နှစ်ယောက်ပေါင်းစွမ်းအား
Vol. 11 Ch. 26
“ဟေးဟေးဟေး... အဲဒီလက်နက်က တော်တော်အန္တရာယ်များတာပဲ။”
ယင်ကောင်က သုံးဘက်ထောက်အနေအထားနဲ့ မြက်ခင်းပြင်ပေါ်မှာရှိနေပြီး သူ့ရှေ့က ရန်သူကို ကြည့်လိုက်တယ်။ အသစ်ဖြစ်တည်လာတဲ့ Archmega Prime Xက တော်တော်လေးအစွမ်းထက်တယ်။ ခွန်အားပိုင်းမှာ သိသိသာသာတိုးတက်မလာပေမဲ့ အမြန်နှုန်းပိုင်းမှာ သူ့ကိုလိုက်မီလာပြီး လွှစက်ကလည်း တကယ့်ကိုကြောက်စရာပဲ။
“စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။” ယင်ကောင်က သူ့ရဲ့ထက်ပိုင်းပြတ်နေတဲ့ ဘယ်လက်ကိုကြည့်လိုက်တယ်။ Archmega အသင့်အဖြစ်သေးခင် ဝင်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့ တစ်ဖက်က လွှစက်ကိုသုံးပြီး သူ့ခါးကိုဖြတ်ဖို့ ကြိုးစားခဲ့တာကြောင့် လေထုထဲမှာ လှိမ့်ရှောင်ခဲ့ရာကနေ လုံးလုံးမလွတ်ဘဲ လက်တစ်ဖက်ပါသွားခဲ့တာပါ။
“ဒီတော့ဘာဖြစ်လဲ... ငါ့ဒဏ်ရာတွေက ပြန်ကောင်းလာနိုင်တာပဲဥစ္စာ။”
ယင်ကောင်က သူ့ပခုံးကိုလက်နဲ့ပုတ်လိုက်တယ်။ ပြတ်သွားတဲ့လက်က ချက်ချင်းပြန်ထွက်လာပြီး သူက ပြုံးလိုက်တယ်။ သူ့ခြေထောက်တွေက မြက်ခင်းပြင်မှာ ခြေကုပ်ရယူပြီး အပြေးသမားတစ်ယောက်လိုမျိုး ရှေ့ကို ခုန်ထွက်လိုက်တယ်။
ဝုန်း....
လေထုပေါက်ကွဲသံနဲ့အတူ အနီးအနားက မြေကြီးတွေ လေထုထဲမြောက်တက်လာတယ်။ စက္ကန့်တစ်ခုရဲ့အပိုင်း တစ်ခုစာအတွင်းမှာပဲ သူက ဝါးဖရိန်နားကိုရောက်လာပြီး ဝါးဖရိန်ရဲ့ရင်ဝကို ခြေနဲ့ဆောင့်ကန်တယ်။ ဝါးဖရိန်က သာသာလေး ဘေးကိုလှိမ့်ရှောင်လိုက်ပြီး ညာလက်ကိုမြှောက်ကာ ဗုံးလောင်ချာနဲ့ ယင်ကောင်ကို ချိန်ပစ်တယ်။
ဖျောက်... ဖျောက်... ဖျောက်...
အရင်ကထက် အရွယ်အစားပိုသေးပေမဲ့ ပိုမြန်ပြီး ပေါက်ကွဲအားပိုပြင်းထန်တဲ့ အလင်းဗုံးတွေက ယင်ကောင်ဆီကို ပြေးဝင်လာတယ်။ ယင်ကောင်က အလင်းဗုံးတွေကို ခက်ခက်ခဲခဲရှောင်ရှားလိုက်ပြီး လေထုထဲမှာတင် ကိုယ်ကိုတစ်ပတ်လှည့်ကာ ဝါးဖရိန်ရဲ့ရင်ဝကို လက်သီးနဲ့ထိုးချလိုက်တယ်။ သူ့ရဲ့အံ့မခန်းခွန်အားကြောင့် ဝါးဖရိန်ချပ်ဝတ်က နည်းနည်းအက်သွားပေမဲ့ မကြာခင်မှာပဲ ငွေရောင်သတ္တုအရည်တွေက အက်ကြောင်းထဲဝင်လာပြီး ပြန်ကောင်းသွားတယ်။
“သေစမ်း....” ယင်ကောင်က သူ့နားနီးကပ်လာပြန်တဲ့ လွှစက်ကြီးကြောင့် နောက်ကိုခုန်ဆုတ်ပြီး ဘေးအန္တရာယ်ကို ရှောင်ရှားလိုက်ရတယ်။
ဗျီး... ဗျီး.... ဗျီး...
ဟားဟားဟား... ဟားဟားဟား...
လွှစက်က လေကိုပဲခုတ်မိသွားပေမဲ့ စိတ်ညည်းညူစရာ အင်ဂျင်သံကြီးနဲ့ ဖရာလီတာရဲ့အရူးတစ်ယောက်လို ရယ်သံက လေထုထဲမှာ လွင့်မျောကျန်နေရစ်ပါတယ်။
“နင်တစ်ယောက်တည်းပဲ ပြန်လည်ကုစားနိုင်စွမ်းရှိသေးတယ်လို့ထင်နေတာလား။ အခုငါ့မှာလည်း ပြန်လည်တည်ဆောက်နိုင်စွမ်း ရှိသွားပြီဟဲ့။”
ဟားဟားဟား... ဟားဟားဟား...
ယာဥ်မောင်းခန်းထဲမှာ ဖရာလီတာက အဆက်မပြတ်ရယ်မောနေတယ်။ သူ့ရဲ့ငွေရောင်မျက်လုံးတွေက ကြယ်တွေလိုမျိုး တောက်ပနေပြီးတော့ သူ့ဆံပင်တွေကိုသူ ဆုပ်ကိုင်ကာ ခေါင်းကိုဆွဲမော့လိုက်ရင်း ပြောလိုက်ပါတယ်။
“ခန္ဓာကိုယ်ရှိရတာ တကယ့်ကိုဝမ်းသာစရာပဲ။ အဲဒီကောင်ရဲ့အမွေအနှစ်ကျောက်ထဲမှာ ငါ့ရဲ့ဝိညာဥ်တစ်ပိုင်းတစ်စကို မြုပ်ထားနိုင်ခဲ့တာ သိပ်ကောင်းတယ်။ အခုတော့ လက်စားမချေခင် လိုက်ပွဲလေးစားရတာပေါ့။”
ဘုန်း.... ဘုန်း... ဘုန်း....
အလင်းဒြပ်စင်ဗုံးတွေက အနီးအနားမှာရှိနေတဲ့ အဆောက်အဦးတွေကို သွားမှန်တယ်။ သူတို့နှစ်ယောက်က အသံမြန်နှုန်းအထက်မှာတိုက်ခိုက်နေကြတာမလို့ မသိလိုက်ခင်မှာပဲ မြို့ပြင်ကနေ မြို့တွင်းကို ပြန်ရောက်လာပြန်ပြီ။ အလင်းဗုံးတစ်လုံးချင်းစီက နှစ်ထပ်တိုက်အဆောက်အဦးတစ်လုံးကို ပြာချပစ်နိုင်တဲ့အထိ စွမ်းအားကြီးနေပြီဖြစ်ပြီးတော့ အရင်ဗားရှင်းဟောင်းအလင်းဗုံးတွေနဲ့ယှဥ်ရင် သုံးဆလောက် ပိုအစွမ်းထက်ပါတယ်။ ဒါပေမဲ့ ယင်ကောင်ကတော့ မဖြစ်နိုင်တဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုသုံးပြီး လွတ်လွတ်လပ်လပ် ရှောင်ရှားနေဆဲပါ။
“တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ဖက်ပဲ။ အရင်လို ထုနှက်ခံရရုံနဲ့ပျက်စီးသွားမယ့် စည်သွပ်ဘူးမဟုတ်တော့တာ ကျေးဇူးတင်ရမယ်။”
ယင်ကောင်က ခနဲ့တဲ့တဲ့ပြောလိုက်ပြီး အနားမှာရှိနေတဲ့ ကားတစ်စီးကို ဆွဲမြှောက်ကာ ဝါးဖရိန်ဆီကောက်ပစ် တယ်။ ဝါးဖရိန်က လွှစက်နဲ့ကားကို ထက်ပိုင်းဆွဲဖြဲပြီး အထဲကနေ ဖရာလီတာရဲ့ရူးသွပ်နေတဲ့ရယ်သံနဲ့စကားက ထွက်ပေါ်လာပြန်တယ်။
“ပြေးဖို့ပြင်နေပြီလား... သောက်ရူးဂြိုဟ်သားကောင်လေး။”
“မပြေးပါဘူးနော်...” ကားအပျက်အစီးတွေနောက်ကနေ ယင်ကောင်ရဲ့အသံ ထွက်လာတယ်။ ယင်ကောင်က လက်ထဲမှာ ကွန်ကရစ် ဓာတ်တိုင်တစ်တိုင်ကို ကိုင်ထားပြီး ဝါးဖရိန်ရဲ့ရင်ဝကို ဆောင့်ထိုးလိုက်တယ်။
ဘုန်း...
ဝါးဖရိန်က ဇက်သတ္တုနဲ့လုပ်ထားတာဖြစ်ပေမဲ့ ယင်ကောင်က ဓာတ်တိုင်ကို သူ့ရဲ့အမြင့်ဆုံးမြန်နှုန်းနဲ့ပြေးရင်း ကိုင်ထားခဲ့တာပါ။ ဒါကြောင့် အားနှစ်ခုထိပ်တိုက်ရင်ဆိုင်မိရာကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်အားအဟုန်က ကြီးမားလွန်းပါတယ်။
ဖြောင်း...
ကွန်ကရစ်ဓာတ်တိုင်က မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်စစီကျိုးပဲ့သွားတယ်။ ဇက်သတ္တုအကာအကွယ်ပေါ်မှာ အက်ကြောင်းတွေပေါ်လာပြီး ငွေရောင်သတ္တုရည်တွေက ပြန်လည်ကုစားဖို့ကြိုးစားနေပေမဲ့ အချိန်အနည်းငယ်လိုပါသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ယင်ကောင်က အခွင့်ကောင်းယူပြီး လက်သီးနဲ့အားကုန်ထိုးချလိုက်တယ်။
ဖြတ်...ဖြတ်...
စက္ကန့်အနည်းငယ်အကြာမှာပဲ ယင်ကောင်ရဲ့လက်ထဲမှာ ငွေရောင်တောက်ပနေတဲ့ စွမ်းအင်ဗဟိုချက်ရှိနေပြီး ဝါးဖရိန်က အလင်းတွေအရောင်မှေးမှိန်သွားတယ်။ ယင်ကောင်ကတော့ သူ့ရဲ့တိုက်ခိုက်မယ့်ပုံစံကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ကိုနောက်ပစ်ကာ ရပ်လိုက်တယ်။ ဝါးဖရိန်ကတော့ အဲဒီအချိန်အတွင်းမှာ စွမ်းအင်ပြတ်လတ်မှုကြောင့် ဒူးထောက်ကျသွားပြီ။
“ဘယ်လောက်စွမ်းအားကြီးတဲ့ စက်ရုပ်ပဲဖြစ်နေပါစေ၊ စွမ်းအင်အရင်းအမြစ်မရှိရင် အလုပ်မလုပ်နိုင်တော့ဘူး မဟုတ်လား။ သွားသေလိုက်တော့...”
ယင်ကောင်က သူ့ခြေထောက်ကိုမြှောက်ပြီး ဝါးဖရိန်ကို အပြီးသတ်ဖျက်ဆီးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဝါးဖရိန်ရဲ့ညာလက်က ရုတ်တရက်မြောက်တက်လာပြီး သူ့ခြေထောက်ကို ဖမ်းဆွဲလိုက်တယ်။
“ဘာ....”
“နင်ပြောတာက သာမန်အခြေအနေမှာဆိုရင် မှန်ပါတယ်။ ဒါပေမဲ့ ငါက စက်ယန္တရားတွေရဲ့သခင်မလေ။”
ဖရာလီတာက ယင်ကောင်ရဲ့ခြေထောက်ကို အားကုန်ဆွဲညှစ်ကာ လိမ်ချိုးလိုက်ပြီးနောက် အဝေးကို ပစ်ထုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မြေအောက်က သတ္တုရည်တွေက ဗလာဟင်းလင်းဖြစ်နေတဲ့ စွမ်းအင်ဗဟိုချက်ကို ပြန်လည်တည်ဆောက်ပေးလိုက်တယ်။ ဝါးဖရိန်က အကောင်းအတိုင်းပြန်ဖြစ်နေပါပြီ။
“တကယ့်ကို ဖျက်ဆီးရခက်တဲ့ စက်ရုပ်ပါလား။ ဒီနေ့တော့ အိမ်ပြန်နောက်ကျပြီနဲ့တူတယ်။”
ယင်ကောင်က လဲကျနေရာကနေ ပြန်ထလိုက်ပြီး ပြောလိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ ရွံတွေပေကျံလို့။ တိုက်ရင်းခိုက်ရင်းကနေ လမင်းရေကန်နားကို သူပြန်ရောက်လာတာပါ။ လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကမှ ခြေထောက်လိမ်ချိုးခံခဲ့ရပေမဲ့ အဲဒီခြေထောက်ကလည်း အကောင်းအတိုင်းပြန်ဖြစ်နေပါပြီ။
ဘုတ်...
အဲဒီအချိန်မှာပဲ ယင်ကောင်ရဲ့အနားကို ဧရာမပုရွက်ဆိတ်ခေါင်းကြီး ပြုတ်ကျလာတယ်။ ခေါင်းသက်သက်ပဲဖြစ်ပြီး ခန္ဓာကိုယ်မပါပါဘူး။ သူနောက်ကို လှည့်ကြည့်လိုက်တော့ ပုစဥ်းက ပုရွက်ဆိတ်ဘုရင်မရဲ့ခန္ဓာကိုယ်ကို ဝါးမျိုစားသောက်နေပြီး တိုက်ပွဲအနိုင်ရသူထွက်ပေါ်လာပြီမှန်း ပြောနိုင်ပါတယ်။
“ဒီခန္ဓာကိုယ်က အဲဒီသောက်ရေးမပါတဲ့သတ္တဝါရဲ့အစေခံဖြစ်ဖို့ လေ့ကျင့်ပေးခံထားရတာတဲ့။ ဒါပေမဲ့ အခုတော့ အားလုံးပြီးဆုံးသွားပါပြီ။”
နောက်နည်းနည်းကြာတော့ ဒီပမဟုတ်တော့တဲ့ဒီပက ယင်ကောင်နားမှာ ဝင်ရပ်လိုက်တယ်။ ယင်ကောင်က ပြုံးလိုက်ပြီး...
“ မွေးဖွားလာပြီး သိပ်မကြာသေးတာတောင် အဆင့်မြင့် အယ်ဖာတစ်ယောက်ကို အနိုင်တိုက်နိုင်ခဲ့တာပဲ။”
“ဒီလောက်က ဘာမှမဟုတ်ပါဘူး။” ဒီပက စကားစကို ဖြတ်လိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့ ဝါးဖရိန်ကို ယင်ကောင်နဲ့အတူ ပြိုင်တူကြည့်လိုက်တယ်။
“ဒီတိုက်ပွဲက တစ်ကိုယ်တော်တိုက်ပွဲမဟုတ်တာ ငါကိုယ်တိုင်တောင် မေ့နေတာပဲ။ ဒါပေမဲ့ အသုံးမကျတဲ့ အမှိုက်တစ်ခုက နှစ်ခုဖြစ်သွားရုံပဲမဟုတ်လား။ ငါက နင်တို့ကို စိတ်ကြိုက်မီးကင်ပစ်မှာ။ ဟားဟားဟား... ဟားဟားဟား....”
ဖရာလီတာက နောက်တစ်ကြိမ်တစ်ခန်းလွတ်နေတဲ့ ပုံစံနဲ့ ထပ်ပြီးရယ်မောရင်း ရန်စပြန်တယ်။ ဝါးဖရိန်ကလည်း အငြိမ်မနေဘဲ အလင်းဒြပ်စင်အမြောက်နဲ့ ပိုးကောင်နှစ်ကောင်လုံးကို ပစ်ခတ်လိုက်ပါတယ်။ ယင်ကောင်နဲ့ပုစဥ်းက အသံမြန်နှုန်းကို ချက်ချင်းချိုးဖောက်ပြီး အသာအယာရှောင်ရှားလိုက်တယ်။
“ပုစဥ်း.... အဲဒီစက်ရုပ်ကို လူပုံစံနဲ့ပဲတိုက်။ ပိုးကောင်ပုံစံနဲ့ဆိုရင် သူ့ရှေ့မှာ ဧရာမပစ်မှတ်ကြီး ဖြစ်သွားတာပဲ အဖက်တင်လိမ့်မယ်။”
ယင်ကောင်က အတွေ့အကြုံရင့်စစ်သည်တော်ပါ။ သူက ဒီလိုအခြေအနေမျိုးမှာ မလုပ်သင့်တဲ့အရာတွေကို သိနေတယ်။ ပုစဥ်းကလည်း ခေါင်းညိတ်လိုက်ပြီး
“ငါလည်း ဒီလောက်တော့နားလည်တယ်။ ဒါပေမဲ့ အနိုင်တိုက်ဖို့ ဗျူဟာကရော။ ဒီတိုင်းဆိုရင်တော့ သူ့ကို ငါတို့ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။”
ယင်ကောင်ကလည်း တစ်ဖန်ပြန်ပြောတယ်။ “ပုရွက်ဆိတ်ဘုရင်မကသေပြီ၊ ပုရွက်ဆိတ်စစ်တပ်လည်း ပြန်ဆုတ်သွားပြီ။ နောက်တပ်ကူတွေရောက်မလာခင် သူ့ကိုအပြတ်ရှင်းရမယ်။ အကောင်းဆုံးကတော့ သူ့ရဲ့ပြန်လည်တည်ဆောက်နိုင်စွမ်းထက် ကျော်လွန်တဲ့ အဖျက်စွမ်းအားပေးပြီး လူနဲ့စက်ရုပ်ကိုခွဲထုတ်တာပဲ။”
“ဒါဆိုလည်း စကြတာပေါ့။”
အဲဲဒီနောက်တော့ သူတို့နှစ်ယောက်လုံး အသံမြန်နှုန်းကို ချိုးဖောက်ပြီး ဝါးဖရိန်ရဲ့ဘယ်တစ်ဖက် ညာတစ်ဖက်စီမှာ နေရာယူကာ ပေါ်လာပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်ဆက်သွယ် ထားတဲ့အလား ခြေကန်ချက်တွေကို ပြိုင်တူထုတ်ဖော်ပြီး ဝါးဖရိန်ရဲ့လက်က လက်နက်တွေကို ဖျက်ဆီးလိုက်တယ်။
ဖြောင်း....
ငွေရောင်လွှစက်ကြီးရဲ့အသွားတွေ တစ်စစီကျိုးပဲ့သွားသလို အလင်းဗုံးအမြောက်လည်း ပဲ့ကြွေသွားပြီ။ ဒါပေမဲ့ ပိုးကောင်နှစ်ကောင်လုံးရဲ့ခြေထောက်တွေက မရပ်တန့်သေးဘဲ ဝါးဖရိန်ကိုဆက်ဖျက်ဆီးဖို့လုပ်တယ်။ တစ်ဖက်မှာတော့ ဝါးဖရိန်ရဲ့ရင်ဘတ်က ပွင့်လာပြီး အလင်းတန်းတစ်ခုက မြေပြင်ကိုတိုက်ရိုက်ဝင်တောင့်တယ်။
[Ultimate Skill: Dragon Blast!]
အားကောင်းတဲ့အလင်းဒြပ်စင်တန်းက မြေပြင်နဲ့အနီးကပ်ရိုက်မိပြီး အလင်းမှုန်တွေက ဆူနာမီတစ်ခုလိုမျိုးလှိုင်းတွေအဖြစ်နဲ့ ဝါးဖရိန်ရဲ့အရပ်ရှစ်မျက်နှာကို ပြန့်နှံသွားတယ်။ အလင်းမှုန်တွေကြားထဲ အသက်ပျောက်မသွားချင်တဲ့ ပိုးကောင်နှစ်ကောင်လည်း ပြန်ဆုတ်ရတော့တာပေါ့။
“ငါပြောထားပြီးသား... အမှိုက်က အမှိုက်ပဲ... နှစ်သန်းချီပြီးစစ်တိုက်လာတဲ့ ငါအရှင်မရဲ့ရှေ့မှာ နင်တို့တိုက်ကွက်တွေက အလကားပဲ။”
ဖရာလီတာရဲ့စကားသံကျယ်ကျယ်က နေရာအနှံကို ပြန်နှံသွားတယ်။ ပုစဥ်းနဲ့ယင်ကောင်က မြေပြင်မှာ ကပ်နေပြီး အခြေအနေကိုစောင့်ကြည့်တယ်။ အလင်းမှုန်တွေ မြင်ကွင်းရှင်းသွားချိန်မှာတော့ နံရံတစ်ခုလိုထူထဲတဲ့ လေးထောင့်ဒိုင်းနှစ်ခုကို ကိုင်ထားတဲ့ ဖရာလီတာကို မြင်လိုက်ရတယ်။ ဒိုင်းတွေက တည်ဆောက်နေဆဲဖြစ်ပြီး သတ္တုရည်တွေက သူ့အနားမှာ လည်ပတ်နေဆဲပါ။
“ငါတို့ကို တိုက်စစ်ဆင်နိုင်စွမ်းဆုံးရှုံးသွားလို့ ခံစစ်ပြင်နေတာပဲ။ တတ်နိုင်သမျှမြန်မြန်တိုက်။”
ယင်ကောင်က သတိပေးလိုက်ပြီး သူကိုယ်တိုင်လည်း အမြန်ဆုံးနှုန်းနဲ့ ဖရာလီတာကို ဗဟိုထားပြီး လက်ယာရစ်ပတ်ပြေးတယ်။ ပုစဥ်းကလည်း ယင်ကောင်နဲ့ဆန့်ကျင်ဘက် လက်ဝဲရစ်အတိုင်း ဖရာလီတာကို အလယ်မှာထားပြီးပတ်ပြေးတယ်။ ဖရာလီတာက ပိုးကောင်နှစ်ကောင်ဖန်တီးထားတဲ့ စက်ဝိုင်းနှစ်ခုအတွင်းမှာရှိနေပြီး သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ခပ်ရေးရေးသာ မြင်နိုင်တော့တယ်။
“တစ်ခါမှမမြင်ဖူးသေးတဲ့ စစ်ဗျူဟာပဲ။ ဒါပေမဲ့ ဒီကြောင်တောင်တောင်နည်းက တကယ်အလုပ်ဖြစ်မယ်ထင်နေရင်တော့....”
ဖရာလီတာ စကားမဆုံးသေးခင်မှာပဲ ယင်ကောင်က တိုက်စစ်စဆင်လာတယ်။ ယင်ကောင်က ဝါးဖရိန်ပေါ်ကို ရုတ်တရက်ခုန်တက်ပြီး လက်သီးနဲ့ထိုးဖို့ကြိုးစားပေမဲ့ ဖရာလီတာက ဒိုင်းတစ်ခုနဲ့တားလိုက်ပြီး နောက်ဒိုင်းတစ်ခုနဲ့ ယင်ကောင်ရဲ့ခေါင်းကို ခြေမွဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ယင်ကောင်က ချက်ချင်းပြန်ဆုတ်သွားပြီး ဖရာလီတာ ယင်ကောင်ကို အာရုံစိုက်နေချိန်မှာ နောက်ကနေရောက်လာတဲ့ ပုစဥ်းက ဝါးဖရိန်ရဲ့ခြေထောက်တစ်ဖက်ကို ဖြတ်ထုတ်ပစ်လိုက်တယ်။
ဒန်....
ဝါးဖရိန်က ဒူးထောက်ကျသွားပြီး ဒိုင်းကိုမြေပြင်မှာစိုက်လို့ ဟန်ချက်ကိုထိန်းတယ်။ ပုစဥ်းက ဆက်တိုက်ဖို့လုပ်ပေမဲ့ ဖရာလီတာက တခြားဒိုင်းတစ်ခုနဲ့ သူ့ကိုလွှဲရိုက်လိုက်တာကြောင့် ပြန်ဆုတ်ရတယ်။ သူ့အစား ယင်ကောင်က နေရာဝင်ယူပြီး ဆက်တိုက်စစ်ဆင်ရတယ်။
“ မယုံနိုင်စရာပဲ... မယုံနိုင်စရာပဲ... ဒီပေါင်းစည်းဗျူဟာက ငါ့ကိုတကယ်ပဲ ထိခိုက်စေနိုင်တယ်။”
ဝါးဖရိန်ထဲမှာရှိနေတဲ့ ဖရာလီတာက လက်ရှိအခြေအနေကို သုံးသပ်ရင်းပြောလိုက်တယ်။ အခုဝါးဖရိန်က သူပြန်ပြုပြင်နိုင်တဲ့နှုန်းထက် ကျော်လွန်တဲ့ ပမာဏနဲ့ပျက်စီးလာနေပြီး အချိန်မရွေး လူနဲ့ဝတ်စုံ ခွဲထုတ်ခံရနိုင်ခြေရှိတဲ့ အခြေအနေကိုရောက်လာပါပြီ။
“ငါ့စွမ်းအားက အထွတ်အထိပ်ကို ပြန်မရောက်သေးတာ နှမျောစရာပဲ။ မဟုတ်ရင် ဒီကောင်တွေ သေနေလောက်ပြီ။”
ဖရာလီတာက မျက်လုံးမှိတ်လိုက်တယ်။ အားလုံးပြီးဆုံးသွားပြီဆိုတာ သူသိနေပါတယ်။ လက်ရှိသူ့စွမ်းအားနဲ့ ပိုးကောင်နှစ်ကောင်ထဲက တစ်ကောင်ကို သိသိသာသာအနိုင်ယူနိုင်ပေမဲ့ နှစနှစ်က်ပေါင်းစွမ်းအားကိုတော့ ယှဥ်နိုင်ဖို့လိုသေးတယ်။ နောက်တစ်စက္ကန့်အကြာမှာပဲ ဖရာလီတာရဲ့ဝါးဖရိန်က တစ်စစီပေါက်ကွဲသွားတယ်။ သူ့အနေနဲ့ ပြန်ပြုပြင်နိုင်ပေမဲ့ နောက်ကျနေပါပြီ။ ယင်ကောင်နဲ့ပုစဥ်းတို့ရဲ့တိုက်ကွက်တွေက အကာအကွယ်မဲ့နေတဲ့ ဖရာလီတာရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာခဲ့ပြီ။