← Chapters

ကျမ်းသစ္စာစာအုပ်

Vol. 88 Ch. 1144

ကျမ်းသစ္စာစာအုပ်

Vol. 88 Ch. 1144

ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မချန်းနှင့် နတ်အရှင်မယန်တို့မှာ ဇဝေဇဝါ ဖြစ်သွားကာ စပ်စုကြသည်။ ကောင်းကင်နတ်အရှင်ဟုန်က သူတို့အား အနောက်ဝင်ရိုးစွန်းရှိ အဖြစ်အပျက်များကို ပြန်ပြောပြရင်း ခပ်ဟဟ ရယ်လိုက်၏။ “ကျုပ်က တာအိုရောင်းရင်းမူကို အသုံးချခဲ့နိုင်တော့ သူ့ဆီက ကျေးဇူးအကြွေးတင်တာ ခံခဲ့ရတာပါ”

အားလုံးက အားကျသွားကြပြီး နတ်အရှင်မချန်းက ရယ်လိုက်သည်။ “ကျွန်မကိုရော ဘယ်အချိန်မှ ကျေးဇူးအကြွေးစာချုပ် ရေးပေးမှာလဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူက ခပ်ပြုံးပြုံးပင်။ “မြှောက်နေပြန်ပြီ…မြှောက်နေပြန်ပါပြီဗျာ”

အကုန်လုံး တဟားဟား ရယ်လိုက်ကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းသည် ကောင်းကင်ကို ဖြတ်သွား၏။ မျက်စိလျင်သော ကြောင်ဖြူလေးရှောင်ချီ၏ သူငယ်အိမ်တို့က အစင်းကြောင်းတစ်ခုအဖြစ် ကျဥ်းမြောင်းသွားပြီး ‌ညောင်ခနဲ အော်လိုက်သည်။ နတ်အရှင်မယန်က ချက်ချင်း လှမ်းခေါ်လိုက်သည်။ “နတ်ဧကရာဇန်လန်ရွှမ်၊ နေပါဦး…. နေပါဦး”

တရှိန်ထိုး သွားနေသော အလင်းတန်းက ရပ်တန့်သွားသည်။ ယင်းက နတ်ဧကရာဇ်လန်ရွှမ်ပင်။ သူသည် ရထားလှည်းနှစ်စီးကို မြင်သောအါ ချက်ချင်း ရပ်ကာ နှုတ်ဆက်၏။ “အာ…. အားလုံးနဲ့ လာတွေ့နေတာပါ‌လား”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးပြလိုက်သည်။ “အပြင်‌မှာ လေအေးတွေ ပြင်းလွန်းတယ်… ရထားလှည်းထဲ မြန်မြန်လာပါ”

နတ်ဘုရင်လန်ရွှမ်က ဝင်တော့မည့်အချိန် ရထားလှည်းအတွင်း၌ ချင်မူ့ကို မြင်လိုက်ရသည်နှင့် ‌နှာခေါင်းရှုံ့ကာ ပြောလေသည်။ “ကျုပ် သူနဲ့ မထိုင်နိုင်ဘူး” သူက ထိုသို့ပြောပြီးနောက် ချာခနဲ လှည့်၍ ကောင်းကင်နတ်အရှင်‌ဟောင်၏ ရထားလှည်းဆီသို့ လျှောက်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟုန်က ပြေပြေလည်လည် ဝင်ပြောပေးသည်။ “တာအိုရောင်ရင်းမူ၊ စိတ်ထဲမထားပါနဲ့… သူ့အကျင့်ကိုက အဲဒီလို တည့်တိုးမလို့ပါ”

ချင်မူက ဒေါသများဖြင့် ပြောလိုက်သည်။ “နတ်ဧကရာဇ်က ကျွန်တော့်ကို ကြည့်တောင် မကြည့်ဘူး…. သူ စိတ်ခုအောင် ကျွန်တော် ဘာများ လုပ်မိလို့လဲ”

အားလုံးက ရယ်လိုက်ကြ၏။ “မင်းက သူ့လန်ရွှန်နတ်နန်းတော်ကို ခဏခဏ ဖျက်ဆီးခဲ့တာကိုး… ဆိုတော့ သူ မင်းကို မကျေနပ်တာ မထူးဆန်းပါဘူး…. ဒါပေမဲ့ ဒါက အသေးအဖွဲလေးတွေပါ…. ကောင်းကင်နတ်အရှင်ဟုန် သောက်စားဖို့ ခေါ်တဲ့အခါကျ နှစ်ယောက်သား ပြေပြေလည်လည် ဖြေရှင်းကြည့်ပေါ့”

‌ချင်မူမှာ ပြောပြမတတ်အောင် ရင်ထဲ ထိသွားဟန်ဖြင့် ပြောလိုက်၏။ “ကျွန်တော့်ကို ဂရုစိုက်ပေးကြတဲ့ တာအိုမိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်ဗျာ”

ကြောင်ဖြူက ညောင်ခနဲ အသံထပ်ပြုလိုက်သဖြင့် အားလုံးက အပြင်သို့ ငေးကြည့်လိုက်ကြသည်။ ထို့နောက် အားရ၀မ်းသာဖြင့် အော်လိုက်ကြသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်… ဒီမှာဗျို့”

ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်တွင် ရပ်တန့်လိုက်ပြီး ချင်မူ့ကို ဖျတ်ခနဲ မြင်လိုက်ရ၏။ သူက ဒေါသတကြီး ပြောသည်။ “ချင်မူရှိရင် ငါ မလာဘူး” သူက ထိုသို့ပြောပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်၏ ရထားလှည်းဆီသို့ ‌လျှောက်သွားသည်။

ချင်မူက ဒေါသတကြီး ရေရွတ်လိုက်ပြန်၏။ “ကျွန်တော် နတ်ဘုရင်လန်ရွှမ်ကို စိတ်ခုစေခဲ့ပေမယ် သူ့ကိုတော့ စိတ်ခုအောင် မလုပ်ခဲ့ပါဘူး…. ဘာလို့ ရှေးဟောင်းနတ်ဘုရားဘုရင်က ကျွန်တော့်အပေါ် မကျေမနပ် ဖြစ်နေရတာလဲ”

အားလုံးက ရယ်လိုက်ကြပြန်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်က မကောင်းမှုကို စက်ဆုပ်တယ်… သူ့မျက်လုံးတွေက မကောင်းမှု သဲမှုန်လေးတစ်မှုန်ကိုတောင်မှ သည်းမခံနိုင်ဘူးလေ…. ကျုပ်တို့မျက်လုံးတွေက ကြီးပါတယ်… သဲမှုန်၀င်နေလည်း ဘာမှမဖြစ်ဘူး”

ချင်မူက ရယ်လိုက်သည်။ “ကျွန်တော်ကတော့ ခင်ဗျားတို့ကို ရင်ဖွင့်နေတာ… ခင်ဗျားတို့ကတော့ ကျွန်တော့်ကို သဲမှုန်လေးတစ်မှုန်လောက်ပဲ အလေးထားတာပေါ့လေ…. နှလုံးသား နာကျင်ရပါတယ်ဗျာ”

နတ်အရှင်မချန်းက ပြုံးလိုက်၏။ “ပြောစရာမလိုပါဘူး ကောင်းကင်နတ်အရှင်မူရယ်…. လူတိုင်းက ဒါကို သေချာ… ဟော… ကောင်းကင်နတ်အရှင်ကုန်း၊ တာအိုမိတ်ဆွေကုန်း…. တာအိုမိတ်ဆွေကုန်း… ဒီကို မြန်မြန်လာပါဦး”

ကောင်းကင်နတ်အရှင်ကုန်းက ကန့်လန့်ကာကို မ၍ ရထားလှည်းအတွင်း ကြည့်လိုက်သည်။ သူမက တအံ့တဩဖြင့် ပြောလေသည်။ “ဒီရထားလှည်းက လူပြည့်နေပြီ.. ကျွန်မ ဟိုကိုသွား…”

“မသွားနဲ့… မသွားနဲ့”

နတ်အရှင်မချန်းက အလောတကြီး ထရပ်၍ သူမလက်မောင်းကို ဆွဲလိုက်သည်။ “အဲ့ရထားလှည်းထဲက လူတွေက ယောက်ျားတွေချည်းပဲ… ဒီမှာက မိန်းမနှစ်ယောက် ရှိတယ်လေ… အနေမခက်ရတော့ဘူးပေါ့ …. ကျွန်မတို့ ညီအစ်မတွေ စကားစမြည် ပြောလို့ရ‌တာပေါ့ မဟုတ်လား”

ကောင်းကင်နတ်အရှင်ကုန်းက မျက်တောင်တစ်ချက် မခတ်ချေ။ သူမက နတ်အရှင်မချန်း၏လက်ကို အသာအယာ ခါထုတ်ကာ ပြော၏။ “ဒီမှာနေပါ့မယ်… ကောင်းကင်နတ်ဘုံကို ဖျက်ဆီးသွားတာ ခိုင်ဧကရာဇ်နဲ့ ဖန်ဆင်းရှင်‌တွေရဲ့ မိစ္ဆာမ,လား”

‌လူတိုင်းက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟုန်သည် သက်ပြင်းချ၏။ “မိစ္ဆာမနဲ့ ခိုင်ဧကရာဇ်က မကောင်းမှုကျူးလွန်ပြီး ကျုပ်တို့ အားနည်းချက်ကို တိုက်ခိုက်ခဲ့တာ ကပ်ဘေးကြီးဖြစ်တော့မလို့…. အဃာတတွေ ပြင်းလိုက်တာ…ပြင်းထန်လွန်းတယ်”

ချင်မူက ထိုင်ခုံလက်ရန်းကို ရိုက်ကာ ဒေါသတကြီး မာန်မဲလိုက်သည်။ “လူယုတ်မာချင်ယဲ့နဲ့ ကျွန်တော် ရေစက်ပြတ်ပြီပဲ… တွေ့လို့ကတော့ အပိုင်းပိုင်း ခုတ်ပစ်မယ်”

အကုန်လုံး သူ့ကို ဝိုင်းနှစ်သိမ့်ကြလေသည်။ “စိတ်အေးအေးထား ကောင်းကင်နတ်အရှင်မူ…. အဲ့ဒီလူအတွက်နဲ့ ဒေါသထွက်ဖို့ မတန်ပါဘူး”

ချင်မူသည် ဒေါသူအမျက်တချောင်းချောင်းဖြင့် ကြိမ်းဝါးနေ၏။ “သူ့မျက်နှာပေါ် တံတွေးထွေးပစ်မယ်”

အကုန်လုံးက ဖြန်ဖြေကြသည်။ “တာအိုရောင်းရင်းမူရဲ့ စိတ်ရင်းကို လူတိုင်း သိကြပါတယ်…. ထပ်ပြောစရာမလိုတော့ပါဘူး... စိတ်အေးအေးထား… စိတ်အေးအေးထား”

နတ်အရှင်မယန်က လှစ်ခနဲ ပြုံးလိုက်သည်။ “အခုလေးတင် ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော် ပြန်ပေါ်လာပြီဆိုတာရယ်… အကျိုးအမြတ်တွေ အညီအမျှ ခွဲယူသင့်တဲ့အကြောင်း ပြောနေတာ… အားလုံး ဘယ်လိုသဘောရပါသလဲ”

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။ ကောင်းကင်နတ်အရှင်ဟုန်က ပြုံး၍ ပြော၏။ “တာအိုရောင်းရင်းမူရဲ့ စကားတွေက ပြင်းထန်လွန်းတယ်… ဒါပေမဲ့ သဘောတရားကတော့ အကျိုးအကြောင်းသင့်တယ်… ဘိုးဘေးနန်းတော်က အကျိုးအမြတ်တွေက များပြားလွန်းတယ်ဆိုတော့ ခွဲဝေယူသင့်တယ်….ကျုပ်က နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်ဆိုတော့ နတ်ဆိုးမျိုးနွယ်အတွက် ကောင်းကျိုးကို ထည့်စဉ်းစားရမှာ ထုံးစံပါပဲ”

နတ်အရှင်မယန်က ပြုံးသည်။

“ကျွန်မ ရှေးဟောင်းနတ်ဘုရားတွေဆီကနေ ရတနာတွေအများကြီး မြင်ဖူးတယ်… အဲ့ဒီရတနာအားလုံးက ဘိုးဘေးနန်းတော်ဆီကပဲ…. ကျွန်မက နည်းနည်းလောဘတက်ပြီး ကိုယ်ကျိုးပဲ တွေးရင်း မျိုးနွယ်အတွက် မတွေးမိခဲ့ဘူး.. ကျွန်မအမှားပါ”

နတ်အရှင်မချန်းမှာ ၀မ်းနည်းစွာ တမ်းတလေသည်။ “အရှင်မင်းကြီးက ကျွန်မဆီ လာမလည်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ကျွန်မရဲ့ စိတ်အာရုံကလည်း လက်ဝတ်ရတနာတွေအပေါ်မှာပဲ ရှိတော့တယ်…. အပျင်းပြေ နည်းနည်းတော့ ယူရလိမ့်မယ်နော်”

ကောင်းကင်နတ်အရှင်ကုန်း အေးတိအေးစက်ဖြင့် မည်သည်မှ မပြောချေ။

ကောင်းကင်နတ်အရှင်ဟုန်က မျက်မှောင်ကြုတ်သွားသည်။ “ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ် ပြေလျော့လာခဲ့ရင် တစ်လောကလုံးအတွက် မကောင်းဘူး…. အဲ့ဒီအစား ကပ်ဘေးကြီးဖြစ်လာလိမ့်မယ်… ကျူပ် သဘောမတူ…”

ချင်မူက နဂါးချီလင်၏ နားကို ဟ၍ အိပ်နေသော မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို ထုတ်ယူလိုက်သည်။ သူက ပြုံးဖြဲဖြဲဖြင့် ပြောလေသည်။ “ချိပ်တံဆိပ်ကို မဖျက်ဆီးဘဲ ဘိုဘေးနန်းတော်ထဲ ၀င်လို့ရတဲ့ နည်းလမ်း ရှိတယ်…. ဒါကြောင့် အကျိုးအမြတ်‌ကို အညီအမျှခွဲယူမယ်လို့ ကျွန်တော်ပြောတာ…. ဘိုးဘေးနန်းတော်က အန္တရာယ်များပေမယ့် အန္တရာယ်တွေကို ပိတ်လှောင်ထားတာက အကြံကောင်းမဟုတ်ဘူး… ဖယ်ရှားလိုက်တာ အကောင်းဆုံးပဲ… ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ကောင်းကင်နတ်အရှင်တွေအနေနဲ့ ကျွန်တော်တို့မှာ တာ၀န်ရှိတယ်…”

သူက ‌မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို လက်ဖြင့် တို့လိုက်ရာ မြေအောက်ဘုံအရှင်သခင်လေးမှာ နိုးလာ၏။ သူ့မှာ အတင်းအကြပ် အနှိုးခံလိုက်ရသဖြင့် သိသိသာသာပင် မကျေနပ်ဖြစ်နေပြီး ခပ်တည်တည် ကြည့်နေ၏။

နတ်အရှင်မချန်းနှင့် နတ်အရှင်မယန်တို့မှာ လှမ်းကဲကြည့်ကာ အံ့ဩ၀မ်းမြောက်သွားကြသည်။ သူတို့က ပြုံးလိုက်ကြ၏။ “မြေအောက်ဘုံအရှင်သခင်က ကြောက်စရာကောင်းလောက်အောင် ကြီးမားပေမယ့် ဒီကောင်လေးက ဒီလောက် ချစ်စရာ‌ကောင်းနေမယ် ထင်မထားဘူး”

ချင်မူက ပြုံးသည်။ “ဒါပေါ့ သူက သိပ်ချစ်ဖို့ကောင်းတာ”

မြေအောက်ဘုံအရှင်သခင်အသေးစားလေးက သမ်းဝေ၍ စာအုပ်တစ်အုပ် ထွေးထုတ်လိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်က စာအုပ်ကို မြင်သောအခါ ဘယ်မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

နတ်အရှင်မချန်းက စပ်စပ်စုစု မေးလေသည်။ “ဒါ ဘာစာအုပ်တုန်း”

“ဒီကောင်လေးရဲ့ ကျမ်းသစ္စာစာအုပ်ပါ”

ချင်မူက ရှင်းပြသည်။ “ကျွန်တော် တစ်ခါက နောင်တော်သုံးယောက်နဲ့အတူ သစ္စာဆိုဖူးတယ်… အဲ့ဒီနောင်တော်သုံး‌ယောက်က သေရင်သေ၊ မသေရင် ပျောက်သွားကြပြီ… ဒီနေ့အထိ တွေးမိတိုင်း သက်ပြင်းချမိတုန်းပဲ…. အခု သူတို့အကြောင်း ပြန်တွေးမိတော့ ရင်ထဲ လှုပ်ရှားမိတယ်”

သူက ကျမ်းသစ္စာစာအုပ်ကို ယူပြီး ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် ကျမ်းသစ္စာ၏ အကြောင်းအရာများကို အာရုံခံလိုက်ရင်း တည်ငြိမ်အေးဆေးနေသည့်‌ ကောင်းကင်နတ်အရှင်ရှောင်ဆီသို့ ကြည့်လိုက်၏။

ကောင်းကင်နတ်အရှင်ရှောင်သည်လည်း ချင်မူ သူ့ကို ကြည့်နေကြောင်း အာရုံခံမိသဖြင့် ပြောသည်။ “ငါ သေချာစဉ်းစားကြည့်ပါ့မယ်… ကောင်းကင်နတ်အရှင်မူရဲ့ အကြံပြုချက်က မဖြစ်နိုင်တာ မဟုတ်ဘူးဆိုတော့ အကျိုးအမြတ်ကို အညီအမျှ ခွဲယူကြတာပေါ့”

ချင်မူမှာ စာအုပ်ကို ထပ်မံ အာရုံခံလိုက်ရင်း ရင်ထဲ တုန်လှုပ်သွားတော့သည်။ သူ့မျက်နှာအမူအရာမှာ နှိုင်းယှဉ်၍မရလောက်အောင် ထူးဆန်းလာ၏။

ရှောင်သည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဖြစ်သော်လည်း သူ အာရုံခံမိသည့် ဒုတိယလူမှာ သူ ခန့်မှန်းထားသည့်အတိုင်း ကောင်းကင်နတ်အရှင်ဟုန် မဟုတ်ချေ။

ထိုစဉ်က သူသည် ဖန်ဆင်းရှင်လော့ရှောင်၊ တဟုန်နှင့် ကုရှောင်တို့နှင့်အတူ သွေးသစ္စာဆိုခဲ့၏။ ညီအစ်ကိုသုံးယောက်လုံး တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းတွင် သေဆုံးရန် ထိုသစ္စာကို မြေအောက်ဘုံအရှင်သခင်အသေးစားလေးက အတည်ပြုပေးခဲ့သည်။

ချင်မူသည် ကောင်းကင်နတ်အရှင်ကုန်း ရှိ၍သာ ‌ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် မဟာနတ်ဧကရာဇ်ကို ခြိမ်းခြောက်ရန် စာအုပ်ကို ထုတ်ရဲခဲ့ခြင်း ဖြစ်သည်။

သို့သော် သေပြီးသော လော့ရှောင်နှင့် ချင်မူအပြင် ရှောင်သည် ကောင်းကင်နတ်ဧကရာဇ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း မဟာဧကရာဇ်မှာ ကောင်းကင်နတ်အရှင်ဟုန် မဟုတ်ချေ။

သူက ဖြည်းဖြည်းချင်း ခေါင်းမော့၍ ကောင်းကင်နတ်အရှင်ကုန်းကို စကားပြောလျက် ရယ်မောနေသော နတ်အရှင်မချန်းဆီသို့ ကြည့်လိုက်သည်။

နတ်အရှင်မချန်းက တခစ်ခစ် ရယ်လေသည်။ “ကောင်းကင်နတ်အရှင်မူက ကျွန်မကို ခဏခဏ ကြည့်နေတော့တာပဲ… သတိထားနော်… ကောင်းကင်နတ်ဧကရာဇ်က ခေါင်းလာဖြတ်နေဦးမယ်” သူမက သဘောကျစွာ ရယ်နေသည်။

ချင်မူ့မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းလာ၏။ ‘ခွေးမသားကြီး...’

ကောင်းကင်နတ်အရှင်ရှောင်က ချင်မူကြည့်နေသည့်အတိုင်း နတ်အရှင်မချန်းဆီသို့ ကြည့်လိုက်၏။ သူမမျက်နှာအမူအရာမှာ ထူးဆန်းသွားပြီး သူသည်လည်း ချင်မူနှင့်အလားတူ တွေးလိုက်မိသည်။ ‘ခွေးမသားကြီးး’

ချင်မူက ကျမ်းသစ္စာစာအုပ်ကို အလျင်အမြန် ခေါက်သိမ်း၍ မြေအောက်ဘုံအရှင်သခင်လေး၏ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက် သူက မြေအောက်ဘုံအရှင်သခင်လေးအား နဂါးချီလင်၏နားထဲ အတင်းပြန်ထည့်၏။ သူ့ရင်မှာ တဒိန်းဒိန်း ခုန်နေချေသည်။

‘ချီးပဲ… ချီးပဲ… ကွာ…. ငါ မဆဲသင့်ဘူး’

သူ့ရင်ထဲတွင် ဗလောင်ဆူနေ၏။ သူ ကောင်းကင်နတ်ဘုံသို့ ၀င်ရောက်၍ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့စဉ်က နတ်အရှင်မချန်းသည် သူ့လက်ဖဝါးထက်တွင် ညှို့အားပြင်းစွာ လဲလှောင်းလျက် မြူဆွယ်ခဲ့သည်။ သူ ယခု ပြန်တွေးမိသောအခါ စိတ်ရှုပ်ဖွယ် အကြောက်တရားကို ခံစားလာရတော့သည်။

‘ချီးပဲ… မဟာ‌ဧကရာဇ်က နတ်အရှင်မချန်းဆိုရင် ကောင်းကင်နတ်အရှင်ဟုန်က ဘယ်သူများလဲ’

သူက ကောင်းကင်နတ်အရှင်ဟုန်ဆီသို့ လှည့်ကြည့်လိုက်၏။ ကောင်းကင်နတ်အရှင်ဟုန်က သူ့ကို ငြင်သာစွာ ကြည့်ရင်း ရယ်လေသည်။ “ကောင်းကင်နတ်အရှင်မူ ကျုပ်အပေါ် ကျေးဇူးကြွေး တင်နေသေးတယ်နော်”

All Chapters