အံ့ဩစရာမွေးမြူရေးခြံ! မြင်းဘုရင်! ၃
Vol. 34 Ch. 500
ချင်လင်ပြောစရာမလိုဘဲ ခြင်္သေ့လေးကထပ်အော်ကာ စားကျက်မြေထဲမြူးတူးစွာပြေးသွားတော့သည်။
ဒါကိုမြင်တော့ ချင်လင်မအံ့ဩမိ။ ဘာပဲဖြစ်ဖြစ် ဂိမ်းမှတ်ချက်အရ ခြင်္သေ့လေးကအလွန်ဉာဏ်ကောင်းသည်တဲ့။ ဒီအဆုံးမဲ့စားကျက်မြေထဲမှာ ဘယ်နေရာဘာရှိမလဲသူသိနိုင်လိမ့်မည်။
သို့ရာတွင် မြင်းက မြင်းပြိုင်ကွင်းတန်းတန်းဦးတည်သွားပုံရသည်။
ရည်ရွယ်ချက်ရှိရှိသွားတာဆိုရင်တော့ နည်းနည်းအထင်ကြီးစရာပဲ။
ချင်လင်ကတွေးရင်း မြင်းပြိုင်ကွင်းဆီလျှောက်သွားလိုက်သည်။
ထိုအချိန်တွင် မွေးမြူရေးခြံဝန်ထမ်းများမှာ ဖြူဖြူအရာကိုစိတ်ဝင်စားသွားသည်။ နှင်းလိုဖြူသောမြင်းကမယုံနိုင်စရာအရှိန်နှင့် သူတို့ကိုဖြတ်ပြေးသွား၏။
မြင်းပြိုင်ကွင်း၌_
စားကျက်မြေတွင် မြင်း ၅၅ ကောင်မှာ ခေါင်းငုံ့ပြီးစားတဲ့အကောင်ကစား၊ မြက်ခင်းပေါ်လှဲပြီး ခေါင်းနဲ့ဝှေ့တဲ့အကောင်ကဝှေ့၊ တချို့ကိုလည်း အလုပ်သင်မြင်းထိန်းသမားများကနှစ်သိမ့်ပေးနေသည်။


လင်ကျန်းကသင်ပေးပြီးနောက်ပိုင်း နေ့တိုင်းမြင်းများကိုပျော်အောင် အားတက်သရောနှစ်သိမ့်ပေးကြသည်။ လစာမြင့်အထိန်းသမားဖြစ်သည်ကတစ်ကြောင်း၊ အရင်ကမြင်းမမြင်ဖူးသည်ကတစ်ကြောင်းကြောင့်ပင်။ အခုအပြန်အလှန်ဆက်သွယ်နိုင်သဖြင့် အလွန်စိတ်အားထက်သန်နေကြသည်။
''အစ်ကိုဖန်း... ဘယ်တော့မြင်းစီးသင်ပေးမှာလဲ?''
အလုပ်သင်အထိန်းသမားတစ်ယောက်က မြင်းခွာစစ်ဆေးနေသောသက်လတ်ပိုင်းအမျိုးသားကိုမေးလိုက်သည်။
မွေးမြူရေးခြံတွင်မြင်းစီးအစီအစဉ်ရှိပြီး ၁၀ မိနစ်ယွမ် ၅၀ ပေးရသည်။ ဒီမှာမြင်း ၅၅ ကောင်ရှိပြီး ၃၅ ကောင်ကအရွယ်ရောက်ပြီးမြင်းများဖြစ်သည်။ မွေးမြူရေးခြံဖွင့်ရင် ၁၀ မိနစ်ကို ၁၇၅၀ ယွမ်ရနိုင်ပြီး စာရင်းအရတစ်နာရီယွမ် ၁၀၅၀၀ ဖြစ်သည်။
ထို့ကြောင့် မြင်းစီးနည်းပြခန့်ရသည်။
ဖန်းပေါ်မှာ ဆွဲခန့်ထားသောမြင်းစီးနည်းပြဖြစ်ပြီး သူရောက်တာနှစ်ရက်သာရှိသေးသည်။
နောက်ပိုင်း သူလည်းဒီမြင်းအထိန်းသမားများကိုအခြေခံအကျဆုံးမြင်းစီးနည်းသင်ပေးရမည်။ အနည်းဆုံး မြင်းကိုထိန်းပြီးခရီးသည်များကိုဝန်ဆောင်မှုပေးနိုင်ရမည်။
''မြင်းကိုကျွမ်းကျွမ်းကျင်ကျင်နှစ်သိမ့်ပေးတတ်ပြီဆိုမှ ပြောကြတာပေါ့''
ဖန်းပေါ်ကပြန်ဖြေပြီး မြင်းခွာများဆက်ကြည့်လိုက်သည်။
မြင်းတစ်ကောင်စစ်ပြီး နောက်တစ်ကောင်။
သို့သော် ထိုအချိန်တွင် ရုတ်တရက်သူ့နားပတ်လည်ကမြင်းများဂဏှာမငြိမ်ဖြစ်လာသည်ကို ဖန်းပေါ်သတိထားမိသည်။ မြင်းများကိုနှစ်သိမ့်ပေးနေသောအလုပ်သင်မြင်းထိန်းသမားကလည်း ပုံမမှန်တာသတိထားမိသည်။ သူတို့နှစ်သိမ့်နေသောမြင်းများက ရုတ်တရက်မြင်းပြိုင်ကွင်းအပြင်ဘက်လှမ်းကြည့်နေကြ၏။
ထိုအချိန်တွင် မြင်းပြိုင်ကွင်းအပြင်ဘက်မှမြင်းဟီသံကျယ်လောင်စွာထွက်လာသည်။
ထိုအော်သံကြောင့် သူတို့နားကမြင်းများပိုပြီးဂဏှာမငြိမ်ဖြစ်သွားကြသည်။
ဖန်းပေါ်ကမြင်းဟီသံကြားလျှင် သတိလက်လွတ်
မြင်းပြိုင်ကွင်းအပြင်ထွက်ပြီးလှမ်းကြည့်လိုက်သည်။ နှင်းလိုဖြူသောလျှပ်တပြတ်ပုံရိပ်တစ်ခုက မြင်းပြိုင်ကွင်းဆီအမြန်နှုန်းနှင့်ပြေးလာနေသည်။


ထိုမြင်ကွင်းကိုမြင်လျှင် ဖန်းပေါ်မှာမယုံနိုင်။ မြင်းတွေဂဏှာမငြိမ်ဖြစ်နေတာ မြင်းဖြူကြောင့်၊ ပြီးတော့ ဒီမြင်းကအရမ်းမြန်သည်။
ဒီအရှိန်က မြင်းပြိုင်ရန်လူချမ်းသာများလက်သပ်မွေးထားသော တန်ဖိုးကြီးဖာဂါနာမြင်းထက်တောင်ပိုမြန်လောက်သည်။
အဓိကက ဒီမြင်းဖြူဘယ်ကရောက်လာတာလဲ?
ဖန်းပေါ်အံ့ဩနေစဉ် မြင်းဖြူကသူ့ရှေ့ရောက်လာပြီး မွေးမြူရေးခြံအတွက်သီးသန့်ကာထားသောစည်းရိုးကို ရဲရင့်သောစစ်မြင်းလိုခုန်ပြီးဖြတ်ကျော်လာသည်။
''ဗုဒ္ဓေါ!'' ဖန်းပေါ်မှာ မြင်းဖြူမြင်းပြိုင်ကွင်းထဲဝင်လာပုံကိုကြည့်ရင်း အံ့ဩပြီးရေရွတ်လိုက်သည်။
“ဟီ.. ဟီ!”
“ဟီ.. ဟီ!”
ခြင်္သေ့လေးကအော်လိုက်သည်။ ပတ်ပတ်လည်တွင် သူ့အဖော်များမြင်ပြီး အလွန်ပျော်သွားပုံရ၏။ ဒီလောက်အဖော်တွေအများကြီးမြင်ဖူးတာ ဒါပထမဆုံး။
သို့ရာတွင် ခြင်္သေ့လေးအော်လိုက်သောအခါ မြင်း ၅၅ ကောင်ကိုပိုပြီးလှုံ့ဆော်လိုက်သလိုဖြစ်သွားသည်။ ထို့နောက် အထက်လူကြီးကိုတွေ့ပြီးအရိုအသေပေးသောပြည်သူများလို တစ်ကောင်ပြီးတစ်ကောင်ဦးညွတ်လိုက်ကြသည်။
ခြင်္သေ့လေးက ပိုပျော်သွားပုံနှင့်ဟီလိုက်ကာ ခြေလေးချောင်းနှင့်အသားကုန်ပြေးတော့သည်။ သူ့သခင်ကစိတ်ရှိလက်ရှိပြေးနိုင်သည်ဟုပြောထားသည်ကိုသတိရသွားပုံပင်။
ဒီတစ်ကြိမ်တွင် ဖန်းပေါ်နှင့်တခြားအထိန်းသမားများပါအံ့ဩရသည်။ မြင်းဖြူနောက် တခြားမြင်း ၅၅ ကောင်က လိုက်ပြေးသည်ကိုတွေ့လိုက်ရလေသည်။
သူတို့တညီတည်းပြေးပုံက မြင်းအကောင် ၁၀၀၀ ပြေးနေသလိုပင်။ မကြာမီ မွေးမြူရေးခြံမှမြင်း ၅၅ ကောင်လုံးက မြင်းဖြူနောက်မှာပြတ်ကျန်ခဲ့သည်။
မြင်းဖြူကနောက်ပြန်လှည့်ကြည့်ပြီး မြင်း ၅၅ ကောင်ကိုစောင့်နေသောကြောင့် အားလုံးအံ့ဩရပြန်သည်။ မြင်း ၅၅ ကောင်မီလာမှ သူကဆက်ပြေး၏။
အလုပ်သင်မြင်းထိန်းသမားတစ်ဦးက အံ့ဩပြီးမေးလိုက်သည်_
''အစ်ကိုဖန်း... ဒီမြင်းဖြူကဘာလဲ? ပြီးတော့ ဟိုမြင်းတွေကရော?''
''မြင်းဘုရင်... ဂန္တဝင်မြင်းဘုရင်ပဲ''
ဖန်းပေါ်မှာအံ့ဩ၍မျက်လုံးအဝိုင်းသားနှင့် သူ့ဘာသာရေရွတ်လိုက်သည်။
သူမြင်းစီးနည်းသင်တုန်းက မြင်းဘုရင်အကြောင်းကြားဖူးသည်။ တကယ့်မြက်ခင်းပြင်ကိုသူရောက်ဖူးပြီး တကယ့်မြင်းရိုင်းအုပ်ကိုတောင် သူတွေ့ဖူးသည်။ မြင်းအုပ်ထဲတွင်မြင်းဘုရင်ရှိပြီး စစ်သည်များကိုစစ်သူကြီးကဦးဆောင်သလို မြင်းဘုရင်ကမြင်းရိုင်းများကိုဦးဆောင်တတ်သည်။
ဒါပေမဲ့ ဒါမွေးမြူရေးမြင်းတွေလေ။ မြင်းဖြူကဘယ်လိုဖြစ်တာလဲ? သူပေါ်လာတာနဲ့ မြင်းတွေကအသိအမှတ်ပြုပြီး မြင်းဘုရင်ဖြစ်သွားသတဲ့။
ဒါမျိုးဘယ်သူမှယုံနိုင်မှာမဟုတ်ဘူးမလား?
ချင်လင်မြင်းပြိုင်ကွင်းထဲရောက်လာသောအခါ ခြင်္သေ့လေးကမြင်းများကိုဦးဆောင်ပြီးအသည်းအသန်ပြေးနေသောကြောင့် သူလည်းအံ့ဩသွားသည်။
“သူဌေး!”
“သူဌေး!”
အလုပ်သင်အထိန်းသမားများက ချင်လင်ကိုမြင်ပြီး ချက်ချင်းရိုရိုသေသေနှုတ်ဆက်လိုက်ကြသည်။
ဖန်းပေါ်လည်း လေးစားသမှုနှင့်မေးလိုက်၏_
''သူဌေး... ဒီမြင်းဘုရင်အဖြူကို သူဌေးခေါ်လာတာလား?''
''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်သော်လည်း ခြင်္သေ့လေးကိုမြင်းဘုရင်ဟုခေါ်လိုက်သောကြောင့် အံ့ဩသွားသည်။
ခြင်္သေ့လေးက သူမြင်းပြိုင်ကွင်းထဲရောက်လာမှန်းသတိပြုမိပြီး မြင်းများနှင့်သူ့ဆီပြေးလာသည်။
ချင်လင်ရှေ့ရောက်လျှင် ခြင်္သေ့လေးကရပ်ပြီး သူ့ဆီခပ်ရွရွလျှောက်လာ၏။
ဖန်းပေါ်မှာ မြင်းဘုရင်ကိုအလွန်စိတ်ဝင်စားနေသည်။ မြင်းရောက်လာသောကြောင့် သူကကြည့်ရန်ရှေ့တိုးပြီး လက်နှင့်ထိဖို့တောင်ပြင်လိုက်သည်။
ခြင်္သေ့လေးက သူ့အပြုအမူကိုမြင်လျှင် မသတီသလိုလက်ကိုရှောင်လိုက်ပြီး လုံးဝထိခွင့်မပေး။ သူ့ကိုမနှစ်မြို့သလိုတောင်ကြည့်လိုက်သည်။
မြင်းအကြည့်ကြောင့် ဖန်းပေါ်ကြောင်သွားပြီး တစ်ခုခုတော့မဟုတ်သလိုခံစားလိုက်ရလေသည်။