။ သူမက ကျန်သုံးယောက်ကို ပြုံးလျက် ကြည့်နေသည်။

“ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ရမယ်…. လွှတ်ပေးထားလို့ မဖြစ်ဘူး”

ကောင်းကင်နတ်အရှင်ရှောင်က တည်ကြည်စွာ ပြောသည်။ “ဘိုး‌ဘေးနန်း‌တော်ရဲ့ ချိပ်တံဆိပ် ကျိုးပျက်သွားခဲ့ရင် တစ်လောကလုံး ကပ်ဘေးဆိုက်လိမ့်မယ်လို့ ငါ့ဆရာ ကောင်းကင်နတ်အရှင်ယွင် ပြောဖူးတယ်… ကောင်းကင်နတ်အရှင်မူ၊ အမြဲတမ်း အကျိုးအမြတ်ကိုပဲ တွေးမနေပါနဲ့…. စကြ၀ဠာက သက်ရှိတွေအတွက်လည်း စဉ်းစားပါဦး”

“ရှေးဟောင်းနတ်ဘုရားတွေက ချိပ်တံဆိပ်ကို ငါတို့ထက် ပိုပြီး စိုးရိမ်ပူပန်နေလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယန်၏အကြည့်သည် ကောင်းကင်နတ်အရှင်ရှောင်ဆီ ကျရောက်သွားပြီး သူမက ခပ်အေးအေး ပြောသည်။ “‌ဒါပေမဲ့ တချို့သူတွေက ရှေးဟောင်းနတ်ဘုရားတွေထက် ပိုပြီး စိုးရိမ်နေသလိုပဲ”

‌ကောင်းကင်နတ်အရှင်ရှောင်က တည်ကြည်စွာ ပြန်ဖြေသည်။ “ငါက လူသားတစ်ယောက်ပါ… လူသားမျိုးနွယ်ရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်တာ သဘာ၀ပါပဲ…. နတ်အရှင်မယန်ကတော့ လူသားတစ်ယောက်မဟုတ်တဲ့အတွက် ငါ့စိုးရိမ်စိတ်ကို နားလည်နိုင်မှာ မဟုတ်ပါဘူး…. ဒါပေမဲ့ နတ်အရှင်မလည်း လောကကြီးအတွက် စိုးရိမ်မိတယ်မလား… မဟုတ်ရင် ငါနဲ့အတူ ဘိုးဘေးနန်းတော်ကို သွားစစ်ဆေးဖို့ ဘာလို့ အလောတကြီး ပြေးလာခဲ့မှာလဲ”

”လူဖြစ်ဖြစ် နတ်ဘုရားဖြစ်ဖြစ် ကျွန်မ စိတ်မ၀င်စားဘူး….”

နတ်အရှင်ယန်သည် ကြောင်ဖြူ၏ခေါင်းကို ပွတ်ရင်း ပြုံး၏။ “ကောင်းကင်နတ်အရှင်မူလိုပဲ အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားတွေဟာ ဘိုးဘေးနန်းတော်ကနေ အကျိုးအမြတ် အများကြီးရခဲ့တယ်လို့ ကျွန်မ ကြားဖူးတယ်…. ပြီးတော့ ဘိုးဘေးနန်းတော်က ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မူလအရင်းအမြစ်နဲ့ ဆက်စပ်နေတဲ့အတွက် ကျွန်မ သွားရမယ်…. ညီမတော်ချန်းကရော ဘယ်လိုထင်သလဲ”

နတ်အရှင်မချန်းက တခစ်ခစ် ရယ်လိုက်လေသည်။ “ကျွန်မမှာ ထွေထွေထူးထူး အတွေးမရှိပါဘူး…. ရှောင် ပြောတာကိုလည်း နားထောင်ချင်တယ်… ဒါပေမဲ့ ရှင်တို့စကားကိုလည်း နားထောင်ချင်တယ်…. ဒီလိုဆို ဘယ်လိုလဲ… ကျွန်မက ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ချင်ပေမယ့် ဘိုးဘေးနန်းတော်ရဲ့ အကျိုးအမြတ်တွေကိုလည်း လိုချင်တယ်…..ဘယ်လို ‌သဘောရသလဲ”

ချင်မူက ချီးကျူးလက်ခုပ်တီးကာ ပြောလိုက်၏။ “မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲတွေကို လွှတ်ပေးဖို့ ဘိုးဘေးနန်းတော်ဆီ သေချာပေါက်သွားမှာပဲ…. မဟာဧကရာဇ်က သေလူဆိုပေမယ့် ပျောက်ကွယ်မသွားသေးတဲ့အပြင် ရင်ဆိုင်ဖို့ အင်မတန် ခက်ခဲတယ်…. ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေကလည်း အဲ့ဒီနေရာကို အာရုံစိုက်နေကြမှာပဲ…. ကျွန်တော်တို့လေးယောက် အတူပူးပေါင်းပြီး တိုက်ခိုက်လို့ရတယ်”

ကောင်းကင်နတ်အရှင်သုံးပါး၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေကြသည်။ နတ်အရှင်မချန်းက ပြုံးလျက် မေးလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ရှင်က ဘယ်ဘက်ကလဲ…. တကယ်ပဲ ကျွန်မတို့နဲ့ ပူးပေါင်းပြီး ရှေးဟောင်းနတ်ဘုရားတွေကို တိုက်ခိုက်ချင်တာလား”

ချင်မူက တဟားဟား ရယ်လျက် ဖြောင့်မတ်စွာ ဖြေလိုက်၏။ “ကျွန်တော်က တရားမျှတမှုဘက်ကပါ”

အကုန်လုံး ကျယ်လောင်စွာ ရယ်လိုက်ကြပြီး နဂါးချီလင်ပင် ခပ်ဟဟ ထရယ်သဖြင့် အိပ်ငိုက်နေသော ယန်အာမှာ နိုးသွားသည်။ ကောင်းကင်မိန်းမပျိုယန်၏ ရင်ခွင်ထဲရှိ ကြောင်ဖြူက ယန်အာ့ကို စိမ်းစိမ်းဝါးဝါး ကြည့်နေသည်။

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးသည်။ “တာအို‌ရောင်ရင်းမူ…. ကောင်းကင်နတ်အရှင်ချင်က ကောင်းကင်နတ်ဘုံအဆင့်ကို တာအိုအဆင့်နဲ့ အစားထိုးဖို့ ပြောတယ်… ဘယ်လိုထင်သလဲ”

နတ်အရှင်ချန်းနှင့် နတ်အရှင်မယန်လည်း ချင်မူ့ကို ကြည့်လိုက်ကြသည်။

ချင်မူက ပြုံးလျက် တုံ့ပြန်လိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ အဲဒီစကားကို ပထမဆုံးကြားခဲ့ရတဲ့အချိန်က အင်မတန် ထိတ်လန့်စရာကောင်းခဲ့တယ်…. ဒါပေမဲ့ ကျွန်တော် သေချာတွေးတောလိုက်တဲ့အခါမှာတော့ သူ့တာအိုအဆင့်က ကောင်းကင်နန်းဆောင်နဲ့ ကောင်းကင်နတ်ဘုံအဆင့်နဲ့ ကွဲပြားမနေဘူး… သိုင်းအဆင့်စံနှုန်းကို ပြည့်ပြည့်၀၀ ‌မဖော်ပြနိုင်ဘူး”

ကောင်းကင်နတ်အရှင်သုံးပါးမှာ နားမလည်ကြချေ။

နတ်အရှင်မချန်းက မေးလေသည်။ “ခိုင်ဧကရာဇ်ပြောတာက အဓိပ္ပာယ်ရှိပေမယ့် လက်ခံဖို့ ခက်ခဲသေးတယ်လို့ ကျွန်မထင်တယ်…. ဘာလို့ အဲ့ဒီစကားမျိုးပြောရတာလဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူက ပြုံးလျက် ဖြေ၏။ “ကျွန်တော့်ရဲ့ ဓားလမ်းစဉ်က တတိယကောင်းကင်ဘုံမှာ.... ကျွန်တော့် ကောင်းကင်နတ်သိုင်းတွေကတော့ အဋ္ဌ‌မကောင်းကင်ဘုံမှာ… တာအိုအဆင့်ရဲ့ ကောင်းကင်ဘုံ ၃၆ ဘုံအရ ကျွန်တော့်သိုင်းအဆင့်က နတ်ဘုရားနဲ့မိစ္ဆာတွေကြားမှာ သာမန်အောက်ပဲ သတ်မှတ်လို့ရမယ်…. ဒါပေမဲ့ သာမန်ကျောက်စိမ်းမြို့တော်အဆင့် သိုင်းပညာရှင်တွေ ကျွန်တော့်ကို တိုက်ခိုက်လာရင် သူတို့ ဘယ်လောက်မြန်မြန် သေမလဲဆိုတာက တစ်ခုတည်းသော မေးခွန်းပဲ”

ကြောင်ဖြူလေးမှာ တုန်ရီသွားပြီး သူ့ကို လှမ်းကြည့်၏။

နတ်အရှင်မယန်က ကြောင်ဖြူကို ငြင်သာစွာ ပွတ်ပေးရင်း မေးသည်။ “နတ်ကောင်းကင်ခန်းမအဆင့်ကရော”

“ကျွန်‌တော် ရှုံးနိမ့်သွားမှာဆိုပေမယ့် နတ်ကောင်းကင်ခန်းမအဆင့်သိုင်းပညာရှင်တွေ ကျွန်တော့်ကို သတ်နိုင်မှာမဟုတ်ဘူး”

ချင်မူက ဆက်ပြောသည်။ “တာအိုအဆင့်က နတ်ဘုရားမိစ္ဆာတွေရဲ့ စွမ်း‌ဆောင်ရည်တွေကို အပြည့်အ၀ ထည့်မတွက်နိုင်ဘူးဆိုတာ သိသာတယ်… ကောင်းကင်နတ်ဘုံအဆင့်ကလည်း မလုံလောက်ဘူး… ကျွန်တော်က ကောင်းကင်နန်းဆောင်အဆင့်ရဲ့ ဒုတိယအဆင့် အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်…. ဒါပေမဲ့ ကျွန်တော့်အစွမ်းအစက ကျေက်စိမ်းမြို့တော်အဆင့်နဲ့ တန်းတူပဲ…. နှစ်ခုလုံးက တိုင်းတာမှုအနေနဲ့ လျော့ကျနေတယ်လို့ ပြောလို့ရတယ်”

ကြောင်ဖြူလေးသည် မျက်လုံးများမှိတ်၍ တရေးအိပ်သွားပြန်သည်။

နတ်အရှင်မချန်းက မေး၏။ “အဲ့ဒါကို ကောင်းကင်နတ်အရှင်မူက‌ရော အဆင့်တွေ ဘယ်လိုခွဲသင့်တယ်လို့ မြင်သလဲ”

ချင်မူက တွေး၍ ဖြေလိုက်သည်။ “ကျွန်တော်လည်း သေချာမသိဘူး… ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဥပမာပေးပြီး ခွဲရမယ်ဆိုရင်တော့ အဆင့်တစ်ဆင့်ပဲ ရှိတယ်… ဝိညာဉ်သန္ဓေသားအဆင့်ပဲ… ဝိညာဉ်သန္ဓေသားက အန္တိမဟင်းလင်းပြင်ကို တိုက်ရိုက် ရောက်နိုင်တယ်.. ကောင်းကင်နတ်ဘုံကိုလည်း တိုက်ရိုက်ရောက်နိုင်တယ်… တာအိုအဆင့်နဲ့ ကောင်းကင်နတ်ဘုံအဆင့်ဆိုတာတွေက ‌ဝိညာဉ်သန္ဓေသားအဆင့်မှာ အသေးအမွှားလေးတွေပဲ”

ကောင်းကင်နတ်အရှင်သုံးပါးက ရယ်လျက် ခေါင်းရမ်းလိုက်ကြသည်။ “ဒီစကားက ခိုင်ဧကရာဇ်ထက်တောင် အဓိပ္ပာယ်မဲ့နေတာပဲ”

ချင်မူက တဟားဟား ရယ်လိုက်သဖြင့် ရထားလှည်းထဲရှိ အခြေအနေမှာ ရွှင်ပျသွားလေသည်။

ရုတ်တရက် နတ်အရှင်မချန်းက ပြတင်းပေါက်ကို ဖွင့်လိုက်ရာ သူတို့နှင့် အနီးတွင် ပျံသန်းနေသော ရထားလှည်းတစ်စီးအား တွေ့လိုက်ရသည်။

“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ရထားလှည်းပဲ”

နတ်အရှင်မချန်းက ပြုံးလိုက်သည်။ “အရှင့်မိဖုရားဖြစ်တဲ့ ကျွန်မအနေနဲ့တော့ လှမ်းမခေါ်ဝံ့ပါဘူး…. ကောင်းကင်နတ်အရှင်ရှောင်၊ ကျေးဇူးပြုပြီး သူ့ကို နှုတ်ဆက်လိုက်ပါဦး”

ကောင်းကင်နတ်အရှင်ရှောင်သည် လှမ်းမေးလိုက်၏၊။ “ကောင်းကင်နတ်အရှင်ဟောင်က ခိုင်ဧကရာဇ်ကို လိုက်ဖမ်းနေတာ မဟုတ်ဘူးလား... ဘာလို့ ပြန်လာတာလဲ”

ကောင်းကင်နတ်အရှင်ဟောင်က နှာခေါင်းရှုံ့လိုက်ရင်း စိတ်မ၀င်စားစွာ ဖြေသည်။ “ကောင်းကင်နတ်ဘုံက နှစ်ခြမ်းကွဲသွားခဲ့ပြီဆိုတော့ ကပ်ဘေးကြီးဖြစ်လာမှာ စိုးရိမ်လို့ ပြန်လာဖို့အပြင် ရွေးချယ်စရာမရှိခဲ့ဘူး…. တာအိုမိတ်ဆွေရှောင်က ဖန်ဆင်းရှင်တွေရဲ့ မိစ္ဆာမကို လိုကိဖမ်းနေခဲ့တာ မဟုတ်ဘူးလား”

ကောင်းကင်နတ်အရှင်‌ရှောင်က သက်ပြင်းချသည်။ “ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားတာ မြင်တော့ ပျက်စီးသွားခဲ့ရင် ကပ်ဘေးတွေ ပိုကြီးထွားလာမှာ စိုးရိမ်တာနဲ့ အဲဒီမိစ္ဆာမ နောက်မလိုက်တော့ဘဲ အပြေးအလွှား ပြန်လာခဲ့တာပါ”

နတ်အရှင်ချန်းက ပြုံးလေသည်။ “အဲ့ဒီမိစ္ဆာမက အတော်လှတာနော်… ကျွန်မ မြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးပဲ”

ကောာင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ချင်မူမှာလည်း အနေရခက်လာတော့သည်။

“အဟက်… ယောက်ျား‌တွေများ…” နတ်အရှင်မချန်းက လှောင်သလို ရယ်သည်။

ရုတ်တရက် တောက်ပသော အလင်းတန်းတစ်တန်းသည် အပြင်တွင် ဖျတ်ခနဲ လက်သွားပြီး နတ်အရှင်မယန်က ချက်ချင်း အော်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟုန်”

အလင်းက ရပ်တန့်သွားပြီး ဆံဖြူ၊ မုတ်ဆိတ်ဖြူတို့ဖြင့် အဘိုးအိုတစ်ဦးအသွင် ပြောင်းသွားသည်။ ယင်းကား ကောင်းကင်နတ်အရှင်ဟုန် ဖြစ်သည်။ သူက ကြယ်တာရာကောင်းကင်ထဲတွင် ရပ်လျက် လူတိုင်းအား ပြုံးလျက် ကြည့်နေ၏။ သူက ဦးညွှတ်အရိုအသေပေး၍ ပြောသည်။ “တာအိမိတ်ဆွေပါလား”

ချင်မူက ပြုံးပြလိုက်၏။ “ကောင်းကင်နတ်အရှင်ဟုန်က ဘယ်ကိုများ သွားနေတာပါလဲ”

ကောင်းကင်နတ်အရှင်ဟုန်က အပြုံးဖြင့် ဖြေသည်။ “ကောင်းကင်နတ်ဘုံ ဒုက္ခရောက်နေတာတွေ့ပြီး ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားလို့ ဘိုးဘေးနန်းတော် ပေါ်လာခဲ့ရင် အန္တရာယ်တွေ ဖြစ်တော့မှာ စိုးရိမ်လို့ စစ်ဆေးဖို့ သွားနေတာပါ”

“ကောင်းတယ်... ကောင်းတယ်”

အားလုံးက ပြောကြသည်။ “တာအိုမိတ်ဆွေဟုန်က စိတ်သဘော‌ထား နွေးထွေးပြီး စံထားစရာ ပုဂ္ဂိုလ်ပဲ…. မြန်မြန် ရထားလှည်းထဲ ၀င်ပါ.. အပြင်မှာ လေအေးတွေက ပြင်းလွန်းတယ်..”

ကောင်းကင်နတ်အရှင်ဟုန်မှာ ကောင်းကင်နတ်အရှင်ရှောင်၏ ရထားလှည်းပေါ် တက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူက ဟိုဟိုသည်သည် ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။ “ဒီရထားလှည်းက လူပြည့်နေပြီပဲ… ကျုပ်ခန္ဓာကိုယ်ကလည်း ကြီးလွန်းတယ်… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ရထားလှည်းကို သွားကြည့်ခွင့်ပေးပါဦး”

လူတိုင်းက ဒေါသထွက်ဟန်ဆောင်ကာ ပြောလေသည်။ “နည်းနည်း ပူးကပ်ထိုင်ကြတာပေါ့…. ခင်ဗျားက ကောင်းကင်နတ်အရှင်လေ.. နည်းနည်းပါးပါး ပုံပြောင်းလိုက်ရင် ရပါပြီ”

ကောင်းကင်နတ်အရှင်ရှောင်က လက်မြှောက်လိုက်ရာ ရထားလှည်းသည် ပို၍ကြီးမားလာပြီး နောက်ထပ်ထိုင်ခုံတစ်ခုံ ပေါ်လာ၏။

ကောင်းကင်နတ်အရှင်ဟုန်မှာ ထိုင်ရန်အပြင် မရှိတော့ချေ။ သူက ချင်မူ့ကို ကြည့်ကာ ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်မူက ကျုပ်အပေါ် ကျေးဇူးကြွေးတင်နေသေးတယ်နော်”

All Chapters