သတ်ဖြတ်သူ
Vol. 010 Ch. 999
ရီဖူရှင်း၏ တော်ဝင် အလင်းသည် ကောင်းကင်သို့ တစ်မျှော်တစ်ခေါ် ထိုးတက်သွားခဲ့ပြီး ရီဖူရှင်းကလည်း ရတနာလှံကို စွဲကိုင်ကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်းထန်စွာဖြင့် လေထဲသို့ ပျံတက်သည်။ သူ၏သွေး အလိမ်းလိမ်း ပေကျံနေသော အဝတ်အစားများသည် ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပြင်းထန်စွာ ပြင်းထန်စွာ လူးလွန့်ကြ၏။
စစ်မြေပြင်မှ လူအများအပြား ထိုအရပ်သို့ လှမ်းကြည့်ကြသည်။ ရှန့်ထိုများပင် သူတို့၏ ကိုယ်ရောင်ကိုယ်ဝါနီးပါး ဖြစ်လာသော ရီဖူရှင်း၏ စွမ်းအားများကို ခံစားမိကြ၏။ ရီဖူရှင်း၏ ကိုယ်ပိုင် စွမ်းအားများမှာ အကန့်အသတ် ရှိသော်လည်း သူဆက်ခံရသော တော်ဝင်အသိသည် မည်သည့် သက်ရှိမဆို ကိုးကွယ် ဆည်းကပ်ရသော၊ လေးစား ကြည်ညို ရသောအရာဖြစ်သည်။
သည်နေရာတွင် သူသာ အကြီးမြတ်ဆုံး ဖြစ်၏။
ရှန့်ထိုရှား၏ စိတ်နှလုံးများ ပြင်းထန်စွာ လှုပ်ရှား၏။ ရှန့်ထိုကျဲ၏ တိုက်ခိုက်မှုက ရီဖူရှင်းအား အသက် မသေစေခဲ့သည့်တိုင် သူ့အတွက် နောက်ထပ် အားအင်များ ရှိတော့မည် မဟုတ်ဟု သူတွေးထင်ခဲ့၏။ ရီဖူရှင်း၊ ဟွာဂျီယူ၊ ယူချင်း၊ ရာရာ စသည် စွမ်းအား အကြီးဆုံး ရှီများ စစ်မြေပြင်မှ ဖယ်ရှား ခံရသည့်အချိန် တော်ဝင်ကျဲ နန်းတော်အတွက် တိုက်ပွဲကို ဆက်ပါက အခြေအနေ လွန်စွာ ဆိုးဝါး သွားပေလိမ့်မည်။ ရီဖူရှင်း အနေဖြင့်လည်း အသက်ရှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ရှန့်ထိုကျဲက တော်ဝင်စစ်ပွဲ၏ ချိန်ခွင်လျှာကို တစ်ဖက်စောင်းနင်း စေခဲ့ပြီး ဖြစ်၏။ ရှန့်ထိုရှား၏ အဆင့်အတန်းဖြင့် လက်ရှိ တော်ဝင်စစ်ပွဲကို တားဆီးနိုင်ခွင့် ရှိနေသေးသည်မှာ သေချာသည်။ သို့သော်လည်း ရီဖူရှင်းက သဘောမတူဘဲ ထရပ်ကာ သူ၏အသက်ကိုပင် လောင်ကျွမ်းနေဟန် ရှိသည်။
သူ့ထံမှ ထုတ်လွှတ်သော အရောင်အဝါသည် မည်သည့် အဆင့်၌ ရှိသနည်း။ ရှန့်ထိုရှားကား ဆွံ့အရ၏။ သူက သည်တော်ဝင် စစ်ပွဲ၌ ပြောပိုင်ခွင့် ရှိသေးသည် ဟုတော့ မိမိကိုယ်ကို ထင်မြင်သည်။ သို့သော်လည်း ယနေ့တိုက်ပွဲမှာ သူထိန်းချုပ်၍ ရသော အခြေအနေ မဟုတ်တော့ပေ။ အင်ပါယာရှား ကိုယ်တိုင်က ဆုံဖြတ်ချက်များကို ချမှတ်ရမည့် အခြေအနေသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရှန့်ထိုကျဲက စည်းမျဉ်းများအား ဆန့်ကျင်ကာ ပြုမူခဲ့၏။ ဟွာဂျီယူက ဧကရီဘုရင်မ၏ အသိကို ငှားရမ်း အသုံးပြုခဲ့သည်။ မရဏဓားနတ်မယ် ပြန်ရောက် လာခဲ့၏။ ရီဖူရှင်းက ထူးဆန်းသော စွမ်းအင်တစ်ခုအား လောင်ကျွမ်းနေဟန် ရသည်။
ရှန့်ထိုရှားကား လက်ရှိ ဖြစ်ပျက်နေသော စစ်ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ရှန့်ထိုလီ၊ ရှန့်ထိုကျန့်နှင့် တခြားလူများက ထိုမြင်ကွင်းအား ကြည့်ကာ မှင်တက် နေကြသည်။ တိုက်ပွဲကား အားလုံး၏ မျှော်မှန်းချက်နှင့် သွယ်ဖည်ကာ သွားနေသည်။ ရှန့်ထိုကျိ၊ ရှီဟွာတောင်ရှန့်ထို၊ ကျောက်ပြည်ထောင် ဘုရင်နှင့် အဆုံးမဲ့ပင်လယ်မှ ရှန့်ထိုများပင် ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။ တိုက်ပွဲက ဤမျှ ကြမ်းတမ်း ခက်ထန်မည်ဟု သူတို့ မတွေးထင်မိခဲ့ကြ။ ရှန့်ထိုကျဲက သူ၏အသက်နှင့် ရီဖူရှင်း အသက်ကို အလဲအလှယ် လုပ်မည်ဟု မည်သူမှ မသိခဲ့ကြ။ သို့တိုင်အောင် သူကား မအောင်မြင်ခဲ့ပေ။
သည်နောက်တွင် ဘာဆက် ဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။
“သူ အားကုန်တော့မယ် … သူ့ကို သတ်… ” ရှန့်ထိုကျိ၏ မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်နေသည်။ ရီဖူရှင်းအား သတ်ဖြတ်လိုသော စိတ်က နောက်တစ်ဆင့်သို့ အထိ မြင့်တက် လာခဲ့၏။ သူက စစ်ပွဲအား ရပ်ရန် သဘော မတူမှတော့ သူ့အား သေရွာသို့ ပို့ပေးမည်။
ယနေ့တိုက်ပွဲ၌ ရီဖူရှင်းသည် ဒဏ်ရာ ပြင်းထန်စွာ ရထားပြီ ဖြစ်သည်ကို သူကောင်းကောင်း သိသည်။ ယခု ရီဖူရှင်းက ဆက်လက်၍ တိုက်ခိုက်နိုင်ရန် သူ၏ စွမ်းအားများကို လောင်ကျွမ်းနေဟန် ရ၏။ သူက ရီဖူရှင်း၏လျှို့ ဝှက်ချက်များအား စိတ်မဝင်စားပေ။ သူက ရီဖူရှင်း၏ အသက်ကိုသာ လိုသည်။ ရီဖူရှင်း၏ အသက်ရှင်ခြင်းက တော်ဝင်အလင်း နန်းတော်အတွက် အနာဂတ် ပျက်စီးခြင်း ဖြစ်သည်။
“သူ့ကိုသတ်...” မြောက်ဘက် ချောက်နက် ရှန့်ထိုကလည်း အေးစက်စွာ ပြောသည်။ ငြိမ်သက်သော စစ်မြေပြင်သည် တစ်ဖန် ပြန်လည်၍ လှုပ်ရှားလာခဲ့၏။ မရေမတွက်နိုင်သော တန်ခိုးရှင်များ ရီဖူရှင်းထံသို့ ပျံသန်း သွားကြသည်။ သူတို့အားလုံး၏ အတွေးများ မှာလည်း ရှန့်ထိုကျိနှင့် တူ၏။
ရီဖူရှင်း၏ဇနီး ဟွာဂျီယူသည် ယနေ့ တော်ဝင်စစ်ပွဲ၌ သေဆုံးခဲ့၏။ ရီဖူရှင်းသာ သည်စစ်ပွဲ၌ အသက်ရှင်ခဲ့ပါက တော်ဝင်မြေခုနစ်ခု အနေဖြင့် အနာဂတ်တွင် သေချပေါက် ပျက်စီး ပေလိမ့်မည်။ အရာအားလုံးမှာ နောက်ဆုတ်၍ မရတော့သော အခြေအနေသို့ ရောက်လာပြီး ယနေ့တွင် ရီဖူရှင်းက သေကို သေရပေမည်။
တိတိကျကျ ပြောရမည်ဆိုလျှင် လက်ရှိတွင် တော်ဝင်မြေ ခုနစ်ခုဟု ပြောမည့်အစား ခြောက်ခု ဖြစ်သွား ပေလိမ့်မည်။ ရှန့်ထိုကျဲနှင့် ခွန်ယိုတို့ နှစ်ယောက်လုံး သေဆုံးသွားပြီဖြစ်ရာ ကျိရှမ်းကမ်းပါးကား သမိုင်း မှတ်တမ်းထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ တော်ဝင်မြေ တစ်ခု မရှိတော့။
စစ်တပ်က ရီဖူရှင်းထံသို့ ဦးတည် နေကြသည်။ ဓားသခင်၊ ကျန်ကျောင်းနှင့် တခြား လူများလည်း သူ့ဘေးသို့ ရောက်လာကြ၏။
“ယူချင်းနဲ့ ကျူဂီတို့ကို ဂရုစိုက်ပါ… ” ရီဖူရှင်းက ပြောပြီး အလင်းတန်း အသွင်ဖြင့် တစ်နေရာသို့ ပျံသန်း သွားခဲ့သည်။
ထိုနေရာတွင် စစ်မြေပြင်မှ ထွက်ခွာရန် ကြိုးစားနေသော သုံးယောက် ရှိသည်။ သူတို့ကား အင်ပါယာလီဘုံမှ ရောက်လာသော လူကိုးယောက်ထဲမှ ကျန်ရစ်သော သုံးယောက် ဖြစ်သည်။ ရီဖူရှင်းက သူတို့ထံသို့ ပျံသန်း လာခဲ့သည်ကို မြင်လျှင် သူတို့က နောက်လှည့် ကြည့်ကာ လက်ထဲမှ တော်ဝင် ရတနာများဖြင့် ဝှေ့ယမ်း လိုက်ကြသည်။ ချက်ချင်းပင် ထောင်ပေါင်း များစွာသော ရွှေချည်မျှင်များ ရီဖူရှင်းထံသို့ တိုးဝင်လာကြ၏။
အလင်းတန်း တစ်ခုက လေထုကို ခွင်းသွားလျှင် သူတို့ထံမှ တစ်ယောက်၏ ဦးခေါင်းမှာ လျှပ်တစ်ပြက် ပျောက်ကွယ် သွား၏။ ကျန်သော နှစ်ယောက်မှာ ပြင်းထန်စွာ တုန်လှုပ် ချောက်ချားကြသည်။ သူတို့က နောက်လှည့်ကာ အလွန် မြန်ဆန်စွာဖြင့် ထွက်ပြေးကြ၏။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအင်လှိုင်း တစ်ခုက သူတို့ထံသို့ တိုက်ရိုက် ရောက်ရှိ လာခဲ့သည်။ သူတို့၏ ဦးနှောင်က ပေါက်ကွဲလု ဖြစ်လာကာ ဘာကိုမှ မတွေးတော နိုင်တော့။ ထိုအခိုက်တွင်ပင် အချိန်နှင့် လေဟာနယ်လှံက သူတို့၏ ဦးခေါင်းများအား ဖြတ်သန်းသွားကာ ထိုနေရာတွင်ပင် အသက်ပျောက် စေသည်။
ဘုန်း … စုစည်း လာကြသော ထိပ်သီး တန်ခိုးရှင်များသည် ဝင်္ကပါများ ဖွဲ့စည်းကာ လေထဲမှ တိုက်ခိုက်ကြသည်။ ရီဖူရှင်းက သူတို့အား တစ်ချက်ကြည့်ပြီး ခုခံခြင်းငှာ မတတ်နိုင်သော အာကာသ အေးခဲလှိုင်း တစ်ခုအား ထုတ်လွှတ် လိုက်သည်။
ရီဖူရှင်းက ရှေ့သို့ တစ်လှမ်း တက်လာခဲ့ကာ အချိန်နှင့် လေဟာနယ်လှံ သည်လည်း စူးရှလင်းလက် လာခဲ့သည်။ တော်ဝင်အသိ ပေါင်းစပ်ထားသော ရတနာလှံကား ကြောက်မက်ဖွယ် အားကောင်း နေသည်။ သူက လက်ကို မြှောက်လိုက်ကာ လှံအား ဝှေ့ယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကလည်း အလင်းတန်း အသွင်သို့ ပြောင်းလဲသွားသည်။ သူ့ရှေ့၌ မရေမတွက် နိုင်သော အမှုန်အမွှား ဒြပ်စင်များ ဖြစ်လာကာ လေဟာနယ်မှာ ပေါက်ကွဲလုနီးပါး ဖြစ်လာ၏။ အလင်းတန်းက ထိုတန်ခိုးရှင်များအား ဖြတ်သန်းသွားလျှင် လူသေ အလောင်းများမှာ ယင်ကောင်သေများ ကဲ့သို့ မြေပြင်ပေါ်သို့ တဖွဲဖွဲကျသည်။
သူတို့အား သတ်ဖြတ်ရန် လှံတစ်ချက်မျှသာ လိုအပ်ခဲ့၏။
လေထဲမှ ကျဆင်းလာခဲ့သော သွေးမိုးများအား ကြည့်ကာ မရေမတွက်နိုင်သော လူများမှာ ထိတ်လန့် တုန်လှုပ်ကြရသည်။ သူ … အားကုန်တော့မည့် အခြေအနေတဲ့လား။ လက်ရှိတွင် မည်သူမှ ရီဖူရှင်းအား မတားဆီးနိုင်။ သူ့အား သွားရောက် သတ်ဖြတ်ရန် ကြံစည်နေသူများ အားလုံးမှာ တုန်လှုပ် ချောက်ချား နေကြပြီ ဖြစ်သည်။
“မင်းတို့ ဘာကို ကြည့်နေကြ သေးတာလဲ… တိုက်ကြလေ…” ရှန့်ထိုရှားက စစ်မြေပြင်ကို ကြည့်ကာ အော်ဟစ်သည်။ သူ၏စကားများက တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ အတွက် ဆိုလိုသည်။ အားလုံးက ပြန်လည်၍ သတိဝင် လာကြ၏။ သူတို့က ရီဖူရှင်း၏ ရူးသွပ်နေသော ပုံဟန်ကို ကြည့်ကာ သူတို့သည်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမို ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
“သူတို့အားလုံးကို သတ်…”
“သတ်…” အော်သံများ နေရာ အနှံ့အပြားမှ ထွက်ပေါ် လာသည်။ တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်တိုင်း ပိုမိုပြင်းထန်စွာ တိုက်ခိုက် ကြတော့သည်။
တော်ဝင်မြေ ခြောက်ခုမှ တန်ခိုးရှင်များ အားလုံးမှာ စိတ်ပျက် အားလျော့မှုကို ခံစားကြရ၏။ ရှန့်ထိုရှားက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းအောင် လုပ်လိုက်သလား။
မဟာလူဝံကြီးက လေထဲသို့ ခုန်တက် လာခဲ့၏။ ယန်ဟောင်က အဆုံးမဲ့ ဓားရတနာကို ကိုင်စွဲကာ အနီးမှ တန်ခိုးရှင်များအား ရုန့်ရင်း ကြမ်းတမ်းစွာ တိုက်ခိုက်သည်။
ဂူတုံးလျိုအား သင်္ကေတကိုးခုက လာရောက် ရစ်ပတ်ခဲ့ကာ နတ်ဘုရားများအား ဆင့်ခေါ်လျက် ရန်သူများအား သတ်ဖြတ်၏။
ရီဝူချင်း၏ ရန်ဟောင်ဓား သည်လည်း ဝင်္ကပါအောက်တွင် ကြီးမားသော အရှိန်အဝါအား သယ်ဆောင်ကာ ရန်သူများကို လိုက်လံ အသက်နုတ်သည်။
ယခု သူတို့အားလုံး၏ ဦးတည်ချက်မှာ တစ်ခုတည်းသာ ကျန်တော့သည်။ ထိုအရာကား တော်ဝင်မြေ ခြောက်ခုမှ တန်ခိုးရှင်တိုင်းအား သတ်ဖြတ်ရန် ဖြစ်သည်။
ရှန့်ထိုရှား၊ ရှန့်ထိုလီ၊ ရှန့်ထိုကျန့်နှင့် လစန္ဒရှန့်ထိုတို့က လေထဲတွင် ရပ်ကာ ရီဖူရှင်းအား သေသေချာချာ စောင့်ကြပ် နေကြသည်။ သူတို့က သည်မတိုင် ဖြစ်ပျက် သကဲ့သို့ နောက်ထပ် မဖြစ်ရန် တားဆီးရပေမည်။
“ကျုပ်က အင်ပါယာရှားကို ဖြစ်ခဲ့သမျှ တင်ပြရလိမ့်မယ် … တကယ်လို့ ခင်ဗျားက ဒီအထဲမှာ ပါဝင်ခဲ့တယ်ဆိုရင် အင်ပါယာရှား ကိုယ်တိုင်က ခင်ဗျားကို သေဒဏ် ပေးလိမ့်မယ်… ” ရှန့်ထိုရှားက အေးစက်စွာ ပြောသည်။
“ရှန့်ထိုကျဲရဲ့ အပြုအမူက ကျုပ်နဲ့ ဘာဆိုင်လဲ … ခင်ဗျား စစ်မြေပြင်မှာ ပေါ်လာတာကို တွေ့လို့ ကျုပ်က တားဆီးခဲ့ရုံပဲ...” ရှန့်ထိုကျိကလည်း အေးစက်စွာ ပြောသည်။
“အင်ပါယာရှားကို ခင်ဗျားကိုယ်တိုင် ရှင်းပြ…” ရှန့်ထိုရှားက သူ့အား ကြည့်ကာ အေးစက်စွာ ပြောသည်။
ရှန့်ထိုကျိ၏ အမူအရာက သုန်မှုန်နေသည်။ သူက တော်ဝင် အလင်းများ ရစ်ပတ် ထွန်းလင်းနေသော ရီဖူရှင်းက စက်ယန္တရားကဲ့သို့ သတ်ဖြတ် နေသည်ကို မြင်၏။ တော်ဝင်ကျဲ နန်းတော်သခင်ကား တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များထံသို့ အမှန်တကယ် ဦးတည် နေသည်ကို မြင်၏။
“သူက ဒါကို ဆက်ပြီး အမြဲ မလုပ်နိုင်ဘူး … အဝေးက တိုက်ခိုက်ကြ…” ရှန့်ထိုကျိက အေးစက်စွာ ပြောသည်။ တော်ဝင် အလင်းနန်းတော်မှ ထိပ်သီး တန်ခိုးရှင် အများအပြား ရီဖူရှင်းရှေ့သို့ ရောက်လာကာ တော်ဝင်အလင်း ဓားများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ရီဖူရှင်းက သူတို့အား သတိထားမိဟန်ပင် မတူပေ။ သူက တော်ဝင် အလင်းများ ဖြာထွက်လျက်ပင် ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့၏။ သူ့အနီးသို့ ရောက်လာသော တိုက်ခိုက်မှုများ အားလုံးမှာ သည်အတိုင်း ပြယ်လွင့် သွားကြသည်။ အချိန်နှင့် လေဟာနယ်လှံအား ဝှေ့ယမ်းလျှင် နောက်ထပ် သွေးမိုးစက်များ တစ်ဖန် ရွာသွန်း လာခဲ့ပြန်သည်။ မည်သူကမှ သူ့အား တားဆီးနိုင်ခြင်း မရှိပေ။
“သတိထား … ကျိရာ…” ရှန့်ထိုရှားက ထန်ရှင်းနှင့် တိုက်ခိုက်နေသော ကျိရာအား သတိပေးသည်။
ကျိရာက နောက်လှည့်ကြည့်လျှင် သူ့ထံသို့ ပျံသန်းလာသော ရီဖူရှင်းအား မြင်သည်။ သူ့ခန္ဓာက ဘုန်းကြီးထန်ရှင်းနှင့် လူချင်း ခွာလိုက်၏။ ရီဖူရှင်းက သူ့ထံသို့ ပျံသန်း လာသည်ကိုမြင်လျှင် သူကလည်း အလွန်စူးရှသော တော်ဝင် အလင်းများ ဖြာထွက်စေလျက် ရီဖူရှင်းအား တိုက်ရိုက် ရင်ဆိုင်သည်။
ရွှေရောင် အလင်းတန်းနှင့် အဖြူရောင် အလင်းတန်းတို့ ရင်ဆိုင်မိသည်။ အလင်းတန်း နှစ်ခုက ပေါင်းစပ်သွားကာ မြန်ဆန်စွာပင် ကွဲကွာသွားသည်။ ရီဖူရှင်း၏ ရွှေရောင်အလင်းများ ပိုမို လင်းလက်လာသော အချိန်တွင် ကျိရာ၏ အဖြူရောင် အလင်းများမှာ တဖြည်းဖြည်း ပြယ်လွင့်လာခဲ့၏။ သူ၏ပါးစပ်မှ သွေးများ စီးကျလာခဲ့ကာ သူ့ခန္ဓာကိုယ် သည်လည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်လျက် ကွယ်ပျောက် သွား၏။
“မဟုတ်ဘူး …” နောက်ဆုံး ကျန်ရစ်ခဲ့သည်ကား ကျိရာ၏ မချိမဆံ့ အော်ဟစ်သံ တစ်ခုတည်း။ ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်(၂)နေရာတွင် ရှိသော ကျိရာကား ရီဖူရှင်း၏ လက်ထဲတွင်ပင် အသတ်ခံရသည်။
တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များစွာက သူ့အား ပူးပေါင်း တိုက်ခိုက်ကြ သော်လည်း ရီဖူရှင်းထံမှ ဖြာထွက်လာသော အင်ပါယာ အရောင်အဝါများအား မြင်လျှင် တိုက်ခိုက်ရန်ပင် မေ့လျော့ကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းကား ပြည်နယ်ကိုးခု၌ ရှန့်ထိုအဆင့် အောက်တွင် အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။ သူ့ရှေ့တွင် ရပ်ရဲသူဟူသမျှ သူ့လှံချက်ဖြင့် အသတ်ခံရမည်။
ရီဖူရှင်းက သွေးတစ်ပွက် ထပ်ဟန်သည်။ ထိုဒဏ်ရာကား ကျိရာကြောင့် ရခဲ့ခြင်း မဟုတ်ဘဲ တိုက်ပွဲတစ်လျှောက် ဖြစ်တည် လာခဲ့သော ဒဏ်များဖြစ်၏။ သူ့ဧကရာဇ် အသိအား လောင်ကျွမ်းခြင်း ကြောင့်သာ မဟုတ်လျှင် ရှန့်ထိုကျဲ၏ တိုက်ခိုက်မှုက သူ့အသက်အား နုတ်ယူ သွားနိုင်ပေသည်။
ရီဖူရှင်း သွေးအန်သည်ကို မြင်လျှင် တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များ ပြန်လည် တိုက်ခိုက်ရန် ဟန်ပြင်ကြသည်။ ကြီးမားသော စွမ်းအားလှိုင်းများ တစ်ဖန် ရီဖူရှင်းထံသို့ ရိုက်ခတ် လာခဲ့ကြ၏။ ရီဖူရှင်းက သူတို့အား အေးစက်စွာ တစ်ချက် ကြည့်သည်။ သူက အချိန်နှင့် လေဟာနယ်လှံအား သိမ်းဆည်း လိုက်ပြီး တင်ပျဉ်ခွေ ထိုင်၏။ သူ့ရှေ့၌ ကု့ချင်းတစ်လက် ပေါ်လာသည်။ သူ့လက်ချောင်းများက ကြိုးများပေါ်၌ အနားယူလိုက်ပြီးမှ ပထမဆုံး တီးလုံးတစ်ခု ထွက်ပေါ်လာလျှင် သူ့မျက်လုံး ထောင့်စွန်းမှ မျက်ရည်စများ ထွက်ပေါ် လာသည်။
ကု့ချင်း စတင် သင်ယူခဲ့သော အချိန်အား သူ ပြန်အမှတ်ရသည်။ ချင်းကျူ ကျောင်းတော်၌ သူ၏ ဆရာဟွာဖန်းလူက သူ့အား ကု့ချင်း တီးသင်ပေးခဲ့ကာ မြေခွေးမလေးက သူ့အား စနောက်ခဲ့၏။
ချင်းကျူရေကန်ဘေး၌ လက်တွဲကာ သူတို့၏ပထမဆုံး အချစ် စတင်ခဲ့ခြင်းများကို ပြန်အမှတ်ရသည်။ ထိုနေရာတွင် သူတို့၏ အချစ်ကို သက်သေတိုင်ခဲ့ကြ၏။ သူက ဂျီယူကား အိမ်ပြန်ပို့ကာ ထိုနေရာတွင် ဆက်နေခဲ့သည်။ သူကား ဂျီယူ၏ အိပ်ခန်းထဲမှ ကန်ထုတ်ခံခဲ့ရရာ အခန်းအပြင်တွင် တစ်ညလုံး ကု့ချင်းသံစဉ်ဖြင့် သူမအား ချော့သိပ်ခဲ့ရ၏။
ဒွန်ဟိုင် ကျောင်းတော်၌ ဆရာဘိုးဘိုးက သူ့အား ကု့ချင်းပညာ သင်ပေးခဲ့သော အချိန်ကို ပြန်အမှတ်ရသည်။ သူက ကု့ချင်းတီးလျှင် ဂျီယူက သူ့ပေါင်ပေါ်တွင် ခေါင်းချကာ တစ်ညလုံး အဖော်ပြုနေခဲ့၏။
သူတို့နှစ်ဦးအကြား ဖြစ်ရပ်များမှာ သူ့ခေါင်းထဲ တံလျှပ်ကဲ့သို့ တရိပ်ရိပ် ပေါ်နေခဲ့၏။ ကု့ချင်းသံစဉ်ကား သူတို့ စတင်တွေ့ပြီး ချစ်ကြိုက်ခဲ့သော ကာလတစ်ခုလုံး ဘေးတွင် ရှိနေခဲ့သည်။ သို့သော် သူသည်လည်း ရှိနေဆဲ၊ ကု့ချင်းသံစဉ်လည်း ရှိနေဆဲ … သို့သော် သူမအား ရှာမတွေ့တော့။
အူကီယိုသံစဉ်အား ဧကရာဇ်အသိ ပေါင်းစပ်စေလျက် တီးခတ်ခဲ့သည်။ အဆုံးအစမဲ့သော ဆွေးမြည့် နာကျင်မှုများ သံစဉ်တွင် ကပ်ငြိနေခဲ့သည်။ အဆုံးအစမဲ့သော ကြေကွဲ နာကျင်မှုများ နောင်တွင် မိုးထိုးနေသော သတ်ဖြတ်ခြင်း အငွေ့အသက်များ...။
တော်ဝင်အလင်း နန်းတော်မှ ထိပ်သီး တန်ခိုးရှင်များ တိုက်ခိုက်ခဲ့ကြ၏။ သို့သော်လည်း ရီဖူရှင်းအား မမြင်ရသော သံစဉ်လှိုင်းများ စတင် ရစ်ပတ်လာခဲ့သည်။ ထိုအခိုက်တွင် တိုက်ခိုက်မှု မှန်သမျှ၏ လောကဓာတ်များမှာ သူ့အနီးတွင် ပြယ်လွင့်ရ၏။
သံစဉ်က အလွန် ပြင်းထန်စွာဖြင့် စစ်မြေပြင် တစ်ခုလုံးသို့ ရိုက်ခတ် လာခဲ့၏။ ရီဖူရှင်းအား ဝိုင်းထားကြသော တန်ခိုးရှင်များမှာ သူတို့၏ကိုယ်ပိုင် စိတ်အသိများမှာ သူတို့ကိုယ်တိုင်၏ ထိန်းချုပ်မှု အောက်တွင် မရှိတော့သလို ခံစားကြရသည်။ သူတို့အနီးမှ သဘောဝ စွမ်းအားများအား သူတို့က ထိန်းချုပ်၍ မရတော့။ အာကာသ အေးခဲဓာတ်က ဖြန့်ကြက် ဖြစ်ပေါ်လာကာ သူတို့အားလုံးကို လာရောက် ရစ်ပတ်သည်။
ရီဖူရှင်း၏ လက်ချောင်းများက မြန်ဆန်စွာ လှုပ်ရှားသွားလျှင် စူးရှသော အသံတစ်ချက် ထွက်လာသည်။ တီးလုံးက သူ့အနီးမှ တန်ခိုးရှင်များ၏ နားစည်သို့ လာရောက် ရိုက်ခတ်ကာ စိတ်ဝိညာဉ်အား ဖျက်ဆီးနိုင်စွမ်းသော အားတစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။
ဘုန်း…
ထိပ်သီး တန်ခိုးရှင်များ၏ မျက်နှာများ ပြာနှမ်း သွားကြသည်။ သံစဉ်က ရောက်လာခဲ့လျှင် စိတ်အသိက ပယ်ဖျက်ခံရ၏။ သူတို့၏ အသက်မဲ့သော ခန္ဓာများ မြေပြင်ပေါ်သို့ ကျသည်။ ကု့ချင်းသံစဉ်က ပိုမို ပြင်းထန်လာခဲ့သည်။ ရီဖူရှင်းအား ရစ်ပတ်ထားသော တန်ခိုးရှင်များမှာ တဆတ်ဆတ် တုန်ယင်လျက် မြေပြင်ပေါ်သို့ ဖွဲအိတ်များကဲ့သို့ အသက်မဲ့စွာ ကျသည်။
သွေးအလိမ်းလိမ်း ပေကျံနေသော လူငယ်လေးသည် အချိန်နှင့် လေဟာနယ်အား လှိုင်းထန်စေသော ကု့ချင်းသံစဉ်အား တီးခတ် နေခဲ့သည်။ ထိုအခိုက်တွင် ရှန့်ထိုများပင် ငေးမော နေခဲ့ရ၏။ ထိုအရာက အင်ပါယာတစ်ပါး မွေးဖွားခြင်းကို ကြည့်နေ ရသည့်အလား…။
***