ငါ့ဘဝမှာ နောင်တရစရာတွေ မရှိတော့ဘူး၊ ဒါပေမယ့် ... ။
Vol. 159 Ch. 2224
“ မလုံလောက်ဘူး ... ။ ”
“ မြန်မြန် ... ပိုမြန် ... သရုပ်ဖော် အဆင့် အထွတ်အထိပ်ရဲ့ နေနတ်ဘုရားက ဒီလောက် တောင် ... နှေးကွေး ရသလား။ ”
“ နေနတ်ဘုရားအား ဖမ်းဆီးခြင်းက အာကာသ တာအိုရဲ့ နယ်စပ်မျဉ်းကို ထိနေပြီ၊ ဒါကို ကောင်းကောင်း နားလည် ထားပါ ...။ ”
“ မြန်မြန် ... အာကာသဟာ မင်းရဲ့ အလျင်ကို ချုပ်နှောင် ကန့်သတ်ထားတဲ့ ကြိုး တစ်ချောင်းပဲ။ ”
“ မှန်တယ် ... ဒါက ပိုတူတယ် ဒါပေမယ့် ဒီထက် မြန်မြန် ရွေ့ရမယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ အသံသည် တတိယ တောင်ကုန်း၌ ပဲ့တင်ထပ် နေခဲ့သည်။
သူမ၏ သွန်သင်ချက်မှာ ယဲ့ကူဟန်ထက် နက်ရှိုင်းချေ၏။ သနားစဖွယ် အရိုက်ခံ နေရ သော်လည်း အလွန် တိုးတက်နေသည်။
သုံးရက် အတွင်း ပြောင်းလဲလာ၏။ အာကာသ မှန်ကူကွက်များ၏ တည်ရှိမှုကို သူ ခံစားလာ နိုင်သည်။
အဟုန်အရ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ အရိပ်များနောက် လိုက်မီလာ၏။ လက်သီး ဆယ်ချက်တွင် ခုနစ်ချက် ရှောင်တိမ်း နိုင်သည်။ ကျန်သုံးချက် သည်လည်း ကိုယ်တွင်း အင်္ဂါများ အပေါ် မထိတော့ချေ။
သို့သော် လက်သီးများက သူ့ကို နာကျင်စေဆဲ ဖြစ်သည်။ မိုးပြာနဂါး နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်သည် အတုပင် လောဟု သံသယ ဝင်လာ၏။
ရင်ဘတ်ကို ဆုပ်ကိုင်လျက် အသက် ပြင်းပြင်းရှူ လိုက်သည်။ နဖူး၌ ချွေးများဖြင့် ဖုံးလွှမ်းနေ၏။
နှစ်ဦးလုံး အဓိပတိ နဂါး လက်သီး ကိုသာ အသုံးပြု ခဲ့ကြသော်လည်း သခင်မ၏ ရွှေနဂါး သွေးသားကြောင့် အစွမ်းပိုထက်သည်။
ပထမဆုံး ပုံစံကိုသာ အသုံးပြုခြင်း ဖြစ်သော်လည်း ရာနှင့်ချီသော ကွဲလွဲမှုများ ရှိပြီး သူ့အတွက် ကိုင်တွယ်ရန် ခက်ခဲလာ၏။
“ မပြီးသေးပါဘူး ... နတ်နဂါး လေဟုန်ခွင်းခြင်း။”
ရွှေနဂါးများစွာ ပျံထွက်လာ ပြီးနောက် အာကာပြင် ကွဲလွဲလျက် ဧရာမ လေစုပ်ဝဲကြီး ဖြစ်ပေါ်လာသည်။
ယင်းကြောင့် ကြယ်ဓား နှစ်လက်ကို သူ့ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ရောနှော လိုက်ရ ၏။
ဓားနယ်မြေသည် ကောက်ကြောင်း အဖြစ် ပွင့်လာပြီး အမည်ခံ နတ်အလင်းဓား၏ အထွတ် အထိပ်သို့ ရောက်ရှိ လာခဲ့သည်။
“ ချွင် ... ။ ”
လက်သီးချက် ဝင်လာသော အခါ တားဆီးရန် ဓားဆွဲထုတ် လိုက်သည်။ သို့သော် လင်းယွန် ဝန်းကျင်ရှိ ဓားရောင်ဝါများ ပြိုကျပြီး ပန်းသင်္ချိုင်း ပြုတ်ကျသွား၏။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အသက်ပြင်းပြင်းရှူကာ တံဆိပ်များ ဖန်တီးပြီး ထပ်မံ ထိုးချပစ် ပြန်သည်။
နဂါးတံဆိပ် ခုနစ်ရောင် မြင်သည်နှင့် လင်းယွန်က မိုးပြာနဂါး နတ်ခန္ဓာကို အမြန် အသက်သွင်း လိုက်ရ၏။
ခန္ဓာကိုယ်သည် အဓိပတိ နဂါး လက်သီးကြောင့် မီးအိုးကဲ့သို့ တောက်လောင် လာသည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
“ ငါ တားဆီးနိုင်ခဲ့ပြီ။ ”
လင်းယွန် မျက်လုံးများက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြုံးနေခဲ့၏။
“ အဲလောက် မလွယ်သေးပါဘူး။ ”
သက်ဖြတ်ခြင်း မဟာ သူတော်စင် နောက်ကွယ်မှ နဂါးကြီးများက လက်ငါးချောင်း ထဲသို့ စီးဝင်သွားသော အခါတွင် လက်သီး ဆုပ်ပြီး ထိုးနှက်လာပြန်၏။
“ ခရစ် ... ။ ”
“ ဝှစ် ... ။ ”
လက်သီးက အာကာပြင်ကို ခွဲလျက် ကောင်းကင်မှ ဆင်းသက်လာသည်။ လင်းယွန် ခမျာ သွေးတစ်လုတ် အန်လျက် မြေပြင်ပေါ် ပြုတ်ကျသဖြင့် ဂျွမ်းတစ်ပါတ် ပစ်ကာ ဆင်းသက် လိုက်ရသည်။
“ မအောင်မြင် သေးဘူး။”
နှုတ်ခမ်းရှိ သွေးများကို သုတ်ကာ ခေါင်းယမ်းလိုက်သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၌ ရွှေရောင်အဆင်း သဏ္ဍာန်များ ပျောက်ကွယ်သွား၏။
သူမက လင်းယွန်ကို ကြည့်ပြီး ခေါင်းညိတ်သည်။ ပုံမှန်အတိုင်း ဆိုသော် သူမ လက်သီးသည် လင်းယွန်ကို တောင်ခြေသို့ တွန်းချရန် လုံလောက်ချေ၏။
ယခုမူ နတ်ခန္ဓာကို ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့ပြီး နဂါးတစ်ကောင် ကဲ့သို့ မြေပြင်ပေါ် ဆင်းသက် သွားနိုင်ခဲ့သည်။
“ လက်သီးရဲ့ အစွမ်းထက်ဆုံး ပုံစံက အာကာပြင်ကို ဖြိုခွဲနိုင်ပြီး ... သူတော်စင် တစ်ပါးကို သတ်နိုင်ပြီ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပေါ့ပေါ့ဆဆ ပစ်ပေါက်လိုက်ရာ အာကာပြင် အတွင်း အနက်ရောင် အပေါက်တစ်ခု ဖြစ်ပေါ် လာ၏။
“ ဒါပေမယ့် ... လေဟာနယ်နဲ့ အာကာသ ကြားမှာ ကွာခြားချက် ရှိတယ် ... လေဟာနယ် အပေါက်တွေက ချက်ချင်း ပြန်ပြည့်စေတယ်၊ အာကာပြင် အပေါက်ကတော့ ...
... အချိန် အကြာကြီး ပြန်မပိတ်နိုင်ဘူး၊ ဒါကြောင့် သူတော်စင်တွေက ဒီလို အာကာသ အက်ကြောင်း တွေကို ကြောက်ကြတယ်။ ”
သူမက အနက်ရောင် အပေါက်ကြီးကို ညွှန်ပြသည်။ ဤသည်မှာ လင်းယွန် ကျော်ဖြတ် နိုင်ခဲ့သော အစောပိုင်း တိုက်ခိုက်မှု အက်ကြောင်း ဖြစ်၏။
လင်းယွန်သည်သာ မကျော်ဖြတ်နိုင်က နတ်ဘုရား ကိုယ်လုံးကိုယ်ပေါက် ဖြစ်နေသော်မှ မှန်ကူကွက်များ ကဲ့သို့ ပိုင်းဖြတ် ဖြတ်တောက် ပစ်ပေလိမ့်မည်။ ကြောက်စရာ ကောင်းလှ၏။
“ ဒါပေမယ့် ... ငါတို့က အခု အမည်ခံ သူတော်စင်အဆင့်မှာ ဆိုတော့ အက်ကြောင်းက ကြာကြာ ဖြစ်ပေါ်နေမှာ မဟုတ်ဘူး၊ မကြာမီ အတက်အကျလှိုင်းတွေနဲ့ အတူ ပြန်ပိတ် သွားလိမ့်မယ်၊ ...
... ပြောချင်တာက သူတော်စင် သခင် တစ်ပါးကိုတောင် အန္တရာယ် မပေးနိုင်သေးဘူး၊ နောက်ဆုံးတော့ ရေမှုန် ရောင်ဝါက အလွန် အစွမ်းထက်ပါတယ်၊ ...
... မင်းမှတ်ထားရမှာက ခွန်အားဟာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက် ရောက်တာနဲ့ အာကာသ ကန့်သတ်ချက်ကို ထိတွေ့လာ လိမ့်မယ်၊ ...
... သူတော်စင် နယ်ပယ် အောက်ရှိ လူတွေက ဘာပဲလုပ်လုပ် လေဟာနယ်ကိုပဲ ခွဲထွက်နိုင်တယ် ... အာကာသ ထဲက မထွက်နိုင်ဘူး၊ ...
... သူတော်စင် တွေသာ အာကာသ တည်ရှိနေတာကို ခံစားနိုင်ပြီး သူ့အစွမ်းကို အထောက်အကူအဖြစ် သုံးနိုင်တယ်၊ ...
... ဥပမာ ပေးရရင် ... ရေထဲ ရောက်နေ သလိုပဲ ရေကို ဖယ်ခွာစရာ မလိုဘူး၊ ရေနဲ့အတူ စီးဆင်းပြီး ပါဝါကို ထုတ်ယူဖို့ ကြိုးစားပါ၊ ...
... မင်းရဲ့ အမည်ခံ နတ်အလင်းဓားက တောင်နဲ့မြစ်တွေရဲ့ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ သုံးနိုင်တဲ့ အတွက် ယဲ့ကူဟန်ကို ထိတ်လန့် စေတယ် ... ဒါပေမယ့် ...
... အဓိပတိ နဂါး လက်သီးကတော့ ဒီအတိုင်းအတာအထိ မရောက်သေးဘူး၊ မင်း ကိုယ်တိုင်ပဲ စဉ်းစားပါ ... နတ်ခန္ဓာရဲ့ စွမ်းအား အပြည့်အဝ လိုချင်လား ... ဒါဆို လက်သီးကို ဘယ်လို ထိုးသင့်လဲ။ ”
ထိုစကားကို ကြားသောအခါ လင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး
“ ကျွန်တော် နားလည်ပြီ။ ”
-ဟု ခေါင်းညိမ့်ပြမိ၏။
သည့်နောက် တရွေ့ရွေ့ ပြန်ပိတ်နေသော အာကာသ အက်ကွဲကြောင်းထံ တစ်ချက် ကြည့် လိုက်ပြီး၊
“ အမည်ခံ သူတော်စင်က အာကာပြင်ကို ခွဲနိုင်တာလား။ ”
-ဟု ရေရွတ်လိုက်၏။
“ မဟုတ်ဘူး ... ဒါက အာကာပြင် မဟုတ်သေးဘူး ... အာကာသ အလွှာ အစစ်ကို ထိချင်ရင် ... အနည်းဆုံး နောက်ထပ် အလွှာ (၃)လွှာ လောက်အထိ ခွဲရလိမ့်မယ်၊ ...
... အာကာသ ဆိုတာ ထာဝရ တည်ရှိမှုပဲ၊ စစ်မှန်သော အာကာပြင် အက်ကြောင်းတွေက အလွန် ကြောက်စရာ ကောင်းပြီး ... မုန်တိုင်း အဆင့် ရောက်သွားရင် ...
... မဟာ သူတော်စင် အထွတ်အထိပ် တွေတောင် သေရတယ်၊ အရေးကြီးဆုံးကတော့ မင်းနဲ့ငါက အာကာသ အတွင်းမှာ ဆိုတာ မမေ့နဲ့ ...
... နတ်ဘုရား တွေတောင် ... ငါတို့နဲ့ အာကာသ အတူတူ ဖြစ်တည် နေသေးတယ်၊ ငါတို့တည်ရာ အာကာသ အတားအဆီး ကနေ မထွက်နိုင် ကြသေးဘူး။ ”
နတ်ဘုရားများ ပင်လျှင် အာကာသ အတွင်းမှ မလွတ်သေးကြောင်း အကြမ်းဖျင်း မှတ်သားထားမိ၏။
တစ်စုံတစ်ခုသည် အားကောင်း လေလေ၊ ၎င်း၏ အာကာသ အတားအဆီးသည် ပို၍ထူထဲ လေလေ ဖြစ်သည်။
“ အာကာသ တာအိုက ... တကယ် ထူးဆန်းတာပါလား ... ဒါဆို အစ်ကိုကြီးက ... ။ ”
လင်းယွန်က ယဲ့ကူဟန်ကို ရုတ်တရက် သတိရလာခဲ့သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ခေါင်းညိမ့်၏။
“ ဟုတ်တယ် ... သူက စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက်ပဲ ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ စကားများသည် လင်းယွန်ကို အမြင်ကျယ် လာစေ၏။
“ ကျေးဇူးတင်ပါတယ် သခင်မ ... ။ ”
“ ဒါဆို ... ငါက ကြောက်စရာ ကောင်းသေးလား။ ”
“ မကောင်း ပါဘူး။ ”
“ အဲဒီ ပိုင်ဇီယွမ်ကသာ တကယ် ကြောက်စရာ ကောင်းတာ ... အေးစက်ပြီး၊ ရေခဲ တာအိုကို ဆုပ်ကိုင်ထားတယ်၊ ဒါပဲလား ဆိုတော့ မဟုတ်သေးဘူး၊ ...
... အသူရာဓားကိုလည်း ... ဆုပ်ကိုင် ထားနိုင်တယ်၊ အဲဒီဓား ရည်ရွယ်ချက် ဆိုတာ အလွန် ရှေးကျပြီး၊ သက်တံဓားကတောင် ကြောက်လန့် ခဲ့ရတယ်၊ ...
... အသူရာ ဓားစစ်စစ် ဖြစ်လို့ ... သူမ ကိုယ်တိုင်တောင် ... ပေါ့ပေါ့ဆဆ မသုံးဝံ့တဲ့ စွမ်းအား တစ်ခုပဲ၊ ဧကရာဇ် ဖြစ်လာရင် အသူရာ ဓားဧကရာဇ် ဘွဲ့ကို ရလိမ့်မယ်၊ ...
... ဒါ့ကြောင့် ဧကရာဇ် မဖြစ်ခင် အသူရာဓားရဲ့ စွမ်းအား အပြည့်ကို ဆုပ်ကိုင်ဖို့ သူ ကြိုးစားနေတာ၊ မင်းအစ်ကိုကြီးက အသူရာ မြစ်ဓား ဘွဲ့ယူထားပေမယ့်၊ တကယ့် စွမ်းအားက မြစ်ပဲ၊ သူနဲ့ ကွာခြားတယ်။ ”
“ သခင်မ ... သူတို့ ဘာတွေ ပြောနေလဲ ဆိုတာကို ကြားရလို့လား ။ ”
“ အားလုံးတော့ ငါ မကြားရပါဘူး။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးကာ၊
“ ဒီလိုပဲ စကားအဖြစ် ပြောပြလိုက်တာ ... ငါ့ကို နတ်ခွန်အားနဲ့ မွေးဖွားပြီး ... လက်ဗလာနဲ့ မဟာ သူတော်စင် အချို့ကို သတ်ခဲ့ဖူးတယ်၊ ဒါတောင် ရက်စက်မှုမှာ ... ငါက သူ့ကို မယှဉ်နိုင်သေးဘူး။ ”
လင်းယွန်၏ နှုတ်ခမ်းများ တုန်ယင် သွားသည်။ ဤသည်မှာ ကြောက်စရာပင် မဟုတ်လော။
မျက်စိတစ်မှိတ် အတွင်း နောက်ထပ် လေးရက် ကုန်ဆုံးသွား၏။ အဆုံးတွင် သူမ လက်သီးချက်ကို လင်းယွန်မှ ခံနိုင်ရည် ရှိလာခဲ့သည်။
နတ်နဂါး ရောင်ဝါ အချို့ပင် စုစည်း မိလာသည်။ အရေးကြီးဆုံးမှာ ရွေ့လျားမှု ဖြစ်၏။ ၎င်းနည်းစနစ်သည် အာကာသ အတားအဆီးကို ထိတွေ့ လာချေပြီ။
နောက်ဆုံးတွင် မုရွယ်လင် အလှည့် ရောက်ရှိလာ၏။ သူမက တေးဂီတ ကိုသာ သင်ကြားပေးသည်။
ခုနစ်ရက် အကြာတွင် သူတော်စင် အသံသည် ဘုရင်အဆင့်သို့ ကျော်ဖြတ်ကာ ဧကရာဇ် အသံနှင့် ထိမိလာ၏။
ဧကရာဇ်အသံ အထက်တွင် နတ်နဂါး အသံနှင့် ဒဏ္ဍာရီလာ ကောင်းကင် အသံတို့ ရှိသည်။
၎င်းအကြောင်းကို များစွာ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ဓားသမား တစ်ယောက် ဖြစ်သဖြင့် ဂီတတာအို၌ လုံလောက်ပြီဟု ယူဆမိ၏။
“ တျန်ရွှမ်ဇီက ဂီတတာအိုကို နားလည်နေပြီး အနည်းဆုံး သူတော်စင် ဘုရင် အသံကို ကျွမ်းကျင်နေပြီ။ ”
မုရွယ်လင် စကားကြောင့် လင်းယွန် တစ်ယောက် တုန်လှုပ်သွားသည်။
“ အဲဒီလူက တကယ့်ကို ... လုံး၀ အားနည်းချက် မရှိဘူး၊ လူရော ဟုတ်သေး ရဲ့လား။ ”
စိတ်ပျက်လက်ပျက် မေးလိုက်မိ၏။ မုရွယ်လင်မှ ခေါင်းညိမ့်ကာ၊
“ အတိအကျ ဝန်ခံရရင် ... လုံးဝ လူတစ်ယောက် မဟုတ်နိုင်ဘူး၊ သူက ဧကရာဇ် အသံကိုတောင် ဆုပ်ကိုင်ထား နိုင်ချေ ရှိတယ် ... ဒါပေမယ့် သူ့ဂီတမှာ ဝိညာဉ်မရှိဘူး ...
... မင်းက သူ့ထက်စာရင် ... အနုပညာ သဘောတရားတွေကို ပိုနားလည်တယ် .. သူက မင်းလိုမျိုး လေးနက်မှု မရှိဘူး။ ”
-ဟု မှတ်ချက်စကား ပြောကြား၏။ လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊
“ အဲဒါတွေက ရှေးဟောင်း ခွန်လွန်ရဲ့ သီချင်းတွေပါ ... ငါကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ”
“ ဘယ်သူပဲ ဖန်တီး ... ဖန်တီး ... အရေးမကြီးဘူး ... သီချင်းတီးမှုတ်တဲ့ အခါမှာ သီးချင်းရဲ့ ရည်ရွယ်ချက်ကို ပြသနိုင်ဖို့ လိုတယ်၊ မင်းနှလုံးသားက သီချင်းတွေနဲ့အတူ ... အမြဲ စီးမျောကခုန်နိုင်တယ်၊ ...
... မင်းသာ ဆန္ဒရှိမယ်ဆိုရင် ... ဂီတတာအိုမှာ ဒီထက် ပေါက်ရောက်နိုင်တယ်၊ တျန်ရွှမ်ဇီကတော့ မတူဘူး … ။ ”
“ ဘယ်လို ကွာခြားလို့လဲ။ ”
လင်းယွန်မှ မေးသည်။
“ တျန်ရွှမ်ဇီ သီချင်းတွေက ပြီးပြည့်စုံ ပေမယ့် ... လောကကြီးနဲ့ အဆက်ပြတ်တယ်၊ တခြားလူတွေလို ကောင်းကင်နဲ့ မြေကြီးက သူ့ကို ခွန်အား မပေးဘူး။ ”
မုရွယ်လင် ဆိုလိုသော အချင်းအရာကို အနည်းငယ် နားလည် လာသည်။ တျန်ရွှမ်ဇီမှာ သဘာဝ တရားကြီး၏ အသိအမှတ် ပြုမှုကို မရခဲ့ချေ။
ယင်းသည် အားသာချက် ဟုလည်း ယူဆနိုင်သည်။ သဘာဝ တရား၏ အသိအမှတ် ပြုမှုကို မရသော် ဤလောက၏ နိယာမများကို သုံးပြီး သူ့ကို တိုက်၍မရချေ။
ထို့နောက် မုရွယ်လင်ကို နှုတ်ဆက်ကာ မူလနဂါး မဟာ သူတော်စင် ရှိရာ တောင်ကုန်း ပေါ်သို့ သွားလိုက်သည်။
သူ့လေ့ကျင့်ရေးသည် ဤနေရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး ဤနေရာ၌သာ အဆုံးသတ် ရပေမည်။
“ မဆိုးပါဘူး ... ကျင့်ချန်က မင်းကို နဂါးအပ်စိုက်မှတ်တွေ ဖြစ်အောင် ပြောင်းပေး နိုင်ခဲ့တယ်။ ”
တစ်ချက်ကြည့်ရုံဖြင့် လင်းယွန် ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှု များကို မဟာ သူတော်စင်မှ မြင်နိုင်၏။
“ နဂါး အပ်စိုက်မှတ်တွေ ဖြစ်ကုန်ပြီလား။ ”
လင်းယွန်မှ အံ့အားသင့် သွားသည်။ ဤသည်မှာ နတ်ခန္ဓာ တတိယအဆင့် ဖြစ်၏။ ပြီးပြည့်စုံသော နဂါးခန္ဓာကိုယ် ပေပင်။ သတိ မထားမိခဲ့ချေ။
“ ဟမ့် ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို မနှိမ့်ချနဲ့ ... သူက မြင့်မြတ်တဲ့ ခွန်အားနဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်ပဲ၊ သူ့ကိုယ်လုံး ကိုယ်ပေါက် စွမ်းရည်က ငါတို့ နှစ်ဦးလုံးထက် သာလွန်တယ်၊ ...
... မင်းသာ နတ်ခန္ဓာကို ... မအောင်မြင်ထားဘူး ဆိုရင် ... သူ့တိုက်ခိုက်မှု တွေကို ခံနိုင်မယ် ထင်လား ...
... အခု မင်းကို သင်ပေးစရာ ဘာမှ မရှိတော့ဘူး ဒါပေမယ့် နတ်ခန္ဓာကို ဘယ်လို သုံးရမလဲ ဆိုတာတော့ သင်ပေးနိုင်တယ်၊ ...
... မင်းရဲ့ နဂါးနတ်ခန္ဓာကိုယ်က အထွတ်အထိပ် ရောက်တဲ့အခါ မိုးပြာနဂါး နတ်ရူရ်ကို ပုံဖော်လိမ့်မယ်၊ ဒါက ... ”
မူလနဂါး မဟာသူတော်စင်က နတ်ခန္ဓာ အသုံးပြုကာ တိုက်ပွဲဝင်ပုံကို အကြမ်းဖျင်းရှင်းပြ ပေးလာ၏။ မျက်စိတစ်မှိတ်အတွင်း ခုနှစ်ရက် ကုန်လွန်သွားသည်။
လေ့ကျင့်ရေးသည် တစ်လကျော် ကြာမြင့်ပြီးနောက် လင်းယွန် ခွန်အားသည် သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်၏။
ဓား ရည်ရွယ်ချက်သည် အမည်ခံ နတ်အလင်း အထွတ်အထိပ်သို့ ရောက်ရှိလာပြီး ပိုးစုန်းကြူး နတ်ဓား တတိယမြောက် ပုံစံကို ဆုပ်ကိုင် လာနိုင်သည်။
နဂါးခန္ဓာကိုယ် အသုံးပြုမှု အပေါ် ကျွမ်းကျင်လာပြီး အဓိပတိ နဂါးလက်သီးကို အပြီး သတ်နိုင်၏။
နေနတ်ဘုရားအား ဖမ်းဆီးခြင်းသည် အာကာသ အတားအဆီးကို ခံစားမိပြီဖြစ်သည်။ ထို့ကြောင့် အာကာသကို ပဲ့တင်ထပ်စေခြင်းဖြင့် အကန့်အသတ်ထိ တွန်းပို့ထားနိုင်၏။
ကျင့်ကြံမှု၌လည်း အမည်ခံ သူတော်စင်၊ ကောင်းကင်ဘုံ အဆင့် မြင့်မြတ်သော မီးလျှံကို အသွင်ပြောင်းထားနိုင်ပြီ ဖြစ်သည်။ ဤသည်မှာ သူတော်စင် ရောင်ဝါကို မီးလျှံအဖြစ် အဆင့် မြှင့်တင်ခြင်းလည်း ဖြစ်၏။
“ နဂါး ဝိဉာဉ်နဲ့ .. နဂါး ရောင်ဝါကို ငါ သင်မပေးနိုင်တော့တာ စိတ်မကောင်း ပါဘူး။ ”
မူလ နဂါး မဟာ သူတော်စင်၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုများ တသီကြီး ထွက်ပေါ်လာသည်။ လင်းယွန်က တစ်စုံ တစ်ခုကို သတိရလာပြီး၊
“ ဆရာ ... ဆရာ့ရဲ့ သက်တမ်း ... ။ ”
-ဟု အော်ဟစ်လိုက်၏။
မူလနဂါး မဟာ သူတော်စင်သည် အနှစ် တစ်ရာခန့်သာ သက်တမ်း ကျန်ရှိတော့မည်ဟု မူလက သူ ခန့်မှန်းထားမိသည်။
မူလနဂါး မဟာ သူတော်စင်မှ ပြုံးပြီး ခေါင်းညိတ်၏။
“ ဟုတ်တယ် ... ငါ အသက်ကြီးနေပြီ၊ (၉)ရက်နေ့ တိုက်ပွဲမှာ ငါ့ လက်ကျန် သက်တမ်း တစ်ဝက်ကျော်လောက် သုံးလိုက်ရတယ်၊ ငါ့ဘဝ အချိန်အများစုကို သက်တံဓားနဲ့ ပြိုင်ခဲ့ပေမယ့် သူက ငါ့ထက်သာတာကို သိတယ်။ ”
“ ဆရာ ... ဒါဆို ဘာလို့ နတ်ဘုရား အသွေးတော် အသီးကို ရှာပြီး ကျွန်တော့်ကို ပေးချင်ရ တာလဲ ... ဆရာ ကိုယ်တိုင် သုံးလိုက်ပါလား။ ”
“ နတ်ဘုရား အသွေးတော် သစ်သီးက ငါ့အတွက် ဖြုန်းတီးမှု တစ်ခုသာ ဖြစ်လိမ့်မယ်၊ မင်းရဲ့ အလားအလာနဲ့ ယှဉ်ရင် ... ငါ့ဘဝက ဘာမှ မဟုတ်တော့ပါဘူး။ ”
“ ဆရာ ... ။ ”
မူလနဂါး မဟာ သူတော်စင်၏ အဖြေ စကားကြောင့် လင်းယွန်နှလုံးသား နာကျင်သွား လေသည်။
“ ပြီးတော့ ... အဲဒီ နတ်ဘုရား အသွေးတော် သစ်သီးက မင်းရှာလာတဲ့ ပစ္စည်းပဲ မဟုတ်လား၊ ငါ သုံးလိုက်ရင် ဟာသ ဖြစ်သွားမယ်။ ”
“ ဆရာ ... နည်းလမ်းရှိမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ”
“ ငါ အဆင်ပြေပါတယ် ... သူ ဒုက္ခ ခံယူတဲ့အခါ ... သက်တံဓားကို ငါကူညီပေးမယ်၊ ပြီးတော့ ငါ မသေခင်မှာ ... ဒီကောင် ဧကရာဇ် ဖြစ်လာတာကို မြင်ချင်သေးတယ်၊ ...
... ငါ့ဘဝမှာ နောင်တရစရာတွေ မရှိတော့ဘူး ... ဒါပေမယ့် တစ်ခုပဲ သနားစရာ ကောင်းတာက … ။ ”
မူလနဂါး မဟာ သူတော်စင်မှ လင်းယွန်ထံ ကြည့်၏။ သူ့တပည့် ဓားဧကရာဇ် ဖြစ်လာမည့် အချိန်ကို သူ မြင်ခွင့်ရတော့မည် မဟုတ်ချေ။
***