ငါ့ရဲ့ လူလိုသိစိတ်က မင်းကို ထားသွားဖို့ ခွင့်မပြုဘူး
Vol. 81 Ch. 1213
“ လင်းကြီး… ငါတကယ် တောင်းပန်တယ်ကွာ… ငါ ရှိုကိုနာခါဂျီးမား လှည့်စားတာ ခံလိုက်ရတယ်… တကယ်လို့ ငါ့မှာ အခွင့်အရေးသာ ရှိရင် ငါ အဲ့ကောင်မကို သတ်ပစ်တယ်…” လျန်ကျင်းမင် ခံပြင်း ဒေါသထွက်စွာ ပြောဆိုလိုက်သည်။
“ အမှန်တော့ ဒါမင်းနဲ့ ဘာမှဆိုင်တာ မဟုတ်ဘူး… ဒါက မင်းသိတာထက်ကို ပိုတယ်… တကယ်တော့ သူတို့အကုန်လုံးက ငါ့နောက် လိုက်နေကြတာ… ငါက မင်းကို မထင်မှတ်ဘဲ အရှုပ်အထွေးထဲ စွဲထည့်မိသလို ဖြစ်သွားခဲ့တာ… ငါ မင်းကို နစ်နာစေမိပြီ…”
“ တော်စမ်းပါကွာ… အဲ့သောက် ခံစားချက်ကြီးတွေ ဘေးချိတ်ထားစမ်းပါ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့သောက်ရူး တစ်သိုက်က ကြောက်တော့ ကြောက်စရာကြီးတွေကွ… ဒီလို မြင်ကွင်းမျိုး ငါ့ ဘဝမှာ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ… ငါ ဘောင်းဘီထဲတောင် သေးထွက်ကျမိတော့မတတ်ပဲ…”
“ မင်း တော်တော်လေး ထိန်းနိုင်တယ် ပြောရမယ်… “ လင်းရီ ပြောလိုက်ပြီး “ လူတော်တော်များများဆို ထွက်ကျနေလောက်ပြီ…”
“ ဘာပဲ ဖြစ်ဖြစ် ငါတို့ လျန်မိသားစုကလည်း မိသားစုကြီးပဲလေ.. ငါတို့ ဆိုးယုတ်ပါတယ်ဆိုတဲ့ ကိစ္စတွေ အများကြီး မြင်ဖူး ကြားဖူးတယ်.. ငါတို့က သာမန်လူတွေထက် နည်းနည်းလေး ပိုသန်မာတယ်ဆိုပေမယ့် ချီးပဲ ငါ့ကောင် … အဲ့ဒါ တကယ် ကြောက်စရာကြီးကွ…”
လင်းရီ ရယ်မောလိုက်ရင်း “ အရင် ပြန်ကြစို့… ငါတို့ ကျိုးဟိုင်ကို ရောက်ရင် မင်း အိမ်ပြန်လာတာကို ကြိုဆိုတဲ့ အခမ်းအနား ကျင်းပပေးမယ်…”
“ ကောင်းပြီ…” လျန်ကျင်းမင် စိတ်သက်သာရာ ရစွာဖြင့် ပြောလိုက်ပြီး “ ငါ မနေ့ညကတည်းကနေ ကြိုးတုပ်ခံထားရတာ ငါ့ တစ်ကိုယ်လုံး သံချေးတက်တော့မလားပဲ…”
နှစ်ယောက်သား ရယ်ရင်း မောရင်းဖြင့် လေဆိပ်ဘက်သို့ ထွက်လာခဲ့ကြ၏။
လင်းရီ၏ အကြံက ရိုးရှင်းသည်။ သူ လျန်ကျင်းမင်ကို လေယာဉ်ပေါ်သို့ အရင်ပြန်ပို့ပေးလိုက်မည်။ ထိုနေရာသည်ကသာလျှင် သူ့အတွက် လုံခြုံရေး အာမခံ နေရာ တစ်ခုဖြစ်၏။
ထို့နောက်တွင်မှ လင်းရီ အခြားသော ကိစ္စများအား သွားရောက်ကိုင်တွယ်ပေမည်။
အမှောင်ထဲမှ အကွက်ချပြီး အလှည့်စားခံလိုက်ရမှုကို လင်းရီ စိတ်ထဲ မည်သို့မျှ သည်းခံနိုင်ခြင်း မရှိချေ။
ထိုအကြောင်းတွေ စဉ်းစားမိတော့ လင်းရီ သူ၏ အရှိန်ကို ထပ်တင်လိုက်ပြီး လျန်ကျင်းမင်အား လေဆိပ်သို့ တတ်နိုင်သမျှ မြန်မြန်ပေးပို့ပြီး သူလုပ်စရာ ရှိသည်များအား သွားလုပ်ချင်နေတော့၏။
ယူရှီ မစ်ဆူက ကျုံးဝေ့တပ်ဖွဲ့နှင့် ခြားနားသည်။ မစ်ဆူမိသားစုကို အချိန်တိုအတွင်း ဖိနှိပ်ရန်အတွက် ဘက်စ် သတ္တုရိုင်းက မရှိမဖြစ် အရေးပါသည်။ ယခု သူ လိုချင်သည်ကို ရရှိသွားပြီ ဖြစ်သဖြင့် ထိုအရာကို ချက်ချင်း အသုံးချပေတော့မည်။
အကယ်၍ သူ့ဘက်က နှေးကွေးလျှင်တော့ မည်သည်မျှ ဖြစ်ပွားလာမည် မဟုတ်ချေ။
သို့သော် ထိုအခိုက်အတန့်တွင်ပဲ လင်းရီ သူ့တို့နောက်သို့ မာစီးတီး တစ်စင်း လိုက်ပါလာလျက် ရှိနေသည်ကို သတိထားမိလိုက်လေသည်။
အကြောင်းတိုင်ဆိုင်သည့် ပုံလည်း မပေါ်ချေ။ ကြည့်ရသည်မှာ သူ ကျိန်းသေပေါက် နောက်ကနေ လိုက်ခံနေရခြင်း ဖြစ်လောက်၏။
“ လင်းကြီး… မင်းဘာတွေ ကြည့်နေတာတုန်း… သေချာ ကြည့်မောင်းစမ်းပါဟ…”
“ ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာတယ်…” လင်းရီ ကားနောက်ကြည့်မှန်ကို ကြည့်ရင်း ပြောလိုက်၏။
“ ငါ -ိုး….”
မူလက ကိုယ်ကို တစ်ဝက်လျှောပြီး ထိုင်နေသည့် လျန်ကျင်းမင်သည် ချက်ချင်းဆိုသလို ကျောမတ်သွားခဲ့တော့၏။
“ တကယ်ကြီးလား… ဒါကြီးက ရုပ်ရှင်ထဲကလိုပဲ…”
လင်းရီ ရယ်မောလိုက်ရင်း “ လက်တွေ့ဘဝကြီးက ရုပ်ရှင်ထဲကထက်ကို ပိုပြီး ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား…”
“ လင်းကြီး… မင်း ရွှတ်တီးရွှတ်နောက် လုပ်မနေစမ်းနဲ့… ဟိုက ငါတို့ကို မှီတောင် လာနေပြီ… ငါဘာလို့ သူတို့တွေ လာပြီး နှုတ်ပိတ်နေတယ်လို့ ခံစားနေရတာပါလိမ့်…”
“ အင်း….” လင်းရီ ခေတ္တကြာအောင် အတွေးနက်နေပြီးနောက် “ ငါ မပြောချင်ဘူးဆိုပေမယ့် အဲ့လိုမျိုး ဖြစ်နိုင်လောက်တယ်..”
“ ဒါဆို ဘယ်လိုလုပ်ကြမှာလဲ… ငါတို့တွေ ဒီမှာပဲ သေကြတော့မှာလား…”
“ မပူနဲ့..” လင်းရီ ပြောလိုက်ပြီး “ ငါ တစ်ယောက်လုံး ဒီမှာ ရှိနေတာကို မင်း သေချင်လို့တောင် မသေစေရဘူး…”
လျန်ကျင်းမင်ကို နှစ်သိမ့်ပြီးနောက် လင်းရီ ဘာမျှ ဆက်မပြောတော့ချေ။ သူ၏ မျက်လုံးက နောက်ကြည့်မှန်တွင် တွယ်ကပ်ထားပြီး နောက်ရှိ မာစီးတီးကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။
သို့သော် လင်းရီ တစ်စုံတစ်ရာ လှုပ်ရှားခြင်းတော့ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် မာစီးတီးနှင့် ကပ်လျက် လိုက်ပါနေသည့် ဟွန်ဒါ အက်ကော့ တစ်စင်းကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
၎င်းကို မြင်တော့ လင်းရီ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့၏။ အခြေအနေက သူ့စိတ်ထဲ ထူးဆန်းသည်ဟု ခံစားနေရသည်။
နောက်ရှိ မာစီးတီးထဲက ယူရှီမစ်ဆူ၏ လူများ ဖြစ်မည်မှာ ကျိန်းသေသော်လည်းပဲ ဟွန်ဒါအက်ကော့ထဲက မည်သူနည်း။
ထိုအချိန်တွင်ပဲ မာစီးတီးကားထံမှ ကျယ်လောင်သည့် အင်ဂျင်သံကြီး ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးကို လွယ်ကူစွာဖြင့် နီးကပ်လိုက်လေသည်။
လင်းရီသည်လည်း တုံ့ဆိုင်းခြင်း မရှိ လီဗာကို နင်းလိုက်၏။
သူ့တွင် နတ်ဘုရားသဖွယ် ကြမ်းတမ်းသည့် စကေးများ ပိုင်ဆိုင်ထားသော်လည်း အငှားကား သာမန် civic လေးနှင့်တော့ ဂမ္ဘီရဆန်သည့် ဖြစ်ရပ်များကို မဖန်တီးနိုင်ချေ။
ထို့ကြောင့် ဒေါ်လာသန်းနှင့်ချီ ပေးရသည့် မာစီးတီး S class နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
မကြာမီ အချိန်တွင်ပဲ မာစီးတီးကားမှာ လင်းရီရှေ့ ကျော်တက်လာခဲ့သည်။ လင်းရီ တစ်ချက် လှည့်ကြည့်လိုက်တော့ ယာဉ်မောင်းက အယ်လက်ဆာဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီ ရှင်းလင်းစွာ နားလည်သဘောပေါက်သွားခဲ့တော့၏။
အယ်လက်ဆာက လက်စားချေရန် ရောက်ရှိလာခဲ့ခြင်းပင်။
မာစီးတီးကားက ကျော်တက်ပြီးနောက် ချက်ချင်း လက်ငင်း အရှိန်လျော့လိုက်ပြီး လင်းရီတို့ကားကို အတင်း ရပ်တန့်စေလိုက်သည်။
လင်းရီလည်း ခေါင်းမာ မနေဘဲ အရှိန်ကို လျှော့လိုက်၏။
“ ငါ ခဏနေကျရင် ကားထဲက ထွက်သွားတော့မယ်.. ဒါပေမယ့် နောက်က မလိုက်ခဲ့နဲ့…. ငါ့နေရာ ဝင်ထိုင်ပြီး လေဆိပ်ကို ဆက်မောင်းသွားလိုက်…” လင်းရီ အသံကို နိမ့်၍ လေးနက်စွာ ပြောဆိုလိုက်သည်။
“ ငါ -ိုးမသား မင်း ငါ-ီး-ီးလားလားတွေ ပြောနေတာလား…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ငါ မလုပ်နိုင်ဘူး..”
“ အချိန်မဖြုန်းနဲ့… ငါပြောတဲ့ အတိုင်းလုပ်… ငါ ကားထဲက ထွက်ပြီးရင် မင်း ငါ့နေရာ ချက်ချင်း ဝင်ပြီး လေဆိပ်ကို တည့်တည့် မောင်းသွားလိုက်… ငါ့ကို လေယာဉ်ပေါ်မှာ စောင့်နေ…”
ပြောပြီးသည့်နောက် လင်းရီ ကားကို ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းတွင် ရှေ့ရှိ အယ်လက်ဆာသည်လည်း သူမ၏ ကားကို ရပ်တန့်၍ ကားတံခါးဖွင့်ပြီး ထွက်လာခဲ့သည်။
လင်းရီ လုံခြုံရေးခါးပတ် ဖြုတ်၍ နောက်တစ်ကြိမ် ထပ်သတိပေးလိုက်၏။
“လာပြီး မောင်းတော့…”
လျန်ကျင်းမင်ကို စကားပြောရန်ပင် အခွင့်အရေး မပေးဘဲ လင်းရီ ကားတံခါး ဖွင့်၍ အပြင်သို့ ထွက်ပြီး အယ်လက်ဆာနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံသည်။
“ ပြောကြတာ အချစ်ကြီးတဲ့ သူတွေက ရန်ငြိုးလည်း ကြီးကြတယ်တဲ့ …. အပေးအယူ ပြီးတာတောင် ငါ့နောက် လိုက်နေတုန်းပဲ ဆိုတော့ မိန်းကလေး မင်းငါ့ကို ကြိတ်ကြွေနေတာလား…”
“ ဒီနှစ်တွေထဲမှာ ငါ့ကို အနိုင်ယူခဲ့တဲ့ လူက နင်တစ်ယောက်တည်းရယ်…” အယ်လက်ဆာမှ ပြောလိုက်ပြီး “ အရင်တစ်ခေါက် ဂျင်မီ ကိစ္စတုန်းကလည်း နင့်လက်ချက်ပဲမလား…”
လင်းရီ ပြုံးလိုက်ပြီး ဘာကိုမျှ မဖုံးမကွယ် ပြောပြလိုက်သည်။
“ အဲ့ကိစ္စ ငါနဲ့ နည်းနည်း ပတ်သက်နေတယ်ဆိုပေမယ့် ပစ္စည်း ယူသွားတာတော့ ငါမဟုတ်ဘူးပြောရင် မင်း ငါ့ကို ယုံမှာလား…”
“ ငါ နင့်ကို မယုံဘူး…”
အယ်လက်ဆာ ခေါင်းကို တွင်တွင်ခါရမ်းလိုက်ပြီး “ အဲ့လို ရွှေရောင် အခွင့်အရေးကြီးကို နင် လက်လွှတ်လိုက်မယ်ဆိုတာ ငါမယုံဘူး…”
“ ဘက်စ် နှစ်ကီလိုက အရင်တုန်းကရင် ငါတို့ ဟွာရှရဲ့ အပိုင်ပဲ… အဲ့တာကို ကျုံးဝေ့တပ်ဖွဲ့ဝင် နှစ်ယောက်ဆီကနေ သတ်ပြီး လုယူသွားခဲ့တာ မင်းတို့ ကောင်တွေ… အခု သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ပြီး ငါတို့ ပိုင်တဲ့ ပစ္စည်းကို ပြန်လာယူတာပဲ…”
“ နင်က ကျုံးဝေ့တပ်ဖွဲ့ကပေါ့..”
လင်းရီ၏ အထောက်အထားကို သိရှိလိုက်ရပြီးနောက် အယ်လက်ဆာ၏ မျက်ဝန်းများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့လေသည်။
“ အမှန်ပဲ… “ လင်းရီ ပြုံးလျက် “ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ.. ငါက ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ရဲ့ အသင်းခေါင်းဆောင် လင်းရီပဲ…”
“ နင့်ရဲ့ အထောက်အထားက တကယ့်ကို ရှော့ခ်ရလောက်စရာပဲ…. ငါ နင် ဘယ်သူဆိုတာကို လူတိုင်းသိအောင် လျှောက်ပြောပစ်မှာ မစိုးရိမ်ဘူးလား…”
“ မစိုးရိမ်ပါဘူး… ဘာလို့ဆို မင်းက ဒီနေ့ ဒီမှာ သေဖို့ ကံပါလာပြီးသားကြောင့်လေ…” လင်းရီ ပြောလိုက်သည်။
“ နင်သေချာလား…”
“ သိပ်သေချာတာပေါ့…”
အယ်လက်ဆာ သူမ ခါးနောက်ကျောမှ သေနတ်ထုတ်၍ လင်းရီ၏ ခေါင်းကို ချိန်ရွယ်ထားလိုက်သည်။
“ ငါက နင့်ပြိုင်ဘက် မဟုတ်ဘူး ဆိုတာ ငါသိတယ်… ဒါပေမယ့် ငါ့ဘက်က ပြင်ဆင်မထားဘူးဆိုရင် ဘာကိစ္စ နင့်နောက် လိုက်ခဲ့မှာလဲ… အဲ့တာကိုရော နင်သိလား..”
လင်းရီ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့ပြီး စိတ်ထဲတွင် သတိကပ်လာခဲ့၏။
အယ်လက်ဆာ သူမနှင့်အတူ မည်သူ့ကိုမျှ ခေါ်မလာချေ။ ထိုအစား သေနတ် တစ်လက်သာလျှင် သယ်ဆောင်လာခဲ့၏။
ဟိုင်းဝေးလမ်းမပေါ်ရှိ လေထုသည် တိတ်ဆိတ်ပြီး အလွန်အမင်း တင်းကြပ်လာလေသည်။
လင်းရီ၏ အကြည့်က အယ်လက်ဆာ၏ ခလုတ်တင်ထားသည့် လက်တွင် ကပ်ညှိနေလျက် ရှိပြီး
သူမ ခလုတ်ဆွဲမည့်ဟန် ပြုသည်နှင့် သူချက်ချင်း လှုပ်ရှားလိုက်ပေမည်။ မဟုတ်ပါက သူ၏ သေမျိုး ခန္ဓာကိုယ်ဖြင့် ကျည်ဆံကို တောင့်ခံနိုင်ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
“ သွားတော့… “ လင်းရီ ကားထဲရှိ လျန်ကျင်းမင်ကို လှမ်းအော်ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် လျန်ကျင်းမင်သည် ဒရိုင်ဘာနေရာသို့ ရောက်ရှိနေပြီး ဖြစ်၏။
သူ၏ လက်တစ်စုံက စတီယာရင် ဘီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်ရှိပြီး မျက်နှာသည်လည်း ဖြူဖပ်ဖြူလျော် ဖြစ်နေကာ ဇောချွေးများစို့နေတော့သည်။
သူ၏ နှုတ်ခမ်းတို့ပင် ခြောက်သွေ့လာလေသည်။
“ ငါ .. ငါ ထွက်မသွားနိုင်ဘူး… ငါ မင်းကို မထားခဲ့နိုင်ဘူး…”
“ ငိုးမသား မင်း သောက်ရူးလား... မင်း သေမှာ မကြောက်ဘူးလား…”
“ ငါသေမှာကြောက်တယ်… ဒါပေမယ့် မင်းကလည်း ငါ့ရဲ့ ညီကိုလေ…”
လျန်ကျင်းမင် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး အယ်လက်ဆာလက်ထဲရှိ သေနတ်ကို ငေးကြည့်နေလျက် ရှိသည်။ ဤမြင်ကွင်းက သူ့ကို စိတ်ဝိဉာဏ်ထိတိုင်အောင် ရှော့ခ်ရသွားစေခဲ့လေသည်။
“ ငါ့အသိတရားက ညီကို တစ်ယောက်ကို ချန်ပြီး ထွက်ပြေးဖို့ ခွင့်မပြုဘူး…”
လင်းရီ ပြုံးလိုက်၏။
“ သောက်ရူးပဲ…”
ဘန်း…