← Chapters

အလိုလိုသိစိတ်

Vol. 88 Ch. 1148

အလိုလိုသိစိတ်

Vol. 88 Ch. 1148

အဝေးတွင် နတ်အရှင်မယန်ကလည်း သူမတူတူသော ရတနာကို ထုတ်လိုက်သည်။ ၎င်းသည် သူမကိုယ်တိုင် သွန်းလုပ်ထားသော ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ထိုက်တန်သည့် ရတနာတစ်ပါး ဖြစ်လေသည်။ ရတနာက ထူးဆန်းစွာ တောက်ပလျက် မြင့်တက်သွားပြီး ဟင်းလင်းပြင်နှင့် မြေပြင်ကို ချိပ်ပိတ်ကာ သူမ၏အခြေအနေကို တည်ငြိမ်သွားစေသည်။

ချင်မူက မျက်မှောင်ကြုတ်၍ ဟိုကြည့် သည်ကြည့် ကြည့်နေသည်။ သို့သော် နတ်အရှင်မချန်း၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် အခြားသူများလည်း ရတနာနယ်မြေကိုယ်စီ သိမ်းပိုက်ပြီဖြစ်သဖြင့် သူ့တွင် ရွေးချယ်ရန် နေရာများများစားစား မရှိတော့ချေ။

နဂါးချီလင်မှာ ကောင်းကင်နတ်အရှင်ဟွေ့ ချင်မူ့ကို နဂါးသွဲ့ရေကန်တိုက်ပွဲ၌ မကူညီဘဲ အခြားသူများနှင့် ပူပေါင်း၍ သတ်ဖြတ်ရန် ကြိုးစားခဲ့သော အချက်ကို လက်မခံနိုင်သေးပေ။ သူ့မှာ မူးဝေနေ၏။

“ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ယွီရဲ့ သေဆုံးမှုကြောင့် အ‌တော်လေး ခါးသီးသွားခဲ့တယ် ... သူက လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ကစပြီး ပြောင်းလဲသွားခဲ့တာပဲ”

ချင်မူက နဂါးချီလင်၊ ယန်အာတို့နှင့်အတူ ဆက်လက်ရှာဖွေနေသည်။ “ကောင်းကင်နတ်အရှင်ခုနစ်ပါးခေတ်တုန်းက ကောင်းကင်နတ်အရှင်ခြောက်ပါးစလုံး ကောင်းကင်နတ်အရှင်ယွီအပေါ် အင်မတန် လေးစားခဲ့ကြတယ်…. ကောင်းကင်နတ်အရှင်ရုံကလွဲရင် ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်‌ယွီကို အလေးထားဆုံးသူပဲ… သူက သူတို့ရင်ထဲက စံပြပုဂ္ဂိုလ်… ကျော်လွှားလို့မရနိုင်တဲ့ တောင်တန်းကြီးတစ်ခုပဲ… ကောင်းကင်နတ်အရှင်ယွီ သေပြီးတော့ ကောင်းကင်နတ်အရှင်ရုံက နှစ်တစ်သန်းကြာ တံခါးပိတ်ကျင့်ကြံခဲ့တယ်…. အဲ့ဒီအချိန်မှာ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အတွေးတွေ ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်…. သူက ရှေးဟောင်းနတ်ဘုရားတွေကို မုန်းပေမယ့် သူကိုယ်တိုင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာချင်ခဲ့တော့တာပဲ”

သူက ရပ်၍ ငေးကြည့်နေ၏။ “ကောင်းကင်နတ်အရှင်ရုံလည်း ပြောင်းလဲသွားပြီလို့ ပြောလို့ရတယ်…. ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ စကားတွေအရ သူ့ကို ယုံကြည်လို့မရဘူးဆိုတာ ဖော်ပြနေတယ်… ဒါပေမဲ့ အတိတ်တုန်းက ငါ သူ့အပေါ် အမြဲ အမြင်ကြည်ခဲ့ပေမယ့် အားလုံးက ငါ့ဘက်က မျှော်လင့်ချက်တွေ ဖြစ်နေခဲ့တာ... ကောင်းကင်နတ်အရှင်ယွီကို အသက်ပြန်သွင်းနိုင်မှ သူလည်း အဲဒီအိပ်မက်က နိုးထလာနိုင်မယ်ထင်တယ်”

နဂါးချီလင်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွီကို အသက်သွင်းပြီးပြီလေ… ကျွန်တော်တို့ နံ့သာခန်းမက ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပြန်ခိုးယူပြီးတာနဲ့ ကောင်းကင်နတ်အရှင်ယွီက တုံးအနေတော့မှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟွေ့လည်း စိတ်ပြောင်းလာမှာ သေချာတယ်…. အဲ့ဒီအချိန်ကျ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီ”

ချင်မူက ပြုံးလျက် တုံ့ပြန်လိုက်သည်။ “ငါလည်း အဲ့ဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်”

သူ့အသိစိတ်အလျဉ်က ‌တဟုန်ထိုး ပြေးထွက်၍ ဟင်းလင်းပြင်သားရဲများအား မောင်းထုတ်လိုက်၏။

“ဒီမြေခွေးအိုကြီးတွေအကုန်လုံးတော့ နေဖို့နေရာ ရွေးပြီးသွားကြပြီ…. နေရာကောင်းတွေကို ယူထားကြတာပဲ”

ချင်မူ့အကြည့်သည် တလက်လက် တောက်ပနေပြီး ဟိုဟိုသည်သည် ကြည့်ကာ ကောင်းမွန်သော ရတနာနယ်မြေ တွေ့လိုတွေ့ငြား ရှာနေသည်။ သို့သော် ကောင်းကင်နတ်အရှင်ရှစ်ပါးသည် အင်မတန် ကောင်းမွန်သည့်နေရာများကို ရှာတွေ့ပြီး၍ နေရာယူပြီးဖြစ်လေသည်။

ချင်မူမှာ သူတို့နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

ထို့အပြင် ထိုကောင်းကင်နတ်အရှင်များတွင် ဟင်းလင်းပြင်ကို ဖိနှိပ်၍ ဟင်းလင်းပြင်သားရဲများ ဝင်ရောက်မလာနိုင်အောင် တားဆီးနိုင်သော ကောင်းကင်နတ်အရှင်အဆင့် ရတနာတစ်ပါးစီ ရှိကြလေသည်။ မကြာမီ ထိုကောင်းကင်နတ်အရှင်များသည် သူတို့ကိုယ်ပိုင်ခံတပ်များကို တည်ဆောက်ပေလိမ့်မည်။

ထိုအချိန်သို့ ရောက်ပါက ချင်မူ့ဆီ ရောက်လာကြပြီး သူတို့ကို အပြင်သို့ ထုတ်ပေးစေကာ သူတို့တပည့်များကို ဤနေရာများအား လာရောက်ထိန်းချုပ်စေလိမ့်မည်။ ဟင်းလင်းပြင်သားရဲများကို ရှင်းလင်း၍ ရတနာအမျိုးမျိုးကို တူးယူကြပေလိမ့်မည်။

“ငါ ရတနာနယ်မြေတစ်ခု ရှာနိုင်ရင်တောင် ဟင်းလင်းပြင်သားရဲတွေကို ဖိနှိပ်နိုင်တဲ့ ရတနာမျိုးမရှိဘူး”

‌ချင်မူ မျက်တောင်တစ်ချက်ခတ်ကာ တွေးနေမိသည်။ ‘ငါ ဖန်သားကောင်းကင်စေတီကိုလည်း ထုတ်လို့မရဘူး… ဒီရတနာနဲ့ဆို ဟင်းလင်းပြင်သားရဲတွေကို သတ်ဖို့က အလွယ်လေးပဲ… ဒါပေမဲ့ တခြားကောင်းကင်နတ်အရှင်တွေ သတိထားမိသွားရင် လုယူဖို့ ကြိုးစားကြလိမ့်မယ်…. ပိုကြောက်ဖို့ကောင်းတာက ဖန်သားကောင်းကင်စေတီထဲက ရှေးဟောင်းနတ်ဘုရားဥပဲ…”

“ဒါ့အပြင် ရတနာနယ်မြေကို စောင့်ရှောက်ဖို့ ငါ ဒီမှာ တစ်သက်လုံး ပိတ်မိနေလို့မ ဖြစ်ဘူး… ပထမဘိုးဘေးကြီးလူသားဧကရာဇ်နဲ့ ကျန်တဲ့‌လူသားဧကရာဇ်တွေကို ဒီနေရာကို စောင့်ရှောက်ခိုင်းလိုက်ရင်ရော…. ပထမလူသားဧကရာဇ်က ဟင်းလင်းပြင်သားရဲမိခင်ကို မယှဉ်နိုင်မှာ စိုးရတယ်…”

ချင်မူမှာ တွေးရင်း ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ‌ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ငါ နောက်ဆုံးအကြိမ် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲ ရောက်ခဲ့တုန်းက ဟင်းလင်းပြင်သားရဲတွေက သတ္ထုတွင်းထဲ မ၀င်နိုင်ခဲ့ကြဘူး… ဆိုတော့ အဲဒီကျောက်တုံးတွင်းငါးတွင်းက ဟင်းလင်းပြင်သားရဲတွေ ၀င်မလာအောင် တားနိုင်တဲ့ အဓိပ္ပာယ်ပဲ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှောင် နေရာယူထားတဲ့ ကျောက်တုံးတွင်းကိုပဲ သိတယ်…. တွင်းလေးတွင်း ရှိတဲ့နေရာကို ကောင်းကင်နတ်အရှင်ချန်းနဲ့ ကောင်းကင်နတ်အရှင်ကုန်းပဲ သိတာ”

ချင်စာလုံးမြေပေါ်ရှိ ဒေါင်လိုက်မျက်လုံးထဲတွင် ဧရာမရှေးဟောင်းနတ်ဘုရားဥနှစ်လုံးမှာ အချင်းချင်း ဆက်သွယ်နေကြသည်။ ရုတ်တရက် ဥထဲရှိ ရှေးဟောင်းနတ်ဘုရားများက အပြင်ရှိ အခြေအနေကို အာရုံခံမိသည့်အလား တာအိုအသံတို့က ချက်ချင်း တိတ်သွားသည်။

ဥနှစ်လုံးသည် အနည်းငယ် တုန်ရီလာနေပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ စိတ်လှုပ်ရှားနေကြပုံပင်။

ချင်မူက ပတ်၀န်းကျင်ကို အကဲခတ်လျက် တွေးနေ၏။ “ကျန်တဲ့ သတ္ထုတွင်းလေးတွင်း ဘယ်မှာရှိလဲ ငါ မသိဘူး… ဒါပေမဲ့ ဒီရှေးဟောင်းနတ်ဘုရားဥနှစ်လုံးက သိတဲ့ပုံပဲ…. ပတ်ရှာနေမယ့်အစား သူတို့ ထုတ်ပြောလာအောင် လုပ်ရင်ရော..”

ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးကား မလှုပ်ချေ။

ချင်မူ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တခဏ စောင့်စားနေသည်။ ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးက တုပ်တုပ်မလှုပ်သေးချေ။

ချင်မူမှာ အံတင်းတင်းကြိတ်လိုက်ပြီး သူ့အသိစိတ်အလျဉ်သည် လှိုင်းထသွား၏။ မကြာမီ ကောင်းကင်မှာ ရုတ်တရက် ကွဲအက်လာပြီး ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာသည်။

မျက်လုံးကြီးက ဟိုဟိုသည်သည် ရွေ့လျား၍ ချင်မူ့ခန္ဓာကိုယ်ပေါ်သို့ အကြည့်ရောက်လာ၏။ ထို့နောက် နှိုင်းယှဉ်မရလောက်အောင် ကြီးမားသည့် ဟင်းလင်းပြင်သားရဲကြီးသည် ဟင်းလင်းပြင်ထဲမှ ထွက်ကာ မြေကြီးပေါ် ဆင်းသက်လိုက်၏။

ယန်အာနှင့် နဂါးချီလင်က အလန့်တကြား ထအော်၍ ချက်ချင်း သတိအနေအထား ပြင်လိုက်ကြလေသည်။

ဟင်းလင်းပြင်သားရဲသည် တာအိုအမှတ်အသားများဖြင့် ဖုံးလွှမ်းခံထားရပြီး ၎င်း၏ အင်မတန် တုတ်ခိုင်ကြီးမားသော ခြေခြောက်ချောင်းက ‌တစ်လှမ်းတိုးလိုက်သည်။ ၎င်း၏ ချွန်ထက်လှ‌သော လက်သည်းစွယ်များက မြေကြီးကို ဆုပ်၍ သူတို့ကို အကြိမ်အနည်းငယ် လှည့်ပတ်နေသည်။ ၎င်း၏ မျက်လုံးကြီးက ပင့်တက်သွားသည့်အခါ သွားချွန်ချွန်များ ပြည့်နေသော ပါးစပ်ကြီး ပေါ်လာလေသည်။

ယန်အာက မာန်သွင်းလိုက်ရင်း မူလဝိညာဉ် ဖွဲ့တည်ကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

“ငါ့ကို မှတ်မိသေးလား” ချင်မူက ပြုံးလျက် မေးသည်။

ဟင်းလင်းပြင်သားရဲ၏ မျက်လုံးများက ပြန်ဆင်းလာပြီး ပါးစပ်ကြီး ပျောက်ကွယ်သွားသည်။ ၎င်းဦးခေါင်းက ချင်မူ့ထံသို့ တိုးဝင်လာ၏။

ချင်မူက လက်မြှောက်ပေးလိုက်သည့်အခါ ဟင်းလင်းပြင်သားရဲမှာ သူ့လက်ဖဝါးအား တိုး၍ ပွတ်သပ်နေသည်။ ယန်အာမှာ စိတ်အေးစွာဖြင့် သက်ပြင်းချနိုင်သွားသည်။ ဟင်းလင်းပြင်သားရဲက သူမ အသက်ရှူသံကို ကြားလျှင် အဝေးသို့ ခုန်ထွက်၍ သူမအား အကဲခတ်နေသည်။

နဂါးချီလင်မှာ အံ့ဩမှင်သက်နေချေသည်။ “ဂိုဏ်းသခင်၊ ဒါက ဟိုးတုန်းက ဂိုဏ်းသခင် ယဉ်ပါးစေခဲ့တဲ့ ဟင်းလင်းပြင်သားရဲလား”

ချင်မူက ခေါင်းညိတ်လျက် ပြုံးလိုက်သည်။ “နှစ်တစ်သန်း ကြာခဲ့ပေမယ့် ကောင်းကောင်းနေထိုင်နေပြီး ပိုလို့တောင် သန်မာလာတာပဲ”

သူက လေပေါ် ပျံတက်၍ ဟင်းလင်းပြင်သားရဲ၏ ဦးခေါင်းအနောက်ရှိ အရိုးတောင်တန်းအပေါ် တက်ကာ မားမားမတ်မတ် ရပ်လိုက်သည်။

နဂါးချီလင်နှင့် ယန်အာကလည်း အရိုးတောင်တန်းအပေါ်သို့ အလောတကြီး ပျံတက်လိုက်ကြသည်။ ဟင်းလင်းပြင်သားရဲသည် သူတို့ကို မြင်သည့်အခါ ၎င်းမျက်လုံးကြီးက ပင့်တက်သွားပြီး ခေါင်းလှည့်ကာ ခြိမ်းခြောက်သံ ပြုလိုက်၏။

ချင်မူက ဖန်သားကောင်းကင်စေတီကို ထုတ်၍ အရိုးတောင်တန်းထဲသို့ တောင်ဝှေးတစ်ချောင်းအလား စိုက်လိုက်သည်။

ထိုအချိန်မှသာ ဟင်းလင်းပြင်သားရဲ၏ အရိုင်းဆန်သော သဘာ၀ကို ထိန်းချုပ်နိုင်သွား၏။ ၎င်းက လွှားခနဲ ခုန်လိုက်ရင်း တောင်တန်းများကို ဖြတ်ကာ တဟုန်ထိုး ပြေးသွားလေသည်။

ချင်မူသည် ဖန်သားကောင်းကင်စေတီကို မှီရင်း လေပြင်းဒဏ်ခံနိုင်ရန် အသုံးချနေ၏။ ဖန်သားကောင်းကင်စေတီမှာ အာရုံဖမ်းစားနိုင်သော်လည်း ကောင်းကင်နတ်အရှင်များမှာ ကိုယ်ပိုင်နယ်မြေများကို ရှင်းလင်းရင်း အလုပ်ရှုပ်နေကြသဖြင့် အာရုံစိုက်ရန် အချိန်မရှိကြချေ။

သူက ဟင်းလင်းပြင်သားရဲအား ဦးတည်ရာမရှိဘဲ စိတ်တိုင်းကျ ပြေးလွှားနေစေသည်။

နဂါးချီလင်နှင့် ယန်အာက သူ့ဘေးတွင် ရပ်လျက် စပ်စပ်စုစု ကြည့်နေကြသည်။ ချင်မူ ယဉ်ပါးအောင် ထိန်းချုပ်ထားသည့် ဟင်းလင်းပြင်သားရဲမှာ တဖြောင့်တည်း ပြေးလွှားနေခြင်း မဟုတ်ကြောင်း သူတို့ သတိထားမိလေသည်။ ထိုအစား အာရုံမရှိဘဲ ခြေဦးတည့်ရာ လျှောက်ပြေးနေသည်နှင့် တူ၏။ သူတို့မှာ စိတ်မပူမိဘဲ မနေနိုင်ကြချေ။ “ဂိုဏ်းသခင် ရတနာနယ်မြေတစ်ခု ရှာ‌မတွေ့ရင် ကောင်းကင်နတ်အရှင်တွေက ရတနာနယ်မြေတွေအားလုံးကို သိမ်းပိုက်တော့မှာနော်”

ဟင်းလင်းပြင်သားရဲသည် နေ့တစ်၀က်ခန့် လျှောက်သွားနေပြီးနောက် ခြေဦးတည့်ရာ ဆက်လက် ပြေးလွှားနေဆဲ ဖြစ်၏။ သို့သော် ၎င်း၏ ရိုးရှင်းလှသော စိတ်ထဲတွင် ဤသည်က သူက သခင် လိုချင်သည့်နေရာ မဟုတ်ကြောင်း “အလိုလိုသိစိတ်” ရှိနေသည်။

ထို “အလိုလိုသိစိတ်” သည် ဖန်သားကောင်းကင်စေတီ၏ ရှေးဟောင်းနတ်ဘုရားဥဆီမှ လာခြင်းဖြစ်ပေသည်။

ရှေ့ရေးကို ကြိုတွက်နိုင်သည့် အမျှော်အမြင်တွင် ချင်မူသည် ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကောင်းကင်နတ်အရှင်ချန်းတို့လောက် အတွေ့အကြုံမရှိချေ။ သူသည် နတ်ဘုရားတစ်ပိုင်းများ ဖြစ်သည့် ကောင်းကင်နတ်အရှင်ဟောင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကဲ့သို့လည်း ဗဟုသုတ မကြွယ်၀ချေ။

သို့သော် ဖန်သားကောင်းကင်စေတီထက်ရှိ စက်လုံးသည် ဘိုးဘေးနန်းတော်၏ သတ္ထုကျောက်တွင်းထဲ၌ မွေးဖွားခဲ့သော ရှေးဟောင်းနတ်ဘုရားဥတစ်လုံး ဖြစ်၏။ ၎င်း၏ ‌ဗဟုသုတနှင့် အမျှော်အမြင်က ကောင်းကင်နတ်အရှင်ရှောင်အောက် နိမ့်ကျမည်မဟုတ်သလို ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထက် နိမ့်ကျမည်လည်းမဟုတ်ချေ။

သူ ရရှိခဲ့သော ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးက သူ့ကို သတိထားနေကြောင်း ချင်မူ ကောင်းကောင်းသိသည်။ ထို့ကြောင့် ဟင်းလင်းပြင်သားရဲကို ဆင့်ခေါ်၍ လွှတ်ထားပေးလိုက်ခြင်း ဖြစ်၏။ ဖန်သားကောင်းကင်စေတီ၏ ရှေးဟောင်းနတ်ဘုရားဥက သူ့အား ရတနာမြေ‌ဆီသို့ ခေါ်သွားပေးလိမ့်မည်။

ဟင်းလင်းပြင်သားရဲကား အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် သုံးရက်တိတိ ပြေးလွှားခဲ့လေသည်။ ၎င်းသည် အခြားဟင်းလင်းပြင်သားရဲများ မြင်ပင်မမြင်နိုင်ခင် ဖြတ်ကျော်သွားပြီးဖြစ်၏။ ယနေ့တွင် ဟင်းလင်းပြင်သားရဲက ကျတ်တီးမြေတစ်နေရာသို့ ရောက်ရှိလာပြီး ဆက်မသွားတော့ချေ။

ချင်မူက အမြင့်တစ်နေရာမှာ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ပတ်ပတ်လည်တွင် ပျက်စီးယိုယွင်းပြီးသော သတ္ထုတွင်းများ ရှိနေကြောင်း တွေ့လိုက်ရ၏။ ၎င်းတို့က မြေကြီးထဲ နစ်မြုပ်နေသော တွင်းနက်ကြီးများအလား ရှေးဟောင်းတောင်‌ခြေများထဲသို့ နစ်မြုပ်၀င်ရောက်နေကြသည်။

ရောင်စုံအလင်းတန်းများက ထိုကျောက်ဂူများထံမှ ထွက်ပေါ်လာနေပြီး ရတနာအရှိန်အဝါတို့က လေထဲတွင် ပြန့်ကျက်လျက် ရှိသည်။

ကမ္ဘာဦးခေတ်ဖန်ဆင်းရှင်တို့ ဤနေရာ၌ ကျောက်တူးခဲ့သော ခြေရာလက်ရာများလည်း ကျန်ခဲ့သည်။ သို့‌သော ယင်းတို့ကား….. ဖန်ဆင်းရှင်တို့၏ ဧရာမအရိုးစုများသာ။

ထိုစဉ် အဝေးရှိ မြေကြီးသည် ကွဲအက်လာပြီး ဟိုသည်လိမ့်နေသည့် မျက်လုံးကြီးများ ပေါ်လာ၏။ ယင်းက သူတို့ကို တိတ်တဆိတ် အကဲခတ်နေသည့် ဟင်းလင်းပြင်သားရဲများ ဖြစ်သည်။

ချင်မူက စိတ်ထဲမထားချေ။ သူက ဖန်သားကောင်းကင်စေတီကို သိမ်း၍ ဖန်ဆင်းရှင်များ ထားရစ်ခဲ့သော စခန်းဆီသို့ ‌လျှောက်သွားရန် ပြင်လိုက်စဉ် ပိန်ပိန်သွယ်သွယ် အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ဦးလုံးမှာ တစ်ယောက်ကို တစ်ယောက်တွေ့လျှင်ချင်း ကြောင်သွားကြသည်။

“ကောင်းကင်နတ်အရှင်ကုန်း” ချင်မူက နှုတ်‌ဆက်လိုက်သည်။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်အရှင်ကုန်းက ပြန်နှုတ်ဆက်ကာ ပြောသည်။ “ငါ နဂါးသွဲ့ရေကန်မှာ နင့်‌ကျေးဇူးကြွေးကို ပြန်ဆပ်ပြီးပြီ ကောင်းကင်နတ်အရှင်မူ… ငါတို့ တစ်ယောက်ပေါ်တစ်ယောက် ဘာမှ အကြွေးမတင်တော့ဘူး… ဒါက ငါ့ရှင်းမိသားစုရဲ့ သတ္ထုကျောက်တွင်းပဲ… နင့်ကို ယူခွင့်မပေးနိုင်ဘူး”

သူမသည် နဂါးသွဲ့ရေကန်၌ သူ့ကို ကယ်တင်ခဲ့သော ကောင်းကင်နတ်အရှင်သုံးပါးထဲမှ တစ်ပါးဖြစ်ကြောင်း ၀န်ခံသည်ကို ကြားလိုက်ရသဖြင့် ချင်မူမှာ အနည်းငယ်စိတ်ပျက်သလို ခံစားမိပြီး တွေးလိုက်၏။ ‘တကယ်ပဲ ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်ဘူးကိုး’

“နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”

ချင်မူက ဦးညွှတ်အရိုအသေပေး၍ ဟင်းလင်းပြင်သားရဲကို ပုတ်လိုက်သည်။ “ကျွန်တော် ရတနာမြေနောက်တစ်ခု ရှာလိုက်ပါ့မယ်”

All Chapters