← Chapters

ဆယ့်ရှစ်နှစ်

Vol. 011 Ch. 1006

ဆယ့်ရှစ်နှစ်

Vol. 011 Ch. 1006

မှန်နန်းတော် သခင်မက အေးစက်သော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည် … “ငါမင်းကို မသတ်ရဲဘူးလို့ ထင်လား …”

ရီဖူရှင်းက ညစ်ကျယ်စွာ တစ်ချက် ပြုံးလျက် သူ့ခန္ဓာအား မှန်နန်းတော် သခင်မနှင့် ပိုမိုနီးကပ်သော အနေအထားသို့အထိ တိုးကပ်လိုက်သည်… “ခင်ဗျားက ကျုပ်ရဲ့ ချစ်မှုရေးရာ ကိစ္စထဲ ဝင်ပါခဲ့ရင်တောင်မှ ကျုပ်က ခင်ဗျားကို စိတ်ဝင်စားမယ်လို့ ထင်လား”

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြသည်။ မှန်နန်းတော် သခင်မထံမှ အေးစက်သော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေခဲ့ရာ ပတ်ဝန်းကျင်၏ အပူရှိန်များပင် ကျဆင်း လာခဲ့စေသည်။ လှေကလေး၏ အောက်မှ ရေပြင်မှာ စတင်၍ အေးခဲလာဟန် ရသည်။ ရေကန်အနီးမှ လူများမှာ ချမ်းစိမ့်မှုဒဏ်ကို ခံစားကြရ၏။ ပတ်ဝန်းကျင်က ရုတ်တရက် အဘယ်ကြောင့် အေးခဲ လာရသည်ကို သူတို့ နားမလည်။

ရီဖူရှင်းက ဘာမှ မခံစားရသည့်အလား သူ၏ နှုတ်ခမ်းများအား မှန်နန်းတော် သခင်မထံသို့ ပိုမို တိုးကပ်လာခဲ့သည်။ သူမထံမှ ပိုမိုအေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ရီဖူရှင်းက သူမ၏ နား၌ကပ်ကာ အေးစက်စွာ ပြောသည် … “အစ်မတော် သခင်မက ကျုပ်ရဲ့ အကူအညီကို လိုနေတယ်ဆိုရင် အစ်မတော်ရဲ့ အပြုအမူတွေကို သတိထားဖို့ လိုလိမ့်မယ်” သူက ထိုသို့ ပြောလိုက်သည်နှင့် သူတို့ထိုင်နေသော လှေကလေးမှာ ပြိုပျက်သည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ကလည်း ရေပြင်ပေါ်သို့ ကျ၏။ ရီဖူရှင်းက ထရပ်ကာ ထိုနေရာမှ ထွက်ခွာသည်။

မှန်နန်းတော် သခင်မက ပြည်နယ်ကိုးခုမှနေ၍ ချင်းကျူမြို့ကဲ့သို့ အလွန်ဝေးလံ ခေါင်းပါးသော နေရာသို့အထိ လာရောက်ခြင်းမှာ သူ့အား အပြစ်ပြောရန် ရည်ရွယ်ချက် တစ်ခုတည်းတော့ မဟုတ်ပေ။ သူ့အား သတ်ဖြတ်လိုသူများမှာ အများအပြားရှိပြီး စောင့်ကြည့် နေသူများလည်း ရှိပေသည်။ ထို့အတူ လက်စားချေရန် အတွက် သူပြန်လာမည့် အချိန်ကို စောင့်ဆိုင်း နေသူများလည်း ရှိပေသည်။ ထိုအထဲတွင် မှန်နန်းတော် သခင်မသည် စိတ်အား အထက်သန်ဆုံးသောသူ ဖြစ်ပေမည်။

“ကျောက်ပြည်ထောင် ဘုရင်နဲ့ ရှီဟွာတောင် ရှန့်ထိုတို့က အထက်ဘုံသို့ သွားရောက်ခဲ့ကြတယ်။ ဘာလို့သွားလဲ ဆိုတာကိုတော့ မင်းဘာသာမင်း စဉ်းစား … ” မှန်နန်းတော် သခင်မကလည်း ထရပ်ကာ တဖြည်းဖြည်း ပျောက်ကွယ် သွားသော ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။

အင်ပါယာရှား၏ တားမြစ်မိန့်မှာ ပျက်ပြယ်သွားပြီဖြစ်ရာ ပြည်နယ်ကိုးခုမှာ တစ်ဖန် မုန်တိုင်း ထန်လာတော့မည် ဖြစ်သည်။ ရီဖူရှင်းသည် သူ့ဇနီး သေဆုံးမှုကြောင့် ချင်းကျူမြို့၌ လာရောက် ဇာတ်မြှုပ်နေထိုင်ခဲ့ကာ နန်းတော်သို့ပြန်ရန် ငြင်းဆိုခဲ့သည်။ မှန်နန်းတော်မှ လူများသည်လည်း ပုန်းကွယ်နေကြရဆဲ ဖြစ်သည်။ မှန်နန်းတော် သခင်မပင် ထင်သာမြင်သာ မလှုပ်ရှားရဲပေ။ ထို့ကြောင့် သူမအတွက် တစ်ခုတည်းသော နည်းလမ်းမှာ ချင်းကျူမြို့သို့ လာရန်ဖြစ်သည်။ မည်သို့ဆိုစေ သူမ အနေအထားဖြင့် ရှန့်ထိုကျန့်နှင့် မရဏဓား နတ်မယ်တို့အား တိုက်ရိုက် သွားရောက် အကူအညီ တောင်း၍ မရပေ။

“ဒါက ပိုကောင်းတဲ့ အပြုအမူပဲ မဟုတ်ဘူးလား …” ရီဖူရှင်း၏ အသံက သူမ၏နားထဲသို့ ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း မှန်နန်းတော် သခင်မ၏ အမူအရာမှာ ထူးခြားခြင်း မရှိပေ။ ရီဖူရှင်းသည် သူမအား အလွန်ရိုင်းစိုင်းစွာ ဆက်ဆံသော်လည်း သူမအနေဖြင့် ရီဖူရှင်းအား သတ်ဖြတ်လိုသော ရည်ရွယ်ချက် မရှိပေ။

ရိပ်ခနဲဖြင့် မှန်နန်းတော် သခင်သည် ထိုနေရာမှ ပျောက်ကွယ် သွား၏။ သို့သော် သူမက ချင်းကျူမြို့မှ ထွက်သွားခြင်း မပြုပေ။ သူမက ရီဖူရှင်း ဘေးကင်းရန် အတွက် စောင့်ကြည့် ရပေဦးမည်။ သူမက ရီဖူရှင်းအား သတ်၍ မရသလို တခြားလူများက သတ်ဖြတ်မည် ကိုလည်း ခွင့်မပြုနိုင်ပေ။

သူတို့ ထွက်သွားပြီးခဲ့ပြီ ဖြစ်သော်လည်း ထိုနေရာ အနီးတစ်ဝိုက်တွင် လှေကလေးများ ရှိနေဆဲဖြစ်သည်။ သူတို့သည် ပြိုပျက်သွားသော လှေကလေးအား ကြည့်ကာ မှင်တက်ငေးမော နေကြသည်။ ထိုမိန်းမ၏ အလှတရားသည် အသက်ရှူမှားဖွယ် ကောင်းလှပေသည်။

ဆံပင်ဖြူ လူငယ်သည် ရီဖူရှင်း မဟုတ်ပေဘူးလား။ သူတို့ စကားများ ရန်ဖြစ်ကြသည်လား။ သူတို့က အလွန် စိတ်ဝင်စား သော်လည်း အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။

မှန်နန်းတော် သခင်မနှင့် တွေ့ဆုံခဲ့ခြင်းက ရီဖူရှင်း၏ တိတ်ဆိတ် အေးချမ်းမှုကို အနှောင့်အယှက် မဖြစ်ခဲ့ပေ။ ပုံမှန် နေ့ရက်များလိုပင် သူက ချင်းကျူရေကန်သို့ သွားရောက်မြဲ ဖြစ်သည်။

နောက်ပိုင်း နေ့ရက်များတွင် တော်ဝင်ကျဲနန်းတော်မှ လူများ အပါအဝင် များစွာသော တန်ခိုးရှင်များ ချင်းကျူမြို့သို့ တဖွဲဖွဲ ရောက်ရှိ လာခဲ့ကြသည်။ အင်ပါယာရှား၏ တားမြစ်မိန့် ပျက်ပြယ်ခဲ့ခြင်းမှာ လျှို့ဝှက်ချက် မဟုတ်ပေ။

ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့က အထက်ဘုံသို့ သွားရောက်သည့် ကိစ္စသည်လည်း လျှို့ဝှက်ချက် မဟုတ်ပေ။ သူတို့သွားသည့် အကြောင်းအရင်း ကိုလည်း လူအတော်များများက ခန့်မှန်းမိ ကြပေသည်။ သို့သော် ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့က ကြီးမားသော တန်ဖိုးများအား ပေးဆပ်သည့်တိုင် မည်သည့် ရှန့်ထိုကမှ အင်ပါယာရှား၏ စည်းမျဉ်းကို ချိုးဖောက်၍ ရီဖူရှင်းအား လုပ်ကြံရဲကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သာ တစ်စုံ တစ်ယောက်အား ငှားရမ်း စေခိုင်းခဲ့သည် ဆိုပါက ထိုသူမှာ ရှီတန်ခိုး အဆင့်၌သာ ရှိရပေမည်။

ကောင်းကင်ပြက္ခဒိန်၏ ၁၉၇၇ခုနှစ်သည် ကုန်ဆုံးတော့မည် ဖြစ်သည်။ ယနေ့တွင် ချင်းကျူမြို့၌ ပွဲလမ်းသဘင်၏ အငွေ့အသက်များ နေရာတိုင်း၌ ရှိနေသည်။ ညအချိန်အခါ ဖြစ်လင့်ကစား ချင်းကျူမြို့ကား နေ့ဘက်ကဲ့သို့ မီးရောင်စုံများဖြင့် ထိန်လင်း နေသည်။

အဆင့်နိမ့် တန်ခိုးရှင်များနှင့် အရပ်သားများ အတွက် သူတို့၏ သက်တမ်းမှာ တိုတောင်းပေရာ နှစ်သစ်ကူး နေ့ရက်များမှာ သူတို့အတွက် အလွန် အရေးပါပေသည်။ ပြည်နယ်ကိုးခုတွင် ချင်းကျူမြို့ကဲ့သို့ ကောင်းမွန်သော အငွေ့အသက်များ ရှိရန် မလွယ်ကူပေ။ ရီဖူရှင်းက သူ၏ဆရာ၊ ဆရာကတော်၊ ယူချင်းနှင့် တခြားလူတို့အား ခေါ်ဆောင်ကာ ရေကန်ဘေးသို့ တစ်ဖန် ရောက်လာ ခဲ့ပြန်သည်။

ယနေ့တွင် ချင်းကျူရေကန်၌ မီးရောင်စုံများဖြင့် သာယာ လှပနေသည်။ ရေကန်အနီး၌ လက်တွဲကာ သွားလာနေကြသော စုံတွဲများမှာလည်း အများအပြား …။ ရီဖူရှင်းသည် ရေကန် တစ်နေရာ၌ အေးဆေးစွာ လမ်းလျှောက် နေခဲ့သည်။ လူအချို့မှာ မီးပန်းများကို လှည့်ပတ် ကစားနေသော သူတစ်ယောက်အား ကြည့်ရှုအားပေး နေကြသည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းများအား ကြည့်ကာ လွန်ခဲ့သော ဆယ်ရှစ်နှစ်ခန့်မှ အချိန်သို့ ပြန်ရောက် သွားသည့်အလား ခံစားရ၏။ ဤမြင်ကွင်းမှာ ရင်းနှီးလွန်း လှသည်။

“အဒေါ် … ကျွန်တော် ဆုတောင်းပြည့် မီးအိမ်တစ်ခု လိုချင်ပါတယ် …” ရီဖူရှင်းက စျေးဆိုင်ကလေးထံသို့ လျှောက်သွားသည်။

“ကောင်းပြီ …” ဆိုင်ပိုင်ရှင်မိန်းမက ခေါင်းညိတ်ကာ ရီဖူရှင်းအား မီးအိမ် တစ်လုံးကို ကမ်းပေးသည် … “မင်းလို လူငယ်တစ်ယောက်က ဘာလို့ ဆံပင်ဖြူ နေရတာလဲ။ သိပ်အများကြီး မတွေးနဲ့ … ဒါက မင်းကို အိုမင်းစေတယ် …”

“ကျေးဇူးတင်ပါတယ် အဒေါ် …” ရီဖူရှင်းက ပြုံးလျက် ပြောကာ မီးအိမ်အား ယူလျက် ရေကန်ဘေးသို့ လျှောက်လာခဲ့သည်။ မီးအိမ်အား ရေကန်၌ချကာ သူက မျက်လုံးအား မှိတ်လျက် တောင်းဆုတစ်ခု ပြုသည်။ တော်ဝင်စစ်ပွဲ၌ ဟွာဂျီယူ၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး ဝိညာဉ်မှာလည်း အဝေးသို့ ဆောင်ယူသွားခြင်း ခံရသည်။ ဟွာချင်းချင်းက သူ့အား ပြောခဲ့သည်မှာ အရာအားလုံးသည် ကံစီမံရာအတိုင်း ဖြစ်ပြီး သူမက သူ့အတွက် ဟွာဂျီယူအား စောင့်ရှောက် ပေးမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် မျှော်လင့်ချက်မှာ အလွန် နည်းပါးသည် ဆိုသော်လည်း သူမက ဝိညာဉ် အနေဖြင့် ဖြစ်စေ ဤလောက၌ ဆက်ရှိနေသေးရန် သူ မျှော်လင့်ပေသည်။

မျက်လုံးများကို ဖွင့်လိုက်ကာ ရီဖူရှင်းက ကောင်းကင်သို့ ကြည့်သည်။ ကောင်းကင်၌ မီးပန်းများမှာ အဆက်မပြတ် ဖူးပွင့်နေပြီး ညအချိန် အခါတွင် လှပဆုံးသော ပန်းချီကား တစ်ချပ်အလား ထင်မှတ်ရသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ့ဘေးတွင် မိန်းကလေး တစ်ယောက် ရပ်နေသည်ဟု ခံစားရပြီး ထိုမိန်းကလေးသည် သူ့နှလုံးအိမ်မှ မည်သည့်အခါကမှ ထွက်ခွာသွားခြင်း မရှိခဲ့သောသူ ဖြစ်သည်။

ရီဖူရှင်း၏ နောက်နားတွင် လို့လန်ရွှီနှင့် ယူချင်းတို့ တိတ်ဆိတ်စွာ ရပ်နေကြသည်။ မိန်းမတစ်ယောက် ဖြစ်သော လို့လန်ရွှီသည် စိတ်ခံစားမှု နူးညံ့သူဖြစ်ရာ သူမက ရီဖူရှင်း၏ စိတ်ခံစားချက်များအား နားလည်နိုင်သည်။ ရီဖူရှင်းက သူနှင့် ဟွာဂျီယူတို့၏ အတိတ်မှ အမှတ်တရများကို ပြန်လည် သတိရနေသည်ကို သူမ သိသည်။ သူတို့က ဤနေရာတွင် အချင်းချင်း တွေ့ဆုံခဲ့ကြသည်လား သို့မဟုတ် ဤနေရာတွင် စတင်၍ ချစ်ခင် စုံမက်ခဲ့ကြသည်လား။

ဤနေရာမှာ အလွန်တရာ လှပလွန်းပေသည်။ ကောင်းကင်မှ မီးရောင်စုံများအား ကြည့်နေသော သူမ၏ မျက်လုံးထောင့်များ တွင်လည်း မျက်ရည်စများ ခိုတွဲနေသည်။ သူမသည် ရေကန်ဘေးတွင် အထီးကျန်ဆန်သော ဤလူသားအား ချန်ထားခဲ့ကာ အဘယ်ကြောင့် တစ်ယောက်တည်း ထွက်သွားခဲ့ရ သနည်း။ သူမက ရှေ့သို့ တိုးသွားကာ သူ့အား နှစ်သိမ့်ပေးလို သော်လည်း သူ့ဘေးတွင် ရပ်ရန် သူမသည် ထိုက်တန်ခြင်း မရှိကြောင်း မိမိကိုယ်ကို နားလည်ပေသည်။ သူသည် တစ်ယောက်တည်း ဖြစ်နေသော်လည်း သူ၏ နှလုံးသား၌ ဖြစ်စေ၊ သူ့ဘေး၌ ဖြစ်စေ ထိုနေရာ၌ နောက်ထပ် အစားထိုး မရနိုင်သော မိန်းကလေး တစ်ယောက်သာ ရှိသည်ကို သူမ သိပေသည်။

ချင်းကျူရေကန်၌ ချင်ယီ၊ ဗိုလ်ချုပ်ချင်၊ ဖန်းရှင်းဇွီ၊ ယန်ချူနှင့် ဖန်းရူဟိုင်တို့လည်း ရှိနေကြသည်။ သူတို့က နှစ်သစ်ကူး အချိန်အခါ၌ ရေကန်၏ အလှအပများအား လာရောက် ကြည့်ရှုကြသော်လည်း သူ့အား သွားရောက် မနှောင့်ယှက်ကြပေ။ ဤနေရာက သူ့အတွက်သာ သက်ဆိုင်သော သီးသန့် အမှတ်တရများစွာ ရှိနေကြောင်း သူတို့အားလုံး သိနားလည် ကြသည်။

“လွန်ခဲ့တဲ့ ၁၈နှစ်ရဲ့ ဒီနေ့ ဒီရက်မှာ ငါတို့က ရီမိသားစု အိမ်တော်မှာ ညစာစားပွဲ လုပ်နေကြတယ်။ အဲဒီနေ့မှာပဲ သူမက ရီဖူရှင်းဆီသို့ တစ်ယောက်တည်း လာရှာခဲ့တယ်” ဖန်းရူဟိုင်က အတိတ်မှ အကြောင်းများကို အမှတ်ရဟန်ဖြင့် ပြောသည်။

ထိုနေ့က သူသည် ဖန်းရှင်းဇွီနှင့် ဖူရှင်းတို့အား စေ့စပ်ကြောင်းလမ်း ပေးလိုခဲ့၏။ သို့သော် ထိုနေ့၌ပင် ညစာစားပွဲမှ လူတိုင်းအား အံ့အားသင့် စေအောင် လှပ ချောမောလွန်းသော မိန်းမငယ် တစ်ယောက်သည် ရီဖူရှင်းနှင့်အတူ ရောက်ရှိ လာခဲ့သည်။ သူ သိသလောက် ထိုနေ့၌ပင် ရီဖူရှင်းနှင့် သူမတို့ အချင်းချင်း ကိုယ်စီကိုယ်င သူတို့၏ အချစ်များအား ဝန်ခံ ဖွင့်ဟခဲ့ကြသည်။

“ဟုတ်တယ် … လွန်ခဲ့တဲ့ ၁၈နှစ်ရဲ့ ဒီနေ့မှာ သူတို့ ချစ်ကြိုက်ခဲ့ကြတယ် …” ဖန်းရှင်းဇွီက ခေါင်းညိတ်သည်။

“အချိန်တွေကုန်တာ မြန်လိုက်တာ … မျက်လုံး တစ်မှိတ် အတွင်းမှာ ၁၈နှစ်တောင် ရှိပြီပဲ” ဖန်းရူဟိုင်က တီးတိုးပြောသည် … “ဒီနေ့ ပြီးသွားရင် ဒီစိတ်ဒဏ်ရာက သူလွတ်မြောက်ဖို့ ငါ မျှော်လင့်တယ်။ ရှင်းဇွီ … အခွင့်အရေးရရင် မင်းက သူ့ကို နားချသင့်တယ်။ ဒီနေရာက သူနဲ့ မသက်ဆိုင်ဘူး”

“ဟုတ်ကဲ့ … ” ဖန်းရှင်းဇွီက ခေါင်းညိတ်သည်။

“နည်းနည်း အေးလာသလို ခံစားရတယ် …” ဖန်းရူဟိုင်က ရုတ်တရက် ပြောသည် … “ငါများ အသက်ကြီး လာတာလား …”

“အဖေ … သမီးလည်း အဲဒီလိုပဲ ခံစားရတယ်” ဖန်းရှင်းဇွီက တီးတိုးပြောသည်။ သို့သော် ထိုအေးစက်မှုမှာ သဘာဝအလျောက် မဟုတ်ဘဲ တစ်စုံတစ်ခု ကြောင့်ဟု သူမ၏ မသိစိတ်က ခံစားနေရသည်။

ထိုအချိန်တွင် ရေကန်ထဲ၌ များစွာသော လှေကလေးများ သွားလာ နေကြသည်။ လှေကလေး တစ်ခုအပေါ်၌ သက်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်သည် လဲလျောင်းကာ စည်းစိမ် ခံနေသည်။ သူ့ရှေ့၌ လှပသော မိန်းကလေးများသည် ဂီတသံစဉ်များကို တီးခတ်နေကြကာ ထိုလူကြီးက မိန်းကလေး တစ်ယောက်အား ပွေ့ဖက်ထားသည်။ မိန်းကလေး တစ်ယောက်က ထိုလူကြီးအား သေရည်များ အရန်သင့် ကမ်းပေး နေသည်။

မိန်းကလေးငယ်များ ဝိုင်းရံလျက် စည်းစိမ်ခံနေသော ထိုလူကြီးသည် အမှုမဲ့ အမှတ်မဲ့ ပုံစံဖြင့် ရေကန်ဘေးမှ ငြိမ်သက်စွာ ရပ်နေသော ဆံပင်ဖြူ လူငယ်အား ကြည့်သည်။ ထိုအခိုက်တွင် လူကြီးသည် ပြုံးနေသော်လည်း သူ၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ကပ်ငြိနေပေသည်။

ထိုလူကြီးကား အထက်ဘုံ၌ အတော်ဆုံးသော လုပ်ကြံသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ အထက်ဘုံတွင် အတော်ဆုံးသော လူသတ်သမားများအား အဆင့်စီရာတွင် ထိုသူသည် ဒုတိယနေရာ၌ ရှိ၏။ လုပ်ကြံ သတ်ဖြတ်ခြင်းမှာ သူ၏ ဝါသနာဖြစ်ပြီး သူက ခက်ခဲသော အလုပ်များကိုသာ လက်ခံလေ့ရှိသည်။ ထို့အပြင် သူလက်ခံသော အလုပ်များမှာလည်း မအောင်မြင်ဟူသည် မရှိပေ။

ပြည်နယ်ကိုးခု၏ တော်ဝင်ကျဲ နန်းတော်မှ ရီဖူရှင်းသည် တစ်ကြိမ် တစ်ခါက ကျူးထန် နန်းတော်သို့ ရောက်ရှိခဲ့ဖူးပြီး အထက်ဘုံ၌ အတော်အတန် ကျော်ကြား ပေသည်။

သူက အနည်းငယ် စုံစမ်း မေးမြန်းခဲ့ရာတွင် ရီဖူရှင်းသည် ပြည်နယ်ကိုးခု၌ ရှီအဆင့်တွင် ပြိုင်ဘက်ကင်းပြီး တော်ဝင်မြေ ခုနစ်ခုမှ ဝိုင်းရံ သတ်ဖြတ်ခြင်းမှပင် လွတ်မြောက်ခဲ့သည်။ ထိုအဖြစ်က သူ့အား လွန်စွာ စိတ်ဝင်စား စေခဲ့သည်။

ထိုသို့သော ပစ်မှတ်က သူ၏အာရုံကို ချက်ချင်း ဖမ်းစားခဲ့သည်။ ယနေ့ခေတ်တွင် ရှန့်ထိုအဆင့် အောက်မှ မည်သူမဆို သူသာ သတ်ဖြတ်လိုပါက လွတ်မြောက်နိုင်သူ အလွန် ရှားပါးပေသည်။ အထက်ဘုံမှ ကျူးထန်အဆင့် တန်ခိုးရှင်များပင် ခြွင်းချက် မရှိပေ။

မှန်သည် … ပစ်မှတ်က စိတ်ဝင်စားဖွယ် ကောင်းသလို ဆုကြေးငွေမှာလည်း အံ့အားသင့်ဖွယ် ကောင်းအောင် များပြားပေသည်။

ဝူမင် သိသည်မှာ ယနေ့တွင် သူတစ်ယောက်တည်း ဤနေရာသို့ ရောက်လာခဲ့သည် မဟုတ်ပေ။ သူ့လို ရည်ရွယ်ချက်ဖြင့် ရောက်လာသူ များစွာ ရှိပေသည်။ သို့သော်လည်း သူသည်သာ ရီဖူရှင်းအား သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ပေသည်။

ထိုအချိန်တွင် ရေကန်ဘေး၌ ဖန်းရူဟိုင်တို့သာ မဟုတ်ဘဲ တခြား လူများကလည်း အေးစက်သော အငွေ့အသက်များအား ခံစားကြရသည်။

ရေကန်ဘေးတွင် ရီဖူရှင်းက ကောင်းကင်မှ မီးရှူး မီးပန်းများအား ကြည့်ကာ တောက်ပစွာ ပြုံးသည်။ ထို့နောက် ပြုံးနေသည်ကို ရုတ်တရက် ရပ်လိုက်ကာ ချင်းကျူ ရေကန်အား ကြည့်သည်။

ယခင် နေ့များကဲ့သို့ ရီဖူရှင်းက ကု့ချင်း တီးခတ်ခြင်း မပြုဘဲ လှေပေါ်သို့ ရုတ်တရက် တက်သည်။ လှေကလေးက လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ရေကန်အလယ်သို့ မြန်ဆန်စွာ ဦးတည် သွားသည်။

သူ့အား မည်သူတို့က သတ်ဖြတ်မည်ကို ရီဖူရှင်းက သိလိုပေသည်။

***

All Chapters