ဖရိုဖရဲတွင်း
Vol. 88 Ch. 1151
ချင်မူ တွန့်ဆုတ်နေမိသည်။ ဤကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲရှိ နတ်ကျောက်တုံးများကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးတွင်းသည် ဗလာဖြစ်ပြီးနေချေပြီ။ ကျောက်တုံးတွင်းထဲရှိ ရှေးဟောင်းနတ်ဘုရားများကား ဥခွံများအတွင်းမှ ထွက်ကာ မွေးဖွားလာကြပြီးဖြစ်သည်။
ဤသတ္ထုကျောက်တုံးတွင်းထဲ၌ အသုံး၀င်သည့် တစ်ခုတည်းသောအရာမှာ ကျန်ရှိနေသေးသည့် ဖရိုဖရဲချီပင်။
ဤနေရာအား သိမ်းပိုက်လိုက်သဖြင့် မည်သည့်အကျိုးကျေးဇူးမှ မရနိုင်ပေ။
တွင်းထဲ ဆက်သွားပါက ဥခွံထဲမှ ပေါက်ဖွားပြီးဖြစ်သည့် ရှေးဟောင်းနတ်ဘုရားနှင့် တွေ့ဆုံကောင်းတွေ့ဆုံရနိုင်သည်။ အကောင်းဆုံးရွေးချယ်မှုမှာ ချက်ချင်း ထွက်ခွာရန် ဖြစ်သည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းတစ်တွင်းလုံးအား အပြည့်အ၀ စုပ်ယူပြီးသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ချေ။ သူက အရွယ်မရောက်ခင် ကျောက်တုံးတွင်းထဲမှ မဟာဧကရာဇ်၏ မျိုးနွယ်ဝင်များ၏ တူးဖော်ခြင်း ခံခဲ့ရသည်။ ထိုခေတ်မှ ဖန်ဆင်းရှင်များက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ဥဆီသို့ ယဇ်ပူဇော်မှုများ ပြုလုပ်ခဲ့ရာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူအား ကျောက်တုံးတွင်း၏ စွမ်းအားများကို အပြည့်အ၀ မစုပ်ယူရသေးဘဲ အချိန်မစေ့သေးခင် မွေးဖွားလာစေခဲ့သည်။
သူကား ပုံပျက်နေသည့် လမစေ့သေးသော မွေးကင်းစကလေးတစ်ဦးသာ ဖြစ်ခဲ့လေသည်။
သို့ထိတိုင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့၏။။
မည်သူမှ သူ၏ရုပ်ခန္ဓာထက် မသာလွန်နိုင်ကြချေ။
သူ၏မဟာတာအိုနှင့် သိုင်းအဆင့်သည် အထွတ်အထိပ်တွင် ဖြစ်ပြီး ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံပြီးမှသာ သူနှင့် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြ၏။
ဤကျောက်တုံးတွင်း၏ ရှေးဟောင်းနတ်ဘုရားများသာ ဖြစ်တည်လာပါက သူတို့သည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူထက် ပို၍စွမ်းအားကြီးလိမ့်မည် မဟုတ်ပါလော။
ချင်မူမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသောကြောင့် အသံနှိမ့်ကာ ပြောလိုက်သည်။ “ဒီရှေးဟောင်းနတ်ဘုရားက ထွက်သွားပြီး ကျောက်တုံးတွင်းထဲမှာ ရှိမနေတော့တာလည်း ဖြစ်နိုင်တယ်…. ဒါမှမဟုတ် မမွေးသေးတာလည်း ဖြစ်နိုင်တယ်… ဒါမှမဟုတ် ကျောက်တုံးတွင်းရဲ့ စွမ်းအားကို အပြည့်အ၀ မစုပ်ယူရသေးတာလည်း ဖြစ်နိုင်တာပဲ… ငါ သွားကြည့်ရင် သေတော့မသေလောက်ဘူးမလား… ဟီးဟီး ငါ့မှာ တစ်လောကလုံးရဲ့ နံပါတ်တစ် ရတနာ ဖန်သားကောင်းကင်စေတီ ရှိနေတာပဲလေ.. ဘာကို ကြောက်နေရမှာလဲ”
သူက သတ္တိမွေး၍ ကျောက်တုံးတွင်း၏ အနက်ပိုင်းထဲသို့ လျှောက်၀င်သွားသည်။
ယန်အာနှင့် နဂါးချီလင်မှာတော့ သူ့အနောက်တွင် တုန်ရီနေကြပြီး စိုးရိမ်ပူပန်စွာ ဟိုဟိုသည်သည် ကြည့်နေကြလေသည်။ သူတို့နှစ်ဦးစလုံးသည် လူအသွင်ပြောင်းထားပြီး ကြက်သီးမွေးညင်းများ ထလျက် ပူးကပ်နေကြသည်။
မြေအောက်ဘုံအရှင်သခင်အသေးစားလေးမှာလည်း သူတို့နှစ်ယောက်ကြားတွင် ညပ်လျက် တုန်ရီနေချေသည်။
ကမ္ဘာဦးအစ ကျောက်တုံးတွင်းထဲတွင် လုံး၀န်းသော နတ်ကျောက်တုံးများမှာ မည်သည့် ထူးထူးဆန်းဆန်းစွမ်းအင်မှ မရှိတော့သော်လည်း ခပ်ဖျော့ဖျော့ အလင်းတန်းများ ထုတ်လွှတ်နေ၏။ သို့သော် တစ်ချက်မျှ ထိရုံနှင့် ကွဲကြေသွားတတ်ကြသည်။
ချင်မူက မည်သည့်အသံမှ မထွက်အောင် သတိထား၍ အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သူသည် အသိစိတ်အလျဉ်ဖြင့် နဂါးချီလင်နှင့်ယန်အာကို ဆက်သွယ်လိုက်၏။ “အသံမထွက်ကြနဲ့…. ဒီနတ်ကျောက်တုံးတွေက အချိန်မရွေး ကွဲသွားနိုင်တယ်…. ဒီကျောက်တုံးတွင်းကလည်း အလွယ်တကူ ပြိုကျသွားနိုင်တယ်”
နဂါးချီလင်က အသိစိတ်အလျဉ်ကို အသက်သွင်းကာ တုံ့ပြန်သည်။ “ကျောက်တုံးတွင်း ပြိုကျရင်တောင်မှ ကျွန်တော်တို့ကို မပြားသွားလောက်ပါဘူး”
ချင်မူက ဒေါသတကြီး ပြန်ပြောလိုက်သည်။ “နံရံတွေကို သတိထား”
ချင်မူ နံရံများဆီသို့ အလျင်စလို ကြည့်လိုက်ရာ ဖရိုဖရဲချီအမျှင်များ စိမ့်ထွက်လာနေသည်ကို တွေ့လိုက်ရ၏။
“ဒီကျောက်တုံးတွင်းက ဖရိုဖရဲတောင်တစ်လုံးရဲ့ အတွင်းမှာ ရှိတာ… ဖရိုဖရဲချီတွေ အများကြီးပါတယ်”
ချင်မူမှာ ပို၍သတိကြီးလာပြီး သူ၏အသိစိတ်အလျဉ်က ဖြည်းဖြည်းချင်း လှိုင်းထလာသည်။ “ငါ့အစွမ်းတွေ အကုန်ပေါင်းထည့်ရင်တောင် ဖရိုဖရဲချီကို ပေငါးဆယ်၊ ခြောက်ဆယ်လောက်အထိပဲ မောင်းထုတ်နိုင်တယ်…. ဒီကျောက်တုံးတွင်းရဲ့ နံရံနှစ်ဖက် ပြိုကျလာရင် ငါတို့ စိစိညက်ညက် ကြေသွားလိမ့်မယ်… မူလဝိညာဉ်တွေတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
နဂါးချီလင်ခမျာ အလန့်တကြား ထခုန်မိကာ ပိုမိုသတိကြီးလာတော့သည်။ သူ့မှာ ကြောက်လန့်တကြားဖြင့် ဟိုဟိုသည်သည် ကြည့်နေ၏။
ရုတ်တရက် ကျောက်တုံးတွင်းအထဲမှ အတန်ငယ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး ကျောက်ခဲလေးတစ်ခဲ ကျလာသည်။ ၎င်းက နဂါးချီလင်၏ခြေထောက်အပေါ် ဆင်းသက်သွားလေသည်။
နဂါးချီလင်မှာ သိသိသာသာ မျက်နှာကြီး ရှုံ့တွသွားသည်။ ကျောက်တုံးက သေးငယ်သော်လည်း အလေးချိန်က အံ့ဩဖွယ်ကောင်းလောက်အောင် လေးလံ၏။ တောင်ကြီးတစ်တောင်လုံးက သူ့ခြေထောက်ကို ဖိချလိုက်သည့်အလားပင်။
သူ နာကျင်စွာ အော်ဟစ်တော့မည့်အချိန် ယန်အာက သူ့ပါးစပ်ကို အလောတကြီး ပိတ်ကာ ပြောသည်။ “အချစ်လေးပိ… မအော်လိုက်နဲ့….အော်ရင် ကျောက်တုံးတွင်း ပြိုကျလိမ့်မယ်… ခြေထောက်ကို အပေါ်မြှောက်ပြီး လျှာနဲ့ လျက်လိုက်”
မြေအောက်ဘုံအရှင်သခင်အသေးစားလေးကလည်း ခေါင်းတဆတ်ဆတ်ညိတ်၍ လျှာထုတ်ကာ လျက်သည့်ပုံစံ လုပ်ပြသည်။
နဂါးချီလင်မှာ မျက်ရည်လည်ရွှဲဖြင့် တုန်ရီနေသော ခြေထောက်ကို မြှောက်လိုက်သည်။ သူ့မှာ လျှာဖြင့် လျက်ချင်သော်လည်း မလျက်နိုင်ချေ။
ကံကောင်းစွာဖြင့် သူ ဒဏ်ရာရနေသည်ကို ချင်မူ သတိထားမိသွား၍ ကျောက်စိမ်းပုလင်းတစ်ပုလင်းအား သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဂိုဏ်းသခင်က ငါ့အတွက် အကောင်းဆုံးပဲ.. မိန်းမပဲဖြစ်ဖြစ်၊ မွေးစားသားပဲဖြစ်ဖြစ် ဂိုဏ်းသခင်နဲ့ ယှဉ်လို့မရဘူး” နဂါးချီလင်မှာ ကျေးဇူးတင်စွာဖြင့် မျက်ရည်များ စီးကျနေတော့သည်။
ကျောက်တုံးတွင်းသည် အင်မတန် နက်၍ ကျယ်ဝန်း၏။ သူတို့ ဆက်လျှောက်လာလေလေ မတူညီသော ကမ္ဘာတစ်ကမ္ဘာသို့ ၀င်လာသည့်အလား ထင်ရလေလေ ဖြစ်နေသည်။
လမ်းတလျှောက်တွင် ဧရာမအရိုးစုကြီးများ ပျံ့ကျဲလျက်ရှိသည်။ ၎င်းတို့အားလုံးမှာ ဖန်ဆင်းရှင်များ ဖြစ်သော်လည်း အဆင့်နိမ့်ကြပြီး ကျွန်များ ဖြစ်နိုင်၏။
ဖန်ဆင်းရှင်တို့၏ ကျောက်တူးသမားများမှာ မျိုးနွယ်စုကြီးများ အခြားမျိုးနွယ်စုများကို သိမ်းပိုက်ခြင်းမှ ဖမ်းဆီးခံခဲ့ရသော ကျွန်များဖြစ်ကြသည်။ သူတို့ကို ကျောက်တူးဖော်ရာတွင်သာ အထူးအသုံးချကြသည်။
သို့သော် သူတို့သည် ကျွန်များဖြစ်သော်လည်း စွမ်းဆောင်နိုင်မှုတို့က ပေါ့သေးသေး မဟုတ်ချေ။ သို့ထိတိုင် လျှပ်တပြက် အပြောင်းအလဲနှင့် တွေ့ကြုံရသည့်အခါ ထိုဖန်ဆင်းရှင်တို့မှာ မခုခံနိုင်ဘဲ ကျောက်တုံးတွင်းထဲ၌ သေဆုံးခဲ့ကြရသည်။
ကျောက်တုံးတွင်းသည် ပို၍နက်လာပြီး ဖရိုဖရဲချီတို့ကလည်း အလွန်လေးလံလာသည်။ တွင်း၏ အောက်လုံးအလွှာသို့ ရောက်သည့်အခါ ဖရိုဖရဲချီသည် ထိတွေ့နိုင်သော အခြေအနေအဖြစ် ပြောင်းလဲသွားပြီး တည်ငြိမ်နေသည့် ဖရိုဖရဲချီပင်လယ်အဖြစ် ဖွဲ့တည်နေ၏။
ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံက ပတ်၀န်းကျင်ရှိ ဖရိုဖရဲချီများကို တွန်းထုတ်ပေးနေသည့်တိုင် ချင်မူမှာ လှုပ်ရှားရန် ခက်ခဲသည်ကို ခံစားနေရသေးသည်။
မြေပြင်မှာ တဖြည်းဖြည်း ညီညာပြန့်ပြူးလာပြီး ထူထူထဲထဲ၊ သေးသေးသွယ်သွယ် ကျောက်တိုင်အရွယ်စုံက ဤကျယ်ပြန့်သော မြေအောက်ကမ္ဘာကို ထောက်ခံပေးထားသည်။
ဤသည်က တွင်း၏ အလယ်ဗဟိုပင်။
အဆုံးမဲ့သော ဖရိုဖရဲချီများ….
ချင်မူက လှမ်းကြည့်၍ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကိုပင် ဖွင့်လိုက်သည်။ သို့ပင်ငြား ခပ်ဝေးဝေး မမြင်ရဘဲ အမြင်အာရုံမှာ ဝေဝါးနေသည်။
“ငါ့နောက်လိုက်ခဲ့ ... လမ်းမပျောက်စေနဲ့”
သူက အသိစိတ်အလျဉ် ဖြန့်ကျက်လိုက်သည်။ “ဖန်သားကောင်းကင်စေတီရဲ့ အကွာအဝေးအတွင်းကနေ ထွက်လိုက်တာနဲ့ သေလိမ့်မယ်”
နဂါးချီလင်မှာ ခြေထောက် မသက်သာသေးသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့် လိုက်လာ၏။ ရုတ်တရက် ကျောက်တုံးတွင်းက တုန်ခါသွားသဖြင့် ချင်မူ ကျောရိုးတလျှောက် ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။ သူက တုံ့ခနဲ ရပ်လိုက်သည်။
ကံကောင်းစွာဖြင့် တုန်ခါမှုမှာ သိပ်မကြာလိုက်ဘဲ ကျောက်ခဲလေးများသာ ကျလာခဲ့၏။ ယင်းကား ကြက်သီးထဖွယ် မြင်ကွင်းတစ်ခု ဖြစ်ချေသည်။
ဖန်သားကောင်းကင်စေတီက ပတ်ပတ်လည်ရှိ ဖရိုဖရဲချီများကို တွန်းထုတ်လိုက်သည်။ သူတို့အားလုံး ဤမြေအောက်ကမ္ဘာထဲပ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။ ချင်မူ ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက် ဖရိုဖရဲချီထဲတွင် မားမားမတ်မတ် ရပ်တည်နေသော ဧရာမကျောက်တုံးကြီးကို တွေ့လိုက်ရ၏။
ထိုကျောက်တုံးကြီးကား ယဇ်ပလ္လင်တစ်ခုအဖြစ် ထွင်းထုခံထားရသည်။ အမြင့်ကလည်း အလွန်အမင်း မြင့်မား၏။
ယဇ်ပလ္လင်ပတ်ပတ်လည်တွင် ပျံ့ကျဲနေသည့် အလောင်းများ ရှိသေးသည်။ လေးလံလွန်းသည့် ဖရိုဖရဲချီသည် ဤနေရာတွင် ကျောက်တူးနေခဲ့သည့် ဖန်ဆင်းရှင်အားလုံးကို ဖိနှိပ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
ဤဖန်ဆင်းရှင်များမှာ ကျောက်တုံးများ တူးရင်း နတ်ကျောက်တုံးများ စုဆောင်းကြရင်း။ ဤနေရာသို့ လာရောက်ပြီးနောက် တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးသော အရာတစ်ခုကို တွေ့ကြုံခဲ့ရလိမ့်မည်။
သူတို့က ထိုအရာကို အသေအချာ တူးဖော်ခဲ့ပြီး နောက်ဆုံး၌ ယဇ်ပလ္လင်တစ်ခုအဖြစ် ထွင်းထုခဲ့ကြလိမ့်မည်။
သို့သော် အပြည့်အ၀ တူးဖော်ပြီးနောက်၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့၏။ ဖရိုဖရဲချီများ တဟုန်ထိုး ထွက်ပေါ်လာပြီး ကျောက်တုံးတွင်းထဲရှိ ဖန်ဆင်းရှင်အားလုံး သေဆုံးခဲ့သည်။ မည်သူမှ မလွတ်မြောက်ခဲ့ချေ။
ချင်မူမှာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်ရင်း ပိုမိုလေးလံလာနေသော ဖန်သားကောင်းကင်စေတီအား ရွှေ့လိုက်သည်။ သူက ယဇ်ပလ္လင်ပေါ်သို့ ဂရုတစိုက် တက်သွားလေသည်။
ဖရိုဖရဲချီများမှာ လေးလံလွန်းသဖြင့် ဖန်သားကောင်းကင်စေတီကို ရွေ့ရသည်ကပင် ခက်ခဲပင်ပန်းလာသည်။ သူ့တွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို အသက်သွင်းရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ ဖန်သားကောင်းကင်စေတီကို ရွှေ့နိုင်ရန် သူ၏ခွန်အားအလုံးစုံ ထည့်သွင်းရလေသည်။
အချိန်အတော်ကြာပြီးနောက် သူတို့ ယဇ်ပလ္လင်ထက်သို့ ရောက်လာခဲ့ကြ၏။
ချင်မူမှာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ သူ့မျက်စိရှေ့တွင် ပြားဝပ်ဝပ် ယဇ်ပလ္လင်စင်မြင့်တစ်ခုက စောင့်ကြိုနေ၏။ ဤနေရာတွင် ကျောက်တူးခဲ့သော ဖန်ဆင်းရှင်များမှာ အလွန်စေ့စပ်တိကျကြောင်း သိသာချေသည်။
သူတို့သည် ယဇ်ပလ္လင်အလယ်ရှိ အရာ၀တ္ထုအား ဗဟိုပြု၍ ပတ်ဝန်းကျင်ကို ပြားနိုင်သမျှပြားအောင် ထွင်းခဲ့ကြ၏။ အတွင်းရှိ အရာ၀တ္ထုကို ထိခိုက်မိမည်စိုးသောကြောင့် ပတ်ပတ်လည်ရှိ ကျောက်တုံးများအား ဂရုတစိုက် ဖွင့်ခဲ့ကြသည်။
ချင်မူ ယဇ်ပလ္လင်၏အလယ်သို့ ကြည့်လိုက်မိသည်။ ၎င်းတွင် ဥအခွံနှစ်ခြမ်း ရှိနေ၏။
ဥထဲရှိ ရှေးဟောင်းနတ်ဘုရားကား မွေးဖွားပြီးခဲ့ချေပြီ။
ယဇ်ပလ္လင်တစ်ခုနှင့် ကွဲနေသော ရှေးဟောင်းနတ်ဘုရားဥတစ်လုံး။ ဤနေရာသည် ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နတ်ဧကရာဇ်၏ ဘိုးဘေးနန်းတော်နှင့် အတော်လေး ဆင်တူသည်။
မတူသည့်အရာဆို၍ ကောင်းကင်နတ်ဧကရာဇ်သည် သူ မွေးဖွားလာခဲ့သော ယဇ်ပလ္လင်အား ကောင်းကင်နတ်ဘုံသို့ ရွှေ့ခဲ့ပြီး ဤယဇ်ပလ္လင်ကတော့ ကမ္ဘာဦးကျောက်တုံးတွင်း၌သာ ရှိနေသေးသည့်အချက်သာ ရှိ၏။
ထို့အပြင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မဟာတာအို၏ အနန္တအလင်းရောင်တို့ဖြင့် ပြည့်နှက်နေပြီး တာအိုအသံတို့က ပျံ့လွင့်နေခဲ့သည်။
သို့သော် ဤယဇ်ပလ္လင်၏ ပတ်၀န်းကျင်မှာ နှိုင်းယှဉ်မရလောက်အောင် မွန်းကြပ်ဖွယ်ကောင်းသည့် ဖရိုဖရဲချီတို့ဖြင့် ပြည့်နှက်နေ၏။ တာအိုလည်း မရှိ၊ အသွင်သဏ္ဍာန်လည်း မရှိ၊ အရည်အသွေးလည်း မရှိချေ။