← Chapters

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း! ၃

Vol. 34 Ch. 497

ချင်လင်မွေးမြူရေးခြံ၏စီမံရေးလုပ်ငန်း! ၃

Vol. 34 Ch. 497

''ကြိုတင်စီစဉ်ထားတဲ့နေရာမှာ နမူနာရွက်ဖျင်တဲတွေဆောက်ဖို့ကျွန်မစီစဉ်ထားပြီ''

“အင်း!” ချင်လင်ရယ်လိုက်သည်။

သူ့ကိုအလကားပေးတဲ့ပစ္စည်းတွေကို ခရီးသည်တွေဆီငှားစားတာ လုပ်ငန်းကောင်းလိုလို။

ဒါပေါ့။ ကုမ္ပဏီတွေကအချဉ်မှမဟုတ်တာ။ သူတို့ကလည်း ချင်းလင်စံအိမ်ရဲ့ခရီးသည်အရေအတွက်ကိုစိတ်ဝင်စားလို့။ ပြီးတော့ ရွက်ဖျင်တဲတွေက ချင်းလင်မွေးမြူရေးခြံမှာကြော်ငြာဖို့အကောင်းဆုံးပဲလေ။

နောက်ပြီး မြို့စားနှင်းဆီဖြစ်ရပ်နောက်ပိုင်း ချင်းလင်စံအိမ်ပရိသတ်အရေအတွက်က သုံးသန်းကျော်သွားသည်။ ချင်းလင်စံအိမ်ဗီဒီယိုရိုက်ပြီးတရားဝင်အကောင့်မှာတင်လိုက်ရင် ချင်းလင်ကျော်ကြားပုံကြောင့် ကြော်ငြာထိရောက်ပုံကအံ့ဩစရာကောင်းလိမ့်မည်။

ထို့ကြောင့် ကုမ္ပဏီများကပစ္စည်းပို့ရုံသာမက အကောင်းဆုံးအရည်အသွေးနှင့်ရွက်ဖျင်တဲဒီဇိုင်းများကိုလည်းပို့ပေးကြသည်။

ကျောက်မိုချင်းနှင့်ချင်လင်ကခဏဆွေးနွေးပြီး သူတို့ရုံးခန်းဆီပြန်လာကြသည်။ ချင်လင်လည်းစံအိမ်မှထွက်ပြီး ဂိုဒေါင်ဆီလာခဲ့သည်။

ကျောက်မိုချင်းကသူမရုံးခန်းပြန်ရောက်လျှင် ကောင်းယောင်ယောင်ကိုခေါ်လိုက်သည်။

ကောင်းယောင်ယောင်မှာ ကော်ဖီရောင်မန်နေဂျာဝတ်စုံကိုဝတ်ဆင်ထားသည်။ ရုံးခန်းထဲဝင်ဝင်ချင်း သူမကချိုချိုသာသာနှုတ်ဆက်သည်_

''အစ်မမိုချင်း... ကျွန်မရောက်ပါပြီ''

သူမစကားတွင် ကျောက်မိုချင်းအားရိုးရိုးသားသားလေးစားမှုအပြည့်နှင့်။ ဘာပဲဖြစ်ဖြစ် စားပွဲထိုးဘဝကနေ အလုပ်သမားခေါင်း၊ ကြီးကြပ်သူ၊ အခုမန်နေဂျာအထိဖြစ်လာတော့ သူမသူဌေးနှင့်သူဌေးကတော်က သူမကိုလေ့ကျင့်ပေးပြီးအခွင့်အရေးတွေပေးနေသည်ဟုခံစားရသည်။





သူဌေးနှင့်သူဌေးကတော်က သူမဘဝကိုပြောင်းလဲပေးခဲ့သည်ဟုဆိုနိုင်သည်။ မဟုတ်ရင် ၂၀ ပြည့်ခါစကောင်မလေးတစ်ယောက်ကို ဘယ်သူကမက်လောက်စရာလစာနဲ့ဝတ်စုံပေးပြီး မန်နေဂျာလုပ်ခိုင်းမှာလဲ?

''ရွက်ဖျင်တဲတွေဆောက်တာ အခြေအနေဘယ်လိုရှိလဲ?''

ကျောက်မိုချင်းကမေးလိုက်သည်။

မွေးမြူရေးခြံရဲ့ဝန်ဆောင်မှုဌာနမှာ မန်နေဂျာနေရာဆွဲမခန့်ရသေး။ စံအိမ်မှာအလုပ်မရှုပ်သေးခင် ကောင်းယောင်ယောင်ကိုတချို့ကိစ္စများစောင့်ကြည့်ခိုင်းထားသည်။

ကောင်းယောင်ယောင်ကချက်ချင်းပြန်ဖြေလိုက်သည်_

''အစ်မမိုချင်း... ကျွန်မအခုပဲသွားကြည့်ခဲ့တာ... အခြေခံအားလုံးလုပ်ပြီးပါပြီ... ဘယ်ကုမ္ပဏီရဲ့ရွက်ဖျင်တဲကိုသုံးမလဲဆိုတာရွေးဖို့စောင့်နေတာပါ''

''ဘယ်ကုမ္ပဏီရဲ့ရွက်ဖျင်တဲကပိုကောင်းတယ်ထင်လဲ?'' ကျောက်မိုချင်းမေးလိုက်သည်။

ကောင်းယောင်ယောင်ကခဏစဉ်းစားပြီး ရှင်းပြသည်_

''အစ်မမိုချင်း... ကျွန်မအမြင်တော့ အရမ်းလှတဲ့ရွက်ဖျင်တဲနှစ်ခုရှိပါတယ်... ဒါပေမဲ့ ကျွန်မအကြိုက်က အများအကြိုက်မဟုတ်ပါဘူး... ကျွန်မအထင် ခရီးသည်တချို့ကို ဒီကုမ္ပဏီတွေရဲ့ရွက်ဖျင်တဲတွေကူရွေးခိုင်းလို့ရမယ်... လူကြိုက်အများဆုံးကို ရွေးလို့ရပါတယ်''

ကျောက်မိုချင်းကခေါင်းညိမ့်ပြီး ထောက်ခံလိုက်သည်_

''အကြံကောင်းပဲ... မင်းပြောသလိုလုပ်မယ်... အခုခရီးသည်တွေကိုမင်းရွေးလိုက်ပါ''

''ကောင်းပါပြီ အစ်မမိုချင်း''

ကောင်းယောင်ယောင်ကညွှန်ကြားချက်ရပြီး ချက်ချင်းထွက်လာသည်။ သူမရုံးခန်းထဲပြန်ရောက်လျှင် ခရီးသည်တွေကိုဘယ်လိုဖိတ်ခေါ်ရမလဲစဉ်းစားလိုက်သည်။

တဲ့တိုးကြီးသွားဖိတ်လို့မရ။ မဟုတ်ရင် ဖိတ်လိုက်တာနဲ့ တခြားလူတွေလိုက်ဝင်လာလိမ့်မည်။ လူတွေကိုမျက်နှာပေးတယ်လို့ခံစားစေရမည်။

သူမကတောင်တန်းစံအိမ်စာရင်းသွင်းမှတ်တမ်းထဲဝင်လိုက်သည်။

ဝန်ဆောင်မှုမန်နေဂျာဖြစ်၍ စံအိမ်နောက်ခံအစီအစဉ်မှခရီးသည်စာရင်းသွင်းမှတ်တမ်းထဲတိုက်ရိုက်ဝင်စစ်ဆေးခွင့်ရှိသည်။

ရုတ်တရက်အကြံတစ်ခုရပြီး သူမမျက်လုံးများဝင်းလက်သွား၏။ တချို့ခရီးသည်တွေစံအိမ်လာတာပထမဆုံးအကြိမ်မဟုတ်မှန်းတွေ့လိုက်ရ၍အံ့ဩသွားသည်။

သူတို့မှာ အရင်သုံးစွဲထားတဲ့မှတ်တမ်းတွေတောင်ရှိတာပဲ။

သူမကချက်ချင်း စံအိမ်ကိုတစ်ကြိမ်ထက်ပိုလာဖူးသောခရီးသည်များအား ရွေးထုတ်လိုက်သည်။ လူအများကြီးဖြစ်နေသေးကြောင်းတွေ့ရသည်။





မွေးမြူရေးခြံကိုလူအများကြီးဖိတ်လို့မဖြစ်။ ဒီတော့ စံအိမ်ကိုသုံးကြိမ်နှင့်အထက်လည်ပတ်ဖူးသူများအားရွေးလိုက်သည်။

ဒီတစ်ကြိမ်တွင် ခရီးသည် ၁၀ ယောက်ကျော်သာရှိတော့သည်။ ရန်သုံ့ဆိုသောခရီးသည်က ၁၀ ကြိမ်မကလာခဲ့ဖူးသည်။ တစ်လသုံးလေးကြိမ်လာပြီး တစ်ပတ်တစ်ခါလိုလိုဖြစ်နေသည်။

ကောင်းယောင်ယောင်နည်းနည်းအံ့ဩသွားသည်။

ဒီရန်သုံ့ဆိုတဲ့ခရီးသည်က စံအိမ်ကိုအရမ်းစိတ်ဝင်စားတဲ့ပုံပဲ။

သို့သော် သူ့အဖော်များ၏မှတ်တမ်းကိုမြင်သောအခါ သူမမှင်တက်သွားသည်။

စံအိမ်ကိုလာတိုင်းလာတိုင်းသူခေါ်လာသောကောင်မလေးများကမတူသောကြောင့်ပင်။

ဒါလူယုတ်မာခေါင်ကြီးမလား?

ကောင်းယောင်ယောင်က ဒီအတွက်အာရုံနောက်မခံ။ ခရီးသည် ၁၀ ဦး၏ဖုန်းနံပါတ်များကိုဆွဲပြီး စာပို့လိုက်သည်။

''လူကြီးမင်းရှင့်... ကျွန်မတို့စံအိမ်ရဲ့ဖောက်သည်ဟောင်းဖြစ်တဲ့အတွက် ဒီနေ့အထူးအကျိုးအမြတ်ပေးချင်ပါတယ်... ချင်းလင်မွေးမြူရေးခြံကိုရှုစားဖို့ဦးစားပေးဖြစ်ပြီး ရွက်ဖျင်တဲရွေးချယ်ဖို့ဝင်ပါရပါမယ်... လူကြီးမင်းရွေးချယ်လိုက်တဲ့ရွက်ဖျင်တဲက နောင်မှာမွေးမြူရေးခြံရဲ့အခင်းအကျင်းဖြစ်လာပါမယ်... စိတ်ဝင်စားတယ်ဆိုရင် မွေးမြူရေးခြံဝင်ပေါက်မှာ စာရင်းပေးနိုင်ပါတယ်''

သူမကတည်းဖြတ်ပြီးပို့လိုက်သည်။

...

ရန်သုံ့မှာ မင်မြို့တော်ကုမ္ပဏီကြီးမှပရိုဂရမ်မာတစ်ဦးဖြစ်သည်။ သူ့လစာကမနည်း၊ တစ်လယွမ် ၃၀၀၀၀ ကျော်ရသည်။

သို့သော် သူကလူပျိုသိုးကြီးဖြစ်ပြီး အမျိုးသမီးများနှင့်အဆက်အသွယ်နည်းသောကြောင့် သင့်တော်မည့်သူရှာမတွေ့ဘဲရှိနေသည်။

အမျိုးသမီးများနှင့်အဆက်အသွယ်ရဖို့အခွင့်အရေးမှာ မိတ်ဆွေများ၊ ဆွေမျိုးများကမိတ်ဆက်ပေးသော ဘလိုင်းဒိတ်တွေ့ခြင်းသာရှိသည်။ အထူးသဖြင့် လွန်ခဲ့သောသုံးလအတွင်း အပတ်တိုင်းလိုလို ဘလိုင်းဒိတ်သွားတွေ့ခဲ့သည်။

သူကစိတ်ကူးကောင်းသူမဟုတ်၍ ဘလိုင်းဒိတ်အတွက်ဘယ်သွားရမှန်းမသိသောကြောင့် အကြိမ်တိုင်းဘလိုင်းဒိတ်တွေ့သောအဖော်ကို ချင်းလင်စံအိမ်သာခေါ်သွားခဲ့သည်။

ချင်းလင်စံအိမ်နှင့်အတော်ရင်းနှီးလာသော်လည်း ဘလိုင်းဒိတ်တိုင်းက စိတ်ကျေနပ်စရာမရှိ။ ဘလိုင်းဒိတ်တွေ့သောအမျိုးသမီးများကို သူသဘောမကျချေ။ သူ့ကိုအတုအယောင်ဟူသောခံစားချက်မျိုးပေးနေသည်။

သို့သော် ဒီတစ်ခါဘလိုင်းဒိတ်အတွေ့အကြုံကမတူ။ ချင်းလင်စံအိမ်တွင်တစ်ရက်အချိန်ဖြုန်းပြီး သူမ၏အမြင်သုံးခုကိုသဘောကျသွားသည်။ လူတွေနှင့်ဆက်ဆံပုံ၊ ပြီးတော့ သူမအသံကိုတောင် သူသဘောကျသည်။

ဘလိုင်းဒိတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားမှုဖြစ်လာပြီး သူမနှင့်အတူရှိချင်သည်။

''ဟူကျင်း... ကိုယ့်ကောင်မလေးဖြစ်ပေးပါ!''

နောက်ဆုံးတော့ ရန်သုံ့ကသူ့သတ္တိများစုစည်းလိုက်သည်။

အင်း၊ ဒါပရိုဂရမ်မာတစ်ယောက်ဝန်ခံတဲ့နည်းပဲ။ ဘာမှကွေ့ဝိုက်မနေဘဲ တိုက်ရိုက်၊ တဲ့တိုး၊ တုံးတိ။

ဟူကျင်းဆိုသောမိန်းကလေးကြောင်သွားသည်။

ဒါကြီးက တုံးတိတိမနိုင်လွန်းဘူးလား? ပထမနေ့ပဲရှိသေးတယ်။

ရန်သုံ့ကမဆိုးဟုခံစားရပြီး သူ့ကိုဆက်ပြောကြည့်ချင်သည်။ ခဏစဉ်းစားပြီးနောက် သူမက_

''ရန်သုံ့... ဟိုးခပ်လှမ်းလှမ်းကခြံကိုတွေ့လား? မလှဘူးလား? ချင်းလင်မွေးမြူရေးခြံကိုအတူတူသွားလို့ရတဲ့အခါကျရင် ချိန်းတွေ့ကြတာပေါ့!''

ခြံကမဖွင့်သေးမှန်း သူမသိသည်။

ဒီနေ့မင်မြို့တော်ကို ရန်သုံ့နှင့်ပြန်ရမည်။ ပြန်လာမှဆိုရင်တောင် အချိန်ရသေးသည်။ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့အချိန်ပိုယူလို့ရသည်။

ထိုအချိန်တွင် ရန်သုံ့ဖုန်းတုန်ခါသွားသည်။ စာတစ်စောင်ဝင်လာ၏။

''လူကြီးမင်းရှင့်... ကျွန်မတို့စံအိမ်ရဲ့ဖောက်သည်ဟောင်းဖြစ်တဲ့အတွက် ဒီနေ့အထူးအကျိုးအမြတ်ပေးချင်ပါတယ်... ချင်းလင်မွေးမြူရေးခြံကိုရှုစားဖို့ဦးစားပေးဖြစ်ပြီး...''

ရန်သုံ့မှာထိုစာမြင်ပြီး သူ့မျက်နှာတွင်စိတ်လှုပ်ရှားမှုအပြည့်နှင့်။

ချင်းလင်မွေးမြူရေးခြံထဲလည်လို့ရတဲ့အချိန်ကျရင် သူတို့ချိန်းတွေ့မယ်လို့ဟူကျင်းကပြောတယ်မလား?

ထိုအတွေးနှင့် စိတ်လှုပ်ရှားစွာဟူကျင်းဆီသွားပြီး သူမခေါင်းကိုထိန်း၍နှုတ်ခမ်းကိုနမ်းလိုက်သည်။

ဟူကျင်းကြောင်သွားသည်။ သူမကသတိလက်လွတ်ရန်သုံ့ကိုတွန်းထုတ်ပြီး စိုက်ကြည့်ကာ_ ''ရှင်ဘာလုပ်တာလဲ?''

ထိုရုတ်တရက်လုပ်ရပ်ကြောင့် ရန်သုံ့အပေါ်အထင်ကြီးမှုက ထိုးကျသွား၏။

ရန်သုံ့က ချက်ချင်းစာပြလိုက်ပြီး_

''ချင်းလင်မွေးမြူရေးခြံထဲဝင်လို့ရတဲ့အချိန်ကျရင် ချိန်းတွေ့မယ်ဆို... မင်းအခု ကိုယ့်ကောင်မလေးဖြစ်သွားပြီ''

ဟုတ်တယ်၊ ဒါပရိုဂရမ်မာတွေရဲ့နားလည်ပုံပဲ။ အတင်း၊ တုံးတိ။

ရန်သုံ့ဖုန်းပေါ်မှစာကိုဖတ်ပြီး ဟူကျင်းကြောင်သွားသည်!

ဒါမျိုးရှိတယ်ပေါ့?





All Chapters