ကောင်းကင်နယ်စားမင်းက ထိုမျှမတန်
Vol. 88 Ch. 1150
နတ်ဘုရင်ကုန်းယွင်က ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်ရင်း ခပ်ပြတ်ပြတ် ပြောသည်။ “ဒီသတင်းသာ အမှန်ဆိုရင် ငါ နင့်ကို ငါ့နတ်ကျောက်တုံးတွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးမယ်… အဲမိန်းမပျက် နတ်အရှင်မချန်းက မဟာဧကရာဇ်ဆိုရင် ကောင်းကင်နတ်အရှင်ဟုန်က ဘယ်သူလဲ…. သူက ဘာလို့ ငါ တိုက်ခိုက်တာကို မခုခံဘဲ ဒီတိုင်း ထွက်ပြေးနေတာလဲ”
ချင်မူမှာ စိတ်တက်ကြွလာပြီး ဈေးမတန်မဆ တောင်းရန် ပါးစပ်ပြင်လိုက်သည်။ “ဒီသတင်းအတွက် ခင်ဗျားရဲ့ ကျောက်တုံးတွင်းက ထွက်တဲ့ မူလကျောက်တုံးနဲ့ လဲချင်တယ်…. ခင်ဗျား မူလကျောက်တုံးတွေ တူးမိရင် ကျွန်တော့်ကို ပေးရမယ်”
နတ်ဘုရင်ကုန်းယွင်သည် စဉ်းစားပြီနောက် ခေါင်းရမ်း၏။ “ကောင်ကင်နတ်အရှင်ဟုန်က အဲ့လောက် မတန်ဘူး”
ချင်မူမှာ နှမြောတသဖြစ်လျက် သက်ပြင်းချလိုက်ရင်း စိတ်ထဲမှ တွေးနေသည်။ ‘ကြည့်ရတာ ကောင်းကင်နယ်စားမင်းက ဈေးကောင်းကောင်းနဲ့ ရောင်းမရဘူး ထင်တယ်..’
နတ်ဘုရင်ကုန်းယွင်က ပြောသည်။ “ဟုန်ရဲ့သရုပ်မှန်ကို ပြောပြရင် ငါ နင့်ကို တခြားကျောက်တုံးတွင်းတွေရဲ့ တည်နေရာတွေ ပြောပြမယ်”
ချင်မူကလည်း ခေါင်းခါသည်။ “ကျွန်တော့်မှာ အဲ့ကျောက်တုံးတွင်းတွေကို ရှာဖို့ နည်းလမ်းရှိပြီးသားပါ… ဒီထက်ပိုပြီး ကမ်းလှမ်းမှရမယ်”
သူက လက်နှစ်ချောင်း ထောင်လိုက်၏။ “နတ်ကျောက်တုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းပေးပါ”
ကုန်းယွင်၏ မျက်နှာအမူအရာသည် ထူးဆန်းသွားပြီး သူမက ခေါင်းရမ်းလိုက်၏။ “ကောင်းကင်နတ်အရှင်ဟုန်ရဲ့ သရုပ်မှန်က အဲ့လောက် ဈေးမတန်ဘူး… ငါ မ၀ယ်တော့ဘူး… ဒါ အဲ့ဒီမိန်းမပျက် နတ်အရှင်မချန်းရဲ့ သရုပ်မှန်ကို အတည်ပြုပြီးရင် နင့်ကို နတ်ကျောက်တုံးတွေရဲ့ ဆယ်ရာခိုင်နှုန်းပေးမယ်”
သူမကား ဆက်လက်ကမ်းလှမ်းရန် ဆန္ဒမရှိတော့ကြောင်း ချင်မူ သိလိုက်ရသဖြင့် စိတ်ပျက်သွားလေသည်။ “နတ်ဘုရင်ရဲ့ ဒီကျောက်တုံးတွင်းထဲမှာ ဘယ်လို နတ်ကျောက်တုံးမျိုး ရှိတာလဲ”
နတ်ဘုရင်ကုန်းယွင်က ကျောက်တုံးတစ်လုံး ပစ်ပေးရင်း ဖြေသည်။ “ဒီလိုကျောက်တုံးမျိုးပဲ…အတိတ်တုန်းက ဖန်ဆင်းရှင်တွေက သူတို့ချီစွမ်းအင်နဲ့ မူလဝိညာဉ်တွေကို ဘယ်လိုကျင့်ကြံရမလဲ မသိခဲ့ဘူး…. ဒါကြောင့် ဒီနတ်ကျောက်တုံးအမျိုးအစားရဲ့ လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ကြဘူး…. ဒီ ကျောက်တုံးတွင်းက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းလို ရှေးဟောင်းနတ်ဘုရားတွေ မွေးထုတ်ပေးနိုင်တယ်… ဒီတော့ ဒီလိုနတ်ကျောက်တုံးမျိုးက အသုံး၀င်ကို ၀င်လိမ့်မယ်… နင် လေ့လာဖို့ တစ်လုံး ယူသွားချင် ယူသွားပေါ့”
ချင်မူလည်း နတ်ကျောက်တုံးကို ယူ၍ အသေအချာ ကြည့်လိုက်သည်။ နတ်ကျောက်တုံးသည် ခုနစ်ရောင်ခြည် ဖြာလျက် လင်းလက်တောက်ပနေပြီး ထောင့်ရှစ်ထောင့်နှင့် အနား ၁၂ နား ရှိလေသည်။ သို့သော် ထူးဆန်းသည်က ဤကျောက်တုံးမှာ သက်ရှိအလား ထင်နေရခြင်းပင်။
သူက နတ်ကျောက်တုံး၏ အပေါ်ဆုံးထောင့်နှင့် အောက်ဆုံးထောင့်များကို ဖြစ်ကြည့်လိုက်ရာ အထဲသို့ အမှန်တကယ် နစ်ဝင်သွားသည်။ ထိုစဉ် အတွင်းရှ် နေရာလွတ်က အပြင်သို့ လန်ထွက်လာကာ အဆက်မပြတ် လည်ပတ်ရင်း ထူးခြားဆန်းကြယ်သည့် ခံစားချက်ကို ခံစားရစေသည်။
ဤသည်က မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် မတူချေ။
သူ့အနေဖြင့် ဤနတ်ကျောက်တုံးကို လေ့လာ၍ စွမ်းရည်များကို ရှာဖွေချင်သော်လည်း ရတနာမြေ ရှာတွေ့ရန်က ပို၍ အရေးကြီးပေသည်။ ရတနာမြေကို ရှာတွေ့သည့်အခါမှ ဖြည်းဖြည်းချင်း လေ့လာနိုင်၏။
ချင်မူက နတ်ကျောက်တုံးကို ယူကာ နှုတ်ဆက်ခဲ့ရင်း တွေးနေ၏။ “ငါ ကောင်းကင်နယ်စားမင်းရဲ့ သရုပ်မှန်ကို တခြားကောင်းကင်နတ်အရှင်တွေဆီ ရောင်းလိုက်ရင် နောက်ထပ် နတ်ကျောက်တုံး ဆယ်ရာခိုင်နှုန်းတော့ ရမှာသေချာတယ်…သူ ထိခိုက်မှာစိုးလို့သာ တခြားသူတွေကို လျှောက်ရောင်းလို့ မဖြစ်တာ... နှမြောဖို့ကောင်းတယ်ကွာ… မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်ကိုလည်း ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ချင်တာ… ဒါပေမဲ့ ငါရောင်းလိုက်ရင် သူတို့က ငါ့ကို သတ်ဖို့လုပ်မှာ သေချာတယ်..”
အဝေးသို့ လျှောက်သွားပြီးနောက် ချင်မူသည် ဖန်သားကောင်းကင်စေတီကို ထုတ်လိုက်ပြန်၏။ သူက ရည်ရွယ်ချက်ရှိရှိ ဖြစ်သော်လည်း အမှတ်တမဲ့သဖွယ် ပြောလိုက်သည်။ “ဒီရတနာမြေက ကောင်းကင်နတ်အရှင်ကုန်း သိမ်းပိုက်ထားတာ…. ကံကောင်းလို့ သူက ငါ့ကြင်နာမှုကို လက်ခံပြီး နတ်ကျောက်တုံး ဆယ်ရာခိုင်နှုန်းပေးခဲ့တယ်… ဒါပေမဲ့ သူ့ဆီကနေ နောက်ထပ်နတ်ကျောက်တုံးများများ လဲလှယ်လို့ရအောင် ဒီနေရာထက် မနိမ့်ကျတဲ့ ရတနာမြေကို ရှာပြီး ရတနာတွေ တူးဖော်ဖို့ လိုတယ်…အဲ့လို ရတနာမြေမျိုးကို ဘယ်မှာ ရှာလို့ရနိုင်မလဲ”
ဟင်းလင်းပြင်သားရဲက ဦးတည်ချက်မရှိ လျှောက်သွားနေသည်။
ချင်မူသည် အေးအေးဆေးဆေး ဖြစ်နေပြီး သူ့အကြည် လင်းလက်နေ၏။ ‘ကောင်းကင်စက်လုံးထဲက ရှေးဟောင်းနတ်ဘုရားဥရဲ့ အဓိကရည်ရွယ်ချက်က ရှင်းမျိုးနွယ်ရဲ့ ကမ္ဘာဦးကျောက်တုံးတွင်းပဲ…. အရွယ်ရောက်ပြီး ဥခွဲထွက်လာနိုင်အောင် အဲ့ဒီကျောက်တုံးတွင်းကို လိုအပ်နိုင်ချေများတယ်…. ဒါကြောင့် နောက်ထပ် ကျောက်တုံးတွင်းတစ်တွင်းကို ဘာပဲဖြစ်ဖြစ် ရှာကိုရှာရလိမ့်မယ်’
‘အဲ့ဒီကျမှ ငါလည်း ကောင်းကင်နတ်အရှင်ကုန်းဆီကနေ နောက်ထပ်နတ်ကျောက်တုံးတွေ လဲလှယ်နိုင်မှာ’
ချင်မူက သူ့ပတ်ပတ်လည်တွင် မှန်းဆမရအောင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသော မျက်လုံးကြီးများကို အေးအေးလူလူ ကြည့်ရင်း တွေးနေသည်။ ‘ဒါ့အပြင် ရှေးဟောင်းနတ်ဘုရားဥက ငါ ရတနာတွေအားလုံး ချင်စာလုံးမြေထဲ ထည့်ထားတယ်ဆိုတာ သိထားတယ်….ဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး နတ်ကျောက်တုံးတွေကို စုပ်ယူရင်း စောစော မွေးဖွားလာလိမ့်မယ်…. ဒါပေမဲ့ ကမ္ဘာဦးအစ ကျောက်တုံးတွင်းတစ်တွင်းကို ရှာနိုင်လို့ကတော့ ငါရထားတဲ့ ရတနာတွေကို ဘာလို့ ချင်စာလုံးမြေထဲ ထည့်တော့မှာလဲ ဟီးဟီး…’
ဟင်းလင်းပြင်သားရဲသည် နှစ်ရက်တိတိ ပြေးလွှားခဲ့ပြီးနောက် ကျောက်တုံးတွင်းနောက်တစ်တွင်းဆီသို့ ရောက်လာခဲ့၏။
ချင်မူလည်း စိတ်အားထက်သန်စွာဖြင့် ဟင်းလင်းပြင်သားရဲ၏ ကျောပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် အနန္တချောက်နက်ကြီးနှင့် တူသည့် ဧရာမပါးစပ်ကြီးက အောက်ရှိ မြေပြင်မှ ထွက်ပေါ်လာပြီး ၎င်း၏ လျှာကြီးက သူ့ထံသို့ ဇောက်ထိုးရေတံခွန်တစ်ခုအလား ဦးတည်လာသည်။
ချင်မူမှာ တစ်ကိုယ်လုံးရှိ မွှေးညှင်းများ ထောင်တက်သွားပြီး အသိစိတ်အလျဉ်ကို အလောတကြီး အသက်သွင်း၍ မြေအောက်၌ ပုန်းနေသော ဟင်းလင်းပြင်သားရဲ၏ ၀မ်းဗိုက်ကို ဆူးချွန်တို့ဖြင့် ပြည့်နှက်စေလိုက်သည်။
ဟင်းလင်းပြင်သားရဲမှာ နာကျင်မှု ခံစားသွားရပြီး ဟင်းလင်းပြင်ထဲ ထွက်ပြေးသွား၏။
ချင်မူ့လည်ဂုတ်မှာ ချွေးစေးတို့ဖြင့် ရွှဲနစ်နေချေသည်။ ဟင်းလင်းပြင်သားရဲသည် အင်မတန် စွမ်းအားကြီးနေသေး၏။ အရွယ်ရောက်ပြီးသား ဟင်းလင်းပြင်သားရဲတစ်ကောင်၏ စွမ်းရည်များက ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်အဆင့်ကြားတွင် ရှိချေရာ ယန်အာအနေဖြင့် သေချာပေါက် တိုက်ခိုက်နိုင်သည်။
သို့သော် ထိုဧရာမသားရဲများသည် ခန့်မှန်းမရနိုင်အောင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်သည့်အတွက် သူတို့ကို ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။ ယန်အာကဲ့သို့ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးပင်လျှင် ဟင်းလင်းပြင်သားရဲတစ်ကောင် အလစ်တိုက်ခိုက်လာပါက ပွဲချင်းပြီးသေဆုံးပေလိမ့်မည်။
သူ၏အသိစိတ်အလျဉ်က ဟင်းလင်းပြင်တခွင် ခြုံလွှမ်း၍ အနီးရှိ ဟင်းလင်းပြင်သားရဲအားလုံးကို မောင်းထုတ်လိုက်သည်။ ထို့မှသာ သူ့ခမျာ သက်ပြင်းချနိုင်တော့၏။ သူက နဂါးချီလင်နှင့် ယန်အာကို ဆင်းလာစေကာ ပြောသည်။ “ဒီကျောက်တုံးတွင်းက ရှေးဟောင်းကျောက်တုံးတွင်း ငါးတွင်းထဲက တစ်တွင်း ဖြစ်နိုင်တယ်…. နောက်ကနေ သေချာလိုက်ခဲ့ကြ… ဖန်သားကောင်းကင်စေတီကို ကာကွယ်ခိုင်းထားမယ်”
နဂါးချီလင်နှင့် ယန်အာလည်း သူ့နောက်မှ အလျင်အမြန် လိုက်လာကြသည်။
ချင်မူက ဖန်သားကောင်းကင်စေတီကို စောင့်ရှောက်လျက် ကျောက်တုံးတွင်းထဲ ဝင်သွားသည်။ သူက ပြော၏။ “ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲမှာ ကမ္ဘာဦးအစ နတ်ကျောက်တုံးတွေ အများကြီးရှိတယ်… ဒီတော့ အရမ်းလည်း အန္တရာယ်များတယ်… ဒီထဲကို ခေါင်းတလား သယ်လာခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားရှစ်ပါးတောင် သေဆုံးခဲ့ရတယ်.. ကံကောင်းစွာနဲ့ ငါတို့မှာ ငါတို့ဆန္ဒကို ဖြည့်ပေးမယ့် ဖန်သားကောင်းကင်ကောင်းကင်စေတီ ရှိနေတယ်... မဟုတ်ရင် ငါတို့လည်း သေရလိမ့်မယ်”
ယန်အာမှာ အံ့ဩမှင်သက်နေသည်။ “ဘာလို့ သခင်လေးက တစ်ယောက်တည်း စကားတွေပြောနေတာလဲ”
သို့သော် ချင်မူ သူ့ကိုယ်သူ စကားပြောနေခြင်းမဟုတ်ကြောင်း သူမ မသိချေ။ သူသည် ဖန်သားကောင်းကင်စေတီထဲရှိ ရှေးဟောင်းနတ်ဘုရားဥအား ပြောနေခြင်းဖြစ်၏။
သူ့ရည်ရွယ်ချက်က ရှေးဟောင်းနတ်ဘုရားဥအား သူတို့ကို ကာကွယ်စေရန် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေခြင်းပင်။
ရှေးဟောင်းကျောက်တုံးတွင်းမှာ တောင်များအလယ်တွင် ရှိပြီး တောင်ထိပ်များမှာ နံရံများအလား မတ်စောက်၏။ သူတို့ တောင်များထဲ ၀င်လာသည့်အခါ ပတ်၀န်းကျင်မှာ ဖရိုဖရဲဖြစ်နေသည်။ ၎င်းက အမှောင်ထုနှင့် တူသော်လည်း အလင်းရှိသယောင်ပင်။ သို့သော် ခပ်ဝေးဝေးသို့ မမြင်နိုင်ကြချေ။
အဆုံးမဲ့ဖရိုဖရဲများအတွင်းရှိ ဖရိုဖရဲချီထဲ၌ အမြစ်စိုက်နေသော အပင်အပိုင်းအစများ ရှိ၏။ ထိုအပင်များတွင် အလွန်အမင်းတောက်ပသော နဂါးကြေးခွံများ ရှိကြလေသည်။
ချင်မူက ရှေ့တက်ပြီး တစ်ချက်ကြည့်လိုက်ရာ သူ၏ကလီစာများကိုသူ ဖောက်ထွင်းမြင်လိုက်ရလေသည်။
သူ့မှာ မှင်သက်သွားတော့သည်။ “ဒီအပင်က ထူးဆန်းလိုက်တာ… နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ပျံသွားလို့ရော ရလားမသိဘူး”
အပွင့်ပွင့်၍ အသီးသီးနေသော အပင်တချို့ကို မြင်နေရသော်လည်း ဆေးဝါးဓာတ်သတ္တိများကို မသိသဖြင့် သူ မခူးရဲချေ။
“ငါ ဆေးပညာလမ်းစဉ်ကို ၀င်ရောက်လို့ရမလား မသိဘူး… ဘိုးဘိုးဆေးဆရာရဲ့ အခွင့်အရေးတော့ ရောက်လာခဲ့ပြီ… သူ ဒီကိုလာရင် သူ့ရဲ့ ဆေးပညာလမ်းစဉ်က ပိုတိုးတက်လာမှာပဲ… ငါ့ဆေးပညာကောင်းကင်နန်းဆောင်အတွက်လည်း မျှော်လင့်ချက်ရှိလာမယ်”
ဤသို့ဖြင့် ကျောက်တုံးတွင်းထဲသို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာခဲ့ရင်း ချင်မူသည် အရိုးစုတစ်စုကို ရုတ်တရက် တက်နင်းမိသွား၏။ သူက မျက်မှောင်အနည်းငယ်ကြုတ်၍ ချီစွမ်းအင်ကို အသက်သွင်းကာ ပတ်၀န်းကျင်ရှိ ဖရိုဖရဲချီများကို အဝေးသို့ တွန်းပို့လိုက်သည်။
ဖရိုဖရဲချီများမှာ နှိုင်းယှဉ်မရနိုင်အောင် လေးလံပြီး ချီစီးကြောင်းလေးတစ်ကြောင်းကတင် တောင်တစ်လုံးအလား အလေးချိန်စီးနေသည်။ ချင်မူမှာ ပတ်ပတ်လည်ရှိ ဖရိုဖရဲချီများကို ခက်ခက်ခဲခဲ မောင်းထုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ကျောက်တုံးတွင်း၏ အနက်ပိုင်းထဲရှိ ဖန်ဆင်းရှင်အရိုးစုများအား မြင်လိုက်ရ၏။
ထိုအရိုးစုအားလုံးသည် ကျောက်တုံးတွင်း၏ ထွက်ပေါက်သို့ ဦးတည်နေချေသည်။ ကျောက်တုံးတွင်းအတွင်း၌ ကြောက်မက်ဖွယ်ရာတစ်ခုခု ဖြစ်ပွားခဲ့သည့်အလား ထင်ရသည်။ ကျောက်တူးနေသည့် ဖန်ဆင်းရှင်များသည် အသည်းအသန် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မလွတ်မြောက်နိုင်ခင် သေဆုံးခဲ့ရသယောင်ပင်။
ချင်မူက မျက်မှောင်ကြုတ်ပြီး အရိုးစုတစ်စုကို မလိုက်သည်။ အရိုးစုပေါ်၌ ဒဏ်ရာရှာဖွေလိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရချေ။
“ဒီဖန်ဆင်းရှင်တွေ ဘယ်လိုသေသွားခဲ့ရတာလဲ”
သူက စိတ်ထိန်း၍ ဖန်သားကောင်းကင်စေတီအား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ဖန်သားကောင်းကင်စေတီ၏ ထီးရွက်များ ပြန့်ကားလာပြီး ရတနာအလင်းတန်းတို့က တောက်ပကာ ပတ်၀န်းကျင်ရှိ ဖရိုဖရဲချီများကို မောင်းထုတ်လိုက်၏။
ချင်မူက ဖန်သားကောင်းကင်စေတီ၏ အကူအညီဖြင့် ဆက်လျှောက်သွားသည်။
ကျောက်တုံးတွင်းမှာ အင်မတန် နက်ပြီး အောက်သို့ နိမ့်ဆင်းသွားရာ ဒေါင့်ဖြတ်လမ်းတစ်ခုကို ဖြစ်တည်နေစေသည်။
ရုတ်တရက် အရိုးစုတစ်ခု၏လက်ထဲတွင် နတ်ကျောက်တုံးတစ်တုံး တွေ့လိုက်ရသောကြောင့် ချင်မူ တုံ့ခနဲ ရပ်သွားသည်။
နတ်ကျောက်တုံးမှာ ဝိုင်း၀န်းနေပြီး နတ်ဘုရားအလင်း ကွန့်မြူးနေသော စက်လုံးတစ်လုံးနှင့် တူသည်။ ချင်မူက လက်ဆန့်တန်းကာ နတ်ကျောက်တုံးအား အရိုးစုလက်ထဲမှ ယူရန် ပြင်လိုက်၏။ သို့သော် သူ ထိလိုက်သည်နှင့် နတ်ကျောက်တုံးမှာ ပြာကျသွားသည်။
သူက မျက်မှောင်ကြုတ်လျက် ရှေ့ဆက်လျှောက်သွားသည်။ ဖန်ဆင်းရှင်ကျောက်တူးသမားများမှာ များစွာသော နတ်ကျောက်တုံးများကို တူးယူပြီးဖြစ်လေသည်။ သို့သော် ထိုနတ်ကျောက်တုံးများအတွင်းရှိ စွမ်းအားမှာ တစ်စုံတစ်ခု၏ စုပ်ယူခြင်းခံခဲ့ရ၏။
မတူးဖော်ရသေးသော နတ်ကျောက်တုံးများပင်လျှင် ချင်မူ အသာလေး ထိတွေ့လိုက်ရုံနှင့် ပြာကျသွားသည်။
သူ့မှာ စိတ်မအေးနိုင်တော့ပေ။ ‘ဒီကျောက်တုံးတွင်းက ဗလာကြီးဖြစ်နိုင်လောက်တယ်… ပြောရရင် ဒီကျောက်တုံးတွင်းမှာ ရှိခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေက မွေးဖွားပြီးနေလောက်ပြီ’