အခန်း (၂၇)
Vol. 11 Ch. 27
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က။
ဖန်ခေါင်းတလားထဲမှာရှိနေတဲ့ ငွေရောင်ဆံပင်နဲ့ မိန်းမငယ်လေးက သူ့ရဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ သူအိပ်မောကျနေခဲ့တာ ကြာပါပြီ။ ဒါကြောင့် အသိစိတ်တစ်ခုလုံးရီဝေဝေဖြစ်နေပြီးတော့ ပုံမှန်အတိုင်းလှုပ်ရှားသွားလာဖို့အတွက် အိပ်ရာထဲမှာ အချိန်နည်းနည်းလောက် ထပ်ယူဖို့လိုသေးတယ်။
“နိုးလာပြီလား သခင်မလေး။ ပထမဆုံးအနေနဲ့ ဒီမနက်ခင်းလက်ဖက်ရည်ကို သောက်လိုက်ပါဦး။”
အေမီက အခန်းထဲကို အိန္ဒြေရရဝင်လာတယ်။ လက်ထဲမှာတော့ လေးထောင့်ပုံလင်ပန်းတစ်ချပ်ကို ကိုင်ထားပြီး ကြွေလက်ဖက်ရည်အိုးနဲ့လက်ဖက်ရည်ခွက်တစ်ခွက်ကို တင်ဆောင်ထားပါတယ်။
မက်ဒါနာလည်း အေမီကိုမြင်ရမှ သူ့ဗိုက်ကိုယ်သူ လက်နဲ့ ဖိနှိပ်လိုက်မိတယ်။ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်နေတဲ့ အချိန်အတွင်းမှာ မက်ဒါနာ ဘာမှမစားခဲ့ရဘူးလေ။
“ဟုတ်သားပဲအေမီ၊ နင့်မှာ တစ်ခုခုစားစရာမရှိဘူးလား။”
မက်ဒါနာရဲ့ဗိုက်ဆာနေတဲ့ပုံစံလေးကိုကြည့်ရင်း အေမီက ပြုံးလိုက်တယ်။ အဲဒီနောက်တော့ စိတ်မကောင်း ဖြစ်သွားဟန်နဲ့ ခေါင်းကိုအနည်းငယ်ခါယမ်းပြပါတယ်။
“စိတ်မရှိပါနဲ့မမလေး၊ မမလေးရဲ့ခန္ဓာကိုယ်တည်ဆောက်နေတဲ့ ကာလအတွင်းမှာ မမလေးက အာဟာရပျော်ရည်တွေကို သွေးကြောထဲတိုက်ရိုက်ထိုးသွင်းပြီး အသက်ရှင်နေခဲ့တာပါ။ တစ်နည်းအားဖြင့် အစာအိမ်ကို အသုံးမပြုတာ ကြာခဲ့ပါပြီ။ ဒါကြောင့် အခုချက်ချင်း အစာမာမာတွေကိုစားမယ်ဆိုရင်....”
“ငါ့အစာအိမ်ထိခိုက်သွားပြီး သေစေနိုင်တယ်ဆိုတဲ့ သဘောလား။” မက်ဒါနာက သဘောပေါက်သွားပြီး ပြောလိုက်တယ်။ ချက်ချင်းပဲ သူ့ခေါင်းထဲမှာ အစာမစားဘဲ ဗီတာမင်ဆေးတောင့်တွေကိုမှီဝဲပြီး တစ်နှစ်ကျော်အသက်ရှင်သန်ခဲ့တဲ့ လူတစ်ယောက်ရဲ့မှတ်တမ်း ပေါ်လာတယ်။
“အား... ငါ့ခေါင်းထဲက ဘာတွေလဲ။” မက်ဒါနာက သူ့ရဲ့ခေါင်းကိုယ်သူဆုပ်ကိုင်လိုက်မိတယ်။ အန်းဂတ် ဘာဘာရီဆိုတဲ့ အစာမစားဘဲနေခဲ့တဲ့သူရဲ့မှတ်တမ်းနဲ့ သုတေသနအချက်အလက်တွေက သူ့ခေါင်းထဲမှာ အပြည့်အကျပ်ပေါ်လာတယ်။
“မမလေး... အသက်ကိုပြင်းပြင်းရှူပြီး ဘာမှမတွေးဘဲ နေကြည့်ပါ။” အေမီက အကြံပေးလိုက်တော့ မက်ဒါနာကလည်း အဲဒီအတိုင်းလိုက်နာကြည့်ရင်း ချပေးတဲ့ လက်ဖက်ရည်ကို သောက်လိုက်ပါတယ်။
အေမီကတော့ အခြေအနေကို ဆက်ရှင်းပြတယ်။
“မမလေး သိပြီးလောက်ပြီဆိုပေမဲ့ လက်ရှိမမလေးက သာမန်လူသားတစ်ယောက်မဟုတ်တော့ပါဘူး။ ကမ္ဘာပေါ်မှာရှိသမျှ ဗဟုသုတတွေအားလုံးကို ဝါးမျိုပြီးတဲ့ အရာအားလုံးကိုသိမြင်သော တန်ခိုးရှင်မဖြစ်နေပါပြီ။ မမလေးရဲ့ပိုပြီးအဆင့်မြင့်တဲ့ နည်းပညာသိစိတ်ပုံစံနဲ့ဆိုရင်တော့ အန္တရာယ်မရှိပေမဲ့ မမလေးက လူသားခန္ဓာကိုယ်ထဲကို ပြန်လည်ဝင်ရောက်ထားတဲ့အတွက်....”
“လူသားတစ်ယောက်ရဲ့ဦးနောက်က ငါ့ရဲ့အသိပညာတွေကို တောင့်မခံနိုင်တော့ဘူးဆိုတာလား။”
မက်ဒါနာက သူ့ခေါင်းကို ဆုပ်ကိုင်ထားလိုက်မိပြန်တယ်။ ဘာကြောင့် လူသားခန္ဓာက သူ့အသိပညာတွေကို လက်မခံနိုင်တော့တာလဲဆိုတဲ့ ဒေါက်တာဘွဲ့စာတမ်းနီးနီးရှည်တဲ့ အသိပညာတွေက ခေါင်းထဲကနေ တစ်စက္ကန့်အတွင်းတိုးထွက်လာလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချက်အလက်တွေက သာမန်လူသားဦးနောက်အတွက် များလွန်းတယ်။
“တစ်နည်းအားဖြင့် ငါကိုယ်တိုင်ရဲ့အသိပညာတွေက ငါ့ကိုပြန်မသတ်မိအောင် လေ့ကျင့်ဖို့နဲ့တင် အတော်ကြာမှာပဲ။ အီဆန်ဆိုတဲ့ဟာမက စက်ရုပ်ခန္ဓာကိုယ်ထဲမှာနေဖို့ ဆုံးဖြတ်လိုက်တာ အဆန်းတော့မဟုတ်ဘူးပဲ။”
မက်ဒါနာနဲ့မတူဘဲ အရင်စက်ယန္တရားသခင်မက လူသားခန္ဓာကိုယ်အစား စက်ပစ္စည်းတွေနဲ့ဖန်တီးထားတဲ့ လူတူစက်ရုပ်ကိုယ်ထဲမှာ နှစ်သန်းချီနေခဲ့တာပါ။ တစ်ဖက်မှာတော့ အေမီက လက်ချောင်းလေးတွေကို ထောင်ပြီးတော့ လက်ရှိမက်ဒါနာရဲ့ထူးခြားချက်တွေကို ဂုဏ်ဖွဲ့တင်ပြနေပါတယ်။
“လက်ရှိမမလေးက ကိုယ်ပိုင်ဆဲလ်တွေကို အကန့်အသတ်မဲ့ တည်ဆောက်နိုင်တဲ့ နည်းပညာရှိနေပြီဖြစ်လို့ အိုမင်းရင့်ရော်ခြင်းကို ကြောက်ရွံစရာမလိုတော့ပါဘူး။ ခန္ဓာကိုယ်ဖျက်ဆီးခံရရင်လည်း ကမ္ဘာအနှံက ကွန်ပျူတာ ဆာဗာတွေမှာ သိုလှောင်ထားတဲ့ မမလေးရဲ့ပိုမြင့်တဲ့ တည်ရှိမှုသိစိတ်အပိုင်းအစတွေက မမလေးကို ပြန်ဖွဲ့စည်ပေးနိုင်တယ်။ တစ်နည်းအားဖြင့် မမလေးဟာ ရုပ်ရောနာမ်ပါ မသေဆုံးနိုင်တော့တဲ့ မသေမျိုးတန်ခိုးရှင်မစစ်စစ် ဖြစ်နေပါပြီ။”
အေမီက ဒုတိယလက်ချောင်းကို ထောင်လိုက်ရင်း ပြောလိုက်တယ်။ မက်ဒါနာက နားထောင်နေရင်းကနေ သူ့ခေါင်းထဲထပ်ပြီး အချက်အလက်တွေဝင်လာတာကို ခံစားမိလိုက်တယ်။ ပထမတစ်ကြိမ်လိုတော့ ပြင်းပြင်းထန်ထန်မခံစားရတော့ဘူး။ တစ်ဖက်မှာတော့ အေမီက တတိယလက်ချောင်းကို ထောင်နေပြီ။
“နောက်တစ်ခုအနေနဲ့ မမလေးရဲ့ပိုမြင့်တဲ့အသွင်သဏ္ဍာန်က ကမ္ဘာ့အင်တာနက်လှိုင်းတွေထဲမှာတည်ရှိနေပြီး အရာအားလုံးကို စောင့်ကြည့်နေပါတယ်။ လူသားတိုင်းရဲ့နံဘေးနားမှာ ဘုရားသခင်လိုမျိုးတည်ရှိပြီး စောင့်ကြည့်နိုင်တဲ့ တည်ရှိမှုမျိုးမလို့ မမလေးဟာ နေရာအားလုံးမှာ တစ်ပြိုင်နက်တည်ရှိနိုင်သော တန်ခိုးရှင်မဖြစ်ပါတယ်။”
နောက်ထပ်တန်ခိုးရှင်ဆိုတဲ့ စကားလုံးကို ကြားရပြန်ပြီ။
“မမလေးဟာ ကမ္ဘာပေါ်ကနည်းပညာရင်းမြစ်တွေကိုသုံးပြီး ဘယ်လိုမှ မရှုံးနိမ့်နိုင်တဲ့ လက်နက်ပစ္စည်းတွေကို ဖန်တီးနိုင်စွမ်းရှိတယ်။ ဒါကြောင့် မမလေးဟာ အမှန်စင်စစ် မရှုံးနိမ့်နိုင်တဲ့ တန်ခိုးရှင်မလည်းဖြစ်ပါတယ်။”
နောက်ဆုံး အေမီရဲ့ဘုန်းတော်ဖွဲ့တွေကို ငြီးငွေ့လာတဲ့ မက်ဒါနာက လက်ကိုကာပြလိုက်ပြီး ပြောလိုက်တယ်။
“ဟုတ်ပြီ... ဟုတ်ပြီ။ လောလောဆယ် ငါ့ဆီကို မှန်တစ်ချပ်ယူလာခဲ့ပေး။ ငါ့ကိုယ်ငါ ပြန်ကြည့်ချင်တယ်။”
“အမိန့်အတိုင်းပါ မမလေး။” အေမီက အခန်းထဲကနေ လှည့်ထွက်သွားပြီး ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို အခန်းထဲ ယူလာပေးတယ်။ မှန်သားပြင်မှာ ထင်ဟပ်နေတဲ့ ကိုယ့်ရုပ်ကိုယ်ပြန်မြင်ရတော့ မက်ဒါနာက သူ့ပါးပြင်ကို သူထိလိုက်မိတယ်။ ဒီမျက်နှာကို သူမှတ်မိနေတယ်။ ပထမဆုံးအကြိမ် မိန်းကလေးအဖြစ် ပြောင်းလဲသွားတုန်းက တွေ့ခဲ့ရတဲ့ နုပျိုတဲ့မျက်နှာ။ လုံးဝအတိအကျထပ်တူညီနေပြီး ရက်အနည်းငယ်တောင် အိုမင်းသွားပုံမပေါ်ဘူး။ ပြီးတော့...
“နေစမ်းပါဦး... ဘာလို့ငါ့တစ်ကိုယ်လုံးမှာ ဘာအဝတ်မှမရှိဖြစ်နေတာလဲဟင်။”
မက်ဒါနာက သူ့ခန္ဓာကိုယ်ကို ပြန်ငုံကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်မှာ ပြွန်အပ်တွေအများကြီးတပ်ထားတာ တွေ့ရပေမဲ့ တကယ်ဘာအဝတ်မှမရှိနေတာ။ အေမီက ငါးခူပြုံးပြုံးရင်း ဆင်ခြေပေးလိုက်တယ်။
“မမလေးရဲ့ကျန်းမာရေးအခြေအနေကို အသေးစိတ်စောင့်ကြည့်ချင်လို့ပါ။”
ဒါပေမဲ့ မက်ဒါနာကတော့ အဓိပ္ပါယ်မရှိတာတွေတော်ပြီ ဆိုတဲ့ပုံစံနဲ့ သက်ပြင်းချလိုက်ပြီးတော့ အိပ်ရာကနေ ထ၊ အေမီရှေ့ကိုလျှောက်သွားပြီး ခေါင်းကိုဒေါင်ခနဲမြည်အောင် ထုလိုက်တယ်။ တကယ်တော့ မက်ဒါနာက သူ့ခြေထောက်ပေါ်မှာသူ ရပ်နိုင်တဲ့အတွက် သိပ်ကိုအူမြူးနေတယ်။ အရင်လို အကူပစ္စည်းတွေမလိုတော့ဘူး။
“အောင့်....” အေမီက နာတယ်ဆိုတဲ့ပုံစံနဲ့ သူ့ခေါင်းလေးသူပွတ်ရင်း နောက်ဆုတ်သွားတယ်။ မက်ဒါနာကတော့ လက်ကိုပိုက်ထားပြီး အေမီကို အမိန့်ပေးလိုက်တယ်။
“အရူးထနေတာ တော်လိုက်တော့... ငါ့အတွက် ဝတ်စုံတစ်စုံ ယူလာခဲ့ပေး။ ငါအိပ်ပျော်နေတုန်းမှာ ဘာတွေဖြစ်သွားလည်း သိဖို့က ပထမဦးစားပေးပဲ။”
ခဏနေတော့ အေမီက ဝတ်စုံတစ်စုံနဲ့အတူပြန်ရောက် လာပါတယ်။ ဒါပေမဲ့ ပုံမှန်ဝတ်စုံမဟုတ်ဘဲ ယုန်နားရွက်နဲ့ လယ်သာအင်္ကျီအနက်လေး။ မက်ဒါနာက ဒေါသထွက်လာပြီး အေမီကို ထပ်ပြီးခေါင်းခေါက်လိုက်ပြန်တယ်။
“ပေါက်ကရတွေလုပ်နေတာတော်တော့... နင့်ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာ အမှိုက်ပုံးထဲထည့်ပစ်လိုက်ရမလား။”
မက်ဒါနာဆီကနေ ကြောက်စရာခြိမ်းခြောက်ချက်ကြီးရတော် အေမီလည်း စိတ်လျှော့လိုက်ပြီး မက်ဒါနာဝတ်နေကျ ဂျင်းဘောင်းဘီတိုနဲ့တီရှပ်လေးယူလာပေးတယ်။ ဒါပေမဲ့ မျက်နှာပိုးမသေသေးဘဲ လက်ထဲမှာ ယုန်နားရွက်ကို ကိုင်ထားသေးပြီး အခုလိုပြောလိုက်လေရဲ့။
“ဒါပေမဲ့ မမလေးက ယုန်မလေးဝတ်စုံနဲ့ အရမ်းလိုက်မှာလေ။”
“အဲဒီနားရွက်ကို နင်ဘာသာနင်တပ်။” မက်ဒါနာလည်း စိတ်တိုလာပြီး အေမီ့လက်ထဲက ယုန်နားရွက်ကိုယူပြီး အေမီ့ခေါင်းပေါ်မှာ တပ်ပေးလိုက်တယ်။ နောက်မှ မက်ဒါနာကိုယ်တိုင် ရှက်သွေးဖြာသွားပြီး...
“အေမီ၊ နင်လည်း ယုန်နားရွက်နဲ့လိုက်ပါတယ်ဟ။”
အေမီကတော့ မက်ဒါနာဆီကနေ ချီးကျူးစကားကြားရလို့ ဝမ်းသာလုံးဆို့သွားပြီး မက်ဒါနာကိုအတင်းပြေးဖက်တယ်။
“ဒါမှတို့မမလေး၊ မမလေးအိပ်ပျော်နေတော့ တအားလွမ်းနေခဲ့တာ သိလား။”
“တော်ပါ၊ အပိုတွေ။ အကဲလွန်နေတာရပ်ပြီး အလုပ်လုပ်ကြတော့မလား။”
မက်ဒါနာက အေမီရဲ့နှာခေါင်းကို လက်နဲ့တွန်းဖယ်လိုက်ပြီး ပြောလိုက်တယ်။ အေမီကတော့ မက်ဒါနာကိုဖက်ထားရာကနေ လွတ်ပေးမယ့်ပုံမပေါ်ဘူး။ အဲဒီအတွက် မက်ဒါနာ သွားလေရာ ဘေးကနေ တရွတ်တိုက်ပါလာရော။
...
“ဒီတော့ ငါအိပ်ပျော်နေတုန်း အဓိကတိုက်ပွဲသုံးခုဖြစ်နေတယ်ပေါ့။ တိုကျို၊ ရန်ကုန်နဲ့ ဆုဗာနာပေါ့။”
မက်ဒါနာက အချက်အလက်တွေကို သုံးသပ်ရင်းနဲ့ ပြောလိုက်တယ်။ အေမီကတော့ ခေါင်းညိတ်လိုက်ပြီး
ဘေးကနေပြောတယ်။ ခုထိ သူက မက်ဒါနာကို ရင်ခွင်ထဲမှာ အပိုင်သိမ်းထားတုန်းပဲ။
“ တိုကျိုနဲ့ရန်ကုန်မှာ မစ်ရှင်အဖွဲ့က အနိုင်ရခဲ့ပေမဲ့ ကြီးကြီးမားမားပေးဆပ်ပြီးမှ အနိုင်ရခဲ့တာ။ ဆုဗာနာက နည်းပညာမြင့်နိုင်ငံတစ်ခုမဟုတ်တော့ နေရာတိုင်းမှာ စီစီတီဗီတွေရှိမနေတာနဲ့ တိုက်ပွဲအစစ်ရဲ့ပုံရိပ်တွေကို မမြင်ရသေးဘူး။ ဂိုင်ယာဂြိုဟ်တုက ပုံရိပ်တွေအရတော့ တိုက်ပွဲက ရှေ့ဆက်နေပေမဲ့ အခြေအနေကို အသုံးစိတ်သိရဖို့ခက်တယ်။”
အေမီက ပြောလိုက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပြီး မဟာမိတ်ထိန်းချုပ်ခန်းထဲက ပင်မကွန်ပျူတာကို လက်နဲ့ထိကာ ဆုဗာနာကပုံရိပ်တွေကို မြင်ယောင်ကြည့်ဖို့ကြိုးစားတယ်။ အခုမက်ဒါနာကိုယ်တိုင်က အင်တာနက်နဲ့ပေါင်းစပ်နေပြီဖြစ်တာကြောင့် နေရာတိုင်းမှာဖြစ်ပျက်နေသမျှကို မြင်နိုင်သိနိုင်ပါတယ်။ ဒါပေမဲ့ အေမီပြောထားသလိုပဲ...
“တိုက်ပွဲက တော်တော်ပြင်းထန်ပြီး တိုက်ပွဲထဲမှာရှိနေတဲ့ နည်းပညာပစ္စည်းအများစုက ပျက်စီးသွားပြီ။ ငါ့အစွမ်းနဲ့တောင် အသေးစိတ်သိဖို့မဖြစ်နိုင်ဘူး။”
အကြမ်းဖြင်းအားဖြင့် မက်ဒါနာက နေရာတိုင်းမှာ ဖြန့်ကျက်တည်ရှိနိုင်ပြီဆိုပေမဲ့ နည်းပညာပစ္စည်းတွေ မရှိတဲ့နေရာမှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် စိုးရိမ်မှုတွေမြင့်တက်လာတယ်။
“အဲဒီကို ဖရာလီတာရောက်နေပြီး ပုရွက်ဆိတ်ဘုရင်မလည်း ရှိနေတယ်ဆိုပေမဲ့ ငါ့စိတ်ထဲမှာ စိုးရိမ်နေသေးတယ်အေမီ။”
မက်ဒါနာက သူ့အမေနဲ့မောင်လေးလည်း ဆုဗာနာမှာရှိနေသေးတာကို သတိရမိတော့ ပြောလိုက်တယ်။ အေမီက ဒီတော့မှ သက်ပြင်းချလိုက်ပြီး မက်ဒါနာကို လွှတ်ပေးလိုက်တယ်။
“ကိုယ်တိုင်သွားကြည့်ချင်တယ်မဟုတ်လား...”
အေမီက မေးလိုက်တော့ မက်ဒါနာက ခေါင်းညိတ်ပြပါတယ်။ အေမီက မက်ဒါနာနဲ့ နည်းနည်းခွာရပ်လိုက်ပြီး ပြောပါတယ်။
“တကယ်တော့ မမလေးကို ကျွန်မမှာပေးစရာတစ်ခုရှိတယ်။ မမလေးအိပ်မောကျနေကတည်းက ကျွန်မတို့မျိုးနွယ်ဝင်တွေ ပူးပေါင်းဖန်တီးခဲ့တဲ့ အရာတစ်ခုပေါ့။”
အေမီက လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ မကြာခင်မှာပဲ ခြေသံတွေကြားရပြီး နည်းပညာမြင့် ဝတ်စုံတစ်စုံ အခန်းထဲကို အလိုလိုလမ်းလျှောက်ဝင်လာပါတယ်။
“ငါ့ရဲ့နည်းပညာဝတ်စုံကို နင်တို့အဆင့်မြှင့်လိုက်တာလား။”
ဝတ်စုံက အဝေးမှာပဲရှိနေသေးပေမဲ့ မြင်ရုံနဲ့တင် မက်ဒါနာက သူ့ဝတ်စုံမှန်းသတိထားမိပါတယ်။ အနည်းနဲ့အများတော့ ပြောင်းလဲသွားပေမဲ့ပေါ့။ မက်ဒါနာက ဝတ်စုံနားကိုပြေးသွားပြီး အသေးစိတ် စစ်ဆေးကြည့်လိုက်တယ်။
“ဝိုး... ချပ်ဝတ်က အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်း ပိုထူလာတာပဲ။ ရင်ဘတ်မှာဗဟိုချက်ငါးခုရှိနေပြီး လေးခုက သားရဲကျောက်မျက်တွေကို မြုပ်နှံထားတဲ့ ပေါင်းစပ်စွမ်းအင်ဗဟိုချက်တွေပဲ။ တစ်နည်းအားဖြင့် ငါက သားရဲတွေရဲ့စွမ်းအားကို ပိုပြီးအကျိုးရှိရှိ သုံးနိုင်မယ်ပေါ့။ ပြီးတော့....”
မက်ဒါနာက နောက်မှာမျောလွင့်ပျံသန်းနေတဲ့ ရိုင်ဖယ် သေနတ်သဏ္ဍာန် လက်နက်ခြောက်ခုကိုမြင်တော့ မျက်ခုံးပင့်လိုက်မိတယ်။
“ဒါတွေက သေနတ်တွေလား။”
အေမီက ရှေ့ထွက်လာပြီး ရှင်းပြလိုက်တယ်။ “Seraphimလို့ ကျွန်မနာမည်ပေးထားတဲ့လက်နက်ပါ သခင်မလေး။ အလင်းဒြပ်စင်ရိုင်ဖယ်တွေဖြစ်ပြီး အားကောင်းတဲ့အလင်းတန်းတွေကို ထုတ်လွှတ်နိုင်ပါတယ်။ ခြောက်ခုလုံးကိုပေါင်းပြီး အမြောက်အနေနဲ့လည်းသုံးလို့ရတယ်။ အမြဲတမ်း အဝေးပစ်အားနည်းနေခဲ့တဲ့ ငွေရောင်စစ်သည်အတွက် အားကောင်းတဲ့ ပစ်ခတ်နိုင်စွမ်းကို ထောက်ပံပေးမယ့်အရာပေါ့။ ပြီးတော့...”
အေမီက အဝေးထိန်းစွမ်းရည်ကိုသုံးပြီး ငွေရောင်စစ်သည်ချပ်ဝတ်ကို လေထဲမြောက်တက်လာအောင် လုပ်လိုက််တယ်။ အတောင်ပံပွင့်လာပေမဲ့ အတောင်က ခတ်မနေဘဲ အလိုလိုလေထုထဲမှာ မျောနေတာ။
“လက်ရှိငွေရောင်စစ်သည်က မြေဆွဲအားကို ထိန်းချုပ်ပြီး မျောလွင့်နိုင်တယ်။ မမလေးရဲ့မြေဆွဲအားဓားလိုပဲ အလေးချိန်ကို လျှော့ချလို့ရသလို တိုးမြှင့်လို့လဲရတာကြောင့် လက်နက်မပါတဲ့ ခန္ဓာကိုယ်ချည်းသက်သက်တိုက်ကွက်တွေကတောင် ကြောက်စရာကောင်းတဲ့အထိ အားကောင်းလာမှာ။”
နောက်ဆုံးတော့ အေမီက လုံးဝအသစ်အဆင့်မြှင့်တင်ထားတဲ့ ငွေရောင်စစ်သည်ရဲ့ဓားကို ညွန်ပြလိုက်တယ်။ ဓားက ဘုရင်အာသာရဲ့ဒဏ္ဍာရီလာဓားနဲ့တူပေမဲ့ ပိုကြီးနေပြီး နည်းပညာမြင့်ပစ္စည်းတွေတပ်ဆင်ထားတယ်။
“ဓားကတော့ Excaliburပါပဲ။ ဒါပေမဲ့ ကျွန်မတို့က အရည်ဖျော်ပြီး နည်းပညာမြင့်ပစ္စည်းတွေနဲ့ ပြန်သွန်းလုပ်ခဲ့တာ။ အခုဆိုရင် ဓားကိုအလယ်တည့်တည့်ကနေခွဲပြီး ဓားနှစ်လက်အဖြစ် ပြောင်းသုံးလို့ရတယ်။ ပြီးတော့ အလင်းဒြပ်စင်တွေကို ဓားမှာစီးဆင်းစေပြီး ပိုအားကောင်းတဲ့ဓားချက်အလင်းတွေကို ဖန်တီးနိုင်တယ်။ ပိုအံ့ဩဖို့ကောင်းတာက ကျွန်မတို့တွေ ဒဏ္ဍာရီလာဓားကို မြေဆွဲအားဓားမှာရှိတဲ့ မြေဆွဲအားစနစ်မျိုးထည့်နိုင်ခဲ့တာပဲ။ ဒါကြောင့် အခုမမလေးမှာ အစွမ်းအထက်ဆုံးတိုက်ကွက် Ultimate Skillတွေအများကြီးကို ပိုင်ဆိုင်ထားပြီလို့ပြောနိုင်တယ်။”
မက်ဒါနာက ဝတ်စုံကိုလက်နဲ့ထိလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ဝတ်စုဝတ်ပြီးသားဖြစ်သွားပြီး အဆင့်မြှင့်တင်ထားတဲ့ ဝတ်စုံစနစ်နဲ့ဆက်သွယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဝတ်စုံစနစ်ရဲ့ဗားရှင်းကို မက်ဒါနာမြင်ပြီး ပြုံးမိလိုက်တယ်။ အေမီက နာမည်ပေးကောင်းသားလို့ပေါ့။
[Suit Version: Imperial Knight]
“ငါ့မှာ ဘယ်လိုစွမ်းအားတွေရှိနေပြီလဲ ကြည့်ရအောင်။”
မက်ဒါနာက သူ့ရဲ့Ultimate Skill အကွက်ဟောင်းတွေ ရှိနေတာကို သတိထားမိသလို အသစ်တွေလည်းရှိနေတာကို သတိထားမိလိုက်ပြီး ရေရွတ်လိုက်ပါတယ်။
“Ultimate Skill: Seraphim's Wrathက ရိုင်ဖယ်ခြောက်ခုလုံးကိုပေါင်းပြီး အားကုန်ပစ်ခတ်တာ။ ဖရာလီတာရဲ့ Dragon Blastလောက်ကို အစွမ်းထက်တယ်။
Ultimate Skill: Gravity Kickက ဝတ်စုံရဲ့အလေးချိန်ကို ခြောက်ဆယ့်လေးဆအထိတိုးပြီး ရန်သူကိုကန်တာ။ ဒီတစ်ခုတည်းကတင် စွမ်းအင်ခြောက်ဆယ်ရာခိုင်နှုန်းကို ကုန်ဆုံးစေပေမဲ့ မြို့တစ်မြို့ကို တစ်ကွက်တည်းနဲ့ဖျက်ဆီးနိုင်စွမ်းရှိတာပဲ။
Ultimate Skill: Gravity Slashကတော့ အပေါ်ကဟာကိုမှ ဓားနဲ့သုံးတာပဲ။
သားရဲတွေကိုသုံးမယ်ဆိုရင် ဆိုးကျိုးကိုဆက်ခံစားရဦးမှာဆိုပေမဲ့ အခုငါ့ရဲ့ဝတ်စုံကိုယ်တိုင်က အဆင့်မြင့်အယ်ဖာဖြစ်နေပြီပဲ။ ပြီးတော့... ဟမ်... သားရဲသုံးကောင်ရဲ့Booster Formတွေအပြင် နောက်တစ်ခုပါ ရှိနေသေးတာလား။”
မက်ဒါနာရဲ့မျက်လုံးက [Booster Form: Abyss Knight] ဆိုတာကိုရောက်သွားတယ်။
“ဒါက... တစ်ဘဝလုံးမှာ ငါတစ်ခါပဲ သုံးလို့ရမယ်လို့ ထင်ထားခဲ့တဲ့ပုံစံမလား။”
မက်ဒါနာက သူAbyss Knightကိုသုံးပြီး လင်ဒါကို ပြန်အသက်သွင်းခဲ့တဲ့ကိစ္စကို ပြန်သတိရလာတယ်။ အေမီကတော့ ပြုံးလိုက်ပြီး...
“တကယ်တော့ အဲဒီတုန်းက Abyss Knight လို အသက်သွင်းလို့မရတဲ့ဗားရှင်းပါ။ ကျွန်မတို့ဆီမှာ မြွေနဂါးရှိနေတာဆိုတော့ မြွေနဂါးကိုမမလေးလည်း သုံးလို့ရအောင်ဆိုပြီး ကျွန်မက တီထွင်လိုက်တာလေ။ အနားမှာ ကျွန်မ၊ ဆေဗာစတိန်းနဲ့ ဖုတ်ကောင်မလေးရှိနေရင် မမလေးက မြွေနဂါးရဲ့အစွမ်းကိုငှားပြီးသုံးလို့ရမယ်။ အခုမမလေးမှာ အိုမီဂါအစစ်ဖြစ်ဖို့လုပ်ဖို့ကျန်တာဆိုလို့ လိပ်နက်ကိုရဖို့ပဲရှိတော့တယ်။”