တိုက်ခိုက်ခြင်း
Vol. 010 Ch. 996
ရီဖူရှင်းသည် သိုင်းပညာရှင် ဖြစ်ကာ ကျင့်ကြံသူ ဖြစ်သလို စိတ်စွမ်းအား ပညာရှင်လည်း ဖြစ်သည်။ ငယ်စဉ်က ဧကရာဇ်ရီချင် အမွေပေးခဲ့သော မုန်တိုင်းမျက်လုံး ဝိညာဉ်သည် စိတ်စွမ်းအားကို အခြေပြု၏။ သူသည် စိတ်ဝိညာဉ် ပညာ၌ ထူးထူးခြားခြား ထက်မြက်သူ ဖြစ်သော်လည်း ထိရောက်စွာ အသုံးချခဲ့ခြင်းတော့ မရှိပေ။ အကြိမ် အများစုတွင် သူက လောကဓာတ်များအား အသုံးပြုကာ သဘာဝ စွမ်းအားများကို စေခိုင်းခြင်း သို့မဟုတ် သူ၏ခွန်အားများကို အသုံးချကာ တိုက်ခိုက်လေ့ရှိသည်။ ဟွာဂျီယူကား စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း၌သာ အသားပေး လေ့ကျင့်သည်။
ယခု ရီဖူရှင်းက သူ၏ စိတ်စွမ်းအားများ အဆမတန် အားကောင်း လာသည်ကို ခံစားရ၏။ တစ်ချိန်တည်းမှာပင် သူ၏ အာရုံခံစားမှုကလည်း ပြောင်းလဲ၏။ သူက ဟွာဂျီယူကဲ့သို့ပင် လောကဓာတ်များအား စိတ်စွမ်းအားဖြင့် ပေါင်းစပ်ကာ ရန်သူ၏ စိတ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သည်။
အချိန်နှင့် လေဟာနယ်လှံအား စွဲကိုင်လျက် ရီဖူရှင်းက အပေါ်သို့ ပျံတက် လာသည်။ သူ့အား အရာအားလုံးကို ဝါးမျိုနိုင်စွမ်းသော မုန်တိုင်းတစ်ခု ရစ်ပတ်ထား၏။ ထိုအရာများက ရွှေချည်မျှင်များကို ဖြတ်တောက် နိုင်သည်။ ရီဖူရှင်းက တန်ခိုးရှင် ကိုးဦးအား လှမ်းကြည့်လိုက်လျှင် သူတို့သည် ထိုနက်ရှိုင်းသော မျက်လုံးများ အတွင်းသို့ ကျဆင်းသွားကာ ရီဖူရှင်း၏ စိတ်ဝိညာဉ် ထောင်ချောက်၌ ပိတ်ဆို့ခြင်း ခံရသည်။ သူတို့က စိတ်နယ်ပယ်များကို အပြင်းအထန် ကာကွယ်ကြ သော်လည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ တိုက်ခိုက်မှုကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာ အလွန် မတည်မငြိမ် ဖြစ်လာသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား လေထဲတွင် နတ်ဘုရား တစ်ပါးကဲ့သို့ ပုံရိပ်တစ်ခု ဖြစ်လာသည်။ ထိုပုံရိပ်က လောကသို့ ဆင်းသက်လာသော ဧကရီဘုရင်မ တစ်ပါးနှင့် အလားသဏ္ဌာန် တူ၏။ ထိုအရာက စိတ်ဝိညာဉ် မုန်တိုင်းများအား ပိုမိုပြင်းထန်စွာ ရိုက်ခတ်စေလျက် သူတို့၏ စိတ်အသိများကို ဖျက်ဆီးသည်။ သူတို့က တော်ဝင် ရတနာများဖြင့်ပင် ထိုမုန်တိုင်းများအား အလုံးစုံ ကာကွယ်နိုင်ခြင်း မရှိပေ။
“ဒါက ဘယ်လို စွမ်းအားမျိုးလဲ …” ရှန့်ထိုလီက စစ်မြေပြင်အား ကြည့်ကာ အံ့အားသင့်ခြင်း ကြီးစွာ ဖြစ်ရသည်။
“စိတ်နယ်လွန် စွမ်းအားဖြင့် နတ်ဘုရား ဖြစ်စေခြင်း …” ရှန့်ထိုရှားက တီးတိုး ရေရွတ်သည်။
“ဒီစွမ်းရည်တွေက ကောင်းကင် နတ်ဘုရားရဲ့ ဝိညာဉ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိတယ်လို့ ငါကြားဖူးတယ် …”
“အဲဒီ နတ်ဘုရားပုံရိပ်က ရှန့်ထိုအဆင့်ထက် သာလွန်ပုံရတယ်။ ဒါက ရန်ဟောင် ဧကရီတစ်ပါးလို့ ထင်ရတယ်။ ဧကရီတစ်ပါးရဲ့ နတ်ဘုရား ဝိညာဉ်က ဟွာဂျီယူဆီသို့ လာရောက် ပူးကပ်တယ်လို့ ခင်ဗျား ဆိုလိုတာလား။ ဒါက စိတ်နယ်လွန် စွမ်းအားနဲ့ နတ်ဘုရား ဖြစ်စေခြင်း တားမြစ်ပညာပဲ” ရှန့်ထိုလီက ပြောသည်။
“ဒါ ဖြစ်နိုင်တယ် …” ရှန့်ထိုရှားက ခေါင်းညိတ်သည် … “ကြည့်ရတာ အထက်ဘုံသို့ ခရီးစဉ်မှာ ဟွာဂျီယူက တစ်ခုခုကို ရရှိခဲ့တဲ့ပုံပဲ။ သူက အထက်ဘုံတွေက ဧကရီတစ်ပါးရဲ့ နတ်ဘုရား ဝိညာဉ်ကိုတောင်မှ ဆင့်ခေါ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် ပေးဆပ်မှုက တော်တော် ကြီးမှာပဲ”
ရှန့်ထိုရှား မသိခဲ့သည်မှာ ထိုစွမ်းအားမှာ သူ ထင်ထားသည်ထက် ကြီးမားနေခြင်းပင်။ ဟွာဂျီယူ၏ ကိုယ်တွင်းမှ ရှန့်ထိုသည် သူမအား ကာကွယ်ရန် အလို့ငှာ သူမ၏ နတ်ဘုရား ဝိညာဉ်အား လောင်စာအဖြစ် အသုံးချခဲ့ပြီး ဖြစ်သည်။
တော်ဝင်စစ်ပွဲကား မျှော်လင့်ထားသည်ထက် များစွာ ပြင်းထန်နေသည်။ ရှန့်ထိုများပင် စိတ်လှုပ်ရှားခြင်း ကြီးစွာဖြစ်ရ၏။
အရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက် သွားခဲ့သည်။ ရီဖူရှင်း၏အနီးမှ စစ်မြေပြင်သည် အပြင်းထန်ဆုံး ဖြစ်၏။ ခွန်ယိုက သူ၏ စွမ်းအားများကို စုစည်းကာ ခြေဗလာဖြင့် မိန်းကလေးငယ်အား တားဆီးသည်။ သူမက အလွန် ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။ ခွန်ယိုက လောကကြီး ပြောင်းလဲ သွားသည်ဟု ခံစားရ၏။ သူက တော်ဝင်ကျဲ နန်းတော်၏ စစ်မြေပြင်၌ မဟုတ်တော့ဘဲ သွေးနီရောင် သီးသန့်နယ်တစ်ခုသို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။ ကောင်းကင်တွင် သွေးနီရောင် ဓားတစ်လက် ရှိနေ၏။ မရေမတွက်နိုင်သော ဓားအသိများ စုစည်းလာကာ သူ့ထံသို့ ပျံသန်းလာပြီး ခွန်ယို၏ စိတ်အသိအား ဖြတ်တောက်ရန် ကြိုးစားကြသည်။
ခွန်ယိုက ရှေ့သို့တက်ကာ မာန်သွင်း အော်ဟစ်လိုက်လျှင် သူ၏ စိတ်စွမ်းအားများမှ နတ်ဘုရားဆင် တစ်ကောင်အား ဖန်ဆင်းပေးသည်။ မိန်းကလေးငယ်က ရှေ့သို့တက်ကာ ရိပ်ခနဲ ဖြတ်သန်းသွားလျှင် နတ်ဘုရားဓားက ဧရာမ ဆင်ကြီးအား ထွင်းဖောက်သွားပြီး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲစေသည်။
ပြင်ပလောကတွင် ခွန်ယို၏ စိတ်အသိမှာ အက်ကွဲလာခဲ့သည်။ မရေမတွက်နိုင်သော ဓားအသိများ သူ့စိတ်နယ်ပယ်သို့ အဆက်မပြတ် ဖြတ်တောက် လာခဲ့လျှင် သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီးကျလာခဲ့၏။ သို့သော်လည်း သူက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရှေ့သို့ တက်လာသည်။ တန်ခိုးရှင်ကိုးဦးက ရီဖူရှင်းအား သတ်ဖြတ်ရန် သိပ်မလိုတော့ပေ။ သူက နောက်ထပ် အချိန်အနည်းငယ်သာ ဆွဲထားရန် လိုသည်။
မိန်းကလေးငယ်က ရှေ့သို့တက်လာလျှင် ပိုမိုပြင်းထန်သော ဓားမုန်တိုင်း တစ်ခု ရိုက်ခတ်လာခဲ့၏။ ခွန်ယို၏ ပါးစပ်မှ နောက်ထပ် သွေးတစ်ပွက် အန်ကာ မျက်နှာမှာ ပိုမို ပြာနှမ်းလာခဲ့သည်။ သူ့တွင် နောက်ဆုတ်စရာ မရှိတော့ပေ။
ဘုန်း …
ခွန်ယိုက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်လျှင် ဧရာမ ဆင်ပုံရိပ်ကြီးကလည်း မိန်းကလေးငယ်အား နင်းခြေလာသည်။ သို့သော်လည်း သူမ၏ အားနည်းသော ခန္ဓာက မည်သို့မှ သက်ရောက်ဟန် မရပေ။ သူမ၏ မျက်လုံးထဲမှ သွေးနီရောင်ဓားသည် ခွန်ယို၏ စိတ်နယ်ပယ်ထဲသို့ ထွင်းဖောက် လာခဲ့သည်။
ထိုအခိုက်တွင် ခွန်ယို၏ စိတ်ထဲသို့ အကြောင်းအရာများစွာ ဝင်လာခဲ့သည်။ ပထမဦးဆုံး အကြိမ် သူက မြေရိုင်းပြည်နယ်သို့ ခြေချခဲ့စဉ် မည်မျှ မောက်မာ ဝင့်ကြွားခဲ့သနည်း။ ထိုစဉ်က သူသည် တော်ဝင်ကျဲ နန်းတော်အား မျက်လုံးထဲ၌ပင် မထည့်ခဲ့ပေ။ သို့သော် လက်ရှိ အခြေအနေကား အရာအားလုံး ပြောင်းလဲခဲ့ပေပြီ။ ဒုတိယတစ်ကြိမ် မြေရိုင်းပြည်နယ်၌ လာရောက် တိုက်ခိုက်ခဲ့သောအခါ မိန်းကလေးငယ် တစ်ယောက်က သူ၏အသက်အား နုတ်ယူ သွားနိုင်မည်ဟု သူ မည်သို့ တွေးထင် မိမည်နည်း။
နောက်တစ်နေရာတွင်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။ ယူချင်းကား နတ်ဆိုးတစ်ကောင် အဖြစ် ပြောင်းလဲသွားဟန် ရသည်။ သူက လှုပ်ရှားလျှင် အနက်ရောင် ဖျက်ဆီးခြင်း အားလှိုင်းသည် ကောင်းကင်နှင့် မြေပြင်အကြားမှ စွမ်းအားများ အားလုံးကို ဝါးမျိုသည်။ သူ့အနီးတွင်ကား အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များ၏ မရေမတွက်နိုင်သော အလောင်းများ ပြန့်ကျဲနေသည်။ သူ့ရှေ့တွင် ဧရာမ တိုက်ခိုက်ရေး ဝင်္ကပါတစ်ခု ရှိနေ၏။ ထိုအရာက ဧရာမ နဂါးကြီးအသွင်ဖြင့် အတောင်ပံများကို ဖြန့်ကာ ယူချင်းအား တားဆီးနေသည်။
သူ၏ ခန္ဓာကိုယ်မှာလည်း သွေးအလိမ်းလိမ်း ပေကျံနေ၏။ သူ၏ ခြေလှမ်းတိုင်း၌ ကမ္ဘာမြေက တုန်ခါသည်။ နဂါးဝင်္ကပါအတွင်းမှ လူတိုင်း၏ စိတ်နှလုံးမှာလည်း တုန်ယင်ကြ၏။ ကြောက်မက်ဖွယ် နတ်ဆိုးပုဆိန်က တိုးဝင်လာလျှင် နဂါးကြီးက အမြီးဖြင့် ရိုက်လျက် ချေဖျက်၏။
ယူချင်းက ရှေ့သို့ နောက်တစ်လှမ်း တက်လျှင် သူ့ခန္ဓာကိုယ်ကလည်း ဆင့်ကဲ ပြောင်းလဲသည်။ နတ်ဆိုးခန္ဓာသည် အရွယ်အစားအားဖြင့် ပိုမိုကြီးထွားလာခဲ့ကာ စစ်မှန်သော နတ်ဆိုးတစ်ပါး အဖြစ် ပြောင်းလဲသွား၏။ နဂါးကြီးက အော်ဟစ်ကာ သူ၏ အတောင်ပံများသည် အလွန်ထက်ရှသော အနက်ရောင် ဓားများအဖြစ် ယူချင်းထံသို့ ခုတ်ပိုင်း လာကြ၏။ သို့သော်လည်း ယူချင်းက ထိုအရာများကို မမြင်သည့်အလား ရှေ့သို့ တက်လာခဲ့ပြန်သည်။
ဝုန်း …
မိစ္ဆာစွမ်းအားများ ကောင်းကင်တစ်ခွင်သို့ ပြည့်နှက် လာခဲ့သည်။ ယူချင်း၏ ကိုယ်ရောင် ကိုယ်ဝါသည် ပိုမို အားကောင်းလာခဲ့ကာ ပတ်ဝန်းကျင်သို့ပင် မိစ္ဆာလှိုင်းများ ရိုက်ခတ် လာခဲ့သည်။ ခြေတစ်လှမ်းမျှဖြင့် သူသည် ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့၏။
အနက်ရောင် တောင်ပံများ သူ့ထံသို့ တိုးဝင်လာသည်ကို ယူချင်းက မြင်လျှင် လက်ဆန့်တန်းကာ ထိုအတောင်ပံများအား လှမ်း၍ ဆွဲလိုက်သည်။ သူက မာန်သွင်းကာ အတောင်ပံများအား ဒေါသတကြီး ဆွဲဖြဲလျှင် ဝင်္ကပါအတွင်းမှ လူများမှာ နာကျင်စွာ အော်ဟစ်ကြရ၏။
ဘုန်း …
ယူချင်းက ဘာမှ မခံစားရတဲ့အလား ရှေ့သို့ တက်လာသည်။ ယူချင်း၏ မိစ္ဆာအသွင်မှာ ပိုမိုရုန့်ရင်း ကြမ်းတမ်းလာခဲ့လျှင် ဝင်္ကပါအတွင်းမှ လူများအားလုံးမှာ ကြောက်စိတ်များ ဝင်လာကြ၏။ ယူချင်းက လက်ဆန့်တန်းလျှင် သူ၏လက်ထဲ၌ ရတနာပုဆိန် ပေါ်လာသည်။ ရတနာပုဆိန်မှာလည်း မိစ္ဆာအသွင်ပြောင်းခြင်း ခံရကာ မည်းနက်သော အငွေ့အသက်များ ရစ်ပတ် လာခဲ့သည်။ ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာလျက် ပုဆိန်ကို ဝှေ့ယမ်းလျှင် ဝင်္ကပါအတွင်း၌ အဆက်မပြတ်သော အော်ဟစ်သံများ ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံအား တင်းတင်း ဆုပ်ကိုင်ထား၏။ တန်ခိုးရှင် ကိုးဦးကလည်း သူတို့၏ ပင်အပ်ဓားများဖြင့် ရီဖူရှင်းအား ချိန်ရွယ်ကြသည်။ ကောင်းကင်ထက်မှ ဧရာမ ကွန်ချာတစ်ခု ကျဆင်းလာခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက ဘာမှ မမြင်သည့်အလား ရတနာလှံအား ရှေ့မှ ဦးဆောင်စေလျက် တန်ခိုးရှင် ကိုးဦးထံသို့ ဦးတည်လာခဲ့သည်။ လှံရှည်က ကွန်ချာအား ဖောက်ထွင်းခဲ့သလို ရီဖူရှင်း၏ ခန္ဓာမှလည်း သွေးများ အဆက်မပြတ် ယိုစီးကျလာခဲ့၏။ သူ့နောက်မှ ဟွာဂျီယူကလည်း လိုက်ပါလာခဲ့ကာ သူမ၏ စိတ်နယ်လွန် မုန်တိုင်း စွမ်းအားများက တန်ခိုးရှင် ကိုးဦးထံသို့ တိုးဝင်သွားသည်။
ရီဖူရှင်းထံမှ အချိန်နှင့် အာကာသဓာတ်များ ရိုက်ခတ်သွားလျှင် တန်ခိုးရှင်ကိုးဦးမှာ အခိုက်အတန့်အားဖြင့် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။ ထိုအခိုက်တွင် တန်ခိုးရှင် တစ်ဦး၏ ရှေ့သို့ ရီဖူရှင်း ရောက်ရှိလာခဲ့ကာ လှံရှည်အား ဝှေ့ယမ်းလိုက်၏။
“သတ် …” လှံရှည်က သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ရန်သူထံသို့ တိုးဝင်သွားခဲ့သည်။ ထိုတန်ခိုးရှင်သည် ထွက်ပြေးရန် ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်အား သူကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ သူ၏စိတ်အသိက ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ရှိနေလျက်ကပင် သူက လက်ကို ဆန့်တန်းလိုက်လျှင် ပင်အပ်ဓားသည် ရီဖူရှင်းထံသို့ ပျံသန်းသွားခဲ့၏။
ထိုတော်ဝင် ရတနာသည် အချိန်နှင့် လေဟာနယ်လှံဖြင့် ရင်ဆိုင်မိလျှင် ပြင်းထန်စွာ တုန်ခါလျက် နောက်သို့ ပြန်လည် လွင့်စဉ်သွား၏။ ထိုတန်ခိုးရှင်မှာ ထိုရတနာ လက်နက်ဖြင့်ပင် ရင်ဘတ်အား ထွင်းဖောက်ခြင်း ခံရလျက် အစိတ်စိတ် အမြွှာမြွှာ ပြတ်တောက် သွား၏။
“သတ် …” ရီဖူရှင်း၏ အော်ဟစ်သံကို ကြားသောကြောင့် ထင်ရ၏၊ အရာရာကလည်း ရှေ့သို့ တက်လာခဲ့သည်။ ထိုအခိုက်တွင်ပင် ခွန်ယိုက သူ၏ စိတ်နယ်ပယ်အား သွေးဓားတစ်လက် ဖြတ်တောက် သွားသည်ကို ခံစားရလိုက်ပြီး သူ၏စိတ်မှာ မှောင်မိုက်သွား၏။ ရတနာဓားက သူ့ခန္ဓာကိုယ်ကို ဆက်လက် ဖြတ်တောက်သွားလျှင် ပြည်နယ်ကိုးခု ရှီအဆင့်မှ နံပါတ်ကိုးတွင် ရှိသော ခွန်ယိုသည် အသက်ပျောက် သွားတော့သည်။
မိန်းကလေးငယ်က ရှေ့သို့တက်လာခဲ့လျှင် မည်သူမှ သူမအား တားဆီးနိုင်စွမ်း မရှိတော့ပေ။ ယူချင်းရှိနေရာ စစ်မြေပြင်မှလည်း အဆက်မပြတ်သော အော်ဟစ်သံများအား ကြားရသည်။ မကြာခင် ထိုဝင်္ကပါကြီးမှာ ပျက်စီးသွားရပြီး သွေးများ မိုးစက်မိုးပေါက်များပမာ ကျဆင်း လာခဲ့သည်။
ချက်ချင်းပင် မရေမတွက်နိုင်သော တန်ခိုးရှင်များ အသက် ဆုံးရှုံးရ၏။
နဂါးနက်ကြီးကား ရတနာပုဆိန်၏ ဖြတ်တောက်ခြင်းကို ခံရသည်။ ယူချင်းက သူတို့အား ဖြတ်ကျော်ကာ ရီဖူရှင်းတိုက်ခိုက်နေရာသို့ လှမ်းလာခဲ့သည်။
***