ဝက်တောင်ဒီလောက်ကြိုးစားနေရင် မင်းဘာအားကိုးနဲ့ပျင်းနေမလဲ?
Vol. 34 Ch. 509
'အဆီချဝက်'ဆိုသောနာမည်ကို ချင်လင်လုံးဝစိတ်ဝင်စားသွားသည်။
အဓိကအချက်မှာ ဝှက်ထားသောနံပါတ်နှင့်ကျပန်းရှားပါးမျိုးစိတ်ဖြစ်နေခြင်းပင်။
အရင်ကျပန်းထွက်လာသမျှ ပစ္စည်းကောင်းများဖြစ်ပြီး အခုတစ်ခါဝက်ပေါ်လာသည်။
ဝက်များမှာ အဆီပေါသည်၊ ဝက်သားစားလျှင်ဝိတ်တက်လွယ်သည်ဟုသိထားကြသည်။ အဆီချခြင်းနှင့်လားလားမှမသက်ဆိုင်။
ဒီဝက်ကပရိုတင်းဓာတ်များပြီးအဆီနည်းလို့ ဝိတ်ကျစေတာများလား?
ဒါသိပ္ပံနည်းနဲ့ နည်းနည်းဆန့်ကျင်မနေဘူးလား? လက်တွေ့လောကမှာ ဒီဝက်တွေကိုအလွတ်မပေးရာမကျဘူးလား?
ချင်လင်က ဝက်မှတ်ချက်ကိုကြည့်ရန် ချက်ချင်းစာရင်းပေါ်နှိပ်လိုက်သည်:
(အဆီချဝက်: အရည်အသွေး ၂)
(အမည်မသိဝက်ပေါက်မျိုးဖြစ်သည်။ သူတော်စင်မေရီတောင်တောနက်ထဲမှ မွေးမြူရေးခြံဝန်ထမ်းတစ်ဦးအမှတ်တမဲ့ဖမ်းမိသောဝက်မျိုးကို သားစပ်ထားသောဝက်ဖြစ်သည်။ အသားထွက်နည်းသောကြောင့် သတ္တုမြို့တော်မွေးမြူရေးခြံတွင် လူကြိုက်အနည်းဆုံးဝက်ပေါက်ဖြစ်သည်။ တိတိကျကျအရည်အသွေးကို ဝက်အရွယ်ရောက်လာမှသိရမည်!)
ချင်လင်က မှတ်ချက်ကိုဘာမှမဖတ်လိုက်ရသလိုကြည့်လိုက်သည်။ နတ်ဘုရားမတောင်မှအထူးမျိုးဆိုသောအချက်နှင့်အသားထွက်နည်းသည်ဆိုသောအချက်မှလွဲ၍ အသုံးဝင်သောအချက်အလက်ဘာမှပါမလာ။
သို့သော် ဒီအဆီချဝက်ကိုသူလည်းစိတ်ဝင်စားသဖြင့် ချက်ချင်းသုံးကောင်ဝယ်ပစ်လိုက်သည်။
(သင်ဝယ်ယူသောအဆီချဝက်ပေါက်များကို မွေးမြူရေးခြံပို့လိုက်ပါပြီ။ ပြန်ရောက်ရင်တွေ့ပါလိမ့်မည်!)


ချင်လင်ကအသိပေးစာဖတ်ပြီး သူ့ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံပြန်ခိုင်းလိုက်သည်။ ဝက်ခြံထဲဝင်လိုက်သောအခါ အထဲတွင်ချစ်စရာကောင်းသောပန်းရောင်ဝက်ပေါက်လေးသုံးကောင်လှဲနေသည်ကိုတွေ့လိုက်ရသည်။
ဘယ်လိုပြောရမလဲ?
ဒီအဆီချဝက်က အတော်လေးချစ်စရာကောင်းတယ်။ တချို့အိမ်မွေးဝက်တွေထက်တောင်ပိုဆွဲဆောင်မှုရှိသေးတယ်။
ဒါပေမဲ့ ဒီပုံစံနဲ့အရွယ်ရောက်ပြီးအချိန်စီးလာရင် အရမ်းအရသာရှိတယ်ဆိုရင်တောင် အရသာရှိလွန်းရင် အဆီတက်မှာပဲမလား?
ဒါဝိတ်ကျတာနဲ့ဘာမှဆိုင်မယ်မထင်ဘူး ဟုတ်တယ်မလား?
တစ်ဖက်တွင် ဝက်ပေါက်များမှာနည်းနည်းလှုပ်ရှားလာသည်။ သူတို့ကဝက်ခြံထဲတွင်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်နှင့် အလွန်ဖျတ်လတ်နေ၏။
ချင်လင်အတွေးများနေစဉ် သူ့ရုံးခန်းတံခါးကိုလာခေါက်ပြန်သည်။
ဒီတစ်ခါ လီခိုင်ကစာဖိုင်တစ်ထပ်ကြီးနှင့်ဝင်လာပြီး_ ''ဒါမင်းအတွက်... ငါ့ကိုဖြည့်ပေး... ငါစာပြန်ပို့လိုက်မယ်... သူတို့ကမကြာခင် ပိုင်ရှင်နဲ့လုပ်ငန်းစဉ်ထောက်ခံချက်ပြန်ပို့ပေးလိမ့်မယ်''
ချင်လင်ကစာဖိုင်အပုံလိုက်ကိုယူပြီးဖတ်ကြည့်သည်။ သီးသန့်ခွဲထားခြင်းနှင့်နောက်ခံလုပ်ငန်းစဉ်အကြောင်းဖြစ်သည်။
အရင်က အစ်ကိုလီကို ဒေါင်းဖြူနှင့်ခြင်္သေ့လေးအတွက်လုပ်ငန်းစဉ်များအပ်နှံထားခဲ့သည်။ သူကသက်ဆိုင်ရာဌာနမှအတန်းဖော်ကိုဆက်သွယ်ပြီး 'ချင်းလင်ဓာတ်ခွဲခန်း၏အထူးစမ်းသပ်အသုံးချမှု'ဟူသောအကြောင်းပြချက်နှင့်လျှောက်ခဲ့သည်။ ဒီလျှောက်လွှာဒီလောက်မြန်မည်ဟုမထင်မိပေ။
''အချိန်ကုန်သက်သာအောင် ငါသူ့ကိုဒီဖိုင်တွေ ဓာတ်ခွဲခန်းထဲပို့ခိုင်းလိုက်တာ''
လီခိုင်ကပြောသည်_
''မင်းမှာဒီလိုပြဿနာမျိုးတွေရှိသေးရင် တန်းသုံးလို့ရတယ်... ရုံချန်းစီရင်စုသီးသန့်ခွဲခြားရေးဌာနက သီးသန့်ထားလက်မှတ်ထုတ်ပြီး စာဖိုင်ကိုတံဆိပ်တုံးထုပေးလိမ့်မယ်''
''အစ်ကိုလီ... ဒုက္ခပေးရတာ တကယ်အားနာလိုက်တာ''
ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။
ဒါသူ့ကိုအတော်လေးအလုပ်ရှုပ်သက်သာစေသည်။ နောက်ဒီလိုတိရစ္ဆာန်မျိုးရှိလာရင် အချက်အလက်တန်းဖြည့်လိုက်ရုံပင်။ ဘာအကာအကွယ်နည်းမှစဉ်းစားစရာမလိုတော့။
ဥပမာ ခြင်္သေ့လေးကို မင်မြို့တော်သက်ဆိုင်ရာဌာနမှာမှတ်ပုံတင်ထားရင် ပိုင်ရှင်ကဘာပြဿနာမှမရှိဘဲပေါ်ပေါ်တင်တင်မွေးမြူနိုင်သည်။
''ဒါဒုက္ခများမှန်းသိနေရင်လည်း ဆုချဖို့သတိရဦး''
လီခိုင်ကတစ်ခုခုကိုရည်ရွယ်သလိုပြောလိုက်သည်။


''သိပါပြီ... သိပါပြီ!''
ချင်လင်သဘောပေါက်သည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပဲမလား? သူ့ဆီကရထားတာ ဝိုင်တစ်လုံး၊နှစ်လုံးတောင်မဟုတ်။
သို့သော် အစ်ကိုလီကချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုအတော်အာသီသရှိနေပုံရသည်။
ချင်လင်ကအချိန်ဖြုန်းမနေ။ သူက ဒေါင်းဖြူနှင့်ခြင်္သေ့လေးအတွက်လိုအပ်သော သီးသန့်ထားပုံစံနှင့်လုပ်ငန်းစဉ်များထုတ်ပြီး ကျန်းကွေ့ကျူကိုခေါ်လိုက်သည်။
ခဏအကြာ ကျန်းကွေ့ကျူအပြေးရောက်လာသည်။ သူမကကုတ်အင်္ကျီအဖြူနှင့်တိကုယူနီဖောင်းဝတ်ထားပြီး သူမအဝတ်အစားတွင် တိရစ္ဆာန်အမွေးများကပ်နေဆဲပင်။
''သူဌေး... ဘာညွှန်ကြားစရာများရှိလဲ?''
ကျန်းကွေ့ကျူကချက်ချင်းမေးလိုက်သည်။
ချင်လင်က ကျန်းကွေ့ကျူကိုစာဖိုင်များပေးပြီး_
''ဒါဒေါင်းဖြူနဲ့ခြင်္သေ့လေးရဲ့အချက်အလက်ပုံစံတွေ... ဒါတွေယူပြီးဖြည့်လိုက်ပါ... ပြီးရင် ရုံချန်းတိရစ္ဆာန်သီးသန့်ဌာနကိုဆက်သွယ်ပြီး ဒေါင်းဖြူနဲ့ခြင်္သေ့လေးအတွက်သီးသန့်စစ်ဆေးချက်ဝင်ခိုင်းလိုက်ပါ... တံဆိပ်တုံးထုပြီးရင် ဒီစာဖိုင်တွေကိုပါမောက္ခလီခိုင်ဆီပို့ပေးပါ''
''ကောင်းပါပြီ သူဌေး!''
ကျန်းကွေ့ကျူက စာရင်းကိုယူလိုက်သည်။
ဒါသူမအလုပ်။ ချင်လင်ရုံးခန်းထဲမှထွက်လာပြီး သူမကချက်ချင်း သီးသန့်ခွဲခြားရေးဌာနကိုဆက်သွယ်လိုက်သည်။
ရုံချန်းသီးသန့်ခွဲခြားရေးဌာနမှာ ရုံချန်းတွင်ဌာနခွဲတစ်ခုသာဖြစ်သည်။ ချင်းလင်စံအိမ်၏ကိစ္စများကိုလျစ်လျူမရှုရဲ။ ချင်းလင်စံအိမ်က စီရင်စုအတွက်ဘယ်လောက်အရေးကြီးလဲ အားလုံးအသိပင်။
ထို့ကြောင့် နေ့လယ်ပိုင်းတွင် ကျန်းကွေ့ကျူကပုံစံများဖြည့်ပြီး ရုံချန်းတွင်သီးသန့်ထားလက်မှတ်တံဆိပ်တုံးထုပြီးသောအခါ လီခိုင်ဆီအားလုံးပို့လိုက်သည်။ သူကမင်မြို့တော်ကိုမေးလ်ပို့လိုက်၏။
...
ဝက်အမျိုးအစားများစွာရှိပြီး အားလုံးမတူကြ။ တချို့ကိုအချိန်တိုတိုနှင့်မွေးမြူနိုင်ပြီး တချို့ကိုအကြာကြီးမွေးရသည်။ ပျမ်းမျှကြာချိန်နှစ်ဝက်ခန့်ရှိသည်။
ထို့ကြောင့် နောက်တစ်နေ့နေ့လယ်မတိုင်ခင် အဆီချဝက်အရွယ်ရောက်ပြီဖြစ်ကြောင်း စနစ်မှအသိပေးစာကိုချင်လင်ရလိုက်သည်။
အရင်ဆုံး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံသွားကာ ဝက်ခြံထဲဝင်စေလိုက်သည်။
သို့ရာတွင် ဝက်ခြံထဲ၌ အဆီချဝက်သုံးကောင်ကိုပြန်တွေ့ရသောအခါ သူနည်းနည်းကြောင်သွားသည်။
အဆီချဝက်သုံးကောင်မှာ ပန်းရောင်နှင့်ချစ်စရာလေးမဟုတ်တော့။ သူတို့အသားကဂျုံပင်အရောင်ပြောင်းပြီး ဝက်မွေးကထူးထူးခြားခြားတိုတိနေသည်။
ပုံစံက အမေရိကန်မှဒူးရော့ဝက်မျိုးနှင့်တစ်ပုံစံတည်း။
အမေရိကန်ဒူးရော့ဝက်မှာလည်း အလွန်နာမည်ကြီးသောဝက်မျိုးဖြစ်သည်။ အစကပြည့်ပြည့်ဖြိုးဖြိုးဝက်မျိုးဖြစ်သော်လည်း နောက်ပိုင်းစျေးကွက်လိုအပ်ချက်အရ ပိန်ပိန်ပါးပါးဝက်များအဖြစ်ပျိုးထောင်လိုက်ကြလေသည်။