ဖြစ်နိုင်ရင် ... မင်းရဲ့ နည်းလမ်းနဲ့ ပိုင်ရှုရင်ကို ကူညီဖို့ ကြိုးစားပေးပါလား။
Vol. 159 Ch. 2213
ရှည်လျား လှသော ခရမ်းငယ်၏ ဘွဲ့အမည်ကို ကြားပြီးနောက် ယဲ့ကူဟန်မှ နှုတ်ခမ်းများ တုန်ယင်သွားသည်။
ပင်လယ်လေးစင်း ဟူသည် အဘယ်နည်း။ ခွန်လွန် ပြင်ပရှိ တားမြစ် ထားသော ပင်လယ် လေးစင်းကို ရည်ညွှန်းသည်လော။
ပျက်သုဉ်းမြေ ရှစ်ပါး ဟူသည်ကား အဘယ်နည်း။ ကောင်းကင် (၃၆)လွှာ အဓိပ္ပာယ် အပေါ် နားလည်သော်လည်း မြေကြီး(၇၂)ထပ် ဟူသည်ကို နားမလည်ချေ။
ထို့ပြင် ဤမိန်းကလေး၌ ဖီးနစ် ရောင်ဝါ မရှိသဖြင့် နတ်ဖီးနစ် မိသားစုဝင် ဟူသော ခရမ်းငယ်ထံ ပြန်ကြည့်ကာ၊
“ နတ်ဖီးနစ် မျိုးနွယ်လား ... မင်းက သွေးသန့်စင်တဲ့ နတ်ဖီးနစ် တစ်ကောင်လား မဖြစ်နိုင်ပါဘူး၊ ဒါပေမယ် စိတ်ဝင်စားစရာပဲ ... ခွန်လွန်မှာ ဖီးနစ်သွေး ပိုင်ဆိုင်တာ ဆိုလို့ နတ်ဖီးနစ် တောင်ပဲ ရှိတယ်၊ ...
... ဟား ဟား ဟား ... ကောင်းပြီ မင်းက ကောင်းကင် တရား စီရင်ရေး ... ဧကရီ ဆိုရင် ငါက ဓားနတ်ဘုရားပဲ။ ”
“ ဟမ့် ... သေမျိုး တစ်ယောက်က ငါနဲ့ ယှဉ်လို့ မရပါဘူး၊ ဒီဧကရီဆိုတာ ... နတ်မီးလျှံနဲ့ ဓားနတ်ဘုရားကို သတ်နိုင်တယ်။ ”
ခရမ်းငယ်မှ နှုတ်ခမ်းဆူကာ ချက်ချင်း တုန့်ပြန် လိုက်သည်။ သူမကို မမြင်နိုင်သဖြင့် ယဲ့ကူဟန်မှ ပြုံး၏။ လင်းယွန်တွင် သူ မသိ နိုင်သည့် လျှို့ဝှက်ချက်များ ရှိနေချေပြီ။
“ ကောင်းပြီ ... ကောင်းပြီ ငါမင်းကို မမေးတော့ဘူး။ ”
သူမသည် ရှေးဟောင်း နတ်ဝိညာဉ် သို့မဟုတ် ဓားဝိညာဉ် တစ်ခုခု ဖြစ်ရမည်ဟု ယူဆ လိုက်တော့၏။
ထို့ကြောင့် အထောက် အထားနှင့် ပတ်သက်၍ ဤနေရာတွင် အဆုံးသတ်ရန် ဆုံးဖြတ် လိုက်သည်။
“ အစ်ကိုကြီး ... ကောင်းကင် ကျမ်းကို ဘယ်လို သိတာလဲ။ ”
“ လမ်းလျှောက်ရင်း စကားပြောရအောင်။ ”
“ အစ်ကိုကြီး အခု ပြောပါ ... ။ ”
“ ကောင်းပြီ ... မင်းက ငါ့ရဲ့ အချစ်ဆုံး ညီလေးပဲ ... ပြောပြပေးမယ်။ ”
ယဲ့ကူဟန်က ပြုံးပြီး နတ်နဂါး အသီးကို ကိုက်ဝါးလိုက်၏။ ထိုအပြုံးကြောင့် လင်းယွန် ခမျာ သံသယဝင်လာသည်။
“ မလိမ်နဲ့ ... ။ ”
“ ဟား ဟား ဟား ... မင်းက သူတော်စင် သခင်ကိုတောင် မကြောက်တာ ငါလှည့်စားမှာ ကြောက်နေတာလား။ ”
နှစ်ယောက်သား မရဏ မိုးကြိုး တောင်ထိပ်ထံ လမ်းလျှောက်ပြီး ကောင်းကင် ကျမ်း အကြောင်း ပြောပြလာသည်။
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ကြယ်နှစ်ဖော် ခေတ်ကို ပြန်သွားရအောင် အဲဒီတုန်းက ငါတို့ကို သူငယ်ချင်းလို့ သတ်မှတ်လို့ ရတယ် ...
... ဆရာက သူ့ကို တပည့် အဖြစ်နဲ့ ... ခေါ်ယူလုနီးနီးပဲ ... ငါတို့ အချင်းချင်း ပြိုင်ဆိုင် ခဲ့ကြပေမယ့် ... အသိအမှတ် ပြုမှုတွေ ရှိတယ်၊ ကောင်းကင် ကျမ်းကို ...
... အပြီးသတ်ဖို့ ငါနဲ့ အချိန် အတော်ကြာ ဆွေးနွေးခဲ့တယ်၊ အစက မယုံပေမယ့် ဒီကောင် တကယ် ပြီးအောင် လုပ်နိုင်ခဲ့တယ်။ ”
ယဲ့ကူဟန်က သက်ပြင်းချကာ အတိတ်ကို ပြန်ပြောင်းပြောပြ လိုက်သည်။
“ ဒါဆို အစ်ကိုကြီးက သူ့ကို ကူညီပေး ခဲ့တာလား။ ”
လင်းယွန်မှ စိတ်ဝင်စား လာ၏။
“ အတိအကျတော့ မဟုတ်ဘူး။ ”
ယဲ့ကူဟန်က ခေါင်းခါသည်။
“ ဒါပေမယ့် အစ်ကိုကြီးက ပေါင်းစပ် နိုင်ခဲ့တယ် မဟုတ်လား၊ တျန်ရွှမ်ဇီ တောင် ဒါမျိုး မပြီးမြောက်နိုင်ပါဘူး။ ”
“ မဟုတ်သေးဘူး ... ဒါက လှည့်ကွက်လေးတစ်ခုပါ ... သူ့တို့ကို အလုံးစုံ ပေါင်းစပ်မှု မဟုတ်ဘူး။ ”
မရဏ မိုးကြိုး တောင်ထိပ်ပေါ်တွင် တိုက်ပွဲသတင်းကို စောင့်မျှော် နေသူများ ရှိနေ ကြသည်။
ညီအစ်ကို နှစ်ယောက်က လင်းယွန် အိမ်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်း လာခဲ့၏။
“ ငါ အပြင်မှာ စောင့်နေမယ် ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မင်းရဲ့ ဒဏ်ရာတွေကို ကုသပေး နိုင်ပေမယ့် ... မင်းကိုယ်တိုင် ထပ်မံ ကုသတာ ပိုကောင်းပါတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန် သည်လည်း ထိုသို့သော ရည်ရွယ်ချက် ရှိသည်။ အိုင်းရစ် သူတော်စင် တံဆိပ်ကို ဖွဲ့စည်းခဲ့ပြီး ဓားသေတ္တာကို သူ့ရှေ့တွင် ပျံဝဲစေမိ၏။
ထို့နောက် ဓားသေတ္တာ ပေါ်ရှိ အိုင်းရစ် ပန်းပုံစံများ မီးလောင်လာပြီး ဝင်ပေါက် တံခါး ပွင့်သွားသည်။
အိုင်းရစ် ဓားသေတ္တာသည် အချိန်-အာကာသ ရတနာ တစ်ခု ဖြစ်နိုင်မည်လောဟု တွေးတောလာ မိ၏။
လျှို့ဝှက် နယ်မြေထဲတွင် ခရမ်းငယ်မှ အုပ်စိုးရှင် နတ်ရူရ်နှစ်လုံးကို အသက်သွင်းနေရာ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေခဲ့သည်။
အဆုံးတွင် သက်ပြင်း တစ်ချက်ချကာ မျက်လုံး ပြန်ဖွင့်လာ၏။
“ အုပ်စိုးရှင် နတ်ရူရ်က ... အရမ်း အစွမ်းထက်တယ်၊ ဘာလို့ မင်းခန္ဓာကိုယ်ထဲ မပေါင်းစပ် ရတာလဲ။ ”
လင်းယွန်က မေးသည်။
“ သန့်စင်နိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံမှုနဲ့ မသေချာ သေးဘူး။ ”
အုပ်စိုးရှင် နတ်ရူရ်များသည် ကိုယ်ပိုင် ရှင်သန်ကြီးထွား နိုင်သည့် ရတနာများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် သန့်စင်ထားသူ၏ စွမ်းအင်ကို စုပ်ယူနိုင်သည်။
အဆုံးတွင် ဉာဏ်ရည်ဉာဏ်သွေးများ ပိုင်ဆိုင်လာပြီး ပိုင်ရှင်အပေါ် ထိန်းချုပ်သွား နိုင်၏။
“ ဒါဆို... ငါ့ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ နေနတ်ရူရ်ကို ဘာလုပ်သင့်လဲ။ ”
“ အဲဒါကို ထုတ်ယူရမယ် ... သူက ပေါက်ကွဲစေတတ်တဲ့ စွမ်းအင်ပဲ၊ အရင်တုန်းက ကြာပန်းကိုးပွင့် ပန်းချီကားကို မှတ်မိသေးလား အန္တရာယ် အရမ်း များတယ်။ ”
“ ကောင်ပြီ ... ဒါနဲ့ ပိုင်ရှုရင်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ”
“ ဒီကောင်မလေးက နည်းနည်း ကြောက်စရာ ကောင်းတယ်၊ သူရဲ့ ကိုယ်လုံး ကိုယ်ပေါက်က နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်ပဲ။ ”
ထိုအကြောင်းကို ထပ်မံ ကြားသိရသော အခါတွင် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား သွားသည်။
သူသည် မွေးရာပါ နတ်ခန္ဓာ မဟုတ်ခဲ့ သော်မှ အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ ထို့ကြောင့် မွေးရာပါ နတ်ခန္ဓာသည် မည်မျှ ထိတ်လန့်ဖွယ် ကောင်းမည်ကို စိတ်ကူး ကြည့်နိုင်၏။
“ ဒါက ယန်နတ်ဘုရား ခန္ဓာ မဟုတ်ဘူး၊ ရှေးဦးခေတ် တည်းက ရှားပါးတဲ့ မဟာ နေမင်း နတ်ခန္ဓာပဲ၊ သူသာ နိုးထလာရင် အစွမ်းက စိတ်ကူးယဉ်လို့ မရဘူး၊ ...
... သမိုင်းမှာ မဟာနေမင်း နတ်ခန္ဓာပိုင်ရှင် နတ်ဘုရား တစ်ပါးက ... ဘိုးဘေး နတ်ဘုရားနဲ့ ဓားဘိုးဘေးကို ယှဉ်နိုင်ခဲ့တယ်။ ”
ခရမ်းငယ်မှ ရှင်းပြသည်။
“ ဒါဆို သတင်းကောင်းပဲ ... ။ ”
“ မဟုတ်သေးဘူး ... ဒါက မွေးကင်းစပဲ မနိုးထသေးဘူး၊ နိုးထရင် သူမအတွက် အရမ်း အန္တရာယ် ရှိတယ်၊ ...
... ဒါကြောင့် သူ့ဇာစ်မြစ်ကို ငါ အရမ်း သိချင်နေတယ်၊ မဟာနေမင်း နတ်ခန္ဓာက ဘာလို့ ချို့ယွင်း နေရတာလဲ၊ ဒါကို မနိုးထ လာအောင် ထိန်းထားဖို့ ...
... ကေျာ်ကစိမ်းဓား သူတော်စင်က နေနတ်ရူရ်နဲ့ သူတော်စင် ခန္ဓာကိုယ် အဆင့်ထိ ချိုးနှိမ်ထားပေးတာ။ ”
“ ဒါဆို ငါ့ဆီက မြန်မြန်ထုတ်လိုက် ... သူ့ကို ပြန်ပေးရအောင်။ ”
“ နေပါဦး ... ငါ့မှာ နည်းလမ်း ရှိတယ်၊ ငါတို့က နတ်ရူရ်ကို ပြန်ပေးဖို့ မလိုအပ်ပါဘူး။ ”
“ ဒါပေမယ့် မင်း ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်နဲ့ ဆွေးနွေးရမယ်။ ”
အုပ်စိုးရှင် နတ်ရူရ်ကို သဘာဝအတိုင်း အလိုရှိသည်။ ၎င်းတို့အား ဓားသေတ္တာ အတွင်း စုစည်း လိုက်သော အခါတွင် မည်မျှ အစွမ်းထက် မည်ကို သိလို၏။
“ ကောင်းပြီ ... ငါနည်းလမ်း တစ်ခု စဉ်းစားမယ်၊ ဒါပေမယ့် ... ”
ခရမ်းငယ်က လင်းယွန်ကို မျက်စိမှိတ် ပြုံးပြလိုက်ပြီး၊
“ နင်က တကယ့်ကို ... လူယုတ်မာပဲ၊ သူစောင့်နေတဲ့ လူက နင့်လို ... ဗရုတ်သုတ်ခ တစ်ယောက် ဖြစ်နေတယ်။ ”
“ ငါ မသိဘူး၊ ဒီမလာမီ ငါ သူနဲ့အပြင်မှာ ... မတွေ့ဖူးဘူး၊ အဆင့် သတ်မှတ်ချက်ကို စိန်ခေါ် တုန်းက သူ့ကိုယ်ပွားနဲ့ တိုက်ဖူးတာပဲ ရှိတယ်။ ”
“ ငါတော့ မယုံဘူး၊ နင်က ဗရုတ်သုတ်ခ လူယုတ်မာ။ ”
“ ငါ ... ။ ”
လင်းယွန်က ပါးစပ် ပိတ်သွားသည်။ ထိုစဉ်က သူမ၏ ခန္ဓာကိုယ် အစစ်ဖြင့် တိုက်ရန် သူ့ကို ဖိတ်ခေါ်ခဲ့ဖူးသည်။
“ ဟုတ်တယ် မဟုတ်လား ... နင်က လူယုတ်မာ ဆိုတာ။ ”
လင်းယွန်က သက်ပြင်းချကာ၊
“ အဲဒီတုန်းက ငါသူ့ကို လာခဲ့မယ်လို့ ပြောခဲ့တာပဲ ရှိတယ်။ ”
-ဟု ပြန်ရှင်းပြလိုက်၏။
ခရမ်းငယ်က လင်းယွန်ကို သေချာ ပြန်ကြည့်ပြီး၊
“ တကယ်တော့ နင်က တော်တော် ကြည့်ကောင်းတာပဲ၊ စိတ်နေစိတ်ထား ကလည်း လက်ခံနိုင်စရာပါ၊ နင် ... နာမည်ကြီး လာတော့ သူ စိတ်ဝင်စား သွားတာ ဖြစ်မယ်၊ ...
... သူက ယောက်ျားတွေ အပေါ် ... အေးစက်ပြီး လျစ်လျူရှု ထားတာက ... နင့်ကို မျှော်လင့်နေလို့ကိုး ... ငါ မထင်ထားဘူး။ ”
“ လာ ... နေနတ်ရူရ်ကို အရင် ထုတ်ရအောင်။ ”
လင်းယွန်က စကား လမ်းကြောင်း ပြောင်းလိုက်၏။ မိနစ်အနည်းငယ် အကြာတွင် ခရမ်းငယ်က နေနတ်ရူရ်ကို ထုတ်ယူသွားသည်။
နေ-နတ်ရူရ်က လင်းယွန်၏ အစွမ်းထက်သော သွေးသားကို စွဲလမ်းသဖြင့် ထွက်ခွာရန် တုံ့ဆိုင်းခဲ့၏။
ထို့ကြောင့် လုပ်ငန်းစဉ်မှာ အနည်းငယ် ခက်ခဲခဲ့သည်။ ကံကောင်းစွာဖြင့် ခရမ်းငယ်၌ နည်းလမ်းများစွာ ရှိနေ၏။
“ ကောင်းပြီ ... အခု ကျောက်စိမ်းဓား သူတော်စင်ကို ငါ သွားရှာလိုက်မယ်။ ”
ဤကိစ္စကို နှောင့်နှေးအောင် မလုပ်ဝံ့ချေ။
“ နေဦး ... ။ ”
နေ-နတ်ရူရ်ကို ကန့်သတ်ကာ ထွက်ခွာတော့မည့် ခရမ်ငယ်ထံ လင်းယွန်မှ ဟန့်တားလိုက်သည်။
“ ငါ မင်းကို မေးစရာ တစ်ခု ရှိတယ်။ ”
“ ဘာလဲ ... ။ ”
ခရမ်းငယ်မှ လည်ပြန် လှည့်ကြည့်၏။
“ ဖြစ်နိုင်ရင် ... မင်းရဲ့ နည်းလမ်းနဲ့ နေနတ်ရူရ် မပါဘဲ ... ပိုင်ရှုရင်ကို ကူညီဖို့ ကြိုးစား ပေးပါလား။ ”
“ ဟမ့် ... ။ ”
ခရမ်းငယ်က ငြိမ်သက် သွားလေသည်။ လင်းယွန်သည် အတ္တကြီးသူ မဟုတ်ကြောင်း သူမ သိ၏။
ပိုင်ရှုရင် ဘဝနှင့် ပတ်သက်သော် ဤအုပ်စိုးရှင် နတ်ရူရ်ကို စွန့်လွှတ်ရန် ဆန္ဒရှိ နေခဲ့သည်။
တစ်ချိန်က မိုးပြာနဂါး ဘုရင်၏ အရိုးကို သူမထံ ပေးအပ်ခဲ့ဖူး၏။ မဟုတ်ပါက ဤခန္ဓာကို သူမ ပိုင်ဆိုင်နိုင်ဦးမည် မဟုတ်ချေ။
“ ကောင်းပြီ ... ။ ”
“ ဒါဆို သွားတော့ ... ။ ”
***