အခန်း (၁၄၀၃)
Vol. 101 Ch. 1403
ရွှင်ချူးယွင်၏ မျက်နှာထားက မည်းမှောင်သွားသည်။
အမှန်တကယ်ပင် ရန်စခံလိုက်ရသည်။
“ကောင်းတယ်။ ကောင်းတယ်”
ရွှင်ချူးယွင်က ဟိန်းဟောက်လိုက်သည်။ မီးတောက်များသည် သူ့လက်ထဲတွင် ပေါ်ထွက်လာကြသည်။
ထိုမီးတောက်များသည် သခင်မ,မင်တုံနှင့် ရင်ဆိုင်ခဲ့သောအချိန်ထက် ပိုမိုတောက်ပနေသည်။
မီးတောက်များသည် အလွှာကို မဖန်တီးခဲ့ပေ။ သို့သော် သက်တံရောင်အလင်းကို ထုတ်လွှတ်နေပြီး ကိုယ်ပိုင်နေရာလွတ်တစ်ခုကို ဖန်တီးထားသည်။
“ငါ ရွှင်ချူးယွင်ရဲ့ ပန်းပဲနည်းစနစ်က စကြဝဠာနယ်မြေရဲ့ ပန်းပဲပညာအမွေအနှစ်ကို ကိုယ်စားပြုနိုင်တယ်”
သူက ဟိန်းဟောက်လိုက်သည်။
“မင်းရဲ့ ရှေးခေတ်နည်းစနစ်က ဘယ်လောက်တောင်ထူးခြားလဲ ကြည့်ရအောင်”
စကားအဆုံးတွင် မရေမတွက်နိုင်သော ဝိညာဉ်သတ္တုများသည် သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
“သူက ရုပ်သေးရုပ်ကို သန့်စင်တော့မှာပဲ”
ဝိညာဉ်သတ္တုများ ပေါ်လာသောအချိန်တွင် စင်မြင့်၏အောက်မှ ထွက်ပေါ်လာသောအသံကို ကြားရသည်။
ရှန့်ကွမ်းချင်ကပင် ခါးမတ်လိုက်ပြီး ရှေ့တွင်ရှိသော အလင်းလွှာကို သေချာစိုက်ကြည့်နေသည်။
ဆရာကျူးယွင်၊ သခင်မ,မင်တုံနှင့် တခြားလူများကလည်း သေချာကြည့်နေကြသည်။
ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာရှင်များအတွက် ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို သန့်စင်ခြင်းသည် သူတို့၏ အစစ်အမှန်ခွန်အားကို ဖော်ပြနိုင်သည်။
သို့သော် ပြိုင်ပွဲကွင်းတွင် အချိန်မလုံလောက်ခြင်း၊ သောင်းချီသော အစိတ်အပိုင်းများကို ဖန်တီးရခြင်းတို့ကြောင့် မည်သူမှ ရုပ်သေးရုပ်ကို မသန့်စင်ရဲကြပေ။
ပြိုင်ပွဲတွင် ရုပ်သေးရုပ်ကို သန့်စင်ရဲသောလူသည် အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရုံသာမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသောလူလည်း ဖြစ်သည်။
မီးတောက်များ ပေါ်ထွက်လာပြီး ဝိညာဉ်သတ္တုများအားလုံးကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် ရွှင်ချူးယွင်၏ပုံရိပ်က လေဝဲကတစ်ခုအဖြစ် အသွင်ပြောင်းသွားပုံရသည်။ သူက ပျောက်ကွယ်သွားတော့မည်ဟု ထင်ရသည်။
ထိုအရာသည် အဆုံးစွန်သော အမြန်နှုန်း ဖြစ်သည်။ သူ၏ ပုံရိပ်ကိုပင် မြင်နိုင်ရန် ခက်ခဲသည်။
ထိုအချိန်တွင် သူဖော်ပြနေသော ခွန်အားသည် သခင်မ,မင်တုံနှင့် ရင်ဆိုင်ခဲ့စဉ်ထက် ပိုမိုသာလွန်နေသည်။
အကယ်၍ သူက ထိုစွမ်းရည်မျိုးကို ဖော်ပြခဲ့လျှင် သခင်မ,မင်တုံက တိုက်ရိုက် အရှုံးပေးလိမ့်မည်။
“ဆရာရွှင်က အလေးအနက်ထားနေပြီ”
လူတစ်ယောက်က စိတ်လှုပ်ရှားစွာပြောသည်။
“ဆရာဟန်ရဲ့ လှုပ်ရှားမှုကိုပဲ စောင့်ကြည့်ရတော့မယ်”
လူတစ်ယောက်က ရေရွတ်လိုက်ပြီး စင်မြင့်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။
“ဟမ်”
ရွှင်ချူးယွင်က ရုပ်သေးရုပ်ကို သန့်စင်လိုက်သောအချိန်တွင် မီးတောက်များသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်ထွက်လာကြသည်။ မရေမတွက်နိုင်သော ဝိညာဉ်သတ္တုများကိုလည်း မြင်ရသည်။
သူက ချပ်ဝတ်ကို သန့်စင်ရန် ကြိုးစားနေသည်။
တိုက်ရိုက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် အောက်တွင်ရှိသော လူများက ဆူညံစွာ ဆွေးနွေးနေကြသည်။
ဆရာဟန်က ရွှင်ချူးယွင်နှင့် ထိပ်တိုက်ရင်ဆိုင်တော့မည်။
စကြဝဠာနယ်မြေတွင် ရွှင်ချူးယွင်နှင့် ရင်ဆိုင်ရဲသောလူများကို လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သည်။
သူတို့က ယနေ့တွင် ထိုပြိုင်ပွဲမျိုးကို မြင်နေရသည်။
ဟန်မူယဲ့က ဝိညာဉ်သတ္တုများကို ချက်ချင်းမသန့်စင်ဘဲ လက်မြှောက်ပြီး လှုပ်ရှားလိုက်သည်။
အလင်းစီးကြောင်းတစ်ခုသည် သူ့ရှေ့တွင်ပေါ်လာပြီး ချပ်ဝတ်ပုံရိပ်အဖြစ် အသွင်ပြောင်းသွားသည်။
သူက ဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုပြီး ချပ်ဝတ်ပုံရိပ်ကို ဖန်တီးခဲ့သည်။
ထိုနည်းလမ်းသည် မခက်သော်လည်း မလွယ်ပေ။
ချပ်ဝတ်၏ အဆင့်အပေါ်တွင် မူတည်ပြီး ခက်ခဲမှု ကွာခြားသွားသည်။
“ဒါက အနည်းဆုံး စကြဝဠာတစ်ဝက်အဆင့် ချပ်ဝတ်ပဲ”
လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
ထိုချပ်ဝတ်သည် ရွှင်ချူးယွင်သန့်စင်နေသော ရုပ်သေးရုပ်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။
‘ဒါပေမဲ့ အဲဒီလိုချပ်ဝတ်မျိုးကို တကယ်သန့်စင်နိုင်မှာလား’
“ဆရာဟန်က ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေမဲ့ ဒီလိုလုပ်ဖို့အတွက် အားတင်းထားရလိမ့်မယ်”
လူတစ်ယောက်က နောင်တများနှင့် ခေါင်းခါသည်။
ယခုအချိန်မျိုးတွင် အစွမ်းကုန်ထုတ်သုံးနေသည့်အတွက် မည်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။
သို့သော် ကိုယ်ပိုင်စွမ်းရည်ထက် ကျော်လွန်နေသောအရာကို မကြိုးစားသင့်ပေ။
ရွင်ချူးယွင်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို စိန်ခေါ်နိုင်သော အခွင့်အရေးမျိုးသည် မကြာခဏ ရောက်မလာတတ်ပေ။
ထိုအခွင့်အရေးကို အသုံးပြုပြီး ကိုယ်ပိုင်ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် အနည်းငယ်နိမ့်ကျသော ရတနာကို သန့်စင်လိုက်လျှင် အဆင်ပြေသည်။
သို့သော် ဆရာဟန်က ကိုယ့်ကိုယ်ကိုယ် လမ်းဆုံးသို့ တွန်းပို့ခဲ့သည်။
ဤပြိုင်ပွဲတွင် အနိုင်ရပြီး နာမည်ကြီးမလာလျှင် အပြည့်အဝ ဆုံးရှုံးသွားလိမ့်မည်။
“အရူးလော့က သူ့ကို မျက်နှာသာပေးနေတာ မထူးဆန်းတော့ပါဘူး”
လူတစ်ယောက်က ချပ်ဝတ်ပုံရိပ်နှင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ထိုဆရာဟန်ကလည်း အရူးတစ်ယောက် ဖြစ်သည်။
ချပ်ဝတ်ပုံရိပ်၏ အလင်းရောင်သည် သူ့ရှေ့တွင် လှုပ်ရှားနေသည်။ ဟန်မူယဲ့က အစိတ်အပိုင်းများကို သန့်စင်ရန် အလျင်မလိုပေ။
သူက ချပ်ဝတ်၏ရှေ့တွင် ရပ်နေပြီး ပုံရိပ်အတိုင်း အမျိုးမျိုးသော အစိတ်အပိုင်းများကို ချိန်ညှိနေသည်။
ချပ်ဝတ်၏ အလင်းရောင်ကလည်း ဆက်တိုက် ပြောင်းလဲလာသည်။
“သူက စကြဝဠာတစ်ဝက်အဆင့် ချပ်ဝတ်ကို သန့်စင်ရုံတင်မကဘူး ပုံစံအသစ်ကိုလည်း ဖော်ထုတ်ဖို့ ကြိုးစားနေတာပဲ”
တစ်ယောက်ယောက်က ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားပြီး အံ့အားသင့်စွာ ပြောသည်။
ဤပြိုင်ပွဲမျိုးတွင် အစွမ်းကုန်ထုတ်မသုံးဘဲ ချပ်ဝတ်ပုံစံအသစ်ကို ဖန်တီးရန် ကြိုးစားနေသောလူသည် အမှန်တကယ်ပင် အရူးတစ်ယောက် ဖြစ်သည်။
ထိုချပ်ဝတ်မျိုးကို အောင်မြင်စွာ သန့်စင်နိုင်ရန် တစ်သောင်းပုံတစ်ပုံသာ ရှိသည်။
ထို့အပြင် တစ်ဖက်တွင် စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်နှင့် ရင်ဆိုင်နေရသည်။
ထိုသို့ ဖြစ်နေသော်လည်း ချပ်ဝတ်ကို လေ့လာနေသည်။ သူက ပြိုင်ဘက်ကို အလေးအနက်မထားပေ။
“သူက ရှေးခေတ်မှာလည်း လူတိုင်းကို ဒီလိုမျိုး အထင်သေးတာလား”
ရှန့်ကွမ်းချင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာ မေးသည်။
“အထင်သေးတာလား”
ရှန့်ကွမ်းချင်က ခါးသီးစွာပြုံးသည်။
“အထင်သေးတာခံရရင်တောင် ထိုက်တန်တယ်လို့ ပြောနိုင်တယ်”
သူ့စကားကြောင့် ရှန့်ကွမ်းချင်က အံ့အားသင့်သွားသည်။
သူက လေးနက်သောမျက်နှာထားဖြင့် ရှန့်ကွမ်းဟုန်ကို ကြည့်လိုက်သည်။
“သူက ရှေးခေတ်မှာ ပြိုင်ဘက်ကင်းပန်းပဲပညာရှင်တစ်ယောက်လို့ ပြောချင်တာလား”
ရှန့်ကွမ်းဟုန်က ခေါင်းခါသည်။
ရှန့်ကွမ်းချင်၏မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။
ရှေးခေတ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူမျိုးကို လွယ်ကူစွာတွေ့ရန် မဖြစ်နိုင်ပေ။
သူတို့ကို ဒဏ္ဍာရီကျမ်းစာများတွင်သာ တွေ့နိုင်သည်။
ဥပမာအနေဖြင့် ရှေးခေတ်ကို လွှမ်းမိုးနိုင်ခဲ့သော လျှို့ဝှက်ကောင်းကင်မြို့၏ သခင် ဖြစ်သည်။
“အကြီးအကဲ၊ ကျွန်တော်ပြောချင်တာက ....”
ရှန့်ကွမ်းဟုန်က စဉ်းစားနေပြီး စကားလုံးများကို သေချာရွေးချယ်လိုက်သည်။
“သူနဲ့ နှိုင်းယှဉ်ဖို့ ဘယ်သူမှ မထိုက်တန်တဲ့အတွက် ပြိုင်ဘက်ကင်းတယ်လို့ မပြောနိုင်တာပဲ”
ရှန့်ကွမ်းချင်က တုန်ခါသွားသည်။
သူက ရှေးခေတ်၏ ဒဏ္ဍာရီတစ်ပုဒ်ကို ပြန်တွေးမိသည်။
ထိုဒဏ္ဍာရီကို ကျမ်းစာများတွင် ရှာမတွေ့နိုင်ပေ။
ရှေးခေတ်တွင် ကောင်းကင်နှင့်မြေကြီးအား လက်တစ်ဖက်ဖြင့် ဖျက်စီးခဲ့သောလူတစ်ယောက် ရှိသည်။
သို့သော် နောက်ထပ် လျှို့ဝှက်ဒဏ္ဍာရီတစ်ခုအရ ထိုလူကပင် ကောင်းကင်ကို ပြုပြင်ပြီး ကြယ်စင်စုစကြဝဠာအား ဖျက်ဆီးခဲ့သော ပြင်ပမျိုးနွယ်များအားလုံးကို ဖိနှိပ်ခဲ့သည်။
သူက တစ်ယောက်တည်း၏စွမ်းအားဖြင့် လောကကို ဖိနှိပ်ခဲ့သည်။
သူက ကိုယ့်ကိုယ်ကိုယ် စတေးပြီး အမွေအနှစ်ရတနာတချို့ကိုသာ ချန်ထားခဲ့သည်။ ထိုရတနာများက ကျင့်ကြံခြင်းလောကကို ပြန်လည်အသက်သွင်းနိုင်မည့် အနာဂတ်၏ လက်ရွေးစင်များကို စောင့်ဆိုင်းနေသည်။
“အဲဒါက ....”
ရှန့်ကွမ်းချင်၏အသံက ရပ်တန့်သွားသည်။
အလင်းလွှာတွင် ဟန်မူယဲ့က အစိတ်အပိုင်းများကို စတင်သန့်စင်ခဲ့သည်။
သို့သော် သူလှုပ်ရှားလိုက်သောအချိန်တွင် လူတိုင်းက ထိတ်လန့်စွာ အော်ဟစ်မိကြသည်။
ရွှင်ချူးယွင်ကိုယ်တိုင်ကပင် တစ်ကိုယ်လုံး တုန်ခါနေပြီး ရှေ့တွင်ရှိသော မီးတောက်ကို ငြှိမ်းသက်လုနီးပါး ဖြစ်သွားသည်။
ရုတ်တရက်ဆိုသလိုပင် ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သက်ဆိုင်ရာဝိညာဉ်သတ္တုက အလိုလျောက် လှုပ်ရှားလာပြီး သူအလိုရှိသော အစိတ်အပိုင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ချပ်ဝတ်ပုံရိပ်ဆီသို့ ရောက်လာသည်။
ထိုသို့ ရိုးရှင်းသည်။
ထို့နောက် ဒုတိယမြောက် အစိတ်အပိုင်းက အလိုလျောက် စုစည်းပြီး သူ့လက်ထဲသို့ ရောက်လာသည်။
တတိယမြောက် အစိတ်အပိုင်းကလည်း ကိုယ်တိုင်ပြောင်းလဲသွားခဲ့သည်။
သူက ဝိညာဉ်သတ္တုများကို ကိုယ်တိုင်သန့်စင်နေရန် မလိုခဲ့ပေ။ ဝိညာဉ်သတ္တုများက အလိုလျောက် ပြောင်းလဲသွားပြီး သူ့ဆီသို့ ရောက်လာကြသည်။
ထိုနည်းလမ်းကြောင့် လူတိုင်းက အသက်ရှူအောင့်ထားလိုက်ကြသည်။
ထိုနည်းလမ်းမျိုးကို မည်သူမှ မမြင်ဖူးကြပေ။
“ဒါ၊ ဒါက ....”
ရှန့်ကွမ်းချင်၏ နှုတ်ခမ်းများက တုန်ခါသွားသည်။
ဘေးတွင်ရှိသော ရှန့်ကွမ်းဟုန်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်က ဒီနည်းလမ်းမျိုးကို မမြင်ဖူးဘူး။ ဒါပေမဲ့ သူလုပ်လိုက်တဲ့ အရာတွေက မထူးဆန်းတော့ပါဘူး”
စင်မြင့်၏အောက်တွင် လူတိုင်းက အသက်ရှူအောင့်ထားပြီး လျင်မြန်သွက်လက်လာသော ဟန်မူယဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။
အစိတ်အပိုင်းများသည် သူ့လက်ထဲသို့ တစ်ခုပြီးတစ်ခု ရောက်လာပြီး ချပ်ဝတ်တွင် နေရာယူလိုက်ကြသည်။
တခြားလူများက သေချာတန်ဖိုးထားပြီး အသေးစိတ်ဖန်တီးရသော အစိတ်အပိုင်းများသည် သူ့လက်ထဲတွင် အလွန်လွယ်ကူနေသည်။
သူက အစိတ်အပိုင်းများကို နေရာချပေးရန်သာ လိုအပ်သည်။
သူ၏ အစိတ်အပိုင်းများအားလုံးသည် တိကျနေသည်။
သို့သော် ထိုတိကျမှုကပင် သူ့လက်ထဲသို့ အလိုလျောက် ရောက်လာသော အစိတ်အပိုင်းများ၏ ထူးခြားမှုနှင့် မယှဉ်နိုင်ပေ။
အကယ်၍ စင်မြင့်အောက်တွင်ရှိသော လူများက မောက်မာပြီး သန်မာလျှင် စင်မြင့်ပေါ်သို့ ပြေးတက်ပြီးသား ဖြစ်နေလိမ့်မည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ....”
“ဒါက လက်နက်သန့်စင်တာလား”
“နတ်ဘုရားစွမ်းရည်ပဲ”
အံ့အားသင့်နေသော အသံများကို ကြားနိုင်သည်။
သခင်မမူယွဲ့က သခင်မ,မင်တုံကို လှည့်ကြည့်လိုက်သည်။
သခင်မ,မင်တုံက ဖျော့တော့သောအပြုံးဖြင့် ခေါင်းခါသည်။
“သူ့ရဲ့ ပန်းပဲစွမ်းရည်က တကယ်အံ့အားသင့်စရာပဲ ....”
ထို့အပြင် သူ၏ လှုပ်ရှားမှုများသည် ကျက်သရေရှိပြီး လေးနက်သည်။
‘လောကမှာ အဲဒီလိုပန်းပဲနည်းစနစ်မျိုး ရှိနေသေးတာလား’
“မဖြစ်နိုင်ဘူး။ ဒါက လက်နက်သန့်စင်တာလား”
ဆရာသခင်ကျူးယွမ်၏ ဘေးတွင်ရှိသော ဆရာသခင်ယွင်ကျီက လက်သီးဆုပ်ထားသည်။ သူ့မျက်နှာက နီရဲနေသည်။
သူ့ဘေးတွင်ရှိသော ရွှင်တောက်၏အသားအရေက ဖြူဖျော့နေသည်။
သူက ကြောက်ရွံ့သွားသည်။
“ဒီကလေးက အံ့အားသင့်စရာတွေ ယူလာမယ်ဆိုတာကို ငါသိနေတယ်”
အသံတစ်သံနှင့်အတူ ထွက်သွားသော အရူးလော့ ပြန်ရောက်လာသည်။ သူက စင်မြင့်၏ဘေးတွင် ဆင်းသက်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
ကျန်းယောင်ရန်ကလည်း ဝှစ်ခနဲ ရောက်လာပြီး ပြိုင်ပွဲကို သေချာကြည့်နေသည်။
“ဒီမှာ ဘာဖြစ်နေတာလဲ”
အရူးလော့က တခြားလူများကို ဂရုမစိုက်ပေ။ သူက ရှေ့တက်သွားပြီး လက်ဟန်ဖြင့် ဆွဲယူသည်။
ဟန်မူယဲ့၏ ပေါင်းစပ်ပြီး လွင့်မျောနေသော ဝိညာဉ်သတ္တုတစ်ခုက အရူးလော့၏လက်ထဲသို့ ရောက်သွားသည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံကို ကြားရသည်။ ရွှေရောင်ဝိညာဉ်စွမ်းအားသည် ဝိညာဉ်သတ္တုထဲမှ ပေါ်ထွက်လာပြီး အရူးလော့ကို နောက်ဆုတ်သွားစေသည်။
ထိုဝိညာဉ်စွမ်းအားသည် အလွန်သန်မာသောကြောင့် အရူးလော့က ဖြူဖျော့နေပြီး မထိန်းချုပ်နိုင်စွာ နောက်ဆုတ်ပေးလိုက်ရသည်။
“ဝိညာဉ်စွမ်းအား”
“ဟားဟား၊ ဒါက ဝိညာဉ်စွမ်းအားပဲ”
အရူးလော့က ထိတ်လန့်မသွားပေ။ သူက ရူးသွပ်နေသော မျက်နှာထားဖြင့် ပျော်ရွှင်စွာပြောသည်။
နောက်ဆုံးတွင် တခြားလူများကလည်း နားလည်သွားကြသည်။
ဟန်မူယဲ့က အစိတ်အပိုင်းများကို မသန့်စင်ခင် ဝိညာဉ်သတ္တုများအားလုံးကို ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံထားခဲ့သည်။
ထို့အပြင် သတ္တုများကို သန့်စင်ခဲ့သည်။
ယခု သူက ချပ်ဝတ်အတွက် အစိတ်အပိုင်းများကို လိုအပ်ရာတွင် လက်ဆန့်ထုတ်ပြီး ညွှန်ပြလိုက်ရုံသာ ဖြစ်သည်။ ဝိညာဉ်သတ္တုများက သူအလိုရှိသော ပုံစံအတိုင်း ပေါင်းစပ်ပြီး အသွင်ပြောင်းသွားလိမ့်မည်။
ထိုအရာသည် ထူးခြားသော မှော်နည်းစနစ် မဟုတ်ပေ။ ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်း ဖြစ်သည်။
“ဝိညာဉ်စွမ်အားနဲ့ သန့်စင်ခြင်း၊ ဒီလိုမျိုးလား”
အံ့အားသင့်နေသော အသံများကို ကြားနိုင်သည်။
တစ်ဖက်တွင် ရွှင်ချူးယွင်၏မျက်နှာက မည်းမှောင်နေသည်။ သူ့ရှေ့တွင်ရှိသော မီးတောက်က မတည်ငြိမ်စွာ လှုပ်ရှားနေသည်။
=