မင်းပဲ ငါ့ကို အနိုင်ကျင့်နိုင်တယ်...
Vol. 010 Ch. 998
စစ်မြေပြင်မှ လူတိုင်းက တိုက်ခိုက် နေခြင်းအား ရပ်တန့်လိုက်ကြကာ ရီဖူရှင်းထံသို့ လှမ်းကြည့်ကြသည်။ ရှန့်ထိုတိုင်းမှာ နတ်ဘုရား သန့်စင်ခြင်း စွမ်းအား၏ ဆေးကြောခြင်းကို ခံယူထားကြကာ သူတို့၏ တိုက်ခိုက်မှုတိုင်းက လောကဓာတ်များဖြင့် ပြည့်နှက်နေ၏။
ကျိရှမ်းကမ်းပါးမှ ရှန့်ထိုကျဲကား မဟာလမ်းစဉ်၏ ဒုတိယအဆင့်သို့ တက်လှမ်း နိုင်ခဲ့ကာ စွမ်းအားကြီးသူ ဖြစ်သည်။ သူက ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ် (၃၀) တွင်ရှိရာ သူ၏အသက်ဖြင့် ရီဖူရှင်း၏ အသက်ကို အလဲအလှယ် လုပ်မည်ဟု မည်သူမှ တွေးထင်မိမည် မဟုတ်ပေ။
မရေမတွက်နိုင်သော မျက်လုံးများ ရှေ့တွင်ပင် သွေးစွန်း လက်ဝါးကြီးသည် ကျေးရွာ ခေါင်းဆောင်၏ ဓားကို ဖောက်ထွင်းလျက် အောက်သို့ ဆက်လက် ကျဆင်းလာခဲ့၏။ သူကား ထိုမျှ သေးငယ်သော ဒဏ်ရာများအပေါ် အနည်းငယ်မျှပင် ခေါင်းထဲ ထည့်ဟန် မတူပေ။
သူ မသေမီ တော်ဝင်ကျဲနန်းတော် ကျရှုံးသွားမည်ကို တွေ့မြင်လို၏။ သူက ရီဖူရှင်း၊ ယူချင်း၊ ရာရာနှင့် ဟွာဂျီယူတို့အား သတ်ဖြတ်ရမည်။ ယခုတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ဘာပဲဖြစ်ဖြစ် တော်ဝင်ကျဲနန်းတော် ကျရှုံးရမည်။
ထို လက်ဝါးပုံရိပ်ကြီး အောက်တွင် ရီဖူရှင်းတို့၏ ဖြစ်တည်မှုမှာ အလွန်တရာ သေးငယ်လွန်းသည်။ သူတို့က ရှန့်ထိုအဆင့် အောက်၌ အမှန်တကယ် ပြိုင်ဘက်ကင်း သော်လည်း သူတို့အား သတ်ဖြတ်လိုသူမှာ ရှန့်ထိုတစ်ပါး ဖြစ်နေသည်။ ယူချင်းက မိစ္ဆာအသွင်သို့ လုံးလုံး ပြောင်းလဲသွားခြင်း၊ ရာရာ၏ ကျစ်ဆံမြီးများ လေထဲသို့ လွင့်မျော နေခြင်းများ၊ ဟွာဂျီယူက ဧကရီဘုရင်မ တစ်ပါးအလား ပြောင်းလဲသွားခြင်းများကို သူတို့ မြင်ကြရ၏။
ရီဖူရှင်းထံမှ ယခင် ချုပ်တည်းထားခဲ့သော အလင်းစူးစူးများ ဖြာထွက် လာခဲ့ခြင်းကို သူတို့ မြင်တွေ့ကြရ၏။ သူကား အင်ပါယာ တစ်ပါးအလား အရှိန်အဝါ ကြီးမားလာခဲ့ကာ ရှိရှိသမျှသော စွမ်းအားများကို ရတနာလှံဖြင့် ပေါင်းစပ်လျက် ကောင်းကင်ကို ထိုးခွင်းရန် ကြိုးစားသည်။
ဘုန်း ... ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံကြီးတစ်ခု ဖြစ်ပေါ်လာကာ သွေးနီရောင် လက်ဝါးပုံရိပ်ကြီးသည် သူတို့၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။ ရာရာက သူမ၏ ရတနာဓားအား ဆုပ်ကိုင်ကာ ခုခံလျှင် အဆုံးအစမဲ့သော ဓားအသိများမှာ တစ်မုဟုတ်ချင်း ကြေပျက်လျက် ပြင်းထန်သော လက်ဝါးက သူမအား ရိုက်ခတ်လာခဲ့၏။
ယူချင်းက ရတနာပုဆိန်အား ဆုပ်ကိုင်ကာ နတ်ဆိုးအသွင်ဖြင့် လက်ဝါးအား တားဆီးသည်။ ပုဆိန်ကား နောက်ကို ပြန်လည် ကန်ထွက်လာခဲ့ကာ သူ့အား ပြန်လည် ရိုက်နှက်၏။ သို့သော်လည်း သူကား မြေပြင်တွင် မြဲမြံစွာ ရပ်နေဆဲဖြစ်ကာ လက်နှစ်ဖက်ဖြင့် ဆန့်တန်းလျက် လက်ဝါးကြီး ကျဆင်းခြင်းကို ကာကွယ် တားဆီးရန် ကြိုးစား၏။ အဆက်မပြတ်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ယူချင်း၏ နတ်ဆိုးအသွင်မှာ ယိုယွင်း ပျက်စီးလာခဲ့ပြီး သူ၏ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျလာခဲ့၏။
ဟွာဂျီယူ၏ မျက်လုံးများက အဆုံးစွန်အထိ လျှို့ဝှက် မှော်ဆန်လာခဲ့၏။ သူမ၏ မျက်လုံးများမှာ သူမကိုယ်ပိုင်ဟုပင် မထင်ရတော့ပေ။ သူမက ဆင့်ခေါ်ထားသော အရိပ်သဏ္ဌာန်များအား တစ်ကိုယ်တည်း အဖြစ် ပေါင်းစပ်ထားကာ ကြောက်မက်ဖွယ် စိတ်နယ်လွန် စွမ်းအားများဖြင့် သွေးနီရောင် လက်ဝါးပုံရိပ်ကြီးအား တားဆီးသည်။ အားနည်းသော ခန္ဓာလေးသည် အကြောက်တရား ကင်းမဲ့စွာဖြင့် မုန်တိုင်း အလယ်၌ အချိန်မရွေး ပြိုလဲတော့မည့်အလား ရပ်နေသည်။
ဝုန်း...
ရီဖူရှင်း၏ လက်ထဲမှ အချိန်နှင့် လေဟာနယ်လှံသည် အဆုံးအစမဲ့သော စွမ်းအားများကို သယ်ဆောင်လျက် လက်ဝါးပုံရိပ်ကြီး၏ ဗဟိုချက်မထံသို့ ပစ်မှတ်ထား ဦးတည် သွားခဲ့သည်။ သို့သော်လည်း သူ၏စွမ်းအားများ အားလုံးမှာ လက်ဝါးပုံရိပ်ကြီးအား အနည်းငယ်သော အက်ကွဲမှုတစ်ခုသာ ဖြစ်စေခဲ့၏။ ထိုအခိုက်တွင် သူ၏ အတွင်းကလီစာများ အားလုံးမှာ ကြေပျက်လုနီးပါး ဖြစ်လာသည်ဟု ခံစားရ၏။
ပြင်းထန်သော ပေါက်ကွဲမှုများနှင့်အတူ မဟာလမ်းစဉ်၏ စွမ်းအားက သူတို့ထံသို့ ဆက်လက် ကျဆင်းလာခဲ့၏။ သို့သော်လည်း သွေးလက်ဝါး၏ အရှိန်အဝါကား သိသိသာသာ အားနည်း သွားခဲ့၏။ ကျေးရွာ ခေါင်းဆောင်ကား သွေးလက်ဝါးကို သူ၏ ဒုတိယမြောက် ဓားဝင်္ကပါဖြင့် ဆက်လက် တိုက်ခိုက်နေ၏။ သို့သော်လည်း သူသည်လည်း အလုံးစုံ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ အဆက်မပြတ် လှည့်ပတ်သွားကြပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် သွေးများ အန်ကျသည်။ ရှန့်ထိုကျဲကား မူကလတည်းက အသက်ရှင် ထွက်ခွာသွားရန် အတွေးမရှိခဲ့ပေ။
ဟွာဂျီယူ၏ လှပလွန်းသော မျက်လုံးများက ရီဖူရှင်းအား တစ်ချက် ကြည့်သည်။ သူမ၏မျက်လုံးများ မြန်ဆန်စွာပင် စိုစွတ်လာခဲ့ပြီး သူမ၏ စိတ်အသိက စတင် လောင်ကျွမ်း လာခဲ့၏။ ကောင်းကင်ဘုံ၏ အဆုံးအစမဲ့သော စွမ်းအားများ သူမ၏ခန္ဓာသို့ စတင် စီးဆင်းလာကြသည်။ ထိုအခိုက်တွင် သူမနှင့် သက်ဆိုင်ခြင်း မရှိသော စွမ်းအားများ အားကောင်းစွာ ဖြစ်တည် လာခဲ့၏။
“ဧကရီရဲ့ စိတ်အသိကိုယ်တိုင် သက်ဆင်းဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်အား ဆည်းကပ်ပါတယ်...” ဆွေးမြည့် ကြေကွဲဖွယ် ကောင်းသော အသံတစ်ခုတွင် သူမ၏ ခန္ဓာကိုယ်က ရုတ်တရက်အားဖြင့် ကြီးမားသော အရှိန်အဝါတစ်ခု ကွဲထွက် လာခဲ့၏။ အင်ပါယာ အသိတစ်ခု မွေးဖွားလာခဲ့လျှင် သူမ၏ မျက်လုံးများမှာ လုံးဝ ပြောင်းလဲသွားဟန် ရသည်။
သူမက ခန္ဓာအား စတေးကာ ဧကရီတစ်ပါး၏ စိတ်အသိအား တိုက်ရိုက်အားဖြင့် ဖိတ်ခေါ်ခဲ့၏။ ထိုစိတ်အသိက မဟာလမ်းစဉ်၏ စွမ်းအားများကို တိုက်ရိုက်အားဖြင့် ကိုယ်စားပြုပေသည်။ ဟွာဂျီယူက သူမကိုယ်တိုင်အား လောင်စာအဖြစ် အသုံးချကာ ကြီးမားသော စွမ်းအားများကို ဖြစ်တည်စေလျက် လက်ဝါးပုံရိပ်အား တားဆီးရာ လက်ဝါးပုံရိပ်မှာ တစ်စတစ်စ ပြိုပျက်လာခဲ့၏။
“ငရဲကို သွားတော့...” ရှန့်ထိုကျဲက ဒေါသတကြီး အော်ဟစ်ကာ အရာအားလုံးကို လက်လျှော့ကာ သူ့ရှေ့မှ လူများအား သတ်ရန် လက်ဝါးအား ဆက်လက်၍ တွန်းသည်။
အဆုံးအစမဲ့သော ဓားအလင်းများ ဖြာထွက် လာခဲ့လျှင် ရာရာ၏ ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းလာဟန် ရသည်။ သူမက နောက်လှည့်ကာ ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ကြည့်သည် ... “အစ်ကို... ရာရာ သွားတော့မယ်”
သူမက ထိုသို့ ပြောပြီးသည်နှင့် သူမ ခန္ဓာကိုယ်အား ဗဟိုထား၍ မျက်လုံးဖြင့် ကြည့်၍ပင် မရနိုင်လောက်အောင် စူးရှသော အလင်းများ ဖြာထွက် လာခဲ့၏။ လက်ဝါးပုံရိပ်ကြီး၏ ရှေ့တွင် ဧရာမ ဓားပန်းချီတစ်ခု ပေါ်လာခဲ့သည်။ လေထဲတွင် ရုတ်တရက်အားဖြင့် မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာခဲ့၏။ စစ်မြေပြင်မှ မရေမတွက်နိုင်သော ဓားသမားများ၏ ဓားများသည်လည်း တချွင်ချွင် မြည်သံပေးလျက် ရာရာထံသို့ ပျံသန်း သွားခဲ့ကြသည်။
မရေမတွက်နိုင်သော လူများသည် ထိုမြင်ကွင်းအား ကြည့်ကာ သူတို့၏ စိတ်များ ကြီးစွာ တုန်လှုပ်ကြရ၏။ နောက်ဆုံးတွင် ရှန့်ထိုများ ထိုနေရာသို့ ရောက်လာခဲ့၏။ ရှန့်ထိုလီနှင့် ရှန့်ထိုကျန့်တို့ ထိုနေရာသို့ ရောက်ကာ ရှန့်ထို စွမ်းအားများဖြင့် ပြည့်နှက်စေ၏။ သို့သော်လည်း ခြေဗလာ မိန်းကလေး၏ ဆံပင်များ ပိုမိုပြင်းထန်စွာ လွင့်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ အဆုံးအစမဲ့သော ဓားအသိများ ဖြာထွက်လာခဲ့လျှင် သူမ၏သွင်ပြင်မှာ ပြောင်းလဲလာခဲ့၏။ သူမ၏မျက်နှာနှင့် ဟန်ပင်တို့ပင် ပြောင်းလဲ သွားခဲ့၏။ ရာရာ၏ မျက်နှာသွင်ပြင်မှာ ရှိနေဆဲ ဖြစ်သော်လည်း သူမကား မြန်ဆန်စွာပင် ရင့်ကျက်သွားခဲ့ဟန် ရှိပြီး ရှန့်ထိုစွမ်းအားများဖြင့် ပြည့်နှက် နေခဲ့သည်။ သူမက ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် လေထဲမှ ရှန့်ထိုကျဲကို ကြည့်သည်။
ဘုန်း...
လက်ဝါးကား စိတ်နယ်လွန် စွမ်းအားနှင့် ဓားအသိတို့၏ တိုက်ခိုက်မှု အောက်တွင် ကြေပျက် သွားခဲ့သည်။ လေထဲမှ မရေမတွက်နိုင်သော ဓားများသည် တစ်လက်တည်း အဖြစ် ပေါင်းစပ်သွားပြီး အရာအားလုံးကို ဖြတ်တောက် နိုင်စွမ်းသော ဓားတစ်လက် ဖြစ်လာ၏။
ဓားသည် ပျံသန်းလာခဲ့လျှင် ရှန့်ထိုကျဲ၏ အမူအရာက ပြောင်းလဲ သွား၏။ သို့သော် သူကား မည်သို့မှ မတုံ့ပြန်လိုက်ရမီတွင်ပင် ဓားက သူ့ခန္ဓာကိုယ်အား ဖြတ်တောက် သွားကာ ရှန့်ထိုကျဲအား အမှုန်အမွှားများအဖြစ် ပြောင်းလဲ သွားစေ၏။ ထိုအခိုက်တွင် သူ၏ အသွေးအသားများနှင့် ဝိညာဉ်များပင် မရှိခြင်း တရားသို့ ပြောင်းလဲသွား၏။ ကျိရှမ်းကမ်းပါး၏ ရှန့်ထိုခေါင်းဆောင်ကား ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်အကြား ပြန့်ကျဲပျောက်ကွယ် သွားတော့သည်။
ပြင်းထန်သော ဓားအသိများ ပျောက်ကွယ်သွားကာ မကြာမီ မိန်းကလေးငယ်က လေထဲတွင် တည်ငြိမ်စွာ ရပ်၏။ ရတနာဓားက သူမအား သယ်ဆောင်ထားကာ လေထဲ၌ ရပ်၏။ ကျေးရွာ ခေါင်းဆောင်က သူမရှေ့တွင် ဒူးထောက်ကျသည်။ သူ၏ ရင့်ရော်သော မျက်လုံးများ၌ မျက်ရည်များ။ ထိုမျက်ရည်များမှာ ရာရာ ကွယ်ပျောက်ခြင်းကြောင့် ပေလော၊ သူ့ဆရာ၏ ပြန်လည် မွေးဖွားခြင်းကြောင့် ပေလော မည်သူမှ မသိနိုင်ပေ။
ယူချင်း၏ နတ်ဆိုးအသွင် ခန္ဓာနှင့် ရီဖူရှင်းတို့ သည်လည်း မြေပြင်ပေါ်သို့ အားနည်းစွာ ကျဆင်းသည်။ သွေးများ သူ့ပါးစပ်မှ အဆက်မပြတ် ယိုစီးကျလာခဲ့ပြီး မျက်ရည်များ စိုစွတ်နေသော မျက်လုံးများက ဟွာဂျီယူနှင့် ရာရာတို့ထံသို့ ကြည့်သည်။
“မဟုတ်ဘူး...” သူ၏အသံက နာကျင်မှုကြောင့် အက်ကွဲနေ၏။ သူ၏နှလုံးက အလွန်အမင်း နာကျင်မှုကို စူးစူးနစ်နစ် ခံစားရ၏။ ရာရာအား သူက အလွန် ချစ်မြတ်နိုးကာ ညီမအရင်း တစ်ယောက်လို သဘောထားခြင်းမှာ ဤသို့သော အဆုံးသတ်အား ကြိုမြင်၍ ဖြစ်သည်။ သနားစရာ မိန်းကလေးငယ်လေး၏ အဆုံးသတ်...။
သူ၏ ခန့်မှန်းမှုက အမှန်တရား ဖြစ်လာခဲ့သည်။ ရာရာ၏ နေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သူမှာ ရာရာ သို့မဟုတ် ပြည်နယ်ကိုးခုလုံးအား လှုပ်ခတ်နိုင်စွမ်းသော မရဏဓားနတ်မယ် ဖြစ်ပေမည်။ သူ၏ မျက်လုံးများက ဟွာဂျီယူထံသို့ ရောက်သွားလျှင် သူ၏ အသည်းနှလုံးများ အစိတ်စိတ် အမြွှာြမွှာ ကွဲကြေတော့မည့်အလား ခံစားရ၏။
ဟွာဂျီယူ၏ ခန္ဓာကိုယ်ကား အလင်းများ၏ ဝါးမျိုခြင်းများအလား တစ်စတစ်စ လောင်ကျွမ်း နေခဲ့၏။ ရီဖူရှင်းကဲ့သို့ပင် သူမသည်လည်း အသက်ကင်းမဲ့ သွားသည့်အလား အောက်သို့ ကျဆင်းလာခဲ့သည်။ သူမ၏ မျက်လုံးများကား ထိုအခိုက်တွင် မူလကဲ့သို့ ကြည်လင် လာခဲ့ကာ မူလ အသိစိတ်များ ပြန်ဝင်လာဟန် ရသည်။ သူမ၏ မျက်လုံးများက စိုစွတ်နေခဲ့ပြီး မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းထားသည်။
အရာအားလုံး အဆုံးသတ် ပေပြီ။
ရှန့်ထိုကျဲ သေဆုံးသွားကာ ရှန့်ထိုများ ရောက်လာခဲ့သည်။ ပြည်နယ်ကိုးခုတွင် မည်သူမှ သူ့အား မသတ်နိုင်တော့။
ဤအရာက လှပသော အဆုံးသတ် မဟုတ်ပေလော။
သို့သော်လည်း သူ၏ ဧကရာဇ်အသိက ပိုမိုပြင်းထန်စွာ လောင်ကျွမ်း လာခဲ့၏။ အင်ပါယာရှား... သည်တစ်ခေါက်တွင် အင်ပါယာက သူ့အား သည်အိပ်မက်ဆိုးမှ လွတ်မြောက်ခွင့် ပေးရန် သူမျှော်လင့်၏။
ဘုန်း … ရီဖူရှင်း၏ ခန္ဓာက မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်ရိုက်သည်။ သို့သော်လည်း သူက လက်ဆန့်တန်းကာ ဟွာဂျီယူအား ဆီးဖမ်းသည်။ ထိုအခိုက်တွင် အလင်း၏ လောင်ကျွမ်းခြင်းကြောင့် သူမ၏ခန္ဓာကား အလွန်တရာ ပေါ့ပါးနေခဲ့၏။
“ဂျီယူ...” ရီဖူရှင်း၏နှလုံးများက သွေးစက်စက် ယိုနေသလို ခံစားရ၏။ သူက ခေါင်းမော့ကာ နာကျင်စွာ အော်ဟစ်သည်... “စီနီယာ ရှန့်ထိုကျန့်...”
ရှန့်ထိုကျန့်က သူ့အား ကြည့်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။ လက်ရှိ အနေအထားတွင် သူလည်း ဘာမှ မတတ်နိုင်တော့ပေ။
ရီဖူရှင်းက သူမအား ကြည့်လျှင် ဟွာဂျီယူက ပြုံးလျက်ပြောသည်... “ငါ နင့်ရဲ့ ဘုရင်မ မဖြစ်နိုင်တော့ဘူး ထင်တယ်...”
“မဟုတ်ဘူး...” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်... “ငါ သဘောမတူဘူး...” အဆုံးအစမဲ့သော ကျောက်စိမ်းရောင် အလင်းများ ဟွာဂျီယူ၏ ခန္ဓာကိုယ်သို့ စီးဆင်း လာခဲ့ကြ၏။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ကား အငွေ့များအဖြစ် တဖြည်းဖြည်း လွင့်ပါး လာခဲ့သည်။
“မှတ်ထားပါ ... နင့်ရဲ့ နောက်ဇနီးက ငါ့လို အသုံးမကျတဲ့သူ မဟုတ်ရဘူး။ နင့်ဘုရင်မက ကောင်းကင်ဘုံမှာ တောင်မှ ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်ရမယ်” သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဝေဝါးလာသည့် တိုင်အောင် ဟွာဂျီယူက ပြုံးလျက်ပြော၏။ သူမ၏ မျက်လုံးများမှလူကား မျက်ရည်များ အဆက်မပြတ် စီးကျနေဆဲ...။
“ငါ မင်းကို ကတိပေးထားတယ် ... မင်းပဲ ငါ့ဘုရင်မ ဖြစ်ရမယ်”
“နင် အရမ်း တုံးအတာပဲ...” ဟွာဂျီယူက တီးတိုးပြောသည်... “ဒါပေမဲ့ ကတိပေး ... သူမက နင့်ကို အနိုင်မစားစေနဲ့ ... ဒီတစ်လောကလုံးမှာ ငါပဲ နင့်ကို အနိုင်ကျင့်မယ်...”
“မင်းပဲ ငါ့ကို အနိုင်ကျင့်နိုင်တယ်...” ရီဖူရှင်း၏ မျက်ရည်များ သူမပါးပြင်ပေါ်သို့ တသွင်သွင် စီးကျနေခဲ့သည်။
“မှန်တယ် ... အခု ငါ စိတ်ချလို့ရပြီပဲ ... ဒါပေမဲ့ ငါ့မှာ နှလုံးသား မရှိတော့ပေမဲ့ အရမ်း နာကျင်တာပဲ ... ဝိညာဉ်တွေကရော ငိုနိုင်တာပဲလား...” သူမ၏ခန္ဓာက ပိုမို၍ ဝေဝါး လာခဲ့သည်။ တဖြည်းဖြည်းဖြင့် သူမသည် ဝေဝါးသော ပုံရိပ်တစ်ခု အသွင်သို့ ပြောင်းလဲသွားကာ သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များမှာ မြင်သည် ဆိုရုံမျှသာ ရှိတော့သည်။
အဆုံးအစမဲ့သော အလင်းများ ဟွာဂျီယူအား လာရောက် ရစ်ပတ်ကြကာ သူမအား လေထဲသို့ ခေါ်ဆောင်သည်။ ထိုအခိုက်တွင် သူမအား မမြင်ရသော အားတစ်ခုက ဆွဲငင်နေသည်ကို ခံစားရ၏။
ထိုအရာက သေမင်း၏ ဆင့်ခေါ်ခြင်းလား။
“ငါ့ကို ကတိပေး ... အသက်ရှင်နေပါ...” သူမ၏ အရိပ်သဏ္ဌာန်မှာ လေထုထဲသို့ လွင့်ပါး ပျောက်ကွယ် သွားတော့သည်။
“မဟုတ်ဘူး...” ရီဖူရှင်းက သူမ၏နောက်ဆုံး အငွေ့အသက်များ ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း သူရရှိသည်ကား လေထုများသာ။ ဟွာဂျီယူသည် အလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံတက် သွားသည်ကို ကြည့်ကာ သူ့မျက်လုံးများ အသက်မဲ့ နေခဲ့သည်။ ရီဖူရှင်း၏လက်များ တဆတ်ဆတ် တုန်နေ၏။
စစ်မြေပြင်သည် တစ်စပြင်အလား တိတ်ဆိတ် နေသည်။ အားလုံးက သူ့အား စိုက်ကြည့် နေကြ၏။ လေထဲတွင် ကြာပန်းမီးအိမ်သည် ဆက်လက်၍ လောင်ကျွမ်း နေခဲ့သည်။ မီးအိမ်ပေါ်၌ ပုံရိပ်သဏ္ဌာန် တစ်ခုအား ဝေဝါးစွာ မြင်တွေ့ကြရသည်။ သူမကား မှင်တက်ငေးမောဖွယ် ကောင်းအောင် လှ၏။ သူမ၏ ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ...။ သူမက အဝေးသို့ ပျံသန်းသွားသော အလင်းတန်းများအား ကြည့်ကာ သူမ၏ ခန္ဓာကိုယ်သည်လည်း လောင်ကျွမ်း လာခဲ့၏။ လေထဲတွင် မရေမတွက်နိုင်သော မီးအိမ်များ ဖြစ်ပေါ်လာသည်။
ကြာပန်းမီးအိမ်များထဲမှ တစ်ခုသည် ရီဖူရှင်း၏ဘေးသို့ ရောက်လာခဲ့ကာ သူ၏စိတ်ထဲမှ အသံတစ်သံအား ကြားရသည်... “တစ်ချိန်က ငါဟာ ဗုဒ္ဓရှေ့မှာ မီးအိမ်တစ်ခု ဖြစ်ခဲ့တယ်။ ငါ့ဘဝက ကံစီမံရာအတိုင်း သွားလာတယ်။ ငါက နင့်အစား သူမကို ကာကွယ် ပေးပါ့မယ်” ရီဖူရှင်း၏ အသံအား ရီဖူရှင်းက ကြားလိုက်ရကာ သူမ၏ သန့်ရှင်းစင်ကြယ်သော ဗုဒ္ဓအလင်းများ ကွယ်ပျောက် သွားသည်ကို ကြည့်သည်။ ထိုအခိုက်တွင် သူကား ဘာကိုမှ မတွေးတော နိုင်တော့ဘဲ အဆုံးမဲ့သော ကြေကွဲ နာကျင်မှုများကိုသာ ခံစားရ၏။
“စစ်ပွဲကို အဆုံးသတ်မယ်...” ရှန့်ထိုရှားက စစ်မြေပြင် တစ်ခုလုံးအား အေးစက်စွာ ကြည့်ကာ ပြောသည်။ ရှန့်ထိုကျဲက စည်းမျဉ်းများကို ချိုးဖောက်ကာ ရီဖူရှင်းနှင့် တခြားလူများအား ပြင်းထန်စွာ ဒဏ်ရာ ရစေခဲ့၏။ သူကား သေဒဏ်ပေး ခံရသင့်သော်လည်း သေဆုံးခဲ့ပြီး ဖြစ်သည်။
“ကျုပ် သဘောမတူဘူး...” အလွန်တရာ အေးစက်သော အသံတစ်သံအား ကြားကြရသည်။ ရှန့်ထိုရှားက လှမ်းကြည့်လိုက်လျှင် ရီဖူရှင်းက တဖြည်းဖြည်း ထရပ်သည်ကို မြင်၏။ လင်းလက်သော တော်ဝင် အလင်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏ခန္ဓာမှာ လောင်ကျွမ်းနေခဲ့သလို သူ၏ သတ်ဖြတ်လိုသော စိတ်ကလည်း မီးဟုန်းဟုန်း တောက်လောင် နေခဲ့၏။
***