ဝက်တောင်ဒီလောက်ကြိုးစားနေရင် မင်းဘာအားကိုးနဲ့ပျင်းနေမလဲ? ၂
Vol. 34 Ch. 510
သို့ရာတွင် ဒီအဆီချဝက်နှင့်အမေရိကန်ဒူးရော့ဝက်ကြား ကွာခြားမှုရှိသည်။
အဆီချဝက်က အရွယ်ရောက်လာပြီးသိပ်မကြီးတော့။ ဒူးရော့ဝက်လောက်မကြီးသော်လည်း ဟိုရှီနိုပြည်နယ်မှပျိုးထောင်ဖူးသောဒူးရော့ဝက်ငယ်မျိုးနှင့်နည်းနည်းဆင်သည်။
ဒူးရော့ဝက်ငယ်မျိုးကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖူးသည်ဟုကောလာဟလရှိသော်လည်း ပျိုးထောင်ခြင်းမအောင်မြင်၍ နောက်ပိုင်းစျေးကွက်မတွင်ကျယ်ခဲ့ပေ။
ခန္ဓာကိုယ်အရွယ်အစားက အဓိကအကျဆုံးတော့မဟုတ်။
ချင်လင်အအံ့ဩရဆုံးက ထိုအဆီချဝက်သုံးကောင်မှာကြွက်သားများထွက်နေခြင်းဖြစ်သည်။
အမှန်ပင်။ ထိုဝက်မှာကြွက်သားများရှိပြီး ခြေထောက်လေးချောင်းကတုတ်ခိုင်နေသည်။
ယုံနိုင်ပါ့မလား?
သာမန်ဝက်တွေနဲ့ယှဉ်ကြည့်ရင် ဒီဝက်ကဝက်တွေကြားမှာ ကာယဗလဝက်မျိုး။
နောက်ပြီး ဒီအဆီချဝက်သုံးကောင်ကအရင်အတိုင်း ဝက်ခြံထဲရှေ့သွားလိုက်နောက်သွားလိုက်နှင့်အစွမ်းကုန်တက်ကြွနေသည်။
အဆီချဝက်များ၏ထူးထူးခြားခြားပုံစံကိုကြည့်ရင်း ချင်လင်ကအရည်အသွေးကိုသိချင်လာသည်။ သူကချက်ချင်းရုံးခန်းတံခါးပိတ်ပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ချင်လင်ကချက်ချင်းမွေးမြူရေးခြံထဲသွားပြီး အဆီချဝက်သုံးကောင်ကိုကြည့်လိုက်သည်။ အပြင်မှာဝက်သုံးကောင်ကိုမြင်ရတော့မှ အသားထွက်နည်းသည်ဟူသောမှတ်ချက်ကိုသဘောပေါက်တော့သည်။


အသားကသိပ်မရှိ၊ အလွန်ဆုံး ဂျာမန်သိုးထက်နည်းနည်းသာကြီးမည်။
တကယ်တော့ ဝက်သုံးကောင်ကနည်းနည်းရူးနှမ်းနှမ်းပုံပေါက်သည်။ ကမူးရှူးထိုးနှင့်ရှေ့သွားနောက်ပြန်လုပ်ပြီး တအစ်အစ်အသံများတောင်ထွက်နေသည်။
ထိုပုံစံကြောင့် လူများအရမ်းသဘောကျခြင်းပင်။
ချင်လင်ကရှေ့တိုးပြီး ဝက်တစ်ကောင်ကိုဖမ်းလိုက်သည်။ ဖမ်းပြီးတာတောင် ဝက်ကရုန်းနေသေးသည်။ အားလည်းအရမ်းသန်သည်။
သူ့ကြွက်သားတွေက အလကားမဟုတ်။
ထို့နောက် သူကမှတ်ချက်ကိုဖတ်လိုက်သည်:
(အဆီချဝက်: အရည်အသွေး ၂)
(နတ်ဘုရားမတောင်မှအမည်မသိဝက်မျိုးနှင့်အမေရိကန်ဒူးရော့ဝက်မျိုးကိုစပ်ထားသော သားစပ်ဝက်မျိုးဖြစ်သည်။ ဒူးရော့ဝက်မျိုးနှင့်ဆင်တူသော်လည်း သားစပ်ထားသောကြောင့် အလွန်ထူးဆန်းနေသည်။ သူ့ဘာသာနေ့တိုင်းပြေးတတ်ပြီး မယုံနိုင်စရာအားကစားတချို့တောင်လုပ်နိုင်သည်။ ခံနိုင်ရည်အလွန်မြင့်သောကြောင့်လည်း အဆီချဝက်၊ကာယဗလဝက်ဖြစ်နေသည်။)
(အထူးအရည်အသွေးများ:
တက်ကြွမှု +၂၊ သက်လုံနှင့်ခံနိုင်ရည် +၂။
အရွယ်ရောက်ပြီး:
အမြင့်ဆုံးကြွက်သားခွန်အား +၂၊ အရသာ -၂၊ စားကောင်းခြင်း -၂!)
ချင်လင်ကမှတ်ချက်ကြည့်ပြီး ဝက်သားကပရိုတင်းဓာတ်မြင့်မယ်၊ အဆီဓာတ်နည်းမယ်၊ ဝက်သားစားရင်ဝိတ်ကျမယ်ဟု သူခန့်မှန်းထားတာ တက်တက်စင်အောင်လွဲသွားကြောင်းသိလိုက်ရသည်။
နောက်ပြီး အဆီချဝက်ဆိုတာဘာလဲ သူသေချာသိလိုက်ပြီ။
နေ့တိုင်းပြေးပြီး မယုံနိုင်စရာအားကစားတွေလုပ်တဲ့ဝက်မျိုးမြင်ဖူးလား? မွေးဖို့ဖမ်းထားတဲ့ဒီဝက်က နတ်ဘုရားမတောင်ကဝိညာဉ်တွေဖြစ်နိုင်လား?


ဒီဝက်ကစားဖို့မဟုတ်၊ မွေးဖို့။
အဓိကအချက်မှာ တက်ကြွမှု၊ သက်လုံနှင့်ခံနိုင်ရည်၊ ကြွက်သားခွန်အားအရည်အသွေးများက ဝက်အတွက်သင့်တော်သည်။ ထို့အပြင် အားလုံးက +၂ ဖြစ်သည်။
ဒီအရည်အသွေးတွေက လူတွေတောင်အားကျလောက်တယ်မလား?
ဒီဝက်ကိုအောင်အောင်မြင်မြင်လေ့ကျင့်ပေးပြီး တစ်ကောင်လောက်မွေးထားပြီဆိုပါစို့၊ အပြေးမှာသူတို့အိမ်မွေးဝက်ကိုမယှဉ်နိုင်ဘဲ သူတို့ခြေကုန်လက်ပမ်းကျသွားရင်တောင် အိမ်မွေးဝက်ကဆက်ပြေးနေမှန်းသာသိသွားရင် ဘယ်လောက်စိတ်ဓာတ်ကျစရာကောင်းလိုက်မလဲ?
အထူးသဖြင့် သူကလေ့ကျင့်ပြီး ဘာကြွက်သားမှတက်မလာ၊ တစ်ဖက်မှာ သူ့မွေးထားတဲ့ဝက်က ကြွက်သားအမြောင်းမြောင်းနဲ့ဆို စိတ်ဓာတ်မပြိုလဲရဘူးလား?
အဲဒီအချိန်ကျရင် သခင်ကဝက်ကိုစားချင်စိတ်တောင်ပေါက်လာနိုင်သည်။
အဲဒါကြောင့် အရသာ -၂၊ စားကောင်းခြင်း -၂ နဲ့ ကာကွယ်ပေးထားတာများလား?
ဒီလိုအရည်အသွေးမျိုးထပ်ဖြည့်ထားပြီး ဝိညာဉ်ကပေါက်ဖွားလာတာမဟုတ်ဘူးဆိုရင် ဘယ်သူမှယုံမှာမဟုတ်။
ချင်လင်ကဝက်သုံးကောင်ကိုကြည့်ရင်း ချက်ချင်းအပြင်ထုတ်ဖို့စိတ်ကူးရလာသည်။ သူဝက်ပေါက်လေးတွေပိုထုတ်ရမည်။
ဒီအဆီချဝက်က မွေးမြူရေးခြံရဲ့အံ့ဩစရာတစ်ခုသေချာပေါက်ဖြစ်လာလိမ့်မည်။
ပိုပြီးရင်ထဲထိအောင်လုပ်ချင်ရင် အဆီချဝက်လှုပ်ရှားတဲ့နေရာမှာ စာတန်းကပ်ထားနိုင်သည်:
ဝက်တောင်ဒီလောက်ကြိုးစားနေရင် မင်းဘာအားကိုးနဲ့ပျင်းနေမလဲ?
ဒီထက်ပိုထိအောင်လုပ်ချင်ရင် လော်စပီကာတိုက်ရိုက်တပ်ပြီး ခရီးသည်များကိုအော်ရလိမ့်မည်။
ချင်လင်ကဂိမ်းထဲမှထွက်ပြီး ရုံးခန်းထဲပြန်ရောက်လာသည်။ ထို့နောက် စံအိမ်ထဲတွင်ဝန်ထမ်းတစ်ယောက်ကို လှောင်အိမ်ကြီးကြီးရှာခိုင်းသည်။ ပြီးလျှင် ဂိုဒေါင်ဆီ ထရပ်ကားနှင့်မောင်းသွားလိုက်သည်။
ဂိုဒေါင်ရောက်သောအခါ ကားပေါ်မှဆင်းပြီး လှောင်အိမ်ကိုဂိမ်းထဲယူသွားလိုက်သည်။ ဝက်ခြံထဲရောက်လျှင် အရင်ဆုံးအရွယ်ရောက်ပြီးသားအဆီချဝက်သုံးကောင်ကိုလှောင်အိမ်ထဲထည့်၍ ဂိမ်းထဲမှထုတ်လိုက်သည်။
ထို့နောက်_
ဂိမ်းဖန်သားပြင်ကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံမှထွက်ခိုင်းလိုက်သည်။ သူက NPC ကုန်သည်ဆီသွား၍ အဆီချဝက်ပေါက်သုံးကောင်ဝယ်မည်ကိုထပ်ရွေးလိုက်သည်။
ဝက်ခြံထဲတွင် ဝက်စားခွက်သုံးခွက်သာရှိသောကြောင့် အရင်ဆုံးသုံးကောင်သာဝယ်နိုင်သည်။ ထို့နောက် ဂိမ်းထဲဝင်ပြီး ပန်းရောင်ဝက်ပေါက်လေးသုံးကောင်ကိုဂိမ်းထဲမှထုတ်လိုက်သည်။ ပြီးလျှင် ဂိမ်းဇာတ်ကောင်ကိုထပ်ဝယ်ခိုင်းလိုက်သည်။
ဒီအတိုင်း ၅ ကြိမ်ဆက်လုပ်ပြီး ဝက်ပေါက် ၁၅ ကောင်ထုတ်ပြီးမှသာရပ်လိုက်သည်။
အရွယ်ရောက်ပြီးသားအဆီချဝက်သုံးကောင်နှင့်အဆီချဝက်ပေါက် ၁၅ ကောင်ဆိုလုံလောက်ပြီ။ ဘာပဲဖြစ်ဖြစ် မွေးမြူရေးခြံက ဝက်မွေးမြူရေးအခြေခံမဟုတ်သောကြောင့် ဝက်ခြံမှာနေရာအကန့်အသတ်ရှိနေသည်။ ဒီအဆီချဝက်တွေအတွက်နေရာများများစားစားမရှိ။
ချင်လင်ကထရပ်ကားပေါ်တက်ပြီး ကားစက်နှိုးကာ ဝက်များကိုမွေးမြူရေးခြံဆီခေါ်သွားသည်။
ကားပေါ်၌_
ဝက်များကိုလှောင်အိမ်ထည့်ထား၍ တအစ်အစ်အော်နေကြလျက်။
မွေးမြူရေးခြံပြန်ရောက်သောအခါ ချင်လင်ကရန်သုံ့ကိုဖုန်းဆက်ပြီး ဝက်ခြံဘက်ကားမောင်းသွားလိုက်သည်။
မွေးမြူရေးခြံဝန်ထမ်းခန့်ရတာလွယ်သည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်မှာအလုပ်လုပ်ချင်သူတွေ ရုံချန်းမှာအများကြီး။ ချင်းလင်မွေးမြူရေးခြံမှာလူသစ်ခေါ်ရင် အိမ်နီးချင်းစီရင်စုနှစ်ခုမှလူတွေတောင်လာလျှောက်ကြသည်။
သို့သော် မွေးမြူရေးခြံတွင် စီမံရေးဝန်ထမ်းလုံးဝလိုအပ်နေသည်။ အတော်များများကို စံအိမ်မှလွှဲယူထားရသည်။ ထို့နောက် စံအိမ်ကဝန်ထမ်းဟောင်းများကိုရာထူးတိုးပေးပြီး နေရာလွတ်ထပ်ဖြည့်ရလိမ့်မည်။ ဒါကလည်း ဝန်ထမ်းဟောင်းများကိုအခွင့်အရေးပေးခြင်းပင်။