ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ခြင်း
Vol. 88 Ch. 1146
ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နယ်စားမင်းနဲ့ ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် နောင်တော်၊ ညီတော်လို့ ခေါ်တာ သတိရသွားလို့ပါ… ကောင်းကင်နယ်စားမင်းက ကျွန်တော့်ကို တာအိုမိတ်ဆွေတဲ့လေ … ဆိုတော့ ခင်ဗျားကို တူလေးလို့ခေါ်တာ သဘာ၀ကျပါတယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသမထိန်းနိုင်တော့သဖြင့် ကျန်ကောင်းကင်နတ်အရှင်များ ၀င်ရောက် ဖြန်ဖြေကြရတော့သည်။ “ကဲပါ… အချင်းချင်း တာအိုမိတ်ဆွေလို့ပဲ ခေါ်ကြတာပေါ့…. အားလုံးက ကောင်းကင်နတ်အရှင်တွေပဲဟာ… အနေခက်အောင်လုပ်ဖို့ မလိုပါဘူး… စိတ်အေးအေးထားကြ…. စိတ်အေးအေးထားကြ”
ကောင်းကင်နတ်အရှင်ဟုန်ကလည်း ချင်မူ့ကို နားချရန် ကြိုးစားသည်။ “ကောင်းကင်နတ်အရှင်မူ၊ စကားသိပ်မများစမ်းပါနဲ့… သူ့ကို အခွင့်ကောင်းလည်း မယူပါနဲ့…. သူက ဒေါသကြီးတယ်… သူ တကယ် မင်းကို တကယ် သတ်ချင်ရင် ငါတို့ မတားနိုင်ဘူး”
ချင်မူကလည်း ဒေါသများဖြင့် ပြန်ပြောသည်။ “အဲ့ဒီနေ့က နဂါးသွဲ့ရေကန်မှာ သူက ပထမဆုံး ထွက်လာပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတာလေ…. သူ့ကို အခွင့်ကောင်းယူတော့ရော ဘာဖြစ်လဲ… ဦးလေးလို့ခေါ်ခိုင်းတော့ရော ဘာဖြစ်လဲဗျာ”
ရှေးဟောင်းနတ်ဘုရားဘုရင်သည် စိတ်တည်ငြိမ်ရုံရှိသေးသည်၊ တဖန် ပြန်ဒေါသထွက်လာ၏။ သူက အော်လိုက်သည်။ “ငါ့ကို မတားနဲ့.. ဒီကောင့်ကို တစ်စစီ ခုတ်ပိုင်းပစ်မယ်”
ချင်မူကလည်း ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက် လက်ညှိုးထိုးကာ မာန်မဲ၏။ “သတ္တိရှိရင် လုပ်လိုက်လေ…. လာပြီး ကျုပ်ခေါင်းကို ဖြတ်လိုက်စမ်းပါ… မျက်တောင်ခတ်မိလို့ကတော့ ကျုပ်မျိုးရိုးနာမည်ကို ကျူလို့ ပြောင်းပစ်မယ်”
အားလုံးက သူ့ကို ကရောသောပါး ဆွဲထားကြသည်။ ကောင်းကင်နတ်အရှင်ဟုန်က ချင်မူ့ကို ဆွဲထားပြီး နတ်ဧကရာဇ်လန်ရွှမ်က နတ်ဘုရင်ကျုကို ဆွဲထား၏။ “စိတ်လျှော့ကြပါ.. စိတ်လျှော့ကြပါ”
နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ဆဲရေးတိုင်းထွားပြီးနောက် တစ်ဖက်သို့ ခေါင်းလှည့်သွားကြပြီး အချင်းချင်း မကြည့်ကြတော့ချေ။
ချင်မူက ဤအခိုက်အတန့်ကို အသုံးချကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင်း အံ့ဩမှင်သက်သွား၏။ သူတို့မှလွဲ၍ အခြားမည်သူမှ မရှိချေ။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ပင်လျှင် မလာခဲ့ချေ။
‘အရှင်မယွမ်မုရော…. ဒီလိုမဖြစ်ရဘူးလေ’
ချင်မူ မျက်မှောင်ကြုတ်လျက် တစ်ယောက်တည်း တွေးနေ၏။ ‘ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင် အရှင်မယွမ်မုက ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ သေချာပေါက် ရောက်လာမှာပဲ….ဘာလို့ ပေါ်မလာသေးတာပါလိမ့်’
သူ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ နတ်အရှင်မချန်းက မဟာဧကရာဇ်ဖြစ်ကြောင်း အတည်ပြုပြီးသွားချေပြီ။ ထိုသို့ဆိုလျှင် အရှင်မယွမ်မုသည် မည်သူနည်း။
ကောင်းကင်နတ်အရှင်ဟုန်များလော။
ချင်မူ တဟုန်ကို ကြည့်ရင်း သံသယဝင်လာမိသည်။ သခင်မယွမ်မုသည် ခပ်ပေါပေါ့ အမျိုးသမီးတစ်ဦး ဖြစ်၍ ကောင်းကင်နတ်အရှင်ဟုန် ပြသနေသော သိုင်းပညာရှင်တစ်ဦး၏ပုံစံနှင့် ကိုက်ညီမှုမရှိချေ။
‘ငါတို့အပြင် ရထားလှည်းကို ဆွဲလာတဲ့ ကောင်းကင်နဂါးတွေပဲ ရှိတေ့ာတယ်… အရှင်မယွမ်မုက ကောင်းကင်နဂါးတစ်ကောင်တော့ ဖြစ်မလာလောက်ပါဘူး’
ရုတ်တရက် ချင်မူ့အကြည့်သည် ကောင်းကင်နတ်အရှင်ယန်၏ ရင်ခွင်ထဲရှိ ကြောင်ဖြူဆီသို့ ကျရောက်သွား၏။ နဂါးချီလင်က ချောင်းထဟန့်သည်။ ချင်မူက ထိုချောင်းဟန့်သံ၏ အဓိပ္ပာယ်ကို သိသော်လည်း မကြားချင်ယောင်ဆောင်၍ တွေးနေလေသည်။ ‘အရှင်မယွမ်မုက နတ်အရှင်မယန်ရဲ့ ရင်ခွင်ထဲက ကြောင်ဖြူတော့ မဟုတ်လောက်ဘူးမလား… ဒီကြောင်ဖြူက အထီးကြီး … ပြီးတော့ နတ်အရှင်မယန်က ကောင်းကင်နတ်ဧကရာရီအဖြစ် သံသယရှိဖို့ကောင်းတယ်.. သူက အရမ်းတည်ကြည်လေးနက်ပြီးတော့ ကြောင်ဖြူက သူ့ချစ်သူလိုပဲ.. အရှင်မယွမ်မုနဲ့ မတူဘူး…”
ချင်မူမှာ ခေါင်းမကိုက်ဘဲ မနေတော့ချေ။ ကြောင်ဖြူနှင့်ယှဉ်ပါက ကောင်းကင်နတ်အရှင်ဟုန်က သခင်မယွမ်မုဖြစ်မည်ဟု သူ ယုံကြည်၏။
ကောင်းကင်နတ်အရှင်များက အတူတကွ စုဝေးတိုင်ပင်ပြီးနောက် ဆုံးဖြတ်လိုက်ကြသည်။ “အကျိုးအမြတ်တွေကို ညီတူညီမျှခွဲလို့ ရနိုင်သေးတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်နတ်အရှင်ဟွေ့တို့ကိုပါ ပေါင်းထည့်လိုက်ရင် ဘိုးဘေးနန်းတော်ကို ဆယ့်တစ်ပိုင်း ခွဲရလိမ့်မယ်… ကောင်းကင်နတ်အရှင်မူအပါအ၀င် ကျုပ်တို့အားလုံး တစ်ယောက်တစ်ပိုင်းစီ ရလိမ့်မယ်”
“ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကျန်ရှေးဟောင်းနတ်ဘုရားတွေကတော့ ရည်ရွယ်ချက်တွေ မတူတဲ့အတွက် မေ့ထားလိုက်တော့”
“ကျုပ်တို့ ဘိုးဘေးနန်းတော်ကို ရောက်ရင် အားလုံးက ရတနာရှိတဲ့နေရာကို ရှာဖွေကြမှာ… ဦးသူယူစနစ်ပဲ…. ဘိုးဘေးနန်းတော်ထဲက နေရာတိုင်းမှာ ဟင်းလင်းပြင်သားရဲတွေ ရှိတယ်… သေချာ ရှင်းလင်းပစ်ရမယ်”
အားလုံး ဆွေးနွေးပြီးသွားကာ ချင်မူ့ကို မေးလေသည်။ “ကောင်းကင်နတ်အရှင်မူရော ဘယ်လိုထင်သလဲ”
ချင်မူက ခပ်ယဲ့ယဲ့ ပြုံး၍ ဖြေသည်။ “ကျွန်တော်တို့ ဘိုးဘေးနန်းတော်ကို ဆယ့်တစ်ပိုင်း တိုက်ရိုက်ခွဲပြီးတော့ လူတိုင်းကို တစ်ပိုင်းစီ ပေးလိုက်လို့မရဘူးလား”
ကောင်းကင်နတ်အရှင်ဟောင်က ချေပ၏။ “ဘိုးဘေးနန်းတော်ထဲမှာ ထူးဆန်းတဲ့ အင်အားကြီးသားရဲတွေနဲ့ ဟင်းလင်းပြင်သားရဲတွေ အများကြီးရှိတယ်လေ… ဒီအတိုင်း ဆယ့်တစ်ပိုင်းခွဲလိုက်ရင် ဘယ်သူက စောင့်ရှောက်မှာလဲ…. အားလုံးက ကိုယ့်အားကိုယ်ကိုးရင်း ကိုယ်ပိုင်နယ်မြေသိမ်းပိုက်ပြီး ကိုယ့်တပည့်တွေ စူးစမ်းလေ့လာလို့ရအောင် ဟင်းလင်းပြင်သားရဲတွေကို ရှင်းလင်းပေးရမှာပေါ့”
နတ်ဧကရာဇ်လန်ရွှမ်က ရယ်၏။ “ကောင်းကင်နတ်အရှင်မူ မလုပ်နိုင်ရင် ကျူပ်ကို အပ်ထားလိုက်လေ… ကျုပ် ကူညီပြီး ကွပ်ကဲပေးမှာပေါ့”
နတ်အရှင်မချန်းက ပြောသည်။ “အကြံကောင်းပဲ… ကျွန်မတို့က ကောင်းကင်နတ်အရှင်တွေမဟုတ်လား…. ဘိုးဘေးနန်းတော်မှာ အကြာကြီးနေလို့ မရဘူးလေ… ပြောရရင် ကောင်းကင်နတ်ဘုံက အဓိကပဲ… အရင်ဆုံး နယ်မြေတစ်ပိုင်းကို ရှင်းလင်းပြီးတော့ ကောင်းကင်နတ်အရှင်မူကို တပည့်တွေ စေလွှတ်ခိုင်းလိုက်မယ်… ရတနာဂူတွေ တူးတာတွေ၊ ရတနာရှာတာတွေနဲ့ ဟင်းလင်းပြင်သားရဲတွေကို သတ်တာကတော့ တပည့်တွေ လုပ်ခိုင်းလိုက်ပေါ့”
ချင်မူမှာ အတော်လေး မပျော်မရွှင်ဖြစ်နေသည်။ ဤကောင်းကင်နတ်အရှင်များသည် သူ့တွင် အင်အားမရှိသည့်အတွက် သိသိသာသာ အနိုင်ကျင့်နေကြခြင်းပင်။ ချင်မူ နယ်မြေသိမ်းပိုက်နိုင်လျှင်တောင်မှ ခုခံနိုင်မည်မဟုတ်ချေ။
ဘိုးဘေးနန်းတော်ကို တိုက်ရိုက်အပိုင်းမခွဲရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုက ချင်မူ ၀င်ရောက်ဖို့ ဖိအားပေးရန် ဖြစ်သည်။ ၎င်းက သူ့ကို ဘိုးဘေးနန်းတော်သို့ နယ်နှင်ဒဏ်ပေးလိုက်သည်နှင့် တူ၏။
ချင်မူသာ ဘိုးဘေးနန်းတော်ထဲတွင် နေ၍ ထွက်မလာပါက ဤကောင်စုတ်ကလေးကို ချုပ်ထားခြင်းနှင့် အလားတူပင်။ ချင်မူ ပြဿနာရှာ၍ သူတို့အား ခေါင်းကိုက်စေမည်ကို စိတ်ပူစရာမလိုတော့ချေ။။
သို့သော် ချင်မူ ဘိုးဘေးနန်းတော်မှ ထွက်လာပါက သူ့ပိုင်နက်ကို စွန့်လွှတ်ခဲ့သည့် အဓိပ္ပာယ်ဖြစ်လိမ့်မည်။ ထိုကောင်းကင်နတ်အရှင်များက ၀မ်းပန်းတသာဖြင့် ချင်မူ့ဝေစုကို ဝါးမြိုသွားကြပေလိမ့်မည်။
နယ်မြေဆယ့်တစ်ပိုင်းခွဲပြီးမှ ချင်မူ့ဝေစုကို လုယူပါက ဤကောင်စုတ်ကလေးသည် ရုန်းရင်းဆန်ခတ် ဖြစ်စေ၍ သူတို့အား ခေါင်းရှုပ်စေမည်မှာ အသေအချာပင်။
ချင်မူက ဟက်ခနဲ လှောင်ရယ်လိုက်သည်။ ထိုလူအိုကြီးများမှာ ငယ်ရွယ်ပြီး အားနည်းသော သူ့ကို အနိုင်ကျင့်နေကြမှန်း သူ ကောင်းကောင်းသိလေသည်။ သူက စိတ်မ၀င်စားစွာ ပြောလိုက်သည်။ “ခင်ဗျားတို့ ပြောသလိုပဲ လုပ်ကြတာပေါ့”
ကောင်းကင်နတ်အရှင်အားလုံးက သူ နစ်နာသွားသည်ကို ကြည့်ကာ ၀မ်းသာနေကြသည်။
ချင်မူ ယဇ်ပလ္လင်ကို ချက်ချင်း နေရာချလိုက်သည့်အခါ သူ့ပတ်ပတ်လည်ရှိ ကောင်းကင်နတ်အရှင်ရှစ်ပါးက တအံ့တသြ ကြည့်ရှုနေကြသည်။ ချင်မူက သရော်ပြုံး ပြုံးလျက် အားလုံးအရှေ့တွင် ယဇ်ပလ္လင်ကို ဖွဲ့တည်နေ၏။ သူက ယဇ်ပလ္လင်အတွက် လိုအပ်နေသော သင်္ကေတများကိုပင် အဆင့်တစ်ဆင့်မှ မလွတ်စေဘဲ အားလုံးအရှေ့၌ သေသေသပ်သပ် ခတ်နှိပ်နေချေသည်။
ပြောင်းပြန်ဆင့်ခေါ်ခြင်းယဇ်ပလ္လင် တည်ဆောက်နေခြင်းအား ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ ကြည့်ရှုနေသည်ကို သူ စိတ်ထဲမရှိချေ။ အဘယ်ကြောင့်ဆိုသော် ပြောင်းပြန်ဆင့်ခေါ်ခြင်းသည် အဆင့်နှစ်ဆင့် လိုအပ်၏။ ယဇ်ပလ္လင်တည်ဆောက်သည့် ပထမအဆင့်တွင် အမှားပါ၍ မရပေ။
ပထမအဆင့်က အင်မတန် အရေးကြီးပေသည်။
သို့သော် ဒုတိယအဆင့်ကလည်း အလားတူ အရေးကြီး၏။ ၎င်းက ပြောင်းပြန်ဆင့်ခေါ်ခြသ်း ကောင်းကင်နတ်သိုင်းကို အသုံးပြုရန် ဖြစ်သည်။
ချင်မူ၏ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းသည် ဖန်ဆင်းရှင်လော့ရှောင်ထံမှ ဆင်းသက်လာခြင်း ဖြစ်၏။ သို့သော် လော့ရှောင်သည် ဖန်ဆင်းရှင်များအတွက်သာ အတုမဲ့သော အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို သုံးခဲ့သည်။
အခြားတစ်ဖက်တွင် ချင်မူ ပြင်ဆင်ခဲ့သည့် ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းမှာ ခေတ်ပေါ်သင်္ကေတစနစ်ကို ထည့်သွင်းခဲ့သည်။ သူ့အသက်ကို ကာကွယ်ရန်အတွက် ချင်မူသည် လော့ရှောင်ဆီသို့ လွှဲပြောင်းမပေးခဲ့လေရာ တဟုန်နှင့် ကုရှောင်တို့လည်း မသိကြချေ။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ပြောင်းပြန်ဆင့်ခေါ်ခြင်း ယဇ်ပလ္လင်ပေါ်ရှိ သင်္ကေတများကို မှတ်သားခဲ့လျှင်တောင်မှ ၎င်းတို့ထံမှ ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို သိရှိနိုင်ရန် ခက်ခဲပေလိမ့်မည်။
ဤသည်က ချင်မူဟ အရည်အချင်းပြည့်မီမှု ဖြစ်၏။
“အားလုံးပဲ ယဇ်ပလ္လင်ပေါ် တက်လာကြပါ”
ချင်မူက ယဇ်ပလ္လင်နှစ်ခု တည်ဆောက်ခဲ့ပြီး တစ်ခုက အပြန်ခရီးအတွက် ဖြစ်သည်။ သူက တစ်ခုအပေါ်သို့ တက်၍ ယဇ်ပလ္လင်အလယ်တွင် ရပ်လိုက်ရင်း ပြုံးလျက် ပြောသည်။ “ပြောင်းပြန်ဆင့်ခေါ်တဲ့အခါမှာ ဘိုးဘေးနန်းတော်ထဲက ဟင်းလင်းပြင်သားရဲတွေနဲ့ စိတ်ဝိညာဉ်အလျဉ်ဆက်နွယ်မှုတစ်ခု ဖန်တီးဖို့ လိုအပ်တယ်…. ဒါကြောင့် တာအိုမိတ်ဆွေတို့ ခေါင်းပေါ်မှာ မျက်လုံးတစ်လုံး ရုတ်တရက် မြင်လိုက်ရရင် လန့်မသွားပါနဲ့….. အဲ့ဒါက ဟင်းလင်းပြင်သားရဲတစ်ကောင်ပါ…. ကျွန်တော် ဟင်းလင်းပြင်သားရဲကို အသုံးချပြီး ဘိုးဘေးနန်းတော်ရဲ့ နေရာကို ရှာပြီးတော့ ကျွန်တော်တို့ကို ဆွဲယူလာအောင် လုပ်မှာဖြစ်ပါတယ်”
“အဲ့ဒီလို ကောင်းကင်နတ်သိုင်းမျိုးရှိတာပဲလား” ကောင်းကင်နတ်အရှင်များက လေးစားအားကျစွာ ရေရွတ်လိုက်ကြလေသည်။
ချင်မူက ပြုံးလျက် ဖြေ၏။ “ဒါက ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်ပါ…. ပြုပြင်ပြောင်းလဲမှုကြောင့်ပဲ စွမ်းအင်အကူးအပြောင်းတံတား ရှိလာခဲ့ပြီးတော့ သွားရ၊ လာရ လွယ်ကူစေခဲ့တယ်…ပြုပြင်ပြောင်းလဲမှုကြောင့်ပဲ ဒီ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောက်းကင်နတ်သိုင်း ရှိလာရတာပါ”
ကောင်းကင်နတ်အရှင်ရှောင်က ချောင်းဟန့်၍ သူ့ကို သတိပေး၏။ “ကောင်းကင်နတ်အရှင်မူ၊ အဲ့ဒီလို သစ္စာဖောက်စကားတွေ ရပ်လိုက်ပါ… ကောင်းကင်နတ်သိုင်းကိုသာ မြန်မြန် အသက်သွင်းပါတော့”
ချင်မူက ရယ်လျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။
ယခင်က သူ့အတွက် လော့ရှောင်၊ ကုရှောင်နှင့် တဟုန်တို့အား ဘိုးဘေးနန်းတော်အတွင်းသို့ ခေါ်ဆောင်သွားရန် ခက်ခဲခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ့မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးကို ပို့ဆောင်ရမည်ဖြစ်သဖြင့် ပို၍ ခက်ခဲ၏။ ကံကောင်းစွာဖြင့် ချင်မူသည် ယခင်ကထက် များစွာ သန်မာနေချေပြီ။ သူက ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အားကုန်ထုတ်၍ အသက်သွင်းလိုက်ရာ ဧရာမမျက်လုံးကြီးတစ်လုံးက ကောင်းကင်ထက်တွင် ချက်ချင်း ပေါ်လာတော့သည်။
ကောင်းကင်နတ်အရှင်များက တအံ့တဩ အသံပြု၍ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ “ကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်း”
သူတို့၏ ချီးကျူးစကားမဆုံးခင် သူတို့ခေါင်းပေါ်ရှိ ကောင်းကင်ထက်မှ တဖောက်ဖောက် အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဧရာမမျက်လုံးကြီးများက တစ်ပြိုင်နက် ပေါ်လာကြချေသည်။
၎င်းတို့မှာ ဟင်းလင်းပြင်သားရဲများ၏ မျက်လုံးများဖြစ်ပြီး တစ်လုံးထက် ပိုကာ ရာနှင့်ချီနေသည်။
ဟင်းလင်းပြင်သားရဲတစ်ကောင်တည်းဖြင့် သူတို့အားလုံးကို ဟင်းလင်းပြင်ထဲသို့ ဆွဲမခေါ်နိုင်သည်ကို စိုးရိမ်သည့်အတွက် ချင်မူသည် တစ်ကြိမ်တည်းနှင့် ဟင်းလင်းပြင်သားရဲ ရာပေါင်းများစွာကို တစ်ပြိုင်နက် ဆင့်ခေါ်ခဲ့၏။
ကောင်းကင်နတ်အရှင်ရှစ်ပါးကား များပြားလှသော ဟင်းလင်းပြင်သားရဲတို့၏ မျက်လုံးများကို မြင်နေရသည့်တိုင် တည်ငြိမ်အေးဆေးနေကြသည်။
သူတို့၏စွမ်းရည်များမှာ အားကောင်းပြင်းထန်လွန်းသဖြင့် ဤထူးဆန်းသော သားရဲများမှာ သူတို့ကို မည်သို့မျှမလုပ်နိုင်ကြချေ။
ဝုန်း…
ယဇ်ပလ္လင်သည် ဟင်းလင်းပြင်ထဲ ပျံသန်းသွား၏။။
နောက်တခဏတွင် ယဇ်ပလ္လင်က ဘိုးဘေးနန်းတော်ထဲတွင် ပေါ်လာပြီး ရာပေါင်းများစွာသော ဟင်းလင်းပြင်သားရဲများအရှေ့၌ မြောလွင့်နေလေသည်။
ကောင်းကင်နတ်အရှင်များက တဟားဟား ရယ်လျက် လေပေါ်ပျံတက်သွားကြသည်။ သူတို့က ဘိုးဘေးနန်းတော်ထဲတွင် ကိုယ်ပိုင်နယ်မြေများ ရှာဖွေရန် ထွက်ခွာသွားကြပြီး ချင်မူ့ကို ဟင်းလင်းပြင်သားရဲများ ဝိုင်းနေသည့် ယဇ်ပလ္လင်ထက်တွင် ထားခဲ့ကြသည်။
ရာပေါင်းများစွာသော ဟင်းလင်းပြင်သားရဲတို့သည် ယဇ်ပလ္လင်အလယ်ရှိ ချင်မူ့ကို စိုက်ကြည့်နေကြ၏။
ချင်မူမှာ သက်ပြင်းချလျက် ကောင်းကင်နတ်အရှင်ဟုန်ကို ပြုံးပြလိုက်သည်။ “ဘာလို့ တာအိုမိတ်ဆွေဟုန်က ထွက်မသွားရသေးတာတုန်း”
“ငါတို့ တစ်ယောက်ကိုတစ်ယောက် အားကိုးလို့ရတယ်လို့ ကတိပေးခဲ့တယ်မလား”
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလျက် ပြောသည်။ “ဒါ့အပြင် ငါ့အပေါ် မင်း ကျေးဇူးအကြွေး ထပ်တင်လို့ရတယ်လေ…. ဒီနည်းနဲ့ ငါက အကြွေးစာချုပ်နှစ်ခုတောင် ရမှာပေါ့”