← Chapters

ဇာတ်မြှုပ်နေခြင်း

Vol. 011 Ch. 1002

ဇာတ်မြှုပ်နေခြင်း

Vol. 011 Ch. 1002

ရီဖူရှင်းက ယူချင်းအား တစ်ချက်ကြည့်ကာ သူ့ဆရာ ဟွာဖန်းလူနှင့်ဇနီးတို့ နေထိုင်ရာသို့ ရောက်လာခဲ့၏။ ဟွာဖန်းလူကား ရက်အနည်းငယ်အတွင်း လွန်စွာ အိုစာသွားဟန်ရပြီး နန်ဒူဝမ်ရန်၏ မျက်နှာတွင်လည်း အရေးကြောင်းများ ပေါ်နေခဲ့သည်။

ရီဖူရှင်း ရောက်သွားသောအခါ နှစ်ယောက်လုံးမှာ ကု့ချင်း တီးခတ်နေကြ၏။ သံစဉ်သည် ခံစားချက်နှင့် လိုက်ဖက်ဟန်ရပြီး ဝမ်းနည်း ဆွတ်ပျံ့ဖွယ် ကောင်း၏။ ရီဖူရှင်း ရောက်လာလျှင် သူတို့က တီးခတ်နေသည်ကို ရပ်လိုက်ကာ ပြုံးလျက် ကြည့်ကြသည်။ သို့သော်လည်း သူတို့၏ အပြုံးမှာ ဝမ်းနည်းကြေကွဲစရာ ကောင်းသည်ဟု ရီဖူရှင်း ခံစားရ၏။

“ဆရာ ... ဆရာကတော်... ” ရီဖူရှင်းက ခေါင်းငုံ့ကာ ပြောသည်။

“ဖူရှင်း ... မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုလဲ ... ” ဟွာဖန်းလူက မေးသည်။

“တော်တော် သက်သာနေပါပြီ ... ” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆိုသည်။

“ငါတို့ ချင်းကျူမြို့က ထွက်လာခဲ့ကြတာ ၁၇ နှစ်တောင် ကြာပြီပဲ...” ဟွာဖန်းလူက ထပ်ပြောသည်... “အဲတုန်းက မသန်စွမ်း ဖြစ်နေတဲ့ငါ့ကို မင်းကို ကျောပိုးပြီးတော့ သွားခဲ့ရတယ်... ငါတို့က အရှေ့ပင်လယ်ကို ဖြတ်ကျော်ပြီးတော့ မင်းရဲ့ဆရာကတော်ကို လာရှာကြတယ်။ အဲဒါက အချိန် အရမ်းကြာခဲ့ပြီဆိုတာ မယုံနိုင်ဘူး ... အချိန်ကုန်တာ တကယ် မြန်တာပဲ”

ရီဖူရှင်းက ဘာမှ မဆိုပေ။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့ရှေ့တွင် သူကား လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။

“ငါတို့ အပြင်ထွက်လာတာ တော်တော်ကြာခဲ့ပြီ ... အခု ငါတို့ အိမ်လွမ်းလာပြီ ... ဖူရှင်း ... ငါနဲ့ မင်း ဆရာကတော်တို့ အရှေ့ပင်လယ်ကို ပြန်ဖို့ တွေးနေကြတယ် ” ဟွာဖန်းလူက ပြောသည်။ ရီဖူရှင်းက မြေပြင်တွင် ဒူးထောက်ကာ မျက်လုံးများ နီရဲလာပြီး ခေါင်းငုံ့သည်... “တပည့်.... ဆရာ့ကို စိတ်ပျက် စေခဲ့မိပါတယ်”

သူနှင့် ဟွာဂျီယူတို့သည် အရှေ့မြေရိုင်း ပြည်နယ်၊ စာအုပ်တောင်၌ လက်ထပ်ခဲ့ကြ၏။ သူတို့ နှစ်ဦးသည်သာ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့ဖြင့် အနီးစပ်ဆုံး အရင်းနှီးဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က တော်ဝင်ကျဲ နန်းတော်သို့ လိုက်လာခဲ့ကြ၏။ ယခု သူ့ဆရာက အိမ်ပြန်လိုသည်ဟု ပြောသည်။

“ဖူရှင်း...” နန်ဒူဝမ်ရန်က လျှောက်လာကာ ရီဖူရှင်းအား ဆွဲထူသည်။ ထို့နောက် သူမက နောက်ပြန် လှည့်ကြည့်လျက် ဟွာဖန်းလူအား ပြောသည်... “ဖူရှင်းက အခုမှ သက်သာလာတာ ... ရှင်က ဘာတွေ လျှောက်ပြောနေတာလဲ...”

“ကျွန်တော် နားလည်ပါတယ်...” ရီဖူရှင်းက သူ့ဆရာနှင့် ဆရာကတော်သို့ ဘာတွေးနေသည်ကို သိသည်။ သူတို့က မိမိအား အပြစ်မတင်ကြသော်လည်း ဂျီယူဆုံးသွားခြင်းက အမှန်တရား ဖြစ်သည်။

ဟွာဖန်းလူက ရီဖူရှင်း၏ ဘေးနားသို့ ရောက်လာကာ သူ့အား ဆွဲထူလျက် မြေပြင်တွင် အတူတူထိုင်သည်... “အရင်နှစ်တွေတုန်းက ဂျီယူ ထွက်သွားတာကို မင်း မှတ်မိသေးလား ... ငါနဲ့မင်း ဒွန်ဟိုင်မြို့သို့ အတူတူ သွားခဲ့ကြတယ်လေ။ ဒါပေမဲ့ မင်းဆရာကတော့ မင်းထက် ကံကောင်းခဲ့တယ်။ ငါ့မှာ မင်းရဲ့ဆရာကတော်နဲ့ တန်အဒေါ်တို့ ရှိသေးတယ်။ အခု ဂျီယူ ထွက်သွားတော့ မင်းက ငါတို့ထက်တောင် နာကျင်ရနိုင်တယ် ဆိုတာ သိတယ်”

“ဒါက ဘယ်လောက်ပဲ နာကျင်ဖို့ ကောင်းပါစေ ... မင်းက အားတင်းထားဖို့ လိုတယ်။ ဂျီယူက ဘာလို့ ဆုံးပါး သွားခဲ့တာလဲ။ တကယ်လို့ မင်းသာ တစ်ခုခုဖြစ်ခဲ့ရင် ဒါတွေက အလဟဿ မဖြစ်ခဲ့ဘူးလား။ မကြာခင် မင်း ဘာကြုံရမယ် ဆိုတာလည်း မင်းသိသားပဲ။ မင်းဆရာနဲ့ ဆရာကတော်တို့ကို ကတိပေး ... ကောင်းကောင်း အသက်ရှင်ပါ။ ဒါက မင်းအပေါ် ဂျီယူရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ” ရီဖူရှင်း၏ လျှို့ဝှက်ချက် အချို့ကို ဟွာဖန်းလူ သိပေသည်။ ထို့ကြောင့် ရီဖူရှင်း မကြာခင် ဘာဖြစ်တော့မည်ကိုလည်း တွက်ဆနိုင်သည်။

“ဆရာလည်း သိတာပဲ ... ဒီတစ်ခေါက်ကတော့ ကံစီမံရာပဲ...” ရီဖူရှင်းက ဟွာဖန်းလူအား ပြောသည်။ အင်ပါယာရှားက လူများ စေလွှတ်ကာ တော်ဝင်ကျဲ နန်းတော်အား စေလွှတ် စောင့်ကြပ်စေသည်။ အကယ်၍ အင်ပါယာကသာ သူ့အသက်အား ရယူလိုသည် ဆိုပါက သူ့အနေဖြင့် ရှန့်ထိုဖြစ်လျှင်ပင် လွတ်မြောက်မည် မဟုတ်ပေ။

ဟွာဖန်းလျူက ရီဖူရှင်း၏ စကားကိုကြားလျှင် အတန်ကြာ တိတ်ဆိတ် သွား၏။ ထို့နောက် သူက မသက်မသာ ခေါင်းယမ်းသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ရီဖူရှင်းအား တိုးညင်းစွာ ကြိမ်းမောင်း၏... “မင်းက လူကြီးသူမတွေကိုလည်း ရိုသေးလေးစားခြင်း မရှိဘူး ... ဒါတောင်မှ ငါက မင်းကို ဘာလို့ တပည့်အဖြစ် လက်ခံခဲ့လဲ မသိဘူး။ မင်းက ကိုယ့်ကိုယ်ကိုယ် ကောင်မလေးတွေ အကြိုက်ပုံစံလို့ ထင်နေတယ် ... ဒါပေမဲ့ ငါ့လောက် ကြည့်ကောင်းလို့လား ... ငါ့သမီးကို မင်းနဲ့ ဘာလို့ လက်ထပ်ခွင့် ပေးခဲ့မိလဲ မသိဘူး။ ငါတော့ မင်းနဲ့တွေ့ခဲ့တာ ကံဆိုးတာပဲ”

“အမှန်ပဲ ... ဆရာက အဲဒီတုန်းက ဘာလို့ မျက်လုံးကန်း နေခဲ့တာလဲ မသိဘူး။ ဆရာကသာ ကျွန်တော့်ကို တပည့်အဖြစ် လက်မခံခဲ့ရင် ဂျီယူနဲ့လည်း လက်ထပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါဆို အရာအားလုံးက ပိုကောင်းမွန်ခဲ့မှာပဲ” ရီဖူရှင်းက အဝေးသို့ ကြည့်ကာ အသာအယာပြောသည်။

ဆရာတပည့် နှစ်ဦးသား စကားစမြည် ပြောနေသည်ကို နားထောင်ကာ နန်ဒူဝမ်ရန်ကား ပါးပြင်ပေါ်သို့ မျက်ရည်များ တလိမ့်လိမ့် ကျဆင်း လာခဲ့ပြန်သည်။

***

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်၌ ကိစ္စအချို့အား စီမံခန့်ခွဲခဲ့၏။ ထိုနေ့၌ တော်ဝင်ကျဲ နန်းတော်မှ ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။ အင်ပါယာရှား စေလွှတ်ထားသော တန်ခိုးရှင်များအား ဓားအား တားဆီး ထားကြသည်။ ရှားရှင်းယွန်က ရှေ့သို့ တက်လာကာ ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်းနှင့်အတူ ကျေးရွာခေါင်းဆောင်၊ ဟွာဖန်းလူ၊ နန်ဒူဝမ်ရန်နှင့် တန်လန်တို့လည်း ပါကြသည်။

“ကျုပ်က ခဏ ထွက်သွားမလို့ … မင်းသမီး စိတ်ဝင်စားရင် အတူလိုက်ခဲ့လို့ ရပါတယ်” ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ ကျေးရွာ ခေါင်းဆောင်အား ပြောသည်... “အဘ ... သွားရအောင် ...”

ရှားရှင်းယွန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သည်ခွေးကောင်...။

ဓားသည် မိုးကုပ်စက်ဝန်းသို့ ဝင်ရောက် ပျောက်ကွယ် သွားခဲ့၏။ ရှားရှင်းယွန်၏ နောက်မှ လူများက သူမအား ကြည့်လျှင် ရှားရှင်းယွန်က ပြောသည်... “သူ သွားပါစေ... တစ်ယောက်ကို လွှတ်ပြီးတော့ သူ့ကို စောင့်ကြည့်ခိုင်းထား။ သူ့ကို တားဖို့ မလိုဘူး။ သူကြိုက်တဲ့နေရာကို သွားခွင့်ပေးလိုက်”

“သိပါပြီ... ” သူမနောက်မှ လူက ခေါင်းညိတ်သည်။

လူအများအပြားက တော်ဝင်ကျဲ နန်းတော်မှ ပျောက်ကွယ်သွားသော ဓားအား လှမ်းကြည့် နေကြသည်။ ရာရာ၊ ကျူးကော့မင်းယွီ၊ ဂူတုံးလျိုနှင့် တခြားလူများက ရီဖူရှင်း ထွက်သွားသည်ကို မြင်တွေ့ခဲ့ကြ၏။ တော်ဝင်ကျဲ နန်းတော်မှ လူများသည် ရီဖူရှင်း၏ လျှို့ဝှက်ချက်များအား မသိကြရာ ရီဖူရှင်းက မကြာခင် မည်သည့် အရာများအား ရင်ဆိုင်ရမည်ကိုလည်း မသိကြပေ။ အင်ပါယာရှားက တော်ဝင်စစ်ပွဲမှ ကိစ္စရပ်များကို စုံစမ်းနေသည်ဟုသူ သူတို့ တွေးထင် နေခဲ့ကြ၏။

ဓားသည် တော်ဝင်ကျဲ နန်းတော်မှ ထွက်ခွာ သွားပြီးနောက် အရှေ့ဘက်သို့ ဦးတည်ခဲ့ကာ မိုးမြေကောင်းကင် မြို့အား ဖြတ်ကျော်လျက် အရှေ့မြေရိုင်း ဒေသမှသည် ... စာအုပ်တောင် ... ရှေးဟောင်းလို့လန်... ။ သည်ခရီးကား ရီဖူရှင်း ပထမဆုံး လာရာလမ်းအတိုင်း ဖြစ်သည်။

အင်ပါယာရှားက သူ့အပေါ် မည်သို့ ဆုံးဖြတ်မည်ကို ရီဖူရှင်း မသိပေ။ သူ့ကံကြမ္မာကား သူ့လက်ထဲ၌ မရှိတော့ပေ။ ထို့ကြောင့်လည်း သူ့ဆရာ ထောင်ကျန်းအား မခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကျေးရွာ ခေါင်းဆောင်နှင့် ခရီးသွားရခြင်းက ပိုမို မြန်ဆန်စေပေသည်။

သူတို့က နယ်မြေတစ်ရာ ဒေသသို့ ရောက်လာခဲ့ကာ များစွာသော အမှတ်တရ ဟောင်းများကို ပြန်တွေးမိသည်။ ကန်ယီနိုင်ငံ၊ နန်ဒူနိုင်ငံနှင့် များစွာ...။ ဓားက ဆက်လက်၍ ပျံသန်းကာ ဒွန်ဟိုင်မြို့တော် နယ်နိမိတ်အား ဖြတ်သန်းခဲ့၏။ သည်နေရာတွင် သူ့အတွက် များစွာသော အမှတ်ရစရာများ ရှိနေခဲ့သည်။ ယိချန်ကား ဒွန်ဟိုင် ကျောင်းတော်၌ပင် ရှိနေပေဦးမည်။

သို့သော်လည်း သူက ဒွန်ဟိုင်ကျောင်းတော်၌ ရပ်တန့်ခဲ့ခြင်း မရှိပေ။ နန်ဒူဝမ်ရန်သည်လည်း သူမ၏အစ်ကိုထံသို့ပင် သွားရောက် လည်ပတ်ခြင်း မပြုခဲ့။ သူတို့က ဒွန်ဟိုင်မြို့တော်ကို ကျော်ဖြတ်ကာ အရှေ့ပင်လယ်သို့ ဆက်လက် ပျံသန်းလာခဲ့ကြသည်။ မကြာမီ ပင်လယ်ကို ဖြတ်သန်းပြီး ကျွန်းစုလေး တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။ သည်နေရာကား ရီဖူရှင်း၏ မွေးရပ်မြေလည်း ဖြစ်၏။ သည်နေရာသို့ ပြန်ရောက်လာမည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

“ပြန်လို့ရပါပြီ ... အဘ...” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်အား ပြောသည်။ သူတို့က ချင်းကျူမြို့၏ ပင်လယ်ကမ်းစပ် တစ်နေရာသို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။

“ကောင်းပြီ...” ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်သည်။ ဓားက ကောင်းကင်ကို ထွင်းဖောက် သွားကာ မြန်ဆန်စွာပင် ပျောက်ကွယ်သွားခဲ့၏။

“ဆရာ ... ဆရာကတော် ... ကျွန်တော်တို့ ဘယ်မှာ နေကြမလဲ...” ရီဖူရှင်း မေးသည်... “ချင်းကျူကျောင်းတော် ကတော့ တခြားလူတွေ နေရာယူထားကြပြီး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ သွားလည်ကြမလား” သူ့ဆရာနှင့် ဂျီယူတို့ ထိုနေရာတွင် သုံးနှစ်တိတိ နေထိုင်ခဲ့ကြရာ သူ့အတွက် ထိုနေရာမှာ အထူး အဓိပ္ပာယ်များ ရှိပေမည်။

“တခြား လူတွေကို မနှောင့်ယှက်တာ ကောင်းပါတယ်။ မင်း ဆုံးဖြတ်ပါ … ဖူရှင်း... ဘယ်နေရာဖြစ်ဖြစ်...” ဟွာဖန်းလူက ပြောသည်။ သူတို့အား ပြန်ပို့သူမှာ ရီဖူရှင်း ဖြစ်သည်။ ရီဖူရှင်းကလည်း သူတို့နှင့်အတူ နောက်ဆုံး နေ့ရက်များတွင် အဖော်ပြုပေးလို၏။ အကယ်၍ အင်ပါယာရှား သို့မဟုတ် အရှင်ဒွန်ဟောင်တို့က သူ့အား သေစေလိုလျှင် သူက ချင်းကျူမြို့တွင် သေပေမည်။ သူ့အနေဖြင့် အရိုးများအား သေနေရာတွင် မြှုပ်နှံခြင်းက ကောင်းမွန်သော ရွေးချယ်မှုဟု ထင်မြင်သည်။ သူ့ဆရာ ဆရာဒူကဲ့သို့ ထူးဆန်းသော လူတစ်စု ရောက်လာကာ သူ့အား လာရောက် ခေါ်ဆောင်သွားသော အဖြစ်မျိုး မကြုံတွေ့ရန်သာ သူ မျှော်လင့်ပေသည်။

“ချင်းကျူရေကန်က ရှုခင်း ကောင်းတယ်။ အဲဘေးနားမှာ နေရင် ဘယ်လိုလဲ…” ရီဖူရှင်းက မေးသည်။

“မင်း သဘောပါပဲ…” ဟွာဖန်းလူက မငြင်းပေ။ သူတို့က ငြိမ်သက် အေးဆေးစွာ နေထိုင်ရန် ရောက်လာခဲ့ခြင်း ဖြစ်ရာ ပြင်ပကိစ္စရပ်များနှင့် ပတ်သက်ခြင်း မရှိလေ ပိုကောင်းလေ ဖြစ်၏။ ဟွာဂျီယူ၏ သေဆုံးခြင်းက သူတို့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်၏။

“ကောင်းပါပြီ… ” ရီဖူရှင်းက ခေါင်းညိတ်ကာ ချင်းကျူမြို့သို့ သွား၏။ မူလက ရီအိမ်တော်ထံသို့ ပြန်မည်ဟု တွေးခဲ့သော်လည်း ထိုနေရာအား ဦးလေး ဖန်းရူဟိုင်က ဝယ်ယူထားပြီးဖြစ်ကာ ယခု ဖန်းရှင်းဇွီ နေထိုင်ပေသည်။ ရီဖူရှင်းက သူတို့အား သွားရောက် မနှောင့်ယှက်လိုတော့။ သူသည်လည်း နောက်ဆုံး နေ့ရက်များတွင် တိတ်တဆိတ်သာ နေထိုင် သွားလိုတော့သည်။

ချင်းကျူမြို့ကား သူ့အတွက် အလွန်သေးငယ်သော မြို့ဖြစ်သော်လည်း သာမန်လူများအတွက် ကြီးမားသော နေရာဖြစ်၏။ ရီဖူရှင်းက ကန်ဘေးတွင် သပ်ယပ်ကာ လှပသော အိမ်လေးတစ်လုံး ဝယ်ယူခဲ့၏။ ထိုနေရာလေးက ရိုးရှင်းကာ သိပ်မကြီးမားသော်လည်း သူတို့ သုံးယောက်အတွက် ကောင်းကောင်း လုံလောက်ပေသည်။ သူတို့က ထိုနေရာတွင် နေရာချပြီးနောက် ရီဖူရှင်းက ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့ ထိုင်ရန် ထိုင်ခုံအချို့ ယူလာခဲ့၏။ တန်လန်က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ရီဖူရှင်းက သူမဘေးသို့ ထိုင်ခုံတစ်လုံး ယူကာ ပြောသည် … “ထိုင်ပါ … တန်အဒေါ်…”

“သေချာတာပေါ့…” တန်လန်က ခေါင်းညိတ်လျှင် ရီဖူရှင်းက ထိုနေရာတွင်ပင် လဲလျောင်းကာ မျက်လုံးများအား မှိတ်လျက် နေရောင်ခြည်၏ နွေးထွေးမှုအား ခံစားနေဟန်ရသည်။

“ဖူရှင်း…” တန်လန်က တစ်ခုခု ထုတ်ပြောခါ နီးတော့မှ ရပ်လိုက်သည်။ ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ဘာများလဲ… တန်အဒေါ်…” တန်လန်က သူ့အား ကြည့်ကာ ဘာမှ မပြောတော့ဘဲ ခေါင်းယမ်းသည်။ သူတို့သုံးယောက်မှာ ပြုံးရယ်လျက် စကားပြော နေကြသော်လည်း သူမက သူတို့ သုံးယောက်ထံမှ ဖော်မပြတတ်သော ဝမ်းနည်းမှု၊ ကြေကွဲ နာကျင်မှု အငွေ့အသက်များအား ခံစားရ၏။

“မင်း တကယ်ပဲ ဒီမှာ နေမှာလား … ဖူရှင်း…” နန်ဒူဝမ်ရန်က မေးသည်။

“အမှန်ပဲ … ကျွန်တော်က ဆရာနဲ့ ဆရာကတော်တို့ကို အဖော် လုပ်ပေးမယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

“သူလုပ်ချင်တာ လုပ်ပါစေ…” ဟွာဖန်းလူက ပြောလျှင် နန်ဒူဝမ်ရန်က ခေါင်းညိတ်၏။

ရီဖူရှင်းက မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ကို ကြည့်သည်။ ဂျီယူကား သူနှင့်အတူ မရှိတော့ပေ။ ထို့ကြောင့် သူ၏နောက်ဆုံး နေ့ရက်များအား သူ့ဆရာနှင့် ဆရာကတော်တို့အား အဖော်ပြုပေး ပေမည်။

“ဆရာ … ဆရာကတော် … ကျွန်တော် လမ်းလျှောက် လိုက်ဦးမယ်” ရီဖူရှင်းက ထရပ်ကာ ပြောသည်။

“အင်း…” ဟွာဖန်းလူက ခေါင်းညိတ်သည်။

ရီဖူရှင်းက ထရပ်ကာ ထွက်သွားသည်။ ကန်ရေပြင်ကို တိုက်ခတ်လာသော နလေပြည်လေညင်းများသည် လတ်ဆတ်သော်လည်း အေးစက်ပေသည်။ သူက ဦးတည်ရာမဲ့စွာ လျှောက်လာရင်း သူ မသိလိုက်မီတွင်ပင် သူနှင့်ဂျီယူတို့ အတူလက်တွဲ လျှောက်ခဲ့ဖူးသော နေရာသို့ ရောက်လာခဲ့၏။ ရေကန်ဘေးတွင် ယောက်ျားများ၊ မိန်းကလေးများနှင့် ချစ်သူစုံတွဲများ စသည့် ပျော်ရွှင်နေကြသော လူများကို သူမြင်ရ၏။

လေပြင်းတစ်ချက် ဝှေ့ယမ်း သွားသော်လည်း ရီဖူရှင်းကား ထိုနေရာတွင်ပင် ကျောက်ရုပ်အလား ရပ်နေဆဲ။ သူ့မျက်လုံးများက ပြုံးရောင်သန်း နေခဲ့၏။ နေလုံးကြီးက မိုးကုပ်စက်ဝန်းသို့ ဝင်ခါနီး အချိန်ဖြစ်ရာ ကောင်းကင်မှာ ပုစွန်ဆီရောင် သန်းနေ၏။ တဖြည်းဖြည်းဖြင့် နေဝင်သွားခဲ့လျှင် ညအချိန်အခါသို့ ရောက်လာခဲ့၏။ ရီဖူရှင်းကား ထိုနေရာတွင် ရပ်နေဆဲ။

ညအချိန်အခါတွင် ရေကန်၏ ရှုခင်းများမှာ ပိုမို၍ပင် လှပပေသည်။ လှေကလေးများ ကန်ပေါ်တွင် မျောလွင့်နေကြကာ တစ်ခါတစ်ရံ ကောင်းကင်မှသည် ရေပြင်သို့ တံလျှပ်ပမာ ရိုက်ခတ်လာသော မီးရှူးမီးပန်းများကို မြင်တွေ့ရ၏။ များစွာသော လူများမှာ ရေကန်ဘေးတွင် ရယ်မော ပျော်ရွှင်နေကြသည်။

ရီဖူရှင်းက ထိုမီးရှူးမီးပန်းများကို ကြည့်ကာ ငေးမောနေမိသည်။ အချိန်မှာ နောက်ပြန်လည်သွားပြီး သူနှင့်ဂျီယူတို့ လက်ချင်းတွဲကာ ရပ်နေခဲ့ကြသော အခိုက်အတန့်သို့ ပြန်ရောက် သွားသည့်အလား…။ သူတို့သည် ယခု သူရပ်နေသော နေရာ၌ပင် ရပ်နေခဲ့ကြကာ ကောင်းကင်မှ လှပသော မီးပန်းများ ပွင့်ဖူးသည်ကို ကြည်နူးစွာ ကြည့်နေခဲ့ကြသည်။ ထို့နောက် သူမက သူ၏လက်ကို ကိုင်စွဲကာ တီးတိုး မေးခဲ့သည်… “ဒါဆို ငါတို့ ချစ်သူစုံတွဲ ဖြစ်ကြပြီမလား…”

ထိုနှစ်က မီးပန်းများမှာ အလွန် လှပလွန်းခဲ့သည်။ သို့သော်လည်း သူမ၏အပြုံးမှာ ပိုလှ၏။

သူက ပြုံးလိုက်သော်လည်း မျက်ရည်များက ပါးပြင်ပေါ်သို့ အလိုအလျောက် စီးကျလာခဲ့၏။ လေပြင်းများ တိုက်ခတ်လျှင် အဝတ်အစားများနှင့် သူ့ဆံပင်များ လေထဲတွင် လူးလွင့်ကြ၏။ သူ့ခေါင်းမှ ဆံပင်များမှာ ထိုအခိုက်တွင်ပင် ဖြူဖွေး လာကြတော့သည်။

***

All Chapters