← Chapters

အကျိုးအမြတ် ခွဲယူကြခြင်း

Vol. 88 Ch. 1145

အကျိုးအမြတ် ခွဲယူကြခြင်း

Vol. 88 Ch. 1145

ချင်မူ့ခံစားချက်များမှာ မပြောတတ်အောင် ထူးဆန်းလာပြီး ရယ်ချင်လာတော့သည်။ သူက ရထားလှည်းအတွင်းရှိ ကောင်းကင်နတ်အရှင်များကို ကြည့်လိုက်ရာ ထိုရင်းနှီးနေသည့် မျက်နှာများသည် တစ်ဖန်ပြန်၍ အစိမ်းသက်သက် ဖြစ်လာပြန်၏။

'ရှောင်က ကောင်းကင်နတ်ဧကရာဇ်… ချန်းက မဟာဧကရာဇ်…. သူတို့ ကောင်းကင်နတ်အရှင်ကုန်းနဲ့ ရင်းနှီးကြတာ မထူးဆန်းပါဘူး…. ကောင်းကင်နတ်အရှင်ကုန်းက ကုန်းယွင်ပဲ… ဒီသရုပ်မှန်သုံးခုက အတည်ပြုပြီးသွားပြီ’

'ဒါဆို ကောင်းကင်နတ်အရှင်ဟုန်နဲ့ နတ်အရှင်မယန်ကရော’

ချင်မူ ခေါင်းထဲ ထိုးကိုက်လာသည်။ နတ်အရှင်မယန်သည် သခင်မယွမ်မုများလော….။

သူမသည် ကောင်းကင်နတ်ဧကရီတို့ ညီအစ်မ‌နှစ်ဖော်ထဲက တစ်ယောက်ဖြစ်ပေလိမ့်မည်။ ဣန္ဒြေကြီးပြီး တသီးတခြားနေတတ်သော သူမသည် ‌ကောင်းကက်နတ်ဧကရီလည်း ဖြစ်နိုင်‌ချေများ၏။ ထိုသို့ဆိုလျှင် ကောင်းကင်နတ်အရှင်ဟုန်က မည်သူနည်း။

‘မဟာဧကရာဇ် မဟာ‌လေဟာနယ်ထဲမှာ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ချောင်ပိတ်ခံရပြီး အသတ်ခံခဲ့ရတဲ့အချိန်မှာ တဟုန်က လက်စားချေဖို့ ကောင်းကင်နတ်ဘုံဆီ ပျံသန်းလာခဲ့တယ်…. ငါက ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင် တဟုန်ကို တားဖို့ လေ့လာပြုစုထားတဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို သုံးပြီး တဟုန်ကို တားဆီးခဲ့တယ်”

ချင်မူက ခေါင်းငုံ့၍ တစ်ကိုယ်တည်း တွေးနေသည်။ ‘အဲ့ဒီအချိန်တုန်း ငါ သေတော့မလို့ နည်းနည်းပဲ လိုတာ... ဒါပေမဲ့ တဟုန်ကို ဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားအောင်အထိ ဖိအားပေးနိုင်ခဲ့တယ်…. လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းတုန်းက ငါ နဂါးဟန်ကောင်းကင်နတ်ဘုံဆီ ရောက်သွားတဲ့အချိန်က ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်နတ်ဧကရာဇ်ကို လုပ်ကြံတိုက်ခိုက်ခဲ့လို့ ကောင်းကင်နတ်ဧကရာဇ် အသက်ဆုံးရှုံးခဲ့ရတဲ့အချိန်ပဲ... ငါက ကောင်းကင်နတ်အရှင်ကုန်းကို ကတိပေးထားတဲ့အတိုင်း ဒဏ်ရာတွေ ကုသပေးဖို့ သွားရှာတော့ တဟုန် သေသွားပြီလို့ ကောင်းကင်နတ်အရှင်ကုန်းက ငါ့ကို ပြောခဲ့တယ်.…. တစ်ယောက်ယောက်က တဟုန် ဒဏ်ရာရထားတဲ့အချိန် အခွင့်ကောင်းယူရင်း သတ်ဖြတ်ပြီးတော့ သူ့အသိစိတ်အလျဉ်ကို ချေမှုန်းခဲ့တာပဲ ဖြစ်မယ်’

‘အဲ့ဒီအချိန်မှာပဲ တစ်ယောက်ယောက်က တဟုန်ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူပြီး လောကတခွင် လျှောက်သွားခဲ့တာ ဖြစ်နိုင်တယ်. သူက မဟာဧကရာဇ်ရဲ့နေရာကို ဝင်ယူပြီး တဟုန်ဖြစ်လာတယ်... အဲဒီကနေတစ်ဆင့် ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာတာပဲ’

‘မဟာဧကရာဇ်က သူ့ရဲ့မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ငှားယူပြီးတော့ လောကထဲ ဆင်းသပ်လာလိမ့်မယ်... အဲဒီနောက် နတ်အရှင်မချန်း အနေနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်က မိဖုရားတစ်ပါး ဖြစ်လာတာပဲ ဖြစ်ရမယ်’

ချင်မူက မျက်လုံးများ ဖွင့်လိုက်သည်။ “အဲ့ဒီလိုဆို တဟုန်က ဘယ်သူလဲ…. သူက ဘာလို့ ငါ ကျေးဇူးကြွေးတင်နေတာကို ထပ်ခါထပ်ခါ သတိပေးနေတာလဲ…. ပြီးတော့ သခင်မယွမ်မုကရော ဘယ်ရောက်သွားတာလဲ…. သူက ဘယ်သူဖြစ်လာတာလဲ… ကောင်းကင်နတ်ဘုံမှာပဲ ရှိကိုရှိမယ်… သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ မဟုတ်ဘူးဆိုရင် ဘယ်မှာ ပုန်းနေတာများလဲ”

“အသက်အကြီးဆုံး ရှေးဟောင်းနတ်ဘုရားတွေထဲက တစ်ပါးဖြစ်တဲ့ အရှင်မယွမ်မုက ဘိုးဘေးနန်းတော်ဆီတော့ သွားနေမှာပဲ… ဟုတ်တယ်မလား”

ရုတ်တရက် ရထားလှည်းသည် ရပ်တန့်သွား၏။

‘ကောင်းကင်နတ်အရှင်တို့ ဧရာမအက်ကွဲကြောင်းကြီးဆီ ရောက်လာပါပြီ’ အပြင်ရှိ နဂါးချီလင်၏အသံက ပျံ့လွင့်လာသည်။

အားလုံးလည်း ထရပ်၍ ရထားလှည်းအတွင်းမှ ထွက်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ရထားလှည်းမှာလည်း ရောက်ရှိလာပြီး ရပ်တန့်သွား၏။ ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့က အက်ကွဲကြောင်းကြီးဆီသို့ ကြည့်လိုက်ကြသည်။

သူတို့ အက်ကွဲကြောင်းကြီးကို မြင်လိုက်ရချိန်တွင် အက်ကွဲကြောင်း၏ အကျယ်မှာ အံ့ဩဖွယ်ကောင်းစွာနှင့် ကောင်းကင်နတ်ဘုံတစ်ဘုံလုံးနီးပါး ကျယ်ပြီး သွေးရဲရဲနီနေကြောင်း တွေ့လိုက်ရသည်။ အံ့ဩမှင်သက်ဖွယ်ကောင်းလွန်းသဖြင့် စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်ချေ။

ဘိုးဘေးနန်းတော်ကို ဤနေရာမှ ကြည့်လျှင် အက်ကွဲကြောင်းကို ဆွဲဖြဲ၍ ချိပ်တံဆိပ်အား ချိုးဖျက်ရန် ကြိုးစားနေကြသော ထူးဆန်းသည့် ဧရာမသားရဲကြီးများစွာကို တွေ့ရနိုင်သည်။

၎င်းတို့သည် ဟင်းလင်းပြင်သားရဲများဖြစ်ပြီး ပြွတ်သိပ်ကြပ်နေ၏။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲမှ ဧရာမဥကြီးများက ဆက်လက်ကျဆင်းနေသည်။ ၎င်းတို့သည် ကျဆင်းပြီးသည်နှင့် ပို၍သေးငယ်သော ဟင်းလင်းပြင်သားရဲများအဖြစ် အသွင်ပြောင်းသွားကြသည်။

ထိုဟင်းလင်းပြင်သားရဲများသည် ဥထဲမှ ထွက်လာကာစဖြစ်သော်လည်း မွေးပြီးလျှင်ချင်း အရွယ်ရောက်ပြီးသား ဟင်းလင်းပြင်သားရဲများနီးပါး အလျင်အမြန် ရွေ့လျားနိုင်ကြလေသည်။ သူတို့က လေများတိုက်ခတ်နေသည့်ကြားထဲမှ ကြီးထွားလာနေပြီး တောင်မြင့်များအပေါ်သို့ အလျင်အမြန် တက်သွားကြသည်။ သူတို့ တစ်ချက်မျှ ခုန်လွှား၍ ခြေ၊ လက်‌ခြောက်ဖက်ကို ဖြန့်ကားလိုက်သည့်အခါ ခြေ၊လက်များကြားရှိ အသားလွှာက ဝှစ်ခနဲ ပွင့်လာ၏။ သူတို့က တောင်ပံများ တဖြတ်ဖြတ်ခတ်၍ အက်ကွဲကြောင်းဆီ ပျံသန်းသွားကြသည်။

အရွယ်ရောက်ပြီးသော ဟင်းလင်းပြင်သားရဲတစ်ကောင်အနေဖြင့် ထောင်‌ချီ‌သော နတ်ဘုရားမိစ္ဆာ စစ်တပ်တစ်တပ်ကို သတ်ဖြတ်ရန် လွယ်ကူချေသည်။ ဘိုးဘေးနန်းတော်မှ ဟင်းလင်းပြင်သားရဲများသာ ထွက်လာပါက အသင်္ချေသော လောကကမ္ဘာများတွင် ကပ်ဘေးကြီးဖြစ်ပွားလိမ့်မည်မှာ အသေအချာပင်။

ချင်မူက ကောင်းကင်နတ်အရှင်ကုန်းနှင့် စကားစမြည်ပြောလျက် ဟာသဖောက်နေဆဲဖြစ်သော နတ်အရှင်မချန်းဆီသို့ ကြည့်လိုက်သည်။

‘သူတို့နှစ်ယောက်လုံးက ဖန်ဆင်းရှင်တွေပဲ…. မဟာဧကရာဇ်က ဘိုးဘေးနန်းတော်ထဲ ဝင်ရောက်ပြီး ဟင်းလင်းပြင်သားရဲတွေကို လွှတ်ပေးချင်တယ်…. ‌ကောင်းကင်နတ်အရှင်ကုန်းကတော့ ဘိုးဘေးနန်းတော်အပေါ် ခံစားချက် လေးနက်တယ်…. ပြောရရင် ဘိုးဘေးနန်းတော်က ‌ဖန်ဆင်းရှင်တွေအတွက် အမိနယ်မြေပဲ မဟုတ်လား”

ချင်မူက တစ်ယောက်တည်း တွေးတောနေသည်။ ‘သူတို့နှစ်ယောက်က ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်ချင်ပေမယ့် ရည်ရွယ်ချက်က မတူဘူး… ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်ဧကရီညီမနှစ်ဖော်လို ရှေးဟောင်းနတ်ဘုရားတွေရဲ့ ရည်ရွယ်ချက်က‌တော့ ဘိုးဘေးနန်းတော်ကို ပြန်ချိပ်ပိတ်ဖို့ပဲ… ကောင်းကင်နတ်ဧကရီနဲ့သူ့ညီမက တခြားအရာကို ‌တွေးကောင်းတွေးနိုင်ပေမယ့် ကောင်းကင်နတ်အရှင်ရှောင်ကတော့ ချိပ်ပိတ်ဖို့‌ တွေးမှာပဲ… ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်လန်နဲ့ ‌ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကတော့ ဘိုးဘေးနန်းတော်က တန်ဖိုးရှိတဲ့ ရတနာတွေကို ယူချင်ကြတာ… သူတို့က ဘိုးဘေးနန်းတော်ကို လက်ဝါးကြီးအုပ်‌ချင်နေကြတာ’

ချင်မူသည် ပြုံးနေပြီး သူ့အကြည့်က ကောင်းကင်နတ်အရှင်ဟုန်ထံ ကျရောက်သွားသည်။ သူ့အပြုံးမှာ အေးခဲသွား၏။

ဤအဘိုးကြီး ဘာလုပ်ချင်နေသလဲ သူ နားမလည်နိုင်ချေ။

အသေအချာ စဉ်းစားကြည့်သည့်အခါတွင်မှ ကောင်းကင်နတ်အရှင်ဟုန်သည် သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ပုံပေါ်သော်လည်း မည်သည်ကိုမှ မလုပ်ခဲ့ပုံလည်း ပေါ်နေ၏။

ဤကောင်းကင်နတ်အရှင်ဟုန်မှာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် ဖြတ်လျှောက်တစ်ဦးအလားပင်။ ကောင်းကင်နတ်ဧကရာဇ်၏ဥ ခိုးခံရသည့်အချိန်တုန်းက သူ ပေါ်လာခဲ့သည်။ မဟာလေဟာနယ်အတွင်းရှိ လေဟာနယ်တံတားကို ရှာတွေ့ခဲ့ချိန်တွင်လည်း သူ အပြေးအလွှား လာရောက်ကြည့်ရှုခဲ့၏။

အနောက်နတ်မင်းကျားဖြူ သူ၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အင်အားသုံး သိမ်းပိုက်ရန် ကြိုးစားခဲ့သည့်အချိန်တွင်လည်း သူ‌ ပေါ်လာခဲ့သည်။ သူက ချင်မူ့ကို ကျေးဇူးအကြွေးစာချုပ် တောင်းပြီးနောက် ပျော်ပျော်ကြီး ထွက်ခွာသွားခဲ့လေသည်။

ယခု ဘိုးဘေးနန်းတော် ပေါ်လာချိန်တွင်လည်း သူသည် သူနှင့် မည်သည်မှမဆိုင်ဘဲ ပွဲကြည့်ရန် လာသည့်အလား အပြေးအလွှား ရောက်လာခဲ့သည်။

ချင်မူမှာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟုန်သည် သူ့အကြည့်ကို သတိထားမိသွား၏။ သူက အကြွေးစာချုပ်ကို လက်ထဲတွင် ကိုင်လျက် ရှေ့သို့ ခပ်သွက်သွက် လျှောက်လာသည်။

ချင်မူ့မျက်နှာ မည်းမှောင်သွားတော့သည်။ “ကျွန်တော် သိပါတယ်…. မှတ်မိပါတယ်ဗျာ…. ကျွန်တော့်မြင်တိုင်း အဲ့ဒါကို ထုတ်ပြစရာမလိုပါဘူး ကောင်းကင်နတ်အရှင်ဟုန်ရဲ့”

ကောင်းကင်နတ်အရှင်ဟုန်က အကြွေးစာချုပ်ကို သိမ်း၍ ပြုံးသည်။ “ခင်ဗျား မေ့သွားမှာ စိုးလို့ပါဗျာ”

ချင်မူ့မျက်နှာကြီးမှာ ပုပ်သိုးမှောင်မည်းနေပြီး ဤလူနှင့် ဝေးဝေးတွင် နေချင်တော့သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်က ရှေ့တက်သွား၍ ဘိုးဘေးနန်းတော်အား အက်ကွဲကြောင်းမှတဆင့် ‌လေ့လာကြည့်လိုက်သည်။ သူက ခပ်ဟဟ ရယ်လျက် ပြောလေသည်။ “အထဲမှာ တကယ်ကြောက်ဖို့ ကောင်းတာပဲ… ကျုပ်တို့ အကျိုးအမြတ်တွေ ခွဲယူတဲ့အခါကျ ကျုပ်တို့ပိုင်နက်တွေ နီးစပ်နေတာတွေဆို ပိုကောင်းလိမ့်မယ်”

ချင်မူက သူ့ကို တစ်ချက်ကြည့်၍ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

“အခု ဘိုးဘေးနန်းတော် ပေါ်လာပြီဆိုတော့ ပြန်ချိပ်ပိတ်ဖို့က မဖြစ်နိုင်လောက်တော့ဘူး”

‌ကောင်းကင်နတ်အရှင်ဟောင်မှာ သိသိသာသာပင် ဘိုးဘေးနန်းတော်အကြောင်း တချို့တစ်၀က် နားလည်ထားလိမ့်မည်။ “ဘိုးဘေးနန်းတော်က ကမ္ဘာဦးခေတ်မှာ ပေါ်လာခဲ့တာ…. ရှေးဟောင်းနတ်ဘုရားတွေ အားလုံးအပြင် စွမ်းအားကြီးမားတဲ့ နတ်ဘုရားတစ်ပိုင်းတွေလည်း ပူးပေါင်းပြီး ချိပ်ပိတ်ခဲ့ကြရတယ်… အဲ့ဒီအချိန်က ရှေးဟောင်းနတ်ဘုရားတွေ အခုချိန်မှာ သေတဲ့သူက သေသွားကြပြီ… အဲ့ဒီတုန်းကနဲ့ယှဉ်ရင် နတ်ဘုရားတစ်ပိုင်းတွေကလည်း နည်းပါးသွားပြီ…. အခု ချိပ်တံဆိပ် ကျိုးပျက်သွားပြီဆိုတော့ ပြန်ချိပ်ပိတ်လို့မရတော့ဘူး”

သူက ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်ဆီသို့ ကြည့်ကာ ပြောသည်။ “ခင်‌ဗျားတို့နှစ်ယောက်လုံးက အဲ့ဒီခေတ်ကဆိုတော့ ပိုပြီးသိကြမှာပေါ… ကျုပ် ပြောတာ မှန်တယ်မလား”

နတ်ဧကရာဇ်လန်ရွှမ်က တရိုတသေ ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟောင်ပြောတာ မှန်ပါပေတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က ပြုံးလျက် ဖြေ၏။ “ကျုပ်က နည်းနည်း နောက်ကျမှ မွေးလာခဲ့လို့ အမှောင်ခေတ်ကို မကြုံတွေ့ခဲ့ရဘူး… ဒါပေမဲ့ ကျုပ်အဖေ အရင်က ပြောပြတာ ကြားဖူးတယ်… ဘိုးဘေးနန်းတော်ထဲမှာ ကြီးမားလှတဲ့ ကြောက်မက်ဖွယ်အရာတွေ ရှိတဲ့အတွက် ကောင်းကင်နတ်ဧကရာဇ်က တစ်လောကလုံးမှာ ရှိတဲ့ သက်ရှိတွေရဲ့ကောင်းကျိုးအတွက် လောကတခွင်က နတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကို ဦးဆောင်ပြီး ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့တာလို့ ပြောခဲ့ဖူးပါတယ်….အဲ့ဒီအချိန်တုန်းကသူတွေ မရှိတော့တဲ့အတွက် ချိပ်တံဆိပ်ကို ပြန်ပြင်ဖို့က မဖြစ်နိုင်တော့ပါဘူး”

နတ်အရှင်မယန်က ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူပြောတဲ့ အကျိုးအမြတ်တွေ ခွဲယူမယ်ဆိုတာက ဖြစ်နိုင်ချေရှိသေးတယ်”

လူတိုင်း၏အကြည့်သည် ချင်မူ့ထံ စုပြုံသွားကြ၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်းက အကျိုးအမြတ်ကို ခွဲယူချင်တယ်ပေါ့… မင်းမှာ ဘာလုပ်နိုင်စွမ်း ရှိလို့လဲ”

ချင်မူက စိတ်မဝင်စားပေ။ “ကောင်းကင်နယ်စားမင်းရဲ့သားတော်၊ ကျွန်တော့်ကို တာအိုနောင်တော်လို့ ခေါ်သင့်တယ်နော်….ကျွန်တော်က ဘိုးဘေးနန်းတော်ထဲ ၀င်ရောက်နိုင်တဲ့ တစ်ယောက်တည်းသောလူပဲ…. ကျွန်တော်မရှိရင် ခင်ဗျားတို့ ဘိုး‌ဘေးနန်းတော်ကို ငေးကြည့်ပြီး သွားရည်ကျနေရုံပဲ တတ်နိုင်လိမ့်မယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်သည် ဒေါသူပုန်ထသွားပြီး သူ့ကို တစ်စစီဆုတ်ဖြဲ သတ်ဖြတ်တော့မည်အလား ကြည့်လိုက်၏။ ထို့နောက် သူက ဘိုးဘေးနန်းတော်ထဲက အက်ကွဲကြောင်းဆီ ပျံသန်းသွားပြီး လှောင်ရယ်လိုက်သည်။ “၀င်ဖို့က ဘာများ ခက်လို့လဲ”

သူက အက်ကွဲကြောင်းထဲ တိုး၀င်သွားလေသည်။

ကောင်းကင်နတ်အရှင်ဟုန်က တိုးညှင်းစွာ ပြောလိုက်၏။ “တာအို‌ရောင်းရင်းမူ၊ သူ တိုး၀င်သွားနိုင်ရင် ကျွန်တော်တို့ အကျိုးအမြတ် အညီအမျှ မခွဲယူ‌တော့ဘူးနော်”

ချင်မူမှာ မျက်ခုံးတလှုပ်လှုပ်ဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ပုံရိပ်အား စိုးရိမ်ပူပန်စွာ ကြည့်နေမိသည်။

အက်ကွဲကြောင်းထဲတွင် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူတို့နှင့် တဖြည်းဖြည်း ဝေးသွားနေသည်။ သို့သော် သူ့‌ခြေလှမ်းများမှာ အဆုံးမရှိသည့် ဖိအားများကို ခံစားနေရသည့်အလား တဖြည်းဖြည်း နှေးကွေးလာ၏။ ထိုမျှသာမက ဖိအားမှာ ပိုပို၍ အားကောင်းလာသည်။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ခက်ခဲလာသည်။ သူ့မှာ ကမ္ဘာဦးဘုံ၊ ကောင်းကင်လေးခု၊ ရွှမ်တု၊ ယိုတု၊ မဟာမြို့ပျက်နှင့် ကောင်းကင်နတ်မြစ်တို့အားလုံး သူ့အပေါ်မှ ဖိနှိပ်နေသည့်အလား ခံစားနေရသည်။

ထိုမျှသာမက များပြားလှသော မဟာတာအိုအမှတ်အသားများက သူ့ပတ်ပတ်လည်တွင် ဖွဲ့တည်လာကာ ရှေးဟောင်းနတ်ဘုရားအသွင်သဏ္ဍာန်များအဖြစ် ပြောင်းလဲသွားကြသည်။ သူ ပိုမိုနက်ရှိုင်းစွာ ၀င်ရောက်လေလေ၊ ၎င်းတို့က ရှင်းလင်းပြတ်သားလာလေလေ ဖြစ်သည်။

အနန္တလောကတို့၏ ဧရာမနောက်ကျောအရိပ်ကြီးများ ပေါ်လာသည်ကိုပင် မြင်ရနိုင်၏။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသတကြီး ဟိန်းဟောက်၍ နောက်ဆုတ်လာသည်။ တခဏကြာသော် သူက ဖြူလျော့နေသော မျက်နှာဖြင့် လူတိုင်းအရှေ့တွင် ပြန်ပေါ်လာပြီး‌ အေးစက်စွာ ပြောလေသည်။ “အကျိုးအမြတ်တွေ ခွဲယူဖို့ မကန့်ကွက်တော့ဘူး”

ချင်မူက ပြုံးလိုက်သည်။ “တူလေးကျူ...”

“ထွီးးးး”

ရှေးဟောင်းနတ်ဘုရားဘုရင်က ချင်မူ့မျက်နှာကိုပင် တံထွေးဖြင့် ထွေးတော့မည့်အလား ဒေါသတကြီး ပြောသည်။ “အခု‌လေးတင် တာအိုနောင်တော်လို့ ခေါ်ခိုင်းတယ်… အခုကျ တူလေးလို့‌တောင် ခေါ်နေပြန်ပြီ… မင်း အသက်ကြီးတာက မြန်လှချည်လား”

All Chapters