သူဌေးချင်ရဲ့အရေးပါပုံ! မြင်းထိန်းသမားလေးချင် လိုင်းပေါ်မှာ! ၂
Vol. 34 Ch. 505
စံအိမ်ဝန်ထမ်းတွေကိုအလုပ်မခန့်ခင် သူဌေးနှင့်သူဌေးကတော်အကြောင်းလိုင်းပေါ်မှာမတင်ရဟု စာချုပ်လက်မှတ်ထိုးထား၍သာတော်တော့သည်။
ဖြစ်ချင်တော့ အင်တာနက်ပေါ်တွင် ချင်းလင်စံအိမ်ပိုင်ရှင်အကြောင်း ပုံစံအမျိုးမျိုးရှိနေသည်။
အတော်များများကအာရုံစိုက်ခံရအောင် 'ချင်းလင်စံအိမ်ပိုင်ရှင်'ဆိုသောဗီဒီယိုများတင်ကြ၏။ သူတို့ကတစ်ယောက်ယောက်ကိုဗီဒီယိုရိုက်ယူပြီး နာမည်ကြီးအောင်လုပ်ကြခြင်းသာ။
ထို့ကြောင့် သူကချင်းလင်စံအိမ်ပိုင်ရှင်ဟုပြောရင်တောင် ဘယ်သူမှယုံမည်မဟုတ်ပေ။
သို့သော် ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်၊ နောက်ကျဘာမှမဟုတ်တော့။
ဒီတော့ ဒီသတင်းမြန်မြန်ကျသွားဖို့သာမျှော်လင့်မိသည်။ မဟုတ်ရင် ရှေ့လျှောက်အေးအေးချမ်းချမ်းနေ့ရက်တွေပျောက်ဆုံးကုန်လိမ့်မည်။
သို့ရာတွင် သူ့ရုံးခန်းထဲထိုင်ရုံရှိသေး၊ ကျောက်မိုချင်းက လင်းလန်ဇီကိုခေါ်လာပြီး_
''ယောက်ျား... အစ်မလန်ဇီက ရှင်နဲ့ဆွေးနွေးစရာရှိတယ်တဲ့''
ချင်လင်က လင်းလန်ဇီကိုကြည့်ပြီးမေးလိုက်သည်_
''ပြောပါ... မိုချင်းအဆုံးအဖြတ်မပေးနိုင်တဲ့ ကျွန်တော်နဲ့ဆွေးနွေးစရာလိုတဲ့ကိစ္စက?''
လင်းလန်ဇီကပြုံးလိုက်ပြီး_
''သူဌေး... ကျွန်မရှင့်ကိုကြော်ငြာဗီဒီယိုရိုက်စေချင်တယ်... မွေးမြူရေးခြံကြော်ငြာဗီဒီယိုရိုက်ဖို့အတွက် မွေးမြူရေးခြံပေါက်ဝမှာဖန်သားပြင်အကြီးကြီးထားဖို့ ကျွန်မစီစဉ်နေတယ်''
''သူဌေးမြင်းစီးတဲ့ဗီဒီယိုက အခုအင်တာနက်မှာအရမ်းနာမည်ကြီးနေတာ... သူဌေးကိုမြင်းစီးတဲ့ကြော်ငြာဗီဒီယိုရိုက်ခိုင်းချင်လို့... ဒီကျော်ကြားမှုကိုသူဌေးအသုံးမချရင် နှမြောစရာကောင်းလိမ့်မယ်''
''မရိုက်ဘူး''
ချင်လင်ကချက်ချင်းငြင်းလိုက်သည်_
''ကျွန်တော့်ကိုနောက်နေတာလား? ကျွန်တော်ဘယ်တုန်းကမှနာမည်မကြီးချင်ဘူး... ဒီလိုဆက်လုပ်ရင် ကျွန်တော်သိုသိုသိပ်သိပ်နေခဲ့သမျှ အလကားဖြစ်မသွားဘူးလား?''
သောက်*။
သူဌေးကအပြတ်ငြင်းလိုက်သဖြင့် လင်းလန်ဇီမျက်နှာမှာ နည်းနည်းစိတ်ပျက်သွားသည်။
ဒါအရမ်းထိရောက်တဲ့ကြော်ငြာဖြစ်နိုင်တယ်လေ။
ပွင့်ပွင့်လင်းလင်းပြောရရင် သူဌေးလိုအသက်အရွယ်မှာအောင်မြင်မှုတွေရရင် မထင်ပေါ်ချင်တဲ့သူရှိလို့လား? အောင်မြင်မှုဆိုတာ ကိုယ့်တန်ဖိုးကိုသူများသိအောင်လုပ်တာပဲလို့တောင် ကြွားလုံးထုတ်ဦးမယ်။ ဒါယုံကြည်မှုနဲ့အင်အားကိုဖော်ပြခြင်းပဲလေ။
သူဌေးကဒီလောက်အောင်မြင်ထားပြီး သူ့မျက်နှာကိုလုံးဝမပြချင်ဘူးတဲ့။ အောင်မြင်မှုရဲ့ဂုဏ်ကျက်သရေကို မထီမဲ့မြင်လုပ်နေသလိုပဲ။
ဒါဝါးလုံးခေါင်းထဲလသာတာနဲ့မတူဘူးလား။


ဒါပေမဲ့ ဒါကြောင့်ပဲသူမသူဌေးအရမ်းအောင်မြင်နိုင်ကြောင်း ဝန်ခံရပေမည်။
လင်းလန်ဇီဒီလောက်အတွေးများနေမှန်း ချင်လင်မသိ။ အစကလုံခြုံရေးအတွက်သိုသိုသိပ်သိပ်နေခဲ့ခြင်းဖြစ်ပြီး သူ့လျှို့ဝှက်ချက်ကိုမပေါ်စေချင်။
နောက်ပိုင်း သိုသိုသိပ်သိပ်နေရတာ အသားကျခဲ့သည်။ နောက်ပြီး တချို့အရာတွေက အဆင့်တစ်ခုရောက်ပြီးမှေးမှိန်သွားလိမ့်မည်။ တစ်မှတ်ဖိုးလောက်အောင်မြင်မှုကို ဆယ်မှတ်ဖိုးကြွားရတာလူတိုင်းမကြိုက်ပေ။
သို့သော် လင်းလန်ဇီကဒီအတိုင်းလက်မလျှော့ချင်။ သူဌေးကမထင်ပေါ်ချင်ဘူးဆိုမှတော့ စည်းရုံးသိမ်းသွင်းကြည့်ရမည်။
''သူဌေး'' သူမကပြောလိုက်သည်_
''တကယ်လို့ ကိုယ့်အကြောင်းမပေါ်ချင်ဘူးဆိုရင် ဒီကြော်ငြာဗီဒီယိုကို ပိုရိုက်သင့်ပါတယ်... သူဌေးကိုချင်းလင်မွေးမြူရေးခြံရဲ့မြင်းထိန်းသမားလေးချင်လို့ပြောလို့ရတယ်လေ''
''မြင်းထိန်းသမားလေးချင်နာမည်ကြီးသွားရင် ဒါချင်းလင်မွေးမြူရေးခြံရဲ့သူဌေးပါလို့ပြောရင်တောင် လူတွေကယုံကြမှာမဟုတ်ဘူး... ပြီးတော့ ဒါကကြော်ငြာသက်သက်ပဲ... အချိန်တွေကြာသွားရင် ရှင့်ကိုမြင်းထိန်းသမားလေးချင်မှန်းသိရင်တောင် သိပ်အာရုံစိုက်ကြမှာမဟုတ်တော့ဘူး''
မြင်းထိန်းသမားလေးချင်?
ချင်လင်ကြောင်သွားသည်။
သူကကြင်နာတတ်တဲ့နိုင်ငံသားပါ မစ္စလင်း။
လင်းလန်ဇီကသူ့ကိုသိမ်းသွင်းဖို့ကြိုးစားပြီး ကျောက်မိုချင်းကိုတောင် အကူအညီတောင်းသလိုကြည့်လိုက်သည်။
''ယောက်ျား... ဘာလို့တစ်ကွက်လောက်မရိုက်ကြည့်တာလဲ?''
ကျောက်မိုချင်းလည်း သူ့ကိုသိမ်းသွင်းကြည့်သည်။
ချင်လင်ကကျောက်မိုချင်းမျက်နှာကိုကြည့်လိုက်ရာ သူမမျက်နှာပေါ်တွင်မျှော်လင့်ရိပ်တွေ့ရသဖြင့် သူကမေးလိုက်သည်_
''မင်းကိုယ့်ကိုဒီဟာရိုက်စေချင်ရုံပဲတော့မဟုတ်ဘူးမလား? ဘာတွေအကြံထုတ်နေတာလဲ?''
ကျောက်မိုချင်းက ရှက်စစနှင့်စာရွက်တစ်ရွက်ပေးသည်။
စာရွက်ပေါ်တွင် ရိုက်ကူးရေးအစီအစဉ်ရေးထားပြီး သူ့ကိုရှေးခေတ်အဝတ်အစားနှင့်ခြင်္သေ့လေးကိုစီးစေချင်ပုံရသည်။ အဓိကက ကျောက်မိုချင်းရဲ့အခန်းလည်းပါနေသည်။
ကျောက်မိုချင်းကလည်း ဟန်တရုတ်လူမျိုးအဝတ်အစားနှင့်။
ခြင်္သေ့လေးနဲ့ကျောက်မိုချင်းနားဖြတ်သွားတဲ့အခါ ကျောက်မိုချင်းကိုမြင်းပေါ်တန်းတင်ပြီးထွက်သွားရမည်တဲ့။
ဒီရိုက်ကူးရေးအစီအစဉ်ကအဆင့်မနိမ့်လွန်းဘူးလား?
'မင်းကလေညင်း ကိုယ်ကသဲပွင့် ကမ္ဘာပတ်လွင့်မယ်' လို့ထည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်းမရှိဘူးလား?
သို့သော် ကျောက်မိုချင်းမျှော်လင့်နေပုံကြည့်ရင်း သူကအင်တင်တင်နှင့်သဘောတူလိုက်သည်_
''ဟုတ်ပြီလေ... တစ်ကွက်လောက်ရိုက်တာပေါ့''


ကျောက်မိုချင်းတစ်ခုခုမျှော်လင့်နေတာမျိုးရှား၍ သူမကိုစိတ်ကျေနပ်အောင်လုပ်ခြင်းသာ။
သူ့အမြင်မှာ ဒီရိုက်ကူးရေးအစီအစဉ်ကအဆင့်နိမ့်သည်ထင်သော်လည်း အမျိုးသမီးများမှာ ဟန်တရုတ်အဝတ်အစားဝတ်ဖို့အိပ်မက်ရှိကြသည်။ ဟန်အဝတ်အစားကို သူတို့ချစ်သူနှင့်အတူဝတ်ရမည်ဆိုမပြောနှင့်တော့။ ဒီလိုဗီဒီယိုမျိုးရိုက်တာ ကြည်နူးစရာကောင်းလိမ့်မည်။
ချင်လင်သဘောတူသောကြောင့် လင်းလန်ဇီကချက်ချင်းပြုံးလိုက်ပြီး_
''သူဌေး... ကျွန်မပြင်ခိုင်းလိုက်တော့မယ်''
''မြင်းထိန်းသမားလေးချင်နော်'' ချင်လင်ကသတိပေးလိုက်သည်။
ချင်လင်သဘောတူ၍ ကျောက်မိုချင်းလည်းအလွန်ဝမ်းသာပြီးသံယောင်လိုက်သည်_
''ကျွန်မက HR ဌာနက ယာယီဧည့်သည်လေးကျောက်''
လင်းလန်ဇီကရှေ့သွားနောက်လိုက်ညီသောလင်မယားနှစ်ယောက်ကိုကြည့်ပြီး မြန်မြန်ခေါင်းညိမ့်လိုက်သည်။
သူဌေးသဘောတူသရွေ့ ဘာဖြစ်ဖြစ်အဆင်ပြေတယ်။ ရှောင်ချင်တွေ၊ရှောင်ကျောက်တွေက ပြဿနာမဟုတ်။
လင်းလန်ဇီကခြေမြန်လက်မြန်ပင်။
တစ်ရက်သာကြာသည်။ ဖြတ်ညှပ်ကပ်ဗီဒီယိုထဲကလို ငွေရောင်ချပ်ဝတ်တန်ဆာနှင့်ငွေရောင်လှံတံကိုအမှန်တကယ်ယူလာသည်။
ထို့အပြင် ကျောက်မိုချင်းအတွက်လည်း ဟန်တရုတ်ဝတ်စုံပါသည်။
မြင်းပြိုင်ကွင်းထဲ၌_
ချင်လင်နှင့်ကျောက်မိုချင်းရောက်လာပြီး ငွေရောင်ချပ်ဝတ်တန်ဆာကိုမြင်လျှင် နည်းနည်းအံ့ဩသွားကာ_
''ဘယ်ကရလာတာလဲ?''
လင်းလန်ဇီကပြုံးပြီး ရှင်းပြသည်_
''ရှားမြို့တော်ကပွဲမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းအရင်းကြီးရှိတယ်လေ... သူ့ကိုပို့ခိုင်းလိုက်တာ... အကြွေးဆပ်တဲ့အနေနဲ့ ကျွန်မကိုယ်တိုင်သူ့ကိုမွေးမြူရေးခြံထဲလိုက်ပို့ပေးရမယ်တဲ့''
''သူဌေး... ရှင်တို့နှစ်ယောက်အရင်အဝတ်အစားသွားလဲလိုက်ပါလား!''
သူမကထပ်ပြောလိုက်သည်။
ချင်လင်မှာ မတတ်သာပုံနှင့်ခေါင်းခါပြီး ကျောက်မိုချင်းနောက်လိုက်၍ရွက်ဖျင်တဲထဲဝင်လိုက်သည်။ ထို့နောက် ချပ်ဝတ်တန်ဆာနှင့်ဟန်ဝတ်စုံလဲလိုက်ကြသည်။
သူနှင့်ကျောက်မိုချင်းထွက်လာသောအခါ လင်းလန်ဇီမှာ ကင်မရာများဆင်ရင်း၊ ဒရုန်းများရွှေ့ကာအလုပ်ရှုပ်နေသည်။
ရိုက်ကွင်းမှာဒရုန်းလိုသည်။
လင်းလန်ဇီလည်း သူတို့နှစ်ဦးထွက်လာသည်ကိုမြင်လျှင် ပြုံးပြီးလက်ခုပ်တီးလိုက်ကာ_
''ဟုတ်ပြီ... မြင်းထိန်းသမားရှောင်ချင်နဲ့ HR ဌာနကရှောင်ကျောက်အသင့်ဖြစ်ပြီ... စရိုက်ကြတာပေါ့!''
ထို့ကြောင့် မာတီမီဒီယာဌာနမှဝန်ထမ်းများနှင့်ဖန်းပေါ်တို့အားလုံး ထူးထူးဆန်းဆန်းပြုံးမိကြသည်။
သူဌေး၊ သူဌေးကတော်၊ ရှောင်ချင်၊ ရှောင်ကျောက်?
အကွက်ရွှေ့ကောင်းလွန်းသည်ဟုသာပြောနိုင်တော့သည်။
ခြင်္သေ့လေးမှာ ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ပြီး ငွေရောင်လှံတံကိုင်ထားသောချင်လင်နားရောက်နေပြီ။ သူ့ကိုခေါင်းနှင့်ဝှေ့ပြီး သူဒီလိုဝတ်စားထားတာဝမ်းသာနေပုံရသည်။
ကျောက်မိုချင်းကိုခပ်လှမ်းလှမ်းခေါ်ထားသည်။ ချင်လင်ကအဝေးမှစီးလာကာ သူမကိုမြင်းနှင့်တင်ခေါ်သွားရမည်။
ခြင်္သေ့လေးကိုလည်း အဝေးခေါ်ထား၏။ ချင်လင်ကအဝေးမှပြေးလာကာ ခြင်္သေ့လေးကျောပေါ်လွှားခနဲခုန်တက်ရမည်။
ချင်လင်ကသူလုပ်နိုင်သည်ဟုအတည်ပြုပေးထားသည်။ ဒါကလည်းမြင်းစီးစွမ်းရည်ကပေးသောယုံကြည်မှုပင်။
''သူဌေး... ဒီအကွက်တွေကနည်းနည်းခက်တယ်... စတန့်သမားတွေတောင်မလုပ်နိုင်မှာစိုးတယ်... မလုပ်နိုင်ဘူးထင်ရင် အတင်းမလုပ်နဲ့နော်... သာမန်ရိုက်ကူးနည်းတွေပဲသုံးလို့ရတယ်''
လင်းလန်ဇီမှာ ချင်လင်မြင်းစီးထားသောဗီဒီယိုကြည့်ပြီး သူ့မြင်းစီးစွမ်းရည်ကအလွန်ကောင်းကြောင်း ဖန်းပေါ်ဆီမှတဆင့်သိထားသော်လည်း နည်းနည်းစိုးရိမ်နေသည်။
ဘာပဲဖြစ်ဖြစ် ဒါသူဌေးနဲ့သူဌေးကတော်လေ။ ကြော်ငြာဗီဒီယိုရိုက်ဖို့အတွက်နဲ့ သူတို့နှစ်ယောက်ထိခိုက်လို့မဖြစ်ဘူးမလား?
သို့သော် ရိုက်ကူးရေးစသောအခါ လင်းလန်ဇီနည်းနည်းကြောင်သွားသည်။ သူမသူဌေးက ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ထားပြီး လက်ထဲတွင်ငွေရောင်လှံတံနှင့်ပြေးသော်လည်း သူ့အရှိန်မှာကြောက်စရာကောင်းလောက်အောင်မြန်ကြောင်းတွေ့လိုက်ရသည်။
စွမ်းအားပင်အသီးနှစ်လုံးစားထားသောကြောင့် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုမြင့်နေပြီး အရှိန်ကလည်းအားလုံးပါးစပ်အဟောင်းသားဖြစ်ရမတတ်ပင်။
သူဌေးက နည်းနည်းမြန်လွန်းနေတယ်မလား?
ခြင်္သေ့လေးက သူ့သခင်ပြေးနေပုံမြင်ပြီး စိတ်လှုပ်ရှားစွာအော်လိုက်သည်။ သူ့သခင်အနားရောက်လာသောအခါ သူ့သခင်ထိန်းနိုင်မည်ဟူသောအသိနှင့် မှန်မှန်လျှောက်လာသည်။
အမှန်ပင်။ ချင်လင်နှင့်ခြင်္သေ့လေးမြန်မြန်နီးသွားပြီး သူ့မြင်းစီးစွမ်းရည်အစွမ်းနှင့်ခုန်တက်ကာ မြင်းကုန်းနှီးကိုလက်တစ်ဖက်နှင့်ကိုင်ထားလိုက်သည်။ သူ့တစ်ကိုယ်လုံးပျံတက်သွားသလိုဖြစ်ပြီး မြင်းကျောပေါ်ရောက်သွားသည်။
သူ့လှုပ်ရှားမှုကအလွန်သဘာဝကျပြီး အတားအဆီးမရှိ။ 'ခန့်သည်'ဆိုသောစာလုံးနှင့်မလုံလောက်တော့။ လုံးဝအံ့ဩစရာကောင်းသည်။
''ဗုဒ္ဓေါ!'' ဖန်းပေါ်ကကြည့်ပြီး အလန့်တကြားရေရွတ်လိုက်သည်။
လင်းလန်ဇီတို့မာတီမီဒီယာဌာနအုပ်စုမှာ မယုံနိုင်သဖြင့်ပါးစပ်အဟောင်းသားနှင့်။
ထိုမြင်ကွင်းမှာ ကွန်ပျူတာအထူးဖန်တီးချက်နှင့်တူသည်။ ရုပ်ရှင်ထဲကအင်အားရှိသောစစ်သူကြီးများနှင့်တူသော်လည်း ရုပ်ရှင်ထဲကလှုပ်ရှားချက်အားလုံးမှာ ဆယ်လီများသရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဒါပေမဲ့ အခုသူဌေးကဝါယာကြိုးတောင်မသုံး။
သူဌေးကအံ့ဩစရာမကောင်းလွန်းဘူးလား?
အမှန်ပင်ခက်ခဲသောလှုပ်ရှားမှုဆိုသော်လည်း ချင်လင်က သူ့မြင်းစီးစွမ်းရည်နှင့်စွမ်းအားပင်အသီးနှစ်လုံးကြောင့် အလွယ်တကူလုပ်လိုက်နိုင်သည်။
ချင်လင်လှုပ်ရှားပုံကြောင့် ခြင်္သေ့လေးကမြူးတူးကာအော်လိုက်သည်။
လင်းလန်ဇီက အလျင်စလိုမေးလိုက်သည်_
''စောစောကမြင်ကွင်းကိုရိုက်ထားလား? ကင်မရာတွေ ဒရုန်းတွေ!''
ဒီကြော်ငြာဗီဒီယိုက ရုပ်ရှင်နမူနာထက်ပိုပြီး စိတ်ဝင်စားစရာ၊ဆွဲဆောင်မှုရှိတာ ၁၀၀% သေချာသည်။ လူတိုင်း၏အာရုံကိုလုံးဝဆွဲဆောင်နိုင်လိမ့်မည်။
သူဌေးက လုံးဝပေါက်တော့မှာ။
မဟုတ်သေးဘူး။ မြင်းထိန်းသမားရှောင်ချင်က လုံးဝပေါက်တော့မှာ။