ကျုပ်ကို သတ်ဝံ့သလား
Vol. 81 Ch. 1212
မနက်ခင်း အစောပိုင်း ဖြစ်သော်လည်းပဲ လမ်းမကြီးထက်ပေါ်၀ယ် လူသွားလူလာများ၊ ကားများဖြင့် ပြည့်ညပ်ကြပ်နေပြီးဖြစ်၏။
အလုပ်ချိန်ပို ဆင်းကြသည့် အလုပ်သမားများကတော့ ယခုလို အချိန်တွင်မှ အိမ်သို့ ပြန် အနားယူကြလေသည်။
ရှိုကို နာခါဂျီးမား ပေးသည့် လိပ်စာအတိုင်း မောင်းနှင်လာရင်း လင်းရီ တစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် ရိုရိုဂီ ပန်းခြံအနီးရှိ တာခါရှီမာယာ ဟိုတယ်သို့ ရောက်ရှိလာသည်။
တာယာရှီမာယာ ဟိုတယ်သည် မြို့ပြင်တွင် ဆောက်လုပ်ထားသည့် ဂျပန်စတိုင် တိုးရစ်ဟိုတယ် တစ်ခုဖြစ်၏။ အထပ် လေးထပ်သာလျှင် မြင့်ပြီး ဂျပန်လို နေရာမျိုးတွင် ကြီးကျယ်ခမ်းနားသည်ဟု မဆိုသာချေ။
သို့သော် အပြင်ဘက်မှ ကြည့်လျှင်တော့ အဆင့်အတန်း တစ်ခု ရှိသည်ဟု ခံစားရစေသည်။
သို့သော်လည်းပဲ ယနေ့တွင်တော့ အဆောက်အအုံ ဝန်းကျင်တွင် ညှို့မှိုင်းပြီး မကောင်းသည့် အငွေ့အသက်တို့ ပျံ့လွင့်နေခဲ့တော့၏။
ဟိုတယ် အဝင်ဝတွင် ကားတစ်ဒါဇင်ခန့် ထိုးရပ်ထားပြီး ဝတ်စုံအနက်နှင့် လူလေးယောက်မှာ အပြင်ဘက်တွင် စိတ်ရှည်စွာ ရပ်နေလျက်ရှိ၏။
ရုပ်ထုကြီး တစ်ခုကဲ့သို့ တံခါးပေါက်ဝတွင် ငြိမ်သက်စွာ ရပ်နေကြလေသည်။
လင်းရီ ကားကို ပါကင်ထိုးလိုက်ပြီး ဟိုတယ် ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ အကယ်၍ သူ ထင်တာ မမှားပါက ဤဟိုတယ်သည် ယူရှီ မစ်ဆူ၏ အပိုင် ဖြစ်လောက်သည်။
ယနေ့ အလဲအလှယ်ကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည်များကို ကန်ထုတ်ပြီး သူ့အလာကို စောင့်ဆိုင်းနေပုံရ၏။
အင်ဂျင်စက်သတ်ပြီးနောက် လင်းရီ ကားထဲမှ အနက်ရောင် လက်ဆွဲသေတ္တာတစ်လုံးနှင့်အတူ ထွက်လာပြီး ဟိုတယ်၏ အဝင်ဝသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။
သို့သော် သူ အဝင်ဝကို ရောက်တော့ အနက်ရောင် ၀တ်စုံပြည့်နှင့် လူနှစ်ယောက်မှ သူ့အား ဟန့်တားလာခဲ့ကြ၏။
“ မစ္စတာလင်း… ကျုပ်တို့ ရှာဖွေဖို့ လိုအပ်ပါတယ်…”
လင်းရီ ဘာမျှ မပြောဘဲ ပြုံးရုံသာ ပြုံးပြီး သူ၏ လက်နှစ်ဖက်ကို ပင့်မြောက်ပေးလိုက်၏။
ဘော်ဒီဂတ် နှစ်ယောက်ကလည်း လင်းရီ ခန္ဓာကိုယ် အနက် လက်နက်များ သိုဝှက်လာခြင်း ရှိမရှိကို သေချာစစ်ဆေးကြ၏။ မရှိကြောင်း သေချာတော့မှ သူ့ကို အထဲသို့ ဝင်ရန် လက်ဟန် ပြုလိုက်ကြသည်။
“ မစ္စတာလင်း… ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပေးပါ…”
လင်းရီ ဘာမျှ မပြောဘဲ ထိုလူနှစ်ယောက်၏ ဦးဆောင်မှုနောက် လိုက်သွားခဲ့သည်။ ထို့နောက် ဓာတ်လှေကားစီး၍ လေးလွှာသို့ တက်လာခဲ့၏။
ဓာတ်လှေကားမှ ထွက်လာခဲ့ပြီးနောက် သူ ပထမဆုံး မြင်လိုက်ရသည်က သုံးမီတာကျော် မြင့်သည့် ထူထဲသည့် သစ်သားတံခါး တစ်ချပ်သာလျှင်။ ဆာမူရိုင်း မျက်နှာဖုံးပုံကို ရေးဆွဲထားပြီး တံခါးလက်ကိုင်ဘုကို ရွှေချထားသဖြင့် တလက်လက် တောက်ပနေတော့၏။
တံခါးမကြီးရှေ့တွင် စောင့်ကြပ်နေသည့်လူက နှစ်ယောက်ထက်ကို ပိုသည်။ သူတို့အကုန်လုံးက အနက်ရောင်များ ဝတ်ဆင်ထားကြပြီး လည်ပင်းတွင်လည်း တက်တူးများ ထိုးထားကြ၏။
လင်းရီ ရောက်လာသည်ကို မြင်တော့ တံခါးကို အလိုက်သင့် ဖွင့်ပေးလိုက်ကြသည်။
တံခါးနောက်တွင်မှ ခန်းမငယ် အသေးစားလေး တစ်ခုရှိ၏။
သို့သော်လည်း အထဲရှိ ပရိဘောဂ ပစ္စည်းများကတော့ ထုတ်ယူပြီး ဖြစ်ကာ နေရာတစ်ခုလုံးက ရှင်းလင်းနေပြီး ကျယ်ကျယ်လွန့်လွန့်ရှိလှ၏။
ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် တူညီ ဝတ်စုံများဖြင့် စီတန်း မတ်တပ်ရပ်နေသည့် လူနှစ်တန်းရှိနေပြီး လင်းရီ အက်ရှင် ဇာတ်ကြမ်းကားများထဲတွင်သာ မြင်တွေ့ရလေ့ရှိသည့် မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင်တော့ သူ့နောက်ရှိ တံခါးသည်လည်း ပိတ်ဆို့သွားခဲ့တော့၏။
တစ်ချိန်တည်းတွင် မလှမ်းမကမ်း တစ်နေရာမှ ကွဲအက်သည့် အသံတစ်ခုက ထွက်ပေါ်လာသည်။
“ မစ္စတာလင်း… သေချာလေး တွေးကြည့်လိုက်တော့ ငါတို့ချင်း မတွေ့ဖြစ်တာ နှစ်ဝက်တောင် ကျိုးနေပြီပဲ…”
မကြာမီ ယူရှီ မစ်ဆူ ကန့်လန့်ကာ နောက်ကွယ်မှ ထွက်လာခဲ့ပြီး ခန်းဂျိတာခါယာမကတော့ သူ့ဘေးတွင် လိုက်ပါလာလျက်ရှိကာ ရှိုကို နာခါဂျီးမားနှင့် အယ်လက်ဆာတို့ကတော့ နောက်မှနေပြီး လိုက်ပါလာလျက် ရှိ၏။
လင်းရီနှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံရသည့်တိုင် ရှိုကိုနာခါဂျီးမား၏ အမူအရာသည် မတုန်မလှုပ် ရှိနေသည်။
သူမ ပြုံးပြပြီး ခေါင်းညိမ့်၍တောင် နှုတ်ဆက်လိုက်သေး၏။ သို့သော် လင်းရီ၏ မျက်လုံးထဲတွင်တော့ ယင်းက သူ့ကို တစ်မျိုးတစ်ဖုံနှင့် စော်ကားမှု ပြုလိုက်ခြင်းပင်…။
“ ကျုပ်ကို ကြိုဖို့ ဒီလောက် ခမ်းခမ်း နားနားကြီးတွေ လိုလို့လား…” လင်းရီ ပြုံးလိုက်ပြီး “ ခင်များ တော်တော် စိတ်သဘောထား သေးသိမ်တဲ့လူပဲ…”
“ ဘယ်တတ်နိုင်မှာ… ငါ မင်း ဘယ်လိုကောင်လဲဆိုတာကို ကောင်းကောင်းကြီး သိနေတော့ ဒီလိုလုပ်ဖို့ပဲ တတ်နိုင်တယ်… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မစ္စတာလင်း…” ယူရှီ မစ်ဆူ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် ငါ မင်းရဲ့ သတ္တိကိုတော့ မလေးစားဘဲ မနေနိုင်ဘူး… ဒီကိုတောင် တစ်ယောက်တည်း လာဝံ့တယ်ဆိုတော့ ငါ ယူရှီမစ်ဆူ မင်းကို သိပ်လေးစားမိတယ်…”
“ တစ်ယောက်တည်းလာတော့ရော ဘာထူးသွားမှာမို့လို့..” လင်းရီ ပြောလိုက်ပြီး “ ခင်များရဲ့ လက်အောက်ငယ်သားတွေ တစ်ပြိုင်တည်း တက်လာရင်တောင် ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး…”
“ ငါသိတယ်… သူတို့က တကယ်ကြီး မင်းနဲ့ မယှဉ်နိုင်ဘူး… ဒါပေမယ့် ငါတို့ ယာမာဂူချီဂိုဏ်းက နှစ်တွေအကြာကြီး တည်ရှိလာခဲ့တာ ငါတို့က မင်းထင်သလောက် ရိုးရှင်းမနေဘူး…”
“ ဆိုတော့ ခင်များက ကျုပ်ကို သတ်ဝံ့တယ်ပေါ့..” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး
“ ခင်များတို့မှာသာ အဲ့လို သတ္တိမျိုး ရှိရင် ဟိုးတုန်းကတည်းကနေ လုပ်ခဲ့ပြီးပြီ… ဒီတော့ အပိုစာသားတွေ လာရွတ်ပြမနေနဲ့..”
လင်းရီ သေတ္တာကို လှပ်ပြပြီး ကျောက်တုံးကို ယူရှီမစ်ဆူ မြင်သာအောင် ပြလိုက်သည်။
“ ပစ္စည်းက ဒီမှာ… ကျုပ်ရဲ့ ညီကိုရော…” လင်းရီ ပြောလိုက်၏။
“ ကျုပ် သတိပေးခဲ့ပြီးပြီနော်… ခင်များတို့ သူ့ကို တစ်ချက် ထိဝံ့ရင် ခင်များတို့ တစ်မိသားစုလုံးကို မျိုးတုံးသတ်မှာ… ကျုပ်စကား ကျုပ်တည်တယ်…”
“ မစ္စတာလင်း…. မင်း အဲ့လောက်ကြီးလည်း ရန်မလိုချင်စမ်းပါနဲ့… ငါတို့ သေချာပေါက် အဲ့လိုမျိုး မလုပ်ပါဘူး…”
ယူရှီ မစ်ဆူ အချက်ပြလိုက်လျှင် ခန်းဂျိတာခါယာမလည်း နားလည်သွားခဲ့၏။ သူ တစ်စုံတစ်ယောက်ကို စေလွှတ်၍ လျန်ကျင်းမင်အား ခေါ်ထုတ်လာခိုင်းလိုက်သည်။
လျန်ကျင်းမင်း၏ အခြေအနေမှာတော့ ကောင်းကောင်းမွန်မွန်ရှိ၏။ သို့သော် လက်နောက်ပြန်တုပ်ခံထားရသဖြင့် သူ့ကြည့်ရသည်မှာ သက်တောင့်သက်သာ မရှိသည့်ဟန်ပင်…။
“ ညီကိုလင်း…” လျန်ကျင်းမင်၏ ထိတ်လန့်တုန်လှုပ်နေသည့် အသံမှာ ထွက်ပေါ်လာခဲ့သည်။
“ ဒီကောင်တွေ မင်းကို ဘာမှ မလုပ်ဘူးမလား…”
“ မလုပ်ဘူး..”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ယူရှီမစ်ဆူကို ကြည့်လိုက်၏။
“ စကြတာပေါ့…”
ခန်းဂျိတာခါယာမမှ လျန်ကျင်းမင်ကို လင်းရီရှေ့ ခေါ်ဆောင်လာခဲ့ပေးသည်။
လင်းရီမှ လျန်ကျင်းမင်၏ လက်တစ်ဖက်ကို ကိုင်ထားပြီး ထိုစဉ် ခန်ဂျိတာခါယာမမှ လက်ဆွဲ သေတ္တာတစ်ဝက်ကို ဆုပ်ကိုင်ထားသည်။ တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်လုံး ပြိုင်တူ လွှတ်လိုက်ကြပြီး အပေးအယူကို ပြီးမြောက်အောင်မြင်စေလိုက်၏။
လင်းရီ စကေဘာထုတ်၍ လျန်ကျင်းမင်အား တုပ်နှောင်ထားသည့် ကြိုးများကို ဖြေပေးလိုက်သည်။ ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင်ပဲ ခန်းမထဲမှ ထွက်သွားခဲ့ကြလေသည်။
“ မစ္စတာ မစ်ဆူ… ရှင် အခု ပစ္စည်း ရပြီဆိုတော့ ကျွန်မကို ဗီဇ သွေးရည်ကြည် ပေးလို့ရပြီမလား…” အယ်လက်ဆာမှ ပြောလိုက်သည်။
“ ဒါပေါ့.. ဒါ ငါတို့ကြား သဘောတူထားတာပဲလေ…”
ထိုအခိုက်အတန့်တွင် ခန်းဂျိတာခါယာမမှ အခြား အနက်ရောင် လက်ဆွဲသေတ္တာ တစ်ခုကို ထုတ်လာခဲ့ပြီး အယ်လက်ဆာထံ ကမ်းပေးလိုက်၏။
သူမလည်း စစ်ဆေးကြည့်ပြီး ပြဿနာ မရှိကြောင်း သေချာတော့ “ ဒီတစ်သုတ် ပစ္စည်းက ပြဿနာ မရှိဘူးဆိုရင် ကျွန်မတို့ နောက်တစ်ကြိမ် ဆက်ပြီး လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်လိမ့်မယ်…”
“ အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့… ငါတို့ကလည်း ရွှေနက်ကော်ပိုရေးရှင်းနဲ့ ရေရှည် ပူးပေါင်းလက်တွဲနိုင်ဖို့ မျှော်လင့်ထားပါတယ်…”
“ ကောင်းပြီ…”
ရိုးရှင်းစွာ တုံ့ပြန်ပြီးနာက် အယ်လက်ဆာ လက်ဆွဲသေတ္တာနှင့် အတူ ရေးကြီးသုတ်ပျာ ပြန်ထွက်သွားခဲ့လေသည်။
“ ခေါင်းဆောင်.. ကျုပ်တို့ လင်းရီကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား…” ခန်းဂျိ တာခါယာမမှ မေးမြန်းလိုက်၏။
“ ငါတို့ရဲ့ ဆက်ဆံရေးက ပျက်စီးသွားပြီ… သူနဲ့ ပြန်သင့်မြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…” ယူရှီမစ်ဆူ ပြောလိုက်ပြီး “ ဟွာရှမှာ ဆိုရိုးတစ်ခုရှိတယ်… ကွဲကြေနေတဲ့ ကျောက်စိမ်းထက် ရွှံ့စေးမြေက ပိုပြီးကောင်းတယ်…သူက အခုဆို မစ်ဆူ မိသားစုနဲ့ သိပ် ရင်းနှီးနေပြီ… တစ်နေ့ အာယာနဲ မစ်ဆူဘက်ကနေ ရပ်တည်ပြီး ငါ့ကို ဆန့်ကျင်မလာဘူးလို့ မပြောနိုင်ဘူး… ဒါကြောင့်မို့ သူ့ကို ဆက်ပြီး အရှင်ထားစရာ မလိုတော့ဘူး… အယ်လက်ဆာနောက်လိုက်ဖို့ လူတစ်ချို့ လွှတ်လိုက်.. အခြေအနေပေးရင် သူ့ကို ကူညီပေးလိုက်….”
“ သူ့ကို ကူညီပေးရမှာလား…” ခန်းဂျိ တာခါယာမ၏ အမူအရာသည် အေးခဲသွားခဲ့ပြီး “ ခေါင်းဆောင် ဆိုလိုချင်တာ အယ်လက်ဆာက သူ့ကို သတ်တော့မယ်ပေါ့…”
“ ဖြစ်ဖို့ များတယ်…” ယူရှီ မစ်ဆူ ပြောလိုက်ပြီး “ ငါတို့ချင်း တွေ့တာ မကြာသေးဘူးဆိုပေမယ့် သူ့မှာ လင်းရီအပေါ် သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေတာကို ငါ ကောင်းကောင်းကြီး မြင်လို့ရတယ်… အခု အခွင့်အရေးလည်း ပေါ်လာပြီဆိုတော့ ဒီအခွင့်အရေးကို လက်လွှတ်ခံမယ် မထင်ဘူး…”
ခန်းဂျိ တာခါယာမ၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက် “ အယ်လက်ဆာလည်း သူက လင်းရီရဲ့ ဘက်လူ မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး သိမှာပဲ… ဒါတောင် သူ့ကို သတ်ဖို့ ကြံစည်ဝံ့နေတယ်ဆိုတော့ ဆိုလိုတာ သူမဘက်က ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်…. ဒါပေမယ့် လင်းရီသာ တကယ်ကြီး သေသွားခဲ့ရင် ဟွာရှဘက်က ကျုပ်တို့ပေါ် အပြစ်တင်လာနိုင်တယ်နော…”
ခန်းဂျိတာခါယာမသည်လည်း သူ လင်းရီကို တိုက်ရိုက်ကြီး ဘာမျှ မပြုနိုင်ကြောင်း ကောင်းစွာ သိသည်။
အဓိက အကြောင်းအရင်းကတော့ လင်းရီ၏ အဆင့်အတန်းက ဟွာရှတွင် ထူးခြားနေသောကြောင့် ဖြစ်လေသည်။
အကယ်၍ သူတို့ကသာ ထိဝံ့မည်ဆိုပါက ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် အကယ်၍ အယ်လက်ဆာက သူ့ကို သတ်လိုက်မည် ဆိုပါကလည်း အပြစ်က သူတို့ခေါင်းပေါ် အလိုအလျောက် ကျရောက်လာပေဦးမည်။
“ ငါ သူ့ကို ဒီမှာ မသတ်ပါဘူးလို့ပဲ ကတိပေးနိုင်တယ်.. ဒါပေမယ့် သူ့ကို သတ်မယ့် တခြားရန်သူတွေ ရှိလာရင် ကူညီပေးရမှာလား… “ ယူရှီ မစ်ဆူ အေးစက်စွာ ဆိုလိုက်ရင်း “ ငါ ပြောတဲ့အတိုင်းသာလုပ်…”
“ နားလည်ပါပြီ ခေါင်းဆောင်… ကျုပ် အခုပဲ လူတွေခေါ်ပြီး အယ်လက်ဆာနောက် လိုက်သွားပါ့မယ်…”