အခန်း (၁၄၁၃)
Vol. 101 Ch. 1413
“ဟမ်”
ဝိညာဉ်သတ္တုများက လွင့်မျောနေပြီး ချပ်ဝတ်နှင့် လှံရှည်များပေါ်သို့ ရောက်သွားသည်။
လက်နက်များ၏ ပျက်စီးနေသော အစိတ်အပိုင်းကို ဖြည့်ဆည်းလိုက်သည်။
ဝိညာဉ်အင်းကွက်များသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
အဆုံးမရှိသော ချီစွမ်းအင်သည် လေဟာနယ်မှတစ်ဆင့် ဆင်းသက်လာသည်။
ကောင်းကင်၏စွမ်းအား ဖြစ်သည်။
ဤနေရာတွင်ရှိသော ဖြစ်ရပ်ကို စခန်းအား ဝိုင်းရံထားသည့် ကန်အန်းများက အာရုံခံမိသွားသည်။
ဒါဇင်ချီသော ပုံရိပ်များက သူတို့ဆီသို့ ပျံသန်းလာကြသည်။
“စောင့်ကြပ်ထားမယ်”
လုကျီကျန်းက အော်ဟစ်လိုက်ပြီး ကျန်းယွဲ့အစောင့်များကို ဦးဆောင်၍ ပြေးထွက်သွားသည်။
အဝေးတစ်နေရာတွင် ပေါက်ကွဲသံများကို ကြားရသည်။ ကျန်းယွဲ့စခန်း၏ ကျွမ်းကျင်သူများက ပြန်လည်တိုက်ခိုက်ပြီး သူတို့ကို ကူညီရန် ကြိုးစားနေပုံရသည်။
ချက်ချင်းဆိုသလိုပင် နေရာနှစ်ခုလုံးတွင် တိုက်ပွဲဖြစ်လာသည်။
ထိုအချိန်တွင် ဟန်မူယဲ့က တည်ငြိမ်စွာရှိနေပြီး ဝိညာဉ်သတ္တုနှင့် အင်းကွက်များကို လက်ညှိုးညွှန်၍ လျင်မြန်စွာ ထိန်းချုပ်နေသည်။
ပျက်စီးနေသော ချပ်ဝတ်နှင့် လက်နက်များသည် ရှေးခေတ်သားရဲများကဲ့သို့ ဖြည်းဖြည်းချင်း နိုးထလာကြောင့် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။
ထိုစွမ်းအားကြောင့် ကောင်းကင်တွင်ရှိသော တိမ်တိုက်များသည် လှုပ်ရှားသွားကြသည်။
“သတ်”
အဝေးတစ်နေရာတွင် အော်ဟစ်သံကို ကြားရသည်။ ရာချီသော ကန်အန်းများက လှုပ်ရှားလိုက်ကြသည်။
သူတို့၏ သွေးနှင့်ချီသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ သူတို့က တောင်ပံဖြန့်လိုက်ပြီး အပေါ်စီးမှ တိုက်ခိုက်နေသည်။
ကန်အန်းမျိုးနွယ်က စစ်ပွဲဝင်္ကပါကို ဖန်တီးလိုက်လျှင် တခြားလူများ မခုခံနိုင်သော စွမ်းအားကို ဖော်ထုတ်နိုင်သည်။
သူတို့၏ တိုက်ခိုက်မှုသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကိုပင် ဖိနှိပ်ထားနိုင်သည်။
“နောက်ဆုတ်”
စခန်းတွင် အော်ဟစ်သံကို ကြားရသည်။
ဟန်မူယဲ့က နောက်မဆုတ်ခဲ့ပေ။
လုကျီကျန်းနှင့် တခြားလူများကလည်း အတူတူပင်ဖြစ်သည်။
“အကြီးအကဲ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို တည်ငြိမ်စွာပြောသည်။
ယခုလေးတင် အသစ်ပြင်ထားသော ရွှေရောင်ဓားက ပျံထွက်လာသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဓားရှည်ကို လှမ်းယူလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
“ဝီ”
သူ့ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်ကြီးမားသွားသည်။
ဓားရှည်သည်လည်း ပေတစ်ထောင်ကြီးမားလာပြီး ကောင်းကင်ထောက်တိုင်တစ်ခုနှင့် ဆင်တူနေသည်။
ဓားရှည်ကို မြှောက်လိုက်သောအခါ ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအားများ စုစည်းလာသည်။
ရှေးခေတ်လက်နက်များသည် စည်းမျဉ်းကို သယ်ဆောင်ထားသည်။
လေဝဲအများအပြား ပေါ်ထွက်လာပြီး လေဆင်နှာမောင်းဆယ်ခုကို ဖန်တီးသည်။
လေဆင်နှာမောင်းများသည် ဓားသွားသဖွယ် ဖြစ်လာသည်။
“သတ်”
ပေတစ်ထောင်ကြီးမားသော ရုပ်သေးရုပ်က အော်ဟစ်လိုက်ပြီး ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ချသည်။
ထိုဓားချက်ကြောင့် လေဆင်နှာမောင်းဆယ်ခုက ပေါက်ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးအား ထိုးခွဲနိုင်သော လေဓားသွားများကို ပြန့်ကျဲသွားစေသည်။
အရာအားလုံးသည် ခုတ်ပိုင်းခံလိုက်ရသည်။
ထိုအရာသည် ပြုပြင်ထားသော စကြဝဠာအဆင့်လက်နက်၏ ခွန်အား ဖြစ်သည်။
လမ်းကြောင်းတွင် ကြယ်တစ်စင်းရှိနေလျှင်ပင် ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
“ဘုန်း”
တောင်ပံများနှင့်ပြည့်နေသော ကောင်းကင်သည် ခုတ်ပိုင်းခံလိုက်ရသည်။ ရာချီသော ကန်အန်းများက သွေးအန်လိုက်ရသည်။
ဓားတစ်ချက်သည် ကန်အန်းမျိုးနွယ်၏ ဝင်္ကပါကို အနိုင်ယူခဲ့သည်။
“သေချင်နေတာလား ....”
အဝေးတစ်နေရာတွင် အော်ဟစ်သံကို ကြားရသည်။ တောင်ပံခြောက်ခုကန်အန်းသုံးယောက်က လျင်မြန်စွာချဉ်းကပ်လာပြီး သွေးနှင့်ချီကို ပေါင်းစပ်လိုက်သည်။
ရွှေအလင်းသည် ဒေါင်လိုက်မျက်လုံးသုံးခုတွင် စုစည်းနေပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို တိုက်ခိုက်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဓားမြှောက်ပြီး ခုခံသည်။
မျက်လုံးများ၏ ရွှေအလင်းက ဓားနှင့် ထိတွေ့သွားသောအခါ မရေမတွက်နိုင်သော လေပြင်းများအဖြစ် ပေါက်ကွဲထွက်သွားသည်။
စည်းမျဉ်းကို စည်းမျဉ်းနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
လေပြင်းများကြားတွင် လုကျီကျန်းနှင့် တခြားလူများက မခုခံနိုင်ဘဲ နောက်ဆုတ်ပေးလိုက်ရသည်။
“ဒီချပ်ဝတ်နဲ့ လက်နက်တွေကို ဘယ်သူက ထိန်းချုပ်ချင်လဲ”
သူတို့၏နောက်တွင် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
သူတို့က ပြုပြင်ပြီးသားဖြစ်နေသော ရွှေအလင်းနှင့်အတူ လွင့်မျောနေသည့် ချပ်ဝတ်နှင့်လှံရှည် ဆယ့်သုံးစုံကို ကြည့်လိုက်ကြသည်။
လက်နက်များသည် အပြည့်အဝ ပြန်ကောင်းသွားကြသည်။
“ကျွန်တော်လိုချင်တယ်”
“တစ်စုံယူမယ်”
လူတိုင်းက တက်ကြွနေကြောင်း မြင်လိုက်ရသောအခါ ဟန်မူယဲ့က လေးနက်စွာပြောသည်။
“မင်းတို့ရဲ့ ဝိညာဉ်နဲ့ ကျင့်ကြံဆင့်က ဒီလက်နက်တွေကို ထိန်းချုပ်ဖို့ မလုံလောက်သေးဘူး။ သူတို့က မင်းတို့ကို ဖြည်းဖြည်းချင်း တိုက်စားသွားလိမ့်မယ်”
“ဒီလက်နက်တွေကို အသုံးပြုပြီး သိပ်မကြာခင်မှာ မင်းတို့က တိုက်ခိုက်ဖို့ပဲသိတဲ့ လူသတ်စက်တွေ ဖြစ်လာလိမ့်မယ်”
“ရှေးခေတ်အချိန်ရဲ့ စစ်တပ်ဝင်္ကပါက အဲဒီလိုပုံစံမျိုးပဲ”
ကိုယ်ပိုင်စွမ်းအားကို အခြေခံပြီး ချပ်ဝတ်၊ လက်နက်များနှင့် ပေါင်းစပ်သည်။
ထိုသို့ ပေါင်းစပ်သွားသောအချိန်တွင် ကိုယ်ပိုင်အသိစိတ်ကို ဆုံးရှုံးရလိမ့်မည်။
ကိုယ်ကိုယ်တိုင်က အစစ်အမှန်လက်နက်တစ်ခု ဖြစ်လာမည်။
နောက်ပိုင်းတွင် ရုပ်သေးရုပ်နည်းစနစ်များ တိုးတက်လာပြီး လူသားများက ထိုနည်းလမ်းကို အသုံးပြုရန် မလိုတော့ပေ။
သို့သော် ထိုတိုးတက်မှုနှင့်အတူ ခွန်အားကျဆင်းသွားခဲ့သည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ချပ်ဝတ်နှင့် လက်နက်များသည် စကြဝဠာတစ်ဝက်အဆင့် ခွန်အားကို ပိုင်ဆိုင်ကြသည်။
သူတို့ကို ဝင်္ကပါအဖြစ် ဖွဲ့စည်းလိုက်လျှင် ဆယ်ဆ ခွန်အားတိုးလာမည်။ ထိုအရာသည် အဓိကအချက် ဖြစ်သည်။
“စိတ်ချပါဆရာဟန်၊ လုမိသားစုနဲ့ စကြဝဠာနယ်မြေအတွက် ကျွန်တော်တို့ရဲ့အသက်တွေက အရေးမကြီးပါဘူး”
လုကျီကျန်းက ကျယ်လောင်စွာရယ်လိုက်ပြီး ပြောသည်။ သူက ရှေ့တွင်ရှိသော လှံရှည်ကို ဆွဲယူသည်။
တခြားလူများကလည်း တုံ့ဆိုင်းမနေဘဲ ချပ်ဝတ်နှင့် လှံရှည်များကို ယူလိုက်ကြသည်။
လက်နက်များက ဆယ့်သုံးစုံသာ ရှိသည်။ သို့သော် လူဆယ့်ရှစ်ယောက် ရှိနေသည်။
လုယုရှန်းက လက်နက်တစ်ခုကို လှမ်းယူရန် ကြိုးစားလိုက်သော်လည်း လူတစ်ယောက်က သူ့ကို တွန်းထုတ်သည်။
“အစ်ကိုစန်း”
လုယုရှန်းက ပြုံးပြနေသော လူသန်ကြီးကို ကြည့်လိုက်သည်။ လူသန်ကြီးက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး လှံရှည်ကို ယူလိုက်သည်။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းခါသည်။
လုမိသားစု၏ မျိုးဆက်ဆယ့်သုံးယောက်သည် ချပ်ဝတ်နှင့် လှံရှည်များကို အသုံးပြုလိုက်လျှင် အစစ်အမှန် လူသတ်စက်များ ဖြစ်လာလိမ့်မည်။
သူက ချပ်ဝတ်နှင့် လှံရှည်များကို ပြုပြင်ခဲ့သော်လည်း ပျိုးထောင်ပေးရန် အချိန်မရှိသောကြောင့် လက်နက်များတွင် ရှိနေသော ဝိညာဉ်စွမ်းအားကို မချေဖျက်နိုင်ခဲ့ပေ။
သူက အသုံးပြုမည့်လူများ၏ ဝိညာဉ်ကို ကြာရှည်ခံအောင် အကောင်းဆုံးကြိုးစားပေးရန်သာ တတ်နိုင်ခဲ့သည်။
ထို့ကြောင့် ချပ်ဝတ်နှင့် လှံရှည်များ၏ တိုက်စားမှုက အချိန်ကြာသွားမည်။ သို့သော် သူတို့ကို အသုံးပြုနေသည့်လူများက နာကျင်မှုကို ပိုခံစားရမည်။
“ဘုန်း”
အလင်းတန်းဆယ့်သုံးခုသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
ချပ်ဝတ်နှင့် စစ်သူကြီးဆယ့်သုံးယောက် ပေါ်ထွက်လာသည်။
ထိုအချိန်တွင် မိုင်တစ်သိန်းပတ်ဝန်းကျင်က တုန်ခါသွားသည်။
“ဧရာမဝိညာဉ် ....”
ကျယ်လောင်သော အော်သံသည် ပတ်ဝန်းကျင်တွင်ရှိသော ချီစွမ်းအားကို ပေါက်ကွဲသွားစေသည်။ တောင်ပံနှစ်ခုသာရှိသော ကန်အန်းမျိုးနွယ်ဝင်များက မပျံသန်းနိုင်တော့ဘဲ ပြုတ်ကျသွားကြသည်။
လှံရှည်ဆယ့်သုံးချောင်း၏ ရွှေအလင်းသည် ဆက်သွယ်သွားပြီး နဂါးတစ်ကောင်ကို ဖြစ်ပေါ်လာစေသည်။
ဝင်္ကပါစွမ်းအား ဖြစ်သည်။
ထိုအချိန်တွင် နှစ်ပေါင်းများစွာကြာအောင် အိပ်စက်နေသော ရှေးခေတ်ဝင်္ကပါ၏စွမ်းအား ပေါ်ထွက်လာသည်။
ထိုအရာသည် ကျင့်ကြံခြင်းလောကနှင့် ပန်းပဲပညာရပ်၏စွမ်းအား ဖြစ်သည်။
“ဝီ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လက်ထဲတွင်ရှိသော ဓားရှည်ဖြင့် ရှေ့သို့ ညွှန်ပြသည်။
ဝင်္ကပါမှ ဖြစ်ပေါ်လာသော နဂါးသည် ဟိန်းဟောက်လိုက်ပြီး လမ်းတစ်လျှောက်တွင်ရှိသော အရာအားလုံးကို ဝင်တိုက်လိုက်သည်။
မရေမတွက်နိုင်သော ရွှေအလင်းများသည် ပြန့်ကျဲထွက်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော ကန်အန်းမျိုးနွယ်များ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သည်။
ခုခံနိုင်သူ မရှိခဲ့ပေ။
လူဆယ့်သုံးယောက်နှင့်အတူ ဖွဲ့စည်းထားသော ရှေးခေတ်ဝင်္ကပါသည် ရှေ့တွင်ရှိသော ကန်အန်းစစ်တပ်ကို တိုက်ခိုက်ရန် လုံလောက်သည်။
ဝင်္ကပါသည် ရွှေအလင်းနှင့်အတူ ရှေ့တက်လာခဲ့သည်။
သူတို့ကို မရပ်တန့်နိုင်ပေ။
နဂါးပုံရိပ်၏ တိုက်ခိုက်မှုတိုင်းသည် ပေတစ်သောင်းပတ်ဝန်းကျင်ကို ရှင်းလင်းသွားစေသည်။
“ဘုန်း”
တောင်ပံလေးခုရှိသော ရာချီသည့် ကန်အန်းမျိုးနွယ်ဝင်များက အောက်သို့ ပြုတ်ကျလာကြသည်။
တောင်ပံနှင့် အလောင်းများသည် တစ်ခုအပေါ်တစ်ခု ထပ်နေသည်။
“နောက်ဆုတ်”
အဝေးတစ်နေရာတွင် အမိန့်ပေးသံကို ကြားရသည်။
ကောင်းကင်တွင်ရှိသော ကန်အန်းမျိုးနွယ်များက အချင်းချင်း ချိတ်ဆက်လိုက်ပြီး အဝေးတစ်နေရာသို့ ပျံသန်းသွားကြသည်။
ကျန်းယွဲ့စခန်းတွင်ရှိသော လုမိသားစု၏ စစ်သည်များက စစ်သူကြီးဆယ့်သုံးယောက်ဆီသို့ ရောက်လာကြသည်။
“လုကျီကျန်း”
“လုယုရှန်း”
စစ်သူကြီးသုံးယောက်၏ ကြီးမားသောပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး လုကျီကျန်းနှင့် တခြားလူများကို ဖော်ပြလိုက်သည်။
လုကျီကျန်း၏နောက်တွင်ရှိသော လုမိသားစု၏ မျိုးဆက်များက ရှေ့တက်လာပြီး တီးတိုးသတင်းပို့လိုက်သည်။
ကျန်းယွဲ့စခန်း၏ အနက်ရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်က အံ့အားသင့်နေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“လုကန်းရီက ဆရာဟန်ကို နှုတ်ဆက်ပါတယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက ပြောလိုက်သည်။
ဟန်မူယဲ့မရှိလျှင် ဤနေရာတွင်ရှိသော လုမိသားစု၏ မျိုးဆက်များအားလုံးက သေဆုံးသွားလိမ့်မည်။
“သူတို့က ကူညီပေးဖို့ ကြိုတင်စီစဉ်ပြီးသားပါ”
ဟန်မူယဲ့က တပ်ဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
တပ်ဖွဲ့ခေါင်းဆောင်က လုကျီကျန်းတို့ဆယ့်သုံးယောက်ကို လေးနက်စွာကြည့်လိုက်သည်။
“အခု မင်းတို့မှာ ပိုပြီး အရေးကြီးတဲ့ကိစ္စ ရှိနေတယ်”
သူက ပြောသည်။
“လုမိသားစုခေါင်းဆောင်နဲ့ တခြားလူတွေက မူရမြို့မှာ ပိတ်မိနေတယ်။ မင်းတို့က သွားကယ်ပေးရမယ်”
လုမိသားစုခေါင်းဆောင် လုချန်းယွဲ့က တောင်ပံဆယ့်နှစ်ခု ကန်အန်းရှစ်ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားသည်။ လုမိသားစု အကြီးအကဲများ၏ ကာကွယ်မှုအောက်တွင် သူက မူရမြို့သို့ ရောက်သွားခဲ့သည်။
ယခုအချိန်တွင် မူရမြို့ကို ကန်အန်းမျိုးနွယ်၏ လက်ရွေးစင်များက ဝိုင်းရံထားကြသည်။ အလင်းတန်းကုန်းမြေတွင်ရှိသော ကျန်းယွဲ့တပ်ဖွဲ့များက သူတို့ကို သွားမကယ်ရဲကြပေ။
ပုံမှန်အတိုင်းဆိုလျှင် စကြဝဠာနယ်မြေတွင်ရှိသော လုမိသားစု၏ ကျွမ်းကျင်သူများက မိသားစုရတနာကို ယူလာပြီး မူရမြို့သို့ သွားလိမ့်မည်။
သို့သော် တည်နေရာရွှေ့ပြောင်းရာတွင် တိုက်ခိုက်မှုဖြစ်ခဲ့ပြီး လူစုကွဲသွားသည်။ အကြီးအကဲများနှင့် မိသားစုရတနာ၏ တည်နေရာကို မသိနိုင်တော့ပေ။
စစ်ကူများမရှိသောကြောင့် မူရမြို့က ပြိုလဲသွားလိမ့်မည်။ ထိုနေရာတွင်ရှိသော မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက အမဲလိုက်ခံရလိမ့်မည်။
အကယ်၍ သူတို့က လျှို့ဝှက်နည်းစနစ်များကို အသုံးပြုပြီး လွတ်မြောက်လာလျှင်ပင် လုမိသားစုက အလင်းတန်းကုန်းမြေကို ဖိနှိပ်နိုင်တော့မည်မဟုတ်ပေ။ ကျွမ်းကျင်သူအများအပြားကိုလည်း ဆုံးရှုံးရလိမ့်မည်။
ထိုသို့ဆိုလျှင် လုမိသားစုက အပြင်းအထန် ထိခိုက်သွားပြီး စကြဝဠာနယ်မြေတွင်ရှိသော မိသားစုကြီးခုနစ်ခု၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။