အံ့ဩစရာမွေးမြူရေးခြံ! မြင်းဘုရင်!
Vol. 34 Ch. 498
ချင်းလင်မွေးမြူရေးခြံဝင်ပေါက်_
ရန်သုံ့မှာ စိတ်လှုပ်ရှားသောမျက်နှာနှင့် ဟူကျင်းလက်ကိုဆွဲပြီးပြေးလာသည်။
သူလိုပရိုဂရမ်မာရဲ့ရင်ထဲမှာ ဟူကျင်းကသူ့ကောင်မလေး၊ သူမကိုနမ်းခဲ့ပြီးပြီ၊ သူမကမကြွေသေးဘူးတဲ့။ အခုသူ့လက်ကိုတောင်တွဲထားပြီဆိုတော့ သူ့ကောင်မလေးပဲ။
ဒီတော့ ပရိုဂရမ်မာနဲ့ချိန်းတွေ့ရင် မိန်းကလေးများဝေ့လည်ကြောင်ပတ်မလုပ်ကြပါနဲ့။ ခင်ဗျားတို့တဲ့တိုးပြောရင် သူကပိုတောင်တိုးဦးမယ်။
ဟူကျင်းမျက်နှာလှလှလေးမှာ နည်းနည်းမှင်သက်နေသည်။ တစ်ခါလောက်အလည်လာပြီးရောင်းထွက်သွားသလိုခံစားနေရသည်။
''ရန်သုံ့'' သူမက မရေမရာနှင့်မေးလိုက်၏_
''ရှင် ဒါချင်းလင်စံအိမ်နဲ့လက်ဝါးချင်းရိုက်ထားတာမလား? ရှင်တမင်လုပ်တာလား?''
ရန်သုံ့ကလွဲနေပုံနှင့်_ ''ကိုယ်ကဘယ်လိုလုပ်ပြီး ချင်းလင်စံအိမ်ကိုဒါမျိုးခိုင်းနိုင်မှာလဲ? ကိုယ်လုပ်တာဆိုရင် အံ့ဩဖို့မကောင်းဘူးလား?''
ဟူကျင်းလည်း သူမအတွေးတွေလွန်သွားမှန်းတွေးမိသည်။
သူမကဒီလိုပဲပြောလိုက်တာ။ သူကဘယ်လိုလုပ်ပြီးချက်ချင်းစီစဉ်နိုင်မှာလဲ?
ဒါပေမဲ့ ဒီတိုက်ဆိုင်မှုက နတ်ဘုရားတွေဖန်တီးတာလား?
မိန်းကလေးတွေက အတွေးလွန်တတ်တာပဲ။

ပြီးတော့ ရန်သုံ့ကသူမနှုတ်ခမ်းကိုနမ်းတယ်၊ လက်ချင်းတွဲတယ်၊ သူတို့အတူတူဖြစ်သင့်ပြီ!
ထိုအချိန်တွင် ရန်သုံ့နှင့်ဟူကျင်းမှာ ပြေးလာသောလူတစ်စုကိုတွေ့လိုက်ရသည်။ စုံတွဲများနှင့်မိသားစုဝင်သုံးစု။
''ဒီနေရာပဲ''
''ငါမွေးမြူရေးခြံကိုမြင်ဖူးတယ်... အရင်ထက်ပိုပြီးခမ်းနားလာတယ်''
''အထဲဝင်ပြီးလည်လို့ရမရသိချင်နေတာ... ဒီလိုအကျိုးအမြတ်ရှိမယ်မထင်မိဘူး!''
“......”
ထိုလူများပြောနေသံကြောင့် စာလက်ခံရသောတခြားလူများရှိသေးကြောင်း ရန်သုံ့နှင့်ဟူကျင်းလည်းသိသွားသည်။
ခဏအကြာ_
ကောင်းယောင်ယောင်မှာ ရန်သုံ့နှင့်ခရီးသည်များကိုကူညီပေးရန် ဝန်ဆောင်မှုဝန်ထမ်းနှစ်ယောက်နှင့်အတူ မွေးမြူရေးခြံပေါက်ဝရောက်လာသည်။
သူမကခရီးသည် ၁၀ ဦးကိုစာပို့ထားသော်လည်း ၅ ယောက်သာလာသည်။ ခရီးသည် ၅ ဦးမှလွဲ၍ စုစုပေါင်းလူ ၁၆ ယောက်ရှိသည်။
တခြားခရီးသည် ၅ ဦးမှာ ရွက်လွင့်နေသလား ဒါမှမဟုတ် စံအိမ်အပြင်ရောက်နေသလား၊ မလာကြသေး။
ဒါပေမဲ့ စာပို့ထားမှတော့ မွေးမြူရေးခြံပေါက်မှာ အစောင့်တစ်ယောက်လွှတ်ပြီး တခြားခရီးသည် ၅ ယောက်ရောက်လာရင်လက်ခံခိုင်းထားမည်။
''ခရီးသည်များရှင့်... ဒီပွဲအစီအစဉ်မှကြိုဆိုပါတယ်... အခုမကြာခင်ဖွင့်လှစ်တော့မယ့်ချင်းလင်မွေးမြူရေးခြံထဲကိုခေါ်သွားပါမယ်... ရွက်ဖျင်တဲနေရာမှာရွက်ဖျင်တဲဝင်ရွေးလို့လည်းရပါတယ်... လူကြီးမင်းတို့ရွေးတဲ့ရွက်ဖျင်တဲကို ချင်းလင်မွေးမြူရေးခြံမှာထားပါမယ်ရှင့်''
ကောင်းယောင်ယောင်က ရန်သုံ့တို့ခရီးသည်များအား ချိုချိုသာသာအပြုံးနှင့်ပြောလိုက်သည်။ ထို့နောက် သူမကလမ်းပြပြီး ထိုလူများကိုမွေးမြူရေးခြံထဲဖိတ်ခေါ်လိုက်သည်။
ရန်သုံ့တို့မှာ လုံးဝစိတ်တက်ကြွနေကြသည်။ ချင်းလင်စံအိမ်ကနာမည်ကျော်၊ ချင်းလင်မွေးမြူရေးခြံဖြစ်ရပ်က အင်တာနက်ပေါ်မှာအလွန်ရေပန်းစားနေသည်။
အခုတော့ တခြားခရီးသည်တွေဝင်ခွင့်မရသေးခင် သူတို့ကဦးစားပေးအခွင့်အရေးရသည်တဲ့။
ဒီအတွေ့အကြုံကို Wechat အခိုက်အတန့်များမှာတင်လိုက်ရင် သူများတွေအားကျကုန်လိမ့်မည်။
ထိုအတွေးနှင့် ခရီးသည်များကကောင်းယောင်ယောင်နောက်လိုက်ပြီး မွေးမြူရေးခြံထဲရောက်လာသည်။ ခဏလျှောက်ပြီးနောက် ကျယ်ပြောသောမြက်ခင်းပြင်ကို သူတို့ရှေ့တွင်ဘွားခနဲမြင်လိုက်ရသည်။
စာအုပ်ထဲမှာပဲဖတ်ဖူးတဲ့မြက်စိမ်းမွှေးနံ့ကနှာခေါင်းထဲတိုးဝင်လာသည်။ ထိုအနံ့ကစွဲမက်စရာကောင်းပြီးပြောပြ၍မရနိုင်။
ထိုအချိန်တွင် တခြားအတွေးများမရှိတော့။ အံ့ဩခြင်းတစ်မျိုးသာခံစားမိသည်။
ခမ်းနားပြီးလှလိုက်တာ!
စိတ်သက်သာမှု၊အပူအပင်ကင်းမှုက အလိုလိုဖြစ်လာသည်။
မြက်စိမ်းမွှေးနံ့ +၂၊ စိတ်လွတ်လပ်ခြင်း +၂၊ အပူအပင်ကင်းခြင်း +၂၊ အကြည့်ခံခြင်း +၂၊ ဒီအရည်အသွေးတွေကိုဘယ်သူမှမတွန်းလှန်နိုင်။
''ရန်သုံ့... လှလိုက်တာ... ခမ်းနားလိုက်တာ!''
ဟူကျင်းမှာ သူမရှေ့ကမြင်ကွင်းကိုကြည့်ရင်းစိတ်လှုပ်ရှားပြီး ရန်သုံ့လက်မောင်းကိုလက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်သည်။
အရင်ကမြက်ခင်းပြင်ကိုတစ်ခါမှမမြင်ဖူး။ ဗီဒီယိုများထဲတွင်သာကြည့်ဖူးပြီး ထိုဗီဒီယိုများထဲတွင်မြက်ခင်းပြင်က အလွန်ဆွဲဆောင်မှုရှိသည်။
သို့သော် သူမမျက်စိရှေ့ကမြင်ကွင်းနှင့်စာလျှင် ဗီဒီယိုထဲမှမြက်ခင်းပြင်ကလုံးဝမမီကြောင်း ရုတ်ချည်းသိလိုက်ရသည်။
သူမကချက်ချင်းဖုန်းထုတ်ပြီး အဆုံးမရှိသောမြက်ခင်းပြင်ကိုဓာတ်ပုံများရိုက်လိုက်သည်။

တခြားခရီးသည်များလည်းအံ့ဩပြီး ဆွေးနွေးနေကြသည်။ သူတို့အားလုံးကဖုန်းထုတ်၍ ဗီဒီယိုများရိုက်ကြ၏။ မရိုက်သူမရှိ။
ရှုခင်းကြည့်ကားလေးတစ်စီးမောင်းလာသည်။
ကောင်းယောင်ယောင်လည်း ရန်သုံ့တို့အား_
''ခရီးသည်များရှင့်... ကျွန်မနောက်လိုက်ခဲ့ကြပါ... မွေးမြူရေးခြံတစ်ခုလုံးကိုစပတ်ပါမယ်''
ရန်သုံ့တို့မှာတုံ့ဆိုင်းမနေဘဲ သူမနောက်လိုက်၍ ရှုခင်းကြည့်ကားပေါ်တက်လိုက်သည်။
ဒီလိုရှုခင်းကြည့်ကားမျိုးက အဘက်ဘက်ကိုမြင်ရသည်။ ကားစမောင်းသောအခါ တောင်ပိုင်း၏ဤရာသီဥတုမျိုး၌ မျက်နှာကိုလေတိုးပြီး အလွန်နေလို့ကောင်းသည်။
''အမေ.. ကြည့်! ဟိုမှာ ယုန်တွေ ကုလားအုတ်တွေ!''
ကလေးကပျော်မြူးပြီးအော်လိုက်သည်။
တခြားသူများလည်းလှမ်းကြည့်လိုက်ရာ မွေးမြူရေးခြံထဲတွင် အမှန်ပင်တိရစ္ဆာန်များရှိနေသည်။
ထိုတိရစ္ဆာန်များမှာ မြက်ခင်းပြင်ပေါ်လွတ်လွတ်လပ်လပ်သွားလာနေပြီး အလွန်ကြည်ကြည်သာသာရှိနေကြသည်။
သူတို့ကလည်း မြက်ခင်းပြင်ပေါ်တွင်အကောင်းဆုံးပသာဒဖြစ်ပြီး ပြောမပြနိုင်သောအလှကိုအသက်ဝင်အောင်အားဖြည့်ပေးနေသည်။
''ဟူကျင်း.. ဟိုမှာကြည့်စမ်း... အရမ်းလှတာပဲ"
ရန်သုံ့ကတခြားခပ်လှမ်းလှမ်းနေရာတစ်ခုကို ရုတ်တရက်ညွှန်ပြသည်။
ဟူကျင်းကလှမ်းကြည့်ပြီး မယုံနိုင်ပုံနှင့်ပါးစပ်ကိုလက်နှင့်အုပ်ကာ_
''ဒေါင်း.. ဒေါင်းပဲ... ဖြူဆွတ်နေတာ! လှလိုက်တာ! ကြည့်... သူ့အမြီးကိုဖြန့်ထားတယ်!''
ဟူကျင်းမှာစိတ်လှုပ်ရှားပြီး အသံတောင်တုန်နေသည်။
အရင်ကဒေါင်းမြင်ဖူးသော်လည်း ဒီခပ်လှမ်းလှမ်းကလောက်လှသောဒေါင်းဖြူမျိုး လုံးဝမမြင်ဖူး။
ကားထဲမှတခြားလူများလည်း ဒေါင်းဖြူကိုစိတ်ဝင်စားသွားကြသည်။
ကားလေးကပိုနီးသွားသောအခါ ဒေါင်းဖြူမှာပိုတောင်သဘောကျစရာကောင်းနေသည်။ ဒေါင်းဖြူနှစ်ကောင်မှာ သူတို့အမြီးလှလှကိုကားလေးဆီဖြန့်ကားပြပြီး ခရီးများကိုကြိုဆိုနေသယောင်ယောင်။
ထိုအချိန်တွင် ရန်သုံ့တို့ခရီးသည်များကလည်း ဒေါင်းဖြူကိုကျက်သရေရှိမြင့်မြတ်သလိုခံစားမိသည်။
ဟူကျင်းကသူမဖုန်းနှင့် ဒေါင်းဖြူကိုဓာတ်ပုံများစရိုက်တော့သည်။
ဓာတ်ပုံစားခြင်း +၂ ကြောင့် ဗီဒီယိုထဲတွင် ဒေါင်းဖြူမှာပိုတောင်လှနေသည်။
သူမကဗီဒီယိုကိုကြည့်လိုက်ရာ ဒေါင်းဖြူမှာအဖြူရောင်ဒေါင်းနတ်သမီးလေးနှင့်တူနေတော့သည်။