← Chapters

Gamera vs Mothra

Vol. 8 Ch. 17

Gamera vs Mothra

Vol. 8 Ch. 17

င

ပိုးဖလံနဲ့လိပ်နက်ရဲ့လက်သီးက လေထဲမှာဆုံမိသွားတယ်။ ပြင်းထန်တဲ့ သက်ရောက်လှိုင်းသက်သက်နဲ့တင် သူတို့ရှိနေတဲ့ အထပ်တစ်ခုလုံးတုန်ခါသွားတယ်။ ဖလေရာက ကျန်တဲ့သူတွေကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ပြန်ဆုတ်ကြစို့။” ဓားနတ်ဆိုး၊ လီနာ၊ အေမီတို့ ခေါင်းညိတ်လိုက်ကြတယ်။ ဇွန်ဘီလေးက သူတို့အတွက်ပေါ်တယ်ဖွင့်ပေးလိုက်တယ်။

“သူရဲဘောကြောင်လိုက်တာ....” ပိုးဖလံက ရှေ့ကိုထွက်လာပြီး သူတို့ကိုတိုက်ဖို့လုပ်ပေမဲ့ လိပ်နက်က လက်ထဲက တောင်ဝှေးနဲ့ ပိုးဖလံနဲ့ခြေထောက်ကိုချိန်လိုက်တယ်။ သစ်နွယ်တွေက ပိုးဖလံကိုချုပ်နှောင်လိုက်ပြီး လိပ်နက်က သူ့ကို မြေပြင်ပေါ်ရိုက်ချတယ်။

“မင်းအားလောက်လေးနဲ့များ...” ပိုးဖလံက သစ်နွယ်တွေကို ချက်ချင်းအက်ကွဲအောင်လုပ်နိုင်ခဲ့ပေမဲ့ သူခနလောက် တုံ့ဆိုင်းသွားတဲ့အချိန်မှာ ဖလေရာတို့အုပ်စုက လွတ်မြောက်သွားပြီ။ ပိုးဖလံလည်း ဒေါသထွက်ပြီး လိပ်နက်ကိုပြေးထိုးတယ်။ ဒါပေမဲ့ ဖရန့်ရဲ့ခေါင်းက လိပ်နက်အဖြစ်ပြောင်းသွားပြီး ပိုးဖလံကို ရေခဲအာငွေ့တန်းကြီးနဲ့မှုတ်ထုတ်လိုက်တယ်။

“ဝေါင်း.....” လိပ်နက်ရဲ့အော်သံကြီးနဲ့အတူ ပိုးဖလံရဲ့တစ်ကိုယ်လုံးဟာ ချက်ချင်းဆိုသလိုအေးခဲသွားပါတယ်။ အဲဒီနောက်တော့ ရေခဲတန်းရဲ့အရှိန်အဟုန်ကြောင့် မြေအောက်ခန်းမျက်နှာကျက်နဲ့တိုက်မိပါတယ်။ လာတုန်းကလိုပဲ မြေအောက်ခန်းအလွှာစုံကို ဖြတ်သန်းပြီးတော့ အပေါ်ကိုပြန်ရောက်သွားတယ်။

ဘုန်း....

ပိုးဖလံပြန်သတိရလာတော့ သူ့ခန္ဓာကိုယ်က မြေအောက်မှာရှိမနေတော့ဘဲ လော့ဟက်မာတင် ကားပါကင်ထဲရောက်နေပြီ။ ပိုးကောင်တစ်ကောင်ရဲ့အသက်ဓာတ် ကောင်းလွန်းလို့သာ မသေသေးတာ။ လိပ်နက်ကလည်း ပြိုကျလုဆဲဆဲ လော့ဟက်မာတင်တာဝါထဲကနေ ပြေးထွက်လာပြီး သူ့ကိုတောင်ဝှေးနဲ့ ပြေးရိုက်တယ်။

“မလောက်လေးမလောက်စားကောင်ကများ။” ပိုးဖလံက လိပ်နက်ရဲ့တောင်ဝှေးကို တားဆီးလိုက်ပြီး လိပ်နက်ရဲ့မျက်နှာကိုထိုးတယ်။ လိပ်နက်ကလည်း သူ့ကိုလက်သီးနဲ့ပြန်ထိုးတယ်။ နှစ်ယောက်လုံးက အစွမ်းထက်သက်ရှိတွေဖြစ်ကြပြီးတော့ ပုံမှန်တိုက်ခိုက်နေရင်းကနေ အသံမြန်နှုန်းရဲ့နှစ်ဆအထိ အမြန်နှုန်းမြင့်တက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တိုက်ကွက်ရာချီဖလှယ်မိကြတယ်။

ဖောင်း... ဖောင်း... ဖောင်း... ဖောင်း....

သူတို့လက်သီးချက်တိုင်းက အင်အားပြည့်ဝနေပြီးတော့ လေထုပေါက်ကွဲသံတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။ သူတို့ရပ်နေတဲ့မြေပြင်က အားလှိုင်းတွေကြောင့် တုန်ခါပျက်စီးနေပြီး ကားပါကင်ဟာ ရစရာမရှိတော့ဘူး။ အနားက ကားတွေပါ လေထုထဲမြောက်တက်ကုန်ပြီး စက္ကန့်ပိုင်းကြာတဲ့နောက်မှာတော့ ပိုးဖလံက သွေးရည်ကြည်တွေစီးကျနေတဲ့ ပခုံးကိုဆုပ်ကိုင်ပြီး နောက်ကိုခြေလှမ်းတချို့ ဆုတ်လိုက်ရတယ်။

“သည်းမခံနိုင်စရာပဲ၊ လုံးဝကိုသည်းမခံနိုင်စရာပဲ။”

ပိုးဖလံက ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်ခါနေပြီ။ သူ့ရုပ်သွင်ကလည်း တဖြည်းဖြည်းပြောင်းလဲလာတယ်။ သူ့လူသားမျက်နှာက ပျောက်ကွယ်သွားပြီး အနက်ရောင်ပေါင်းစပ်မျက်လုံးကြီးတွေက ပြူးထွက်လာတယ်။ တစ်ကိုယ်လုံးကို မီးခိုးရောင်အမွှေးတွေက ဖုံးလွှမ်းသွားပြီး တဖြည်းဖြည်းပိုကြီးမားလာတယ်။ နဖူးကနေလည်း ဧရာမပိုးကောင်ဦးချိုတွေပေါက်လာပြီး ခန္ဓာကိုယ်က တစ်စတစ်စကြီးထွားလာတယ်။

“သေစမ်း...” ပိုးဖလံပုံအပြည့်ပြောင်းသွားပြီဖြစ်တဲ့ ပိုးဖလံက အတောင်ပခံကိုခတ်လိုက်ပြီး လိပ်နက်ဆီကို အားအပြည့်နဲ့ခုန်ဝင်လာတယ်။ သူ့အကြံက လိပ်နက်ရဲ့ရင်ဝကို လက်တံတွေနဲ့ထိုးဖောက်ဖို့ဖြစ်ပြီး သူ့လက်တွေကို ရှေ့မှာစုထားတယ်။ လက်တံတွေရဲ့ထိပ်က လှံတစ်ချောင်းလိုဖြစ်နေပြီး သူ့အရွယ်အစားကလည်း မီတာရာပေါင်းများစွာကြီးပါတယ်။ လိပ်နက်ဟာ သူ့နဲ့ယှဥ်ရင် ဂျပိုးတစ်ကောင်လိုတောင်ထင်ရတယ်။ ဒါပေမဲ့ လိပ်နက်က အေးအေးဆေးဆေးရှိနေသေးပြီးတော့ လက်ထဲက တောင့်ဝှေးကို ကန့်လန့်ဖြတ်လိုက်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို အပြာရောင်မီးတောက်တွေက ဝါးမျိုသွားတယ်။

ဖောင်း....

သစ်သားအပိုင်းအစတချို့ လေထဲကိုမြောက်တက်လာတယ်။ ပိုးဖလံရဲ့ခြေလက်တွေက အဆက်မပြတ်ကြီးထွားလာနေတဲ့ သစ်သားချောင်းတွေကြားထဲမှာ နစ်ဝင်သွားပြီး သစ်သားချောင်းတွေက ဒီလောက်မမာကျောပေမဲ့ ဖရန့်ရဲ့အပြာရောင်မီးတောက်တွေက အားပိုဖြည့်ပေးထားတယ်။ နောက်တော့ ဖရန့်က ယင်ကောင်ကပ်တိပ်မှာမိနေတဲ့ အင်းစက်တစ်ကောင်လိုဖြစ်နေတဲ့ ဖိုးဖလံကို အားကုန်လွှင့်ပစ်လိုက်တယ်။

ဝုန်း....

ဧရာမပိုးဖလံကြီးက လေထုထဲမြောက်တက်သွားတယ်။ မြို့ထဲမှာရှိနေတဲ့ သာမန်ပြည်သူတွေကတော့ ကောင်းကင်ပေါ်ကို မော့ကြည့်နေကြပြီး ဧရာမပိုးဖလံကြီးတစ်ကောင် ဝါရှင်တန်ကောင်းကင်ပေါ်မှာ မျောလွင့်နေတာကို ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုတင်သူကတင်နဲ့ လုပ်နေကြပြီ။

“လုပ်လိုက်ကြရအောင်...” ဖရန့်က ပြောလိုက်တယ်။

ဖရန့်ရဲ့ကိုယ်ထဲကနေ လိပ်နက်ရဲ့ကြောက်စရာအသံကြီးထွက်လာပြီး ပြန်တုံ့ပြန်တယ်။ “အေး၊ ဒီလိုပြိုင်ဖက်မျိုး မတွေ့ရတာကြာပြီ။”

လိပ်နက်ရဲ့ဝိညာဥ်က စွမ်းအားကြီးတဲ့အရာတစ်ခုပါ။ ဖရန့်အနေနဲ့ လပေါင်းများစွာလေ့ကျင့်ခဲ့ပေမဲ့ အပြည့်အဝထိန်းချုပ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အခုတော့လိပ်နက်က သူနဲ့စွမ်းအားတူညီလုနီးပါး ပိုးဖလံကို စိန်ခေါ်ဖို့ စိတ်ဝင်စားနေပြီး ဒါက ခွန်အားကြီးသူတို့ထုံးစံအတိုင်း တခြားတစ်ယောက်နဲ့ယှဥ်ပြိုင်တိုက်ခိုက်ရမှာကို စိတ်လှုပ်ရှားနေတဲ့အနေအထားပါ။ ဒါကြောင့် ဖရန့်နဲ့လိပ်နက်ဝိညာဥ်က အခုတိုက်ပွဲအတွက် သဘောတူညီတစ်ခုအလွယ်ရသွားခဲ့တာဖြစ်ပါတယ်။

ဖရန့်ရဲ့လိပ်ခွံနောက်ကနေ ဧရာမအမြီးကြီးသုံးခုထွက်လာပြီး မြေပြင်ကိုရိုက်ချလိုက်တယ်။ အဲဒီအားနဲ့ လိပ်နက်က လေထဲကိုမြောက်တက်သွားပြီး အသံမြန်နှုန်းနဲ့ ခုန်တက်လိုက်နိုင်တယ်။ ဖရန့်ရဲ့ခန္ဓာကိုယ်က လေထဲမှာမျောလွင့်နေတဲ့ ပိုးဖလံနဲ့နီးကပ်လာပြီ။

ခရက်...

ပိုးဖလံက နောက်ဆုံးတော့ သူ့ခြေကိုချုပ်ထားတဲ့ သစ်သားအပိုင်းအစတွေကနေ ရုန်းထွက်လိုက်နိုင်တယ်။ ဒါပေမဲ့ ခုန်ပျံနေတဲ့ လိပ်နက်ရဲ့ရန်ကနေ ရှောင်ထွက်ဖို့တော့ နောက်ကျသွားပြီ။

“လာပြီဟ့။” လိပ်နက်ရဲ့ပါးစပ်ကဟလာပြီး လိပ်နက်ဝိညာဥ်ရဲ့တိုက်ပွဲခေါ်သံ ထွက်ပေါ်လာတယ်။ လိပ်နက်က သူ့ရဲ့လက်နှစ်ဖက်က လက်သည်းတွေနဲ့ ပိုးဖလံရဲ့နံကြားနှစ်ဖက်ကိုထိုးဖောက်လိုက်ပြီး ပါးစပ်ကိုဟလိုက်တယ်။ အဲဒီနောက် ပိုးဖလံရဲ့လည်ပင်းကို ကိုက်ချလိုက်တယ်။

“ဂီး....” ပိုးဖလံဆီကနေ နာကျင်နေတဲ့ အော်သံကြီးထွက်ပေါ်လာပြီးနောက်တော့ သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်ကို အရှိန်နဲ့ပြန်ပြုတ်ကျနေပါပြီ။ လိပ်နက်က ပျံနေတာမဟုတ်ပါဘူး။ ခုန်တက်လိုက်တာဖြစ်တဲ့အတွက် အရှိန်ကုန်သွားတာနဲ့ ပြန်ပြုတ်ကျလာတာပါ။

ဘုန်း....

တိုက်တန်ကြီးနှစ်ကောင်ရဲ့ခန္ဓာကိုယ်က ဧရာမကျောက်တိုင်ကြီးတစ်ခုကို ဝင်တိုက်မိကြတယ်။ ကျောက်တိုင်ဟာ ဖိအားဒဏ်ကိုမခံနိုင်ဘဲ ထက်ပိုင်း ကျိုးကျသွားတယ်။ ပေငါးရာမြင့်တဲ့ သမိုင်းဝင် ဝါရှင်တန်အထိမ်းအမှတ်အဆောက်အအုံကြီးဟာ အခုလိုပဲ အပျက်အစီးပုံကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ အထိမ်းအမှတ်ကျောက်တိုင်ကြီးရှိတဲ့ အမျိုးသားပန်းခြံထဲက လာရောက်လည်ပတ်သူတွေနဲ့ ဝန်ထမ်းတွေလည်း တိုက်ပွဲထဲကြားမညပ်အောင်လို့

ထွက်ပြေးကြရတယ်။

လိပ်နက်ကတော့ ကိုက်ခဲထားတာကို လွှတ်လိုက်ပြီး

တောင်ဝှေးကို မြေပြင်မှာစိုက်လိုက်တယ်။ သစ်နွယ်တွေက ပန်းခြံထဲမှာရှိနေသမျှ ပြည်သူတွေအားလုံးကို ဘေးလွတ်ရာပို့လိုက်ပြီးနောက်တော့ လိပ်နက်က ပိုးဖလံကိုကြည့်လိုက်တယ်။ အခုပိုးဖလံက ခွန်အားကင်းမဲ့စွာနဲ့ တိုက်ပွဲကနေ ထွက်ပြေးဖို့လုပ်နေပေမဲ့ အတောင်ပံတစ်ဖက်ကျိုးနေပြီမလို့ ပြေးဖို့မလွယ်တော့ဘူး။ သစ်နွယ်ပင်တွေက ဧရာမတံတိုင်းကြီးလိုမျိုး ပန်းခြံတစ်ခုလုံးကို ဝိုင်းထားပြီးတော့မှ လိပ်နက်ကြိးက ပါးစပ်ကိုအကျယ်ကြီးဟလိုက်တယ်။

ဝုန်း....

ပိုးဖလံကို လိပ်နက်ရဲ့ရာနှုန်းပြည့်ခွန်အားပါဝင်နေတဲ့ မရဏရေခဲတန်းကြီးက လာရောက်ထိမှန်တယ်။ ပိုးဖလံတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီးတော့ အချိန်မရွေးသေတော့မယ့်ရုပ်ပေါက်လာတယ်။

....

ယင်ကောင်က ပိုးဖလံနဲ့ယှဥ်ရင် ပိုပြီးကြောက်ဖို့ကောင်းတဲ့ စစ်သည်တစ်ကောင်ပါ။ သူတို့တိုက်ခိုက်နေတာ မိနစ်ပိုင်းပဲရှိသေးပေမဲ့ ဆိုဖီယာရော ဖရာလီတာပါ ရေကုန်ရေခန်းဖြစ်နေကြပြီ။ ယင်ကောင်က သူ့ရဲ့ပုံစံအစစ်ကိုပြောင်းထားပြီဖြစ်ပြီး နှစ်ယောက်တစ်ယောက်တိုက်နေတာတောင်မှ ဖရာလီတာနဲ့ဆိုဖီယာကို ဖိအားပြန်ပေးထားတယ်။

“ဆိုဖီယာ၊ နင်အဲဒီဓာတ်ငါးမျိုးအကွက်ကို ထပ်သုံးလို့မရဘူးလား။” ဖရာလီတာက အမြန်လှုပ်ရှားနေတဲ့ ယင်ကောင်ကို အလင်းဓားနဲ့ခုခံနေရင်း လှမ်းမေးတယ်။ ဆိုဖီယာက စိတ်စွမ်းအားနဲ့ယင်ကောင်ရဲ့တိုက်ကွက်တွေကို တွက်ချက်တားဆီးရင်း ပြန်ဖြေပါတယ်။

“အဲဒီအကွက်က သုံးချင်တိုင်းသုံးလို့မရဘူးဟဲ့။ ငါ့ဝိညာဥ်ကိုပြန်ထိတယ်။ သုံးကြိမ်သုံးပြီးသွားရင် ငါသေလိမ့်မယ်။”

ဖရာလီတာလည်း အံ့ကြိတ်လိုက်ပြီးတော့ “ဒီတိုင်းဆိုရင်တော့ ဒီကောင်ကိုငါတို့ ပိုကျယ်တဲ့နေရာထုတ်သွားပြီး ရင်ဆိုင်မှရမယ်။”

ဖရာလီတာက ဒုတိယမြောက်ဓားတစ်စင်းကို ဖန်တီးလိုက်တယ်။ မြေအောက်ခန်းထဲမှာမလို့ အဆောက်အဦးပြိုကျသွားမှာစိုးတဲ့အတွက် သူတို့အားကုန်မထုတ်နိုင်ကြဘူး။ အထူးသဖြင့် ဖရာလီတာက သူ့ရဲ့ပေါက်ကွဲအားမြင့်တိုက်ကွက်တွေကို သုံးမရဘူးဖြစ်နေတယ်။ နောက်ဆုံး သူ့ရဲ့အသေသတ်ကွက် Dragon’s Blastတောင် ဒီနေရာမှာအလုပ်မဖြစ်ဘူး။

“ကောင်းပြီ၊ ငါသူ့ကို စက္ကန့်ပိုင်းလောက်ချုပ်ထားမယ်။ နင်က သူ့ကိုအပေါ်အရောက်ပို့လိုက်။”

ဆိုဖီယာက ပြောလိုက်ပြီးတော့ လက်ကိုဆန့်ထုတ်ကာ ယင်ကောင်ကို ချုပ်ကိုင်တဲ့ပုံစံမျိုး လုပ်လိုက်တယ်။ “ချုပ်နှောင်စမ်း။”

ဂျိန်း....

လေထုထဲမှာ မမြင်ရတဲ့သံကြိုးတွေ စတင်လှုပ်ရှားလာတဲ့အသံထွက်ပေါ်လာပြီးနောက် ယင်ကောင်က လေထုထဲမှာ စက္ကန့်ပိုင်းလောက် ရပ်တန့်သွားတယ်။ ဆိုဖီယာရဲ့နှာခေါင်းကနေ သွေးစက်တချို့စီးကျလာပြီး ယင်ကောင်ကတော့ အံ့ဩသွားပါတယ်။

“ဘာ....” ဒါပေမဲ့ အချိန်သိပ်မကြာခင်မှာပဲ ဖရာလီတာက အလင်းဓားနှစ်ချောင်းနဲ့ အမြွှာအပေါ်ပင့်ခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။

“သေစမ်း....” ဓားနှစ်ချက်က ယင်ကောင်ပေါ်ကိုကျရောက်သွားပြီးနောက် မကြာခင်မှာပဲ ပေါက်ကွဲသွားတယ်။ အလင်းဒြပ်စင်ပေါက်ကွဲမှုကနေ ကြီးမားတဲ့ အားလှိုင်းကြီးတစ်ခုကိုဖြစ်ပေါ်စေပြီး ယင်ကောင်ကို အမြင့်ကြီးမြောက်တက်သွားစေတယ်။ မကြာခင်မှာပဲ တိုက်အလွှာအထပ်ထပ်ကို ဖောက်ထွက်သွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။ ဖရာလီတာလည်း နောက်ကိုပြန်လွင့်လာပေမဲ့ ဂျက်အင်ဂျင်ကိုသုံးပြီး ဟန်ချက်ထိန်းတယ်။ ယင်ကောင်ဖြတ်သန်းသွားရာကနေ ဖြစ်ပေါ်လာတဲ့ အပေါက်တွေကနေတစ်ဆင့် သူလည်းအပြင်ကိုလိုက်ထွက်တယ်။ ဆိုဖီယာလည်း ခေါင်းညိတ်လိုက်ပြီး နောက်ကနေလိုက်တယ်။

လော့ဟက်မာတင်ရဲ့မြေပြင်အပေါ်က အဆောက်အဦးဟာလုံးဝပြိုကျပျက်စီးနေပြီဖြစ်လို့ ဖရာလီတာက အလင်းဓားကိုအားကိုးပြီး လမ်းရှင်းပေးရတယ်။ သူတို့အပြင်ရောက်တော့ ယင်ကောင်က သူတို့ကိုအသင့်စောင့်နေပြီ။ ပေါက်ကွဲအားက အားကြီးပေမဲ့ အရင်တစ်ခါက ဆိုဖီယာသုံးခဲ့တဲ့ တောင်ကြီးတစ်ခုလုံးစာ မြေကြီးတွေနဲ့ကြိတ်ချေတဲ့အကွက်လောက် မပြင်းတဲ့အတွက် အသေသတ်နိုင်ဖို့ အဝေးကြီးပါ။

“ဒုတိယပိုင်းကို စကြတော့တာပေါ့။” ဖရာလီတာကလေ ထုထဲမှာ ရာချီတဲ့အလင်းဒြပ်စင်ဓားတွေကို စိတ်ကြိုက်ဖန်တီးရင်းပြောလိုက်တယ်။ ဇမ္ဗူရာဇ်ရွှေကြောင့် သူ့ရဲ့စွမ်းအင်ရင်းမြစ်ပမာဏနဲ့အကြမ်းခံနိုင်စွမ်းက အများကြီးမြင့်တက်လာခဲ့ပြီမဟုတ်လား။

...

ခေါင်းသုံးလုံးခွေးကြီးနဲ့ပေါင်းစပ်ထားတဲ့ မက်ဒါနာက နောက်ဆုံးထပ်စင်္ကြန်လမ်းပေါ်မှာ S အဆင့် မျိုးစိတ်ခွဲခေါင်းဆောင်တစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။ မျိုးစိတ်ခွဲခေါင်းဆောင်တစ်ယောက်က နိုင်ငံတစ်ခုကို ဖျက်ဆီးနိုင်တဲ့အထိစွမ်းအားကြီးတယ်ဆိုပေမဲ့ ခေါင်းသုံးလုံးခွေးစစ်သည်နဲ့ယှဥ်ရင်တော့ အားနည်းပါသေးတယ်။

ငွေရောင်စစ်သည်က တိုက်ခိုက်နေရင်းနဲ့ ရန်သူရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီး ဒဏ္ဍာရီလာဓားနဲ့ခုတ်ပိုင်းချလိုက်တာနဲ့တင် ရန်သူကိစ္စချောသွားတယ်။

ဝုန်း....

ရုတ်တရက် စမ်းသပ်ခန်းက ယိမ်းခါသွားတယ်။ မျက်နှာကျက်မှာ အက်ကွဲကြောင်းတချို့ပိုတိုးလာပြီး လဲကျမသွားအောင် နံရံကိုလက်ထောက်ထားလိုက်ရပေမဲ့ အဆင်ပြေနေပါသေးတယ်။ စင်္ကြန်လမ်းအတိုင်း သူဆက်လျှောက်သွားရင်း ရန်သူတချို့နဲ့ထက်တွေ့ပေမဲ့ အားလုံးက တစ်ချက်စာလေးတွေပါ။

“ဒီနေရာလား...” နောက်ဆုံးတော့ လုံခြုံရေးတံခါးကြီးတစ်ခုရှေ့ကို သူရောက်လာတယ်။ ဝတ်စုံစနစ်ကတော့ တံခါးရဲ့တစ်ဖက်မှာ သာမန်လူတွေနေဖို့မဖြစ်နိုင်တဲ့ သဘာဝအခြေအနေတစ်ခုရှိနေတယ်လို့ ပြနေတယ်။

[ခရိုမီယမ်သတ္တုစပ်ကို ရှာဖွေတွေ့ရှိသည်။ ဓာတ်ရောင်ခြည်သင့်မှုပမာဏ ၈၀၀၀ roentgens ကိုထုတ်လွှင့်နေပြီး အကာအကွယ်မပါပါက ငါးမိနစ်အတွင်း သေဆုံးနိုင်ပါသည်။]

“ငါက ဇက်သတ္တုဝတ်စုံထဲမှာမလို့ အကာအကွယ်ထဲမှာမဟုတ်လား။”

[တွက်ချက်နေပါသည်၊ ဇက်သတ္တုသည် ဂမ်မာ ဓာတ်ရောင်ခြည်သင့်မှုကို ခဲသတ္တုထက်အဆနှစ်ရာတားဆီးပေးနိုင်သည်။ ဓာတ်ရောင်ခြည်သင့်ပြီးမသေဆုံးမီ မိနစ်နှစ်ဆယ်အချိန်ရမည်ဖြစ်ပါသည်။

နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများမဖြစ်မီ ရှစ်မိနစ်အတွင်းထွက်သွားရန် အကြံပြုပါသည်။]

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး လုံခြုံရေးတံခါးကို ဝင်ဟက်လိုက်တယ်။ အထဲဝင်လိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့လေထုနဲ့ အပူချိန်ကို သူခံစားမိတယ်။ ဓာတ်ရောင်ခြည်သင့်မှုပါ။ တံခါးရဲ့တစ်ဖက်မှာတော့ ဆီလီကာအစစ်နဲ့ပြုလုပ်ထားတဲ့ ကျည်ကာသလင်းမှန်ချပ်ရှိနေပြီး အဲဒီကနေတစ်ဆင့် လက်ဝါးကပ်တိုင်ပုံ ဂရပ်ဖိုက်တိုင်မှာ သပ်ရိုက်ခံထားရတဲ့ ယာမီကိုတွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ်ကသွေးကြောတွေက ပန်းနုရောင်တောက်ပနေပြီး သူ့ငယ်ထိပ်ပေါ်ကိုတော့ ခရိုမီယံတစ်စက်စီစီးကျနေတယ်။ ရှိသမျှ ခရိုမီယံတွေက သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေတာဖြစ်ပြီးတော့ ဒီလိုအနေအထားမျိုးမှာတောင်မှ အသက်ရှိနေသေးတယ်။

“ဒီအနေအထားမျိုးအပြင် သူ့နှလုံးအထုတ်ခံထားရသေးတာတောင် မသေသေးဘူးပေါ့။” မက်ဒါနာတစ်ယောက် အလောင်းကောင်သခင်ကြီးရဲ့အသက်ပြင်းမှုကို အံ့ဩတကြီးဖြစ်သွားတယ်။ ရင်ဘတ်မှာနှလုံးသားမရှိတော့တဲ့ခန္ဓာကိုယ်နဲ့ ယာမီက ဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ခေါင်းထောင်ကြည့်လိုက်တယ်။

“မင်းက Silver Knightလား။”

“ငါမင်းကို ကယ်ရအောင်လာခဲ့တာ။” မက်ဒါနာက ပြောလိုက်ပြီး ဆီလီကာအစစ်နဲ့လုပ်ထားတဲ့မှန်ကို ခွဲချလိုက်တယ်။ ဒီမှန်က သာမန်မှန်တွေလိုမဟုတ်ဘဲ ပြင်းထန်လွန်းတဲ့အပူချိန်မှာတောင် မကွဲမအက်ဘဲရှိနိုင်တဲ့ အကြမ်းခံမှန်ပါ။ ဒါပေမဲ့ မက်ဒါနာရဲ့ဓားချက်နဲ့ယှဥ်ရင် စက္ကူတစ်ချပ်စာလောက်ပဲရှိတယ်။

ထန်း... ထန်း....

မက်ဒါနာက ယာမီရဲ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားပစ်လိုက်တယ်။ ယာမီက မြေပြင်ပေါ်ကို ပစ်လဲကျသွားတယ်။ ဒီနေရာက ကြမ်းပြင်က သာမန်အတိုင်းပဲ။ ခရိုမီယံတွေအားလုံးကို ယာမီက စုပ်ယူထားတာမလို့ ကျန်တဲ့နေရာတွေမှာ ခရိုမီယံတွေရှိမနေတာပါ။ မက်ဒါနာရဲ့ဝတ်စုံစနစ်ကလည်း ယာမီနဲ့နီးလာလေလေ ပိုပြီးအန္တရာယ်အချက်ပြကိုပေးလေပဲ။

[နျူထွန်အရင်းအမြစ်နှင့်နီးလွန်းနေပါသည်။ သုံးမိနစ်အတွင်းထွက်ခွာပါ။]

“မင်းတွေ့တဲ့အတိုင်းပဲ ငါ့ဘဝက အပြီးသတ်သွားပြီ။ အခုငါက လမ်းလျှောက်နေတဲ့ကပ်ဘေးပဲ။ ငါ သတိလွတ်မသွားခင် ငါ့ကိုသတ်လိုက်၊ ပြီးရင်အခန်းတံခါးကိုပိတ်ခဲ့။ ဒီအခန်းအပြင်ကို ဓာတ်ရောင်ခြည်သင့်မှုတွေမပြန့်နှံနိုင်ဘူး။”

အရင်ကတည်းက ယာမီဟာ လမ်းလျှောက်နေတဲ့ ကပ်ဘေးတစ်ခုဖြစ်နေခဲ့တာပါ။ အခုတော့ သူဟာ ဓာတ်သတ္တုကြွနေတဲ့သက်ရှိတစ်ယောက်ဖြစ်နေခဲ့ပြီ။ သူမသေပေမဲ့ သူ့အနားကသူတွေကတော့ ဓာတ်ရောင်ခြည်သင့်မှုကြောင့် သေဆုံးကုန်မှာပါ။ ဒီလိုဘဝမျိုးနဲ့ သူအသက်မရှင်ချင်တော့ဘူး။

“ငါ့ရဲ့နာကျင်မှုတွေက ငါ့ရဲ့ဆင်ခြေနိုင်စွမ်းကို တိုက်စားနေတယ်။ ငါလုံးလုံးရူးသွပ်သွားခဲ့ရင် အားလုံးအတွက် ကပ်ဆိုးကျလာလိမ့်မယ်။ ငါ့ကိုသတ်လိုက်တော့။”

ယာမီက ထပ်ပြောပြန်တယ်။ ဒါပေမဲ့ မက်ဒါနာက ဘာလုပ်ရမှန်းမသိတော့ဘူး။ နာကျင်ခံစားနေရတဲ့ ယာမီကိုကြည့်ရင်း မျက်လုံးထဲမှာ မျက်ရည်တွေပြည့်လာပြီး “ဒါပေမဲ့ ရှင်သေသွားရင် ကျွန်မလင်ဒါကို ဘယ်လိုကယ်ရမှာလဲ။ ရှင်ကသာ ကျွန်မရဲ့မျှော်လင့်ချက်ပါ။”

ယာမီက ဒီစကားကိုကြားတော့ ရယ်မောလိုက်တယ်။ အဲဒီနောက် သူက ထထိုင်လိုက်ပြီး မက်ဒါနာရဲ့ရင်ဝက ခွေးခေါင်းကို လက်ညိုးညွန်လိုက်တယ်။ “ဒါဆိုလည်း မင်းကိုယ်တိုင် သူ့ကိုသွားကယ်လိုက်လေ။ သူ့အတွက်လည်း မင်းက မျှော်လင့်ချက်ပါ။”

ရုတ်တရက် မက်ဒါနာရဲ့ခန္ဓာကိုယ်ထဲကို ခရမ်းရောင်စွမ်းအင်တွေ စီးဆင်းလာတယ်။ ခွေးနက်ကြီးရဲ့မျက်လုံးတွေက ခရမ်းရောင်ပြောင်းသွားပြီး ငွေရောင်စစ်သည်တစ်ကိုယ်လုံးကို ခရမ်းရောင်မီးတောက်တွေ ဖုံးလွှမ်းလာတယ်။ ဒါပေမဲ့တစ်ကြိမ်တည်းမှာပဲ မက်ဒါနာက ယာမီခံစားနေရတဲ့နာကျင်မှုနဲ့အဆင့်တူညီတဲ့ နာကျင်မှုကို တစ်ပြိုင်နက်တည်းခံစားလာရပြီး ရူးသွပ်တော့မလိုဖြစ်လာတယ်။

“မှတ်ထားလိုက်၊ မင်းမှာ အဲဒါအတွက် အခွင့်အရေးတစ်ခါပဲရှိတယ်။” မက်ဒါနာက ဓားကိုမြှောက်လိုက်တာ မြင်တော့ ယာမီက ခံစားချက်ကင်းမဲ့နေတဲ့မျက်လုံးတွေနဲ့ ပြောလိုက်တယ်။ မက်ဒါနာရဲ့ဓားက ယာမီပေါ်ကိုကျဆင်းသွားတယ်။ ယာမီအသက်မရှိတော့ဘူး။ ခရမ်းရောင်မီးတောက်တွေနဲ့ ငွေရောင်စစ်သည်ကတော့ အခန်းထဲကနေ ဖြည်းဖြည်းချင်းပြန်ထွက်လာတယ်။ နာကျင်မှုက တစ်စတစ်စပိုဆိုးဝါးလာတယ်။ အခုဆိုရင် ယာမီရဲ့မှတ်ဉာဏ်တွေနဲ့သူ့ရဲ့နာကျင်မှုအပြင် ယာမီနဲ့အတူရှိနေခဲ့တဲ့ တခြားဝိညာဥ်တွေရဲ့မှတ်ဉာဏ်နဲ့မသေခင်က နာကျင်မှုတွေပါ သူ့ကိုကူးစက်လာနေပြီ။

ယာမီပြောသလိုပဲ ဒီနာကျင်မှုတွေက လူတစ်ယောက်ကို ရူးသွပ်စေဖို့ လုံလောက်တယ်။ ဒါပေမဲ့ မက်ဒါနာမှာက အဲဒီအမှောင်ထုထဲကို ကျမသွားအောင်ထိန်းထားနိုင်မယ့် အလင်းရောင်လေးတစ်ခုရှိနေတယ်။ ငွေရောင်စစ်သည်က တံခါးကိုပြန်ပိတ်ခဲ့ရင်း သူ့ညာဖက်လက်နဲ့ ခေါင်းညာဖက်ခြမ်းကိုဖိကိုင်ထားလိုက်တယ်။ ခေါင်းကိုက်တဲ့ခံစားချက်က သိပ်ကိုဆိုးဝါးနေပြီး လမ်းလျှောက်ဖို့တောင် ခက်ခဲနေပါတယ်။ စင်္ကြန်လမ်းက ပြိုကျစပြုနေပြီးတော့ ပိုးကောင်ဗိုလ်ချုပ်တွေရဲ့တိုက်ပွဲကနေဖြစ်လာတဲ့ သက်ရောက်အားကို မခံနိုင်တော့ပုံပဲ။

“လင်ဒါ... စိတ်မပူနဲ့တော့... ငါလာနေပြီ။” မက်ဒါနာဆီကနေ ပြတ်တောင်းပြတ်တောင်းရေရွတ်သံထွက်လာတယ်။ ခရမ်းရောင်မီးတောက်တွေက ပိုကြီးမားလာပြီး ငွေရောင်စစ်သည်ရဲ့ဘယ်ဖက်နဖူးကနေ နတ်ဆိုးချိုတစ်ခုထွက်လာတယ်။ ဘယ်ဘက်မျက်လုံးကလည်း ခရမ်းရောင်မီးတောက်တွေဝါးမျိုခြင်းခံလိုက်ရတယ်။

[Booster Form: Abyss Knight] နာကျင်မှုက သူ့ကိုဝါးမျိုထားလွန်းလို့ ဝတ်စုံစနစ်က တက်လာတဲ့ အချက်ပြကိုတောင် သူသတိမထားမိတော့ဘူး။

All Chapters