← Chapters

ကောင်းကင်တွင် သူ့စည်းမျဉ်းနှင့်သူ ရှိသည်

Vol. 88 Ch. 1147

ကောင်းကင်တွင် သူ့စည်းမျဉ်းနှင့်သူ ရှိသည်

Vol. 88 Ch. 1147

ရာနှင့်ချီသော ဟင်းလင်းပြင်သားရဲများမှာ စိတ်မထိန်းနိုင်တော့ဘဲ ချင်မူ၊ ကောင်းကင်နတ်အရှင်ဟုန်၊ နဂါးချီလင်နှင့် ယန်အာဆီသို့ ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့ကား အစာအတွက် သတ်ပုတ်နေကြသော ဝံပုလွေအုပ်အလား ထင်ကြပေသည်။

“တစ်၀က်စီ ယူကြမယ်”

တဟုန်က အင်္ကျီလက်စ ဆွဲတင်၍ ပြေးဝင်လာသော ‌ဟင်းလင်းပြင်သားရဲများကို ဖမ်းလိုက်သည်။ ထိုဟင်းလင်းပြင်သားရဲများသည် နှိုင်းယှဉ်မရလောက်အောင် ကြီးမားကြသော်လည်း သူ့အင်္ကျီလက်အိုးထဲ ရောက်သည့်အခါ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်သွားကြသည်။

ချင်မူ့အသိစိတ်အလျဉ်က တရှိန်ထိုး ပေါ်ထွက်လာကာ မရေမတွက်နိုင်သော ဆူးချွန်များကို မြင်ယောင်ဖန်ဆင်းလိုက်သည်။ ထိုဆူးချွန်များသည် ကျန်ရှိသော ဟင်းလင်းပြင်သားရဲများ၏ ခန္ဓာကိုယ်ထဲ၌ တဖျတ်ဖျတ် ပေါ်လာကြပြီး ချက်ချင်း အပေါက်များ ဗလပွဖြစ်သွားစေ၏။

ဟင်းလင်းပြင်သားရဲတို့သည် ရဲရင့်ပြီး တိုက်ပွဲအတွေအကြုံ ပြည့်၀၏။ ဟင်းလင်းပြင်သားရဲအုပ်က နားကွဲမတတ် စူးရှသော အော်သံများကို သူ့စိတ်ထဲသို့ ဦးတည်စေလျက် ထုတ်လွှတ်လိုက်သည်။

ချင်မူမှာ ထိုဟင်းလင်းပြင်သားရဲများ၏ ပြင်းထန်လှသော အော်ဟစ်သံများကြောင့် ခေါင်းမူးဝေသွားသည်။ သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ကပျာကယာ လှည့်ပတ်လိုက်ရင်း မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်အဖြစ် ပြောင်းလဲကာ အသိစိတ်အလျဉ်နယ်ပယ်တစ်ခု ဖန်တီး၍ သူ၏ဦးနှောက် ပေါက်ကွဲမသွားအောင် ကာကွယ်လိုက်ရသည်။

ဟင်းလင်းပြင်သားရဲများက သူတို့ခန္ဓာကိုယ်မှ ဆူးချွန်များ ပျောက်ကွယ်သွားစေရန် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်၏။ သို့သော် ၎င်းတို့ ဟင်းလင်းပြင်ဖြစ်သွားသည့်အခါ ဆူးချွန်များကလည်း အလားတူ ဟင်းလင်းပြင် ဖြစ်လာကြသည်။

ဤသည်ကား ဖန်ဆင်းရှင်တို့သာ တတ်မြောက်သည့် အသိစိတ်အလျဉ်‌ ကောင်းကင်နတ်သိုင်းတစ်ခုပင်။

ချင်မူက ကောင်းကင်နတ်သိုင်းကို အတတ်နိုင်ဆုံး ထိန်းထားသဖြင့် ဟင်းလင်းပြင်သားရဲများ အလျင်စလို ထွက်ပြေးသွားကြတော့သည်။

ထို့မှသာ ချင်မူ သက်ပြင်းချနိုင်တော့သည်။ သူ၏အသိစိတ်အလျဉ်မှာ ဟင်းလင်းပြင်၏ ၂၈ လွှာမြောက်သို့ ရောက်နိုင်သည်အထိ သန်မာသော်လည်း ဟင်းလင်းပြင်သားရဲတစ်ရာကို တစ်ချိန်တည်းတွင် ထိန်းချုပ်ထားရန်မှာ ခက်ခဲနေသေး၏။ ထို့ကြောင့် ထွက်ပြေးခွင့်ပေးရုံသာ တတ်နိုင်သည်။

အချိန်တိုအတွင်း ဟင်းလင်းပြင်သားရဲများသည် သူ၏‌အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း၏စွမ်းအား အကွာအဝေးအတွင်းမှ လွတ်မြောက်သွားကြ၏။ ဟင်းလင်းပြင်သားရဲတစ်ကောင်ချင်းစီကာ ပုန်းခိုနေကြပြီး အနားမကပ်လာ‌ရဲကြချေ။

ချင်မူ ဟိုဟိုသည်သည် ကြည့်လိုက်သည့်အခါ ကောင်းကင်၊ တောင်တန်းများနှင့် မြစ်များတွင် သူတို့ကို စိုက်ကြည့်နေသည့် မျက်လုံးကြီးများ ပြည့်နှက်နေကြောင်း တွေ့လိုက်သောကြောင့် ခေါင်းနပန်းကြီးသွားတော့သည်။

ဟင်းလင်းပြင်သားရဲများ၏ ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ ထိပ်တိုက် တိုက်ခိုက်မှုများ မဟုတ်ဘဲ ဟင်းလင်းပြင်ထဲတွင် အလစ်တိုက်ခိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တောင်တန်းများ၊ မြစ်များ၊ သစ်ပင်များနှင့် ပေါင်းစည်းနိုင်သည်သာမက မြေပြင်နှင့်ပင် တစ်သားတည်း ဖြစ်နိုင်၏။ အနားတွင်ကပ်၍ ပုန်းခိုနေလျှင်တောင်မှ သတိထားမိမည်မဟုတ်ချေ။

ဤနေရာ၌ ဟင်းလင်းပြင်သားရဲများ များပြားလွန်း၏။ သူသာ သတိမထားပါက သူ၏အလောင်းပင်လျှင် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်ချေ ရှိသည်။

ချင်မူက အာရုံစူးစိုက်၍ ဟင်းလင်းပြင်သားရဲများ၏ အလစ်တိုက်ခိုက်မှုမှ ကာကွယ်ရန် သူ၏ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို ဖော်ဆောင်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟုန်က သူ၏အင်္ကျီလက်စများကို ခါလိုက်ရာ ကျိုးကြေနေသော အရိုးအပိုင်းအစများ ထွက်လာကြ၏။

ချင်မူ သူ့ကို တစ်ချက်ကြည့်၍ ပြုံးလိုက်မိသည်။ “တာအိုမိတ်ဆွေဟုန်၊ ကျွန်တော်ရဲ့ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းကို မြင်ခဲ့ရတော့ သိချင်စိတ် မဖြစ်ဘူးလား”

သူ ယဇ်ပလ္လင်ကို သိမ်း၍ နဂါးချီလင်နှင့် ယန်အာကို ရှေ့သို့ ခေါ်သွားသည်။ ကောင်းကင်နတ်အရှင်ဟုန်သည် သူ့နောက်မှ လိုက်လာပြီး သူ၏ ရှည်လျားသော မျက်ခုံးဖြူဖြူများက တဖျတ်ဖျတ် လှုပ်ခတ်နေလေသည်။ သူက အပြုံးဖြင့် ပြော၏။ “မင်းက လောကသခင်ခန္ဓာလေ… အတိတ်ကိုလည်း ရောက်ဖူးသေးတယ်…အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းကို သိနေတာ ဘာများ သိချင်စရာရှိလို့လဲ”

ချင်မူမှာ ဤမိစ္ဆာကောင်းကင်နတ်အရှင်၏ ဇစ်မြစ်ကို မဖော်ထုတ်နိုင်သဖြင့် စကားနှိုက်လိုက်သည်။ “တာအိုမိတ်‌ဆွေဟုန်နဲ့ တာအိုမိတ်ဆွေကုန်းက သိပ်မတည့်သလိုပဲနော်…. ခင်ဗျားက မဟာဧကရာဇ် မဟုတ်ဘဲနဲ့ ကောင်းကင်နတ်အရှင်ကုန်းက ခင်ဗျားကို ဘာလို့ သဘောမကျတာလဲ”

“မင်းက ကုန်းရဲ့ သရုပ်မှန်ကို သိတာလား”

ကောင်းကင်နတ်အရှင်ဟုန်က ငုံ့ကြည့်လေသည်။ သူက အင်္ကျီလက်စကို တစ်ချက်မျှ လွှဲရမ်း၍ တိုက်ခိုက်လာ‌သော ဟင်းလင်းပြင်သားရဲများအား မောင်းထုတ်လိုက်ရင်း ခပ်ဟဟ ရယ်လျက် ပြောသည်။ “သူက ငါ့ကို ‌လူမှားပြီး အသည်းအသန် လိုက်ဖမ်းရင်း အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားနေတာ….. ဒါပေမဲ့ ငါက သူ့ကို မသတ်ချင်တော့ သူနဲ့ တွေ့တိုင်း သည်းခံရုံပဲ တတ်နိုင်တယ်”

ချင်မူလည်းက ဟိုဟိုသည်သည် ကြည့်ရင်း ရတနာနယ်မြေကို ရှာဖွေနေသည်။ သူက စိတ်မ၀င်စားဟန်ဖြင့် ပြောလိုက်၏။ “အဲ့ဒါဆို အဲ့ဒီတုန်းက တဟုန်ကို သတ်ပြီး မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ချေမှုန်းခဲ့တဲ့သူက ခင်ဗျားပေါ့…. ခင်ဗျားက ရှေးဟောင်းနတ်ဘုရားပဲ…. ‌‌ရှေးဟောင်းနတ်ဘုရားတွေကပဲ မဟာဧကရာဇ်ကို သတိထားကြတာ…. ဒါဆို ခင်ဗျားက အရှင်မယွမ်မုပဲ ဖြစ်လိမ့်မယ်…. ခင်ဗျားနဲ့တွေ့ပြီးတည်းက အိပ်တောင် မပျော်ခဲ့ဘူး…. အရှင်မသာ ကျွန်တော်နဲ့ အိမ်နီးချင်းဆို ကျွန်တော် အရှင်မနဲ့ ပိုပြီးနီးစပ်လာနိုင်လိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟုန်သည် ကြောင်အသွားပြီးနောက် ပြုံး၏။ “ဘာလို့ အဲ့ဒီလို ပြောရတာလဲ’

ချင်မူက ‌‌ဖြေသည်။ “တဟုန်က မဟာဧကရာဇ်ဆိုတာ သေချာတယ်…. မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က အနှိုင်းမဲ့အောင် စွမ်းအားကြီးလွန်းတယ်…. အဲ့ဒီတုန်းက ကျွန်တော် သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့လို့ သူ့အသိစိတ်အလျဉ် ထိခိုက်ခဲ့တယ်…. ဒါပေမဲ့ အရှင်မယွမ်မုရဲ့ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်… ကမ္ဘာဦးဘုရင်သုံးပါးထဲမှာ နတ်ဘုရင်ပိုယန်က ‌ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုကြောင့် အဆုံးသတ်မြို့ပျက်ထဲ နှင်ထုတ်ခံခဲ့ရပြီး အမှုန့်ချေခံခဲ့ရတယ်…. အစအနတောင် မကျန်ခဲ့ဘူး”

ကောင်းကင်နတ်အရှင်ဟုန်သည် ခပ်ပြုံးပြုံးပင်။ “အရှင်မယွမ်မုတစ်ယောက်တည်း မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဖျက်ဆီးနိုင်တာမဟုတ်ဘူး”

ချင်မူက အဝေးရှိ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းဆီသို့ ကြည့်လိုက်ရာ ထိုနေရာသို့ ပျံသန်းနေသော ကောင်းကင်နတ်အရှင်ရှောင်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ကောင်းကင်နတ်အရှင်ရှောင်သည် ထိုနေရာသို့ ဦးတည်နေရခြင်းမှာ အကြောင်းပြချက်နှစ်ခုကြောင့် ဖြစ်သည်။ ကုရှောင်၏အလောင်းနှင့် ဧကရာဇ်ဓားပင်။ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းသူ့အတွက် အင်မတန် အသုံး၀င်သဖြင့် ရယူရန် လိုအပ်နေလိမ့်မည်။

သူ့အတွက် ထိုနေရာသို့ ချက်ချင်း ပျံသန်းသွားရန်မှာ ယုတ္တိရှိပေသည်။

“အဲ့ဒါဆို ရှေးဟောင်းနတ်ဘုရားတွေထဲက ဘယ်သူတွေက ‌မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဖျက်ဆီးနိုင်တာလဲ” ချင်မူက ရိုရိုကျိုးကျိုး မေးလိုက်သည်။

“ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ‌ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်ဧကရီ၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်ယင်နတ်ဘုရားမတောင် မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးနိုင်ကြတယ်”

ကောင်းကင်နတ်အရှင်ဟုန်ကလည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ရေကန်ဆီသို့ ပျံသန်းနေသော နတ်ဧကရာဇ်လန်ရွှမ်ကို တွေ့သည့်အခါ သူက သက်ပြင်းချ၍ ပြော၏။ “ဒီရတနာနယ်မြေကို လန်ရွှမ်က သိမ်းပိုက်ပြီးသွားပြီ…. ဒီခန္ဓာကိုယ်ကြောင့် ကောင်းကင်နတ်အရှင်ကုန်းက ငါ့ကို အထင်လွဲခဲ့ပြီးပြီမလို့ ငါ သူနဲ့ အငြင်းမပွားချင်ခဲ့ဘူး…. ကောင်းကင်နတ်အရှင်မူလည်း အထင်လွဲနေမယ် ထင်မထားခဲ့ဘူး…. ကောင်းကင်နတ်အရှင်မူမှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတော့ ငါတို့ အိမ်နီးချင်းတွေ ဖြစ်မလာတာ ကောင်းလိမ့်မယ်”

ချင်မူ ကြောင်အသွားသည်။ “ခင်ဗျားက တကယ်ပဲ ဘယ်သူများလဲ”

“ကောင်းကင်မှာ သူ့စည်းမျဉ်းနဲ့သူ ရှိတယ်…. သိုးထိန်းအတွက် အသက်မရှင်သလို အရုဏ်ဦးအတွက်လည်း မသေ‌ဘူး…. ဖန်ဆင်းတဲ့သူတွေက ချီးမြှောက်ခံရပြီး ဖျက်ဆီးတဲ့သူတွေက အပြစ်ပေးခံရလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟုန် ရှေ့သို့ လျှောက်သွားသည့်အခါ သူ၏ အင်္ကျီလက်အိုးကြီးများက တဖျတ်ဖျတ် လှုပ်ခါသွားသည်။ သူက ပြုံးလျက် ပြော၏။ “ငါက ရှေးခေတ်ကနေ အခုအချိန်အထိ ခရီးသွားလာခဲ့တဲ့ လေ့လာသူတစ်ယောက်ပါ… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ငါ့ကို ကောင်းကင်နတ်ဘုံကို ကြည့်ခွင့်မပေးခဲ့ဘူး…. အမိကမ္ဘာမြေကလည်း ကမ္ဘာဦးဘုံကို ကြည့်ခွင့်မပေးခဲ့ဘူး…. မြေအောက်ဘုံအရှင်သခင်ကတော့ ယိုတိုကို ကြည့်ခွင့်မပေးခဲ့ဘူး…. အဲ့လိုဆိုတော့လည်း ငါ့ဘာသာကြည့်ဖို့ ဒီအထိ ခရီးထွက်လာခဲ့ရတာပေါ့”

ချင်မူမှာ တဆတ်ဆတ် တုန်ရီသွားပြီး ကြက်သေသေသေသွား၏။ တခဏကြာပြီးနောက် သူက အသိစိတ်ပြန်၀င်လာပြီး ကောင်းကင်နတ်အရှင်ဟုန်နောက်သို့ ပြေးလိုက်သွားသည်။ သူ့အသိစိတ်အလျဉ်က လှိုင်းထသွားပြီး အသံတစ်သံ ပို့လွှတ်လိုက်၏။ “ခင်ဗျားက သူသာဆို ဘာလို့ အနောက်နတ်မင်းကို တိုက်ခိုက်ခဲ့ရသေးတာလဲ”

ကောင်းကင်နတ်အရှင်ဟုန်က အဝေးတွင် မြောလွင့်နေလျက် သူ့အင်္ကျီလက်စများကို လွှဲရမ်းလိုက်သည်။ “သူ့ကို သတ်ရတာက သူ့ကို ကာကွယ်ဖို့နဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်စေဖို့ပဲ…. ဒါပေမဲ့ မင်း သူ့ကို ကူညီပေးချင်သရွေ့ ငါ မင်းကို ကူညီပေးပြီး သူ့ကို မင်းအပေါ် ကျေးဇူးကြွေးတင်ခွင့်ပေးမယ်…. ငါက မင်းကို နဂါးသွဲ့ရေကန်မှာ ကယ်ခဲ့သေးတာဆိုတော့ မင်း ငါ့ကို ဒီကျေးဇူးကြွေးတော့ ပြန်ဆပ်ရလိမ့်မယ်…. ဒါကြောင့် မင်း ငါ့အတွက် အကြွေးစာချုပ်နောက်တစ်ရွက် ရေးပေးစေချင်တယ်”

ချင်မူမှာ ဆက်မလိုက်တော့ဘဲ နေရာမှာတင် တုံ့ခနဲ ရပ်သွားတော့သည်။ တခဏကြာပြီးနောက် သူက ခေါင်းတရမ်းရမ်းဖြင့် ရယ်လိုက်သည်။ “‌မြေခွေးအိုကြီး… ထင်ထားတဲ့အတိုင်း… ဝါရင့်နေပြီပဲ”

ယန်အာနှင့် နဂါးချီလင်က သူ့နောက်လိုက်လာပြီး နဂါးချီလင်က မေး၏။ “ဂိုဏ်းသခင်၊ အဲ့တုန်းက တဟုန်ကို သတ်လိုက်တာ ကောင်းကင်နယ်စားမင်းလား”

ချင်မူက ခေါင်းညိတ်သည်။ “သူပဲ ဖြစ်မှာ…. ငါ တဟုန်ကို ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို မဖျက်ဆီးဖို့ တားခဲ့တုန်းက သူရော၊ ငါရော အင်မတန် ကြောက်စရာကောင်းတဲ့ အသိစိတ်အလျဉ်လှိုင်းတွေကို တဟုန်ထိုး ထုတ်လွှတ်ခဲ့တယ်…. အဲ့ဒါကို ကောင်းကင်နယ်စားမင်းဆီက‌နေ ဖုံးကွယ်လို့မရဘူး… သူက အခွင့်အရေးကို အမိမရ ဖမ်းဆုပ်ပြီး ဒဏ်ရာအပြင်းအထန်နဲ့ ‌လွတ်မြောက်လာတဲ့ တဟုန်ကို သတ်ခဲ့တာ ဖြစ်ရမယ်”

သူသည် တခဏ ငေးငိုင်နေပြီးနောက် ခေါင်းရမ်းလိုက်၏။ “နတ်ဘုရင်ကုန်းယွင်က တဟုန် သေသွားပြီး အသိစိတ်အလျဉ် ဖျက်ဆီးခံလိုက်ရတာ သိလို့ ထွက်သွားခဲ့တယ်… ဒါပေမဲ့ ကောင်းကင်နယ်စားမင်းက သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲပြီးတော့ တဟုန်အလောင်းထဲ ထည့်ပြီး မိစ္ဆာမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့တာပဲ”

“ဒါ မမှန်ဘူး”

နဂါးချီလင်က ရုတ်တရက် ထောက်ပြသည်။ “ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်းဆို နဂါးသွဲ့ရေကန်မှာ ဂိုဏ်းသခင်ကို ကယ်ခဲ့တာ ကောင်းကင်နတ်အရှင်ငါးပါး ရှိမှာပေါ့… ကောင်းကင်နတ်အရှင်ရှောင်၊ အရှ်မယွမ်မု၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ဟုန်နဲ့ နတ်ဘုရင်ကုန်းယွင်လေ”

ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းရမ်းသည်။ “ကောင်းကင်နတ်အရှင်ရှောင်က ငါ့ကို ကယ်မှာမဟုတ်ဘူး… သူက သရုပ်မှန်ဖော်ခံရမှာ ကြောက်တယ်… လူတိုင်းက သူ ငါ့ကို ကယ်မယ်လို့ ‌မျှော်လင့်ထားကြလို့ သူ မကယ်ခဲ့တာပဲ…. ကောင်းကင်နတ်အရှင်ဟွေ့ကလည်း နာမည်အရ လူသားကောင်းကင်နတ်အရှင်ဖြစ်နေလို့ ကယ်မှာမဟုတ်ဘူး… ငါ့ကို နဂါးသွဲ့ရေကန်မှာ ကယ်ခဲ့တဲ့သူတွေထဲမှာ ဟုန်၊ ကုန်းနဲ့ အရှင်မယွမ်မုပဲ အဲ့ဒီမှာ ရှိခဲ့တာ… အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်တွေထဲမှာ မဟုတ်ပေမယ့် ကောင်းကင်နတ်ဘုံထဲမှာ ပုန်းနေတယ်… ဒါကြောင့် ငါ ခန့်မှန်းရရင်...”

သူက တွေးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ရှောင်က နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးအဆင့် ဖြစ်တည်မှုတွေ ရှိနေပြီး သူ မပါကြောင်း သတိထားမိတော့ မျက်နှာထုတ်မပြဘဲ တိတ်တဆိတ် အကဲခတ်နေခဲ့တယ်…. ငါသာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆိုရင် ငါ ဘာလုပ်ခဲ့မလဲ… ငါ့အသက်ကို ကယ်ဖို့အတွက်နဲ့ သူ့သရုပ်မှန် ပေါ်စေဖို့ စွန့်စားမှာမဟုတ်ဘူး”

နဂါးချီလင်က မယုံကြည်နိုင်စွာ ပြောသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့…”

ချင်မူက ဟိုဟိုသည်သည် ကြည့်နေရင်း ဆက်ပြော၏။ “ငါ နဂါးဟန်ခေတ်ကို ပြန်သွားပြီး ကောင်းကင်နတ်အရှင်ယွင်ကို သွားတွေ့တိုင်း အချည်းနှီးဖြစ်ခဲ့ရတယ်….အကြိမ်တိုင်း ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်ဟွေ့ကို ရှာနေခဲ့ပေမယ့် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ထောက်ခံမှုကို ဘယ်တုန်းကမှ မရခဲ့ဘူး…. ကောင်းက်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့ မိတ်ဆွေကောင်းတွေ… ဒါပေမဲ့ သူ ကောင်းကင်နတ်အရှင်ဟွေ့ကို နားမချနိုင်ခဲ့ဘူးလေ… ဆိုတော့ ကောင်းကင်နတ်အရှင်ဟွေ့က ဘာလို့ ငါ့ကို ကယ်မှာလဲ”

အဝေးတွင် ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ၏ကောင်းကင်တာအိုနတ်သိုင်းများကို သုံး၍ ဟင်းလင်းပြင်သားရဲများစွာကို ချေမှုန်းပစ်နေ၏။ ယင်းကား အံ့ဩမှင်သက်ဖွယ် ကောင်းလှပေသည်။

ကောင်းကင်တာအိုရတနာ ၄၉ ခုက ကောင်းကင်ထက်တွင် ပျံဝဲ၍ နေရာကို စောင့်ရှောက်နေသဖြင့် ဟင်းလင်းပြင်သားရဲများပင် မဝင်နိုင်ကြချေ။

All Chapters