ကျွန်မ ရှင့်ကို သဘောကျတယ်
Vol. 81 Ch. 1201
အီဇူမိုဂျီ ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီးနောက် ရှိုကို နာခါဂျီးမားမှ အုပ်စုကို အနီးအနားရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်ဆောင်လာခဲ့ပေး၏။
ခါဝါဂူချီ ရေကန်အနီးတွင် ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချနေလျက်ရှိသည့် စားသောက်ဆိုင် မုန့်ဈေးတန်းအရှည်ကြီး တစ်ခု ရှိပြီး ဟွာရှက အစားအသောက်လမ်းကြားနှင့် အနည်းငယ် ဆင်တူသည်။ သို့သော် သေသပ်ကျနစွာ တည်ဆောက်ထားပြီး ဂျပန်၏ အငွေ့အသက်တို့ဖြင့် ပေါင်းစည်းထားခဲ့၏။
သို့သော် အမြဲတူညီသည့် တစ်ခုကတော့ ဈေးရိတ်ခြင်းပင်။ ဤနေရာအနီးရှိ ပစ္စည်း ဈေးနှုန်းများက အလွန်အမင်းကို မြင့်မားနေပြီး ပစ္စည်းချင်းက အတူတူ ဆိုလျှင်ပင် ဤဆိုင်များတွင်တော့ အခြားနေရာတို့ထက် ငါးဆမှ ခြောက်ဆအထိကို ပိုများနေလျက်ရှိ၏။
မည်သို့ပင်ဆိုစေ ဤနေရာက တိုးရစ်များ အလာကျသည့် နေရာတစ်ခု ဖြစ်လေသည်။ အကယ်၍ သူတို့က ဤတိုးရစ်များအပေါ်တွင်မှ မရိတ်ပါက မည်သူ့ကို သွားရိတ်ရမည်နည်း။
ကံကောင်းချင်တော့ ရောင်းချလျက်ရှိသည့် အစားအသောက်များက အဆင့်တစ်ခုတော့ရှိ၏။ ပေးရသည့် ငွေပမာဏကလည်း အုပ်စုအတွက် မပြောပလောက်သဖြင့် ဈေးနှုန်းနှင့် ပတ်သက်၍ စောဒကတက်မနေကြတော့ချေ။
ယန်း သန်း ၄၀ ကျော် အနိုင်ရလာခဲ့သည့်အတွက် လျန်ကျင်းမင်မှ ရက်ရောမှုကြီးစွာဖြင့် ဆိုင်တစ်ခုလုံးကို အပြတ်ငှားရမ်းပစ်လိုက်၏။
သူ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကိုပင် ဖိတ်ခေါ်လိုက်သေးသည်။ သို့သော် အမျိုးသမီးတို့က ထျန်းရန်နှင့်အတူ ညနေခင်းပိုင်း မီးပန်းပွဲတော် သွားကြည့်ရန် စီစဉ်ထားပြီးဖြစ်နေသည်။ ထို့ကြောင့် သူမတို့ မလာနိုင်ကြတော့ချေ။
ဤသည်ကလည်း လင်းရီနှင့် ကျန်သူများ ဖြစ်စေချင်သည့် အခြေအနေ အတိအကျပင်။ ချိုးယွီလော့နှင့် ကျန်နှစ်ယောက်က သူတို့နှင့်အတူ ရှိနေသည်မဟုတ်ပါလား။
ထိုသို့ ဆိုသော်ငြားလည်းပဲ အကယ်၍ အမျိုးသမီးများ ရောက်လာခဲ့မည် ဆိုပါကလည်း လင်းရီ မကြောက်ရွံ့။ သူ ချိုးယွီလော့နှင့် နင်ချဲ့တို့အား ချင်းဟန်၏ သူငယ်ချင်းများ ဖြစ်သည်ဟု ပြောဆိုလိုက်မည်။
လျန်ကျင်းမင်က ရှိုကို နာခါဂျီးမားကို တာဝန်ယူပြီး ဖြစ်သဖြင့် ချင်းဟန်ကို အပြစ်ဝင်ခံခိုင်းရမည့် အလှည့်ပင်။
လျန်ကျင်းမင် အစားသောက်များကို စားပွဲဝိုင်းကြီး တစ်ခုလုံးအပြည့် မှာလိုက်သည်ကို မြင်တော့ ရှိုကို နာခါဂျီးမားမှ အံ့အားတကြီး ဖြစ်နေမိတော့၏။
“ ဒီလောက် ဟင်းတွေ အများကြီး လိုလို့လား…”
“ များလို့လား..” လျန်ကျင်းမင် ပြန်မေးလိုက်ပြီး “ ငါ ဒီတိုင်း သာမန်လျှံကာပဲ မှာလိုက်တာပါဟ… များတယ်လို့ မခေါ်ပါဘူး… အကုန်လုံးက သောက်ရင်း စားမယ့် အမြည်းတွေပဲလေ…”
“ နင်တို့တွေက ဂျပန်နိုင်ငံသားတွေရဲ့ လက်တွေ့ဘဝ အခြေအနေကို မကြုံဖူးကြသေးဘူး… ဟုတ်တယ်ဟုတ်..” ထိုစကားကိုတော့ ကျန်းချင်မှ ၀င်ထောက်လိုက်ခြင်းပင်။
“ မင်း ဘာတွေ လာပြောနေတာ…”
“ ငါဆိုလိုတာ ဂျပန်က သာမန်လူတန်းစားတွေရဲ့ ဘဝအခြေအနေက ဖိအား တအားများတယ်… ဒါကြောင့်မို့ အမျိုးသား အများစုက အလုပ်က ပြန်လာပြီဆို အီဇာခါယာမှာ ခရီး တစ်ထောက်လောက် ဝင်နားပြီး တံစို့ကင်လေး သုံးလေးချောင်းလောက်၊ ဆာကေးအိုးလေး တစ်ခွက်လောက်မှာပြီး ဖြည်းဖြည်းချင်း သောက်ကြတာလေ… ငါတို့ နိုင်ငံနဲ့ မတူဘူး… ငါတို့ဆို ပိုက်ဆံ ရှိရှိ မရှိရှိ သူငယ်ချင်းတွေကို ဧည့်ခံပြီဆို အစားအသောက် အလျှံပယ်နဲ့ ဧည့်ခံတတ်ကြတယ်မလား… အဲ့လိုဆို ဗိုက်ဆာမှာလည်း ပူစရာ မလိုတော့ဘူးလေ…”
ကျန်းချင်မှ ဆက်လက်၍ “ ဒီကကျ အစားအသောက်နဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်ကြဘူး... ဒါကြောင့်မို့လည်း ဂျပန်ရဲ့ ပျှမ်းမျှ ကိုယ်လုံးကိုယ်ပေါက်က သေးသေးပိန်ပိန်လေးတွေ ဖြစ်နေကြတာပေါ့…”
“ အင်း … အဓိပ္ပာယ် ရှိတယ်…” လျန်ကျင်းမင် သူ့ ခွက်ကို ကိုင်ထားရင်း “ ခုတော့ အဲ့တာတွေ မေ့ထားလိုက်… ကိုယ့်မူနဲ့ကိုယ်နေကြမယ်… မှာထားတာတွေလည်း ရောက်လာပြီဆိုတော့ စပြီး စားကြသောက်ကြတာပေါ့…”
သို့နှင့် စားသောက်ပွဲမှာ စတင်လေတော့သည်။ လူတိုင်း၏ အထောက်အထားက မတူညီကြသော်လည်းပဲ ယင်းက သူတို့ကို တစ်ဝိုင်းတည်း ထိုင်ခြင်းမှ မတားမြစ်ခဲ့ချေ။
ယင်းက ဘာကြောင့်လဲဆိုတော့ သူတို့ အကုန်လုံးတွင် တူညီသည့် အချက်တစ်ချက် ရှိလေသည်။ သူတို့က ချမ်းသာသည့် သူဌေး သားသမီးများ ဖြစ်ကြ၏။
မည်သို့ပင်ဆိုစေ ပိုင်ဆိုင်မှု တန်ဖိုး အနည်းဆုံး ဖြစ်သည့် ကျန်းချင်ပင် ယွမ် တစ်ဘီလီလျှံအထက် ရှိပြီး ဟွာရှတွင် သူဌေးစာရင်းဝင် တစ်ယောက်အဖြစ် သတ်မှတ်၍ရ၏။
ပထမ စစချင်း စားကြ ၊ သောက်ကြစဉ်တွင်တော့ လူတိုင်းက ရင်းနှီးမြုပ်နှံမှု ကိစ္စနှင့် ပတ်သက်၍ လေးလေးနက်နက် ဆွေးနွေးနေခဲ့ကြသည်။ သူတို့ နှုတ်က တစ်ခွန်းထွက်လာလိုက်တိုင်း ယွမ်သန်းရာချီသည့် ပရောဂျက်တို့ဖြင့် ပြည့်နှက်နေသည်။ အမှတ်မထင် တစ်ချက်ကြည့်လိုက်မည်ဆိုပါက ရင်းနှီးမြုပ်နှံသူများ ညီလာခံနှင့်ပင် ဆင်တူနေပြီး လူ အထင်ကြီးလောက်စရာကြီးပင်…။
သို့သော်ငြားလည်း သောက်ရင်းသောက်ရင်းဖြင့် အရည်လေး နည်းနည်းလောက် ကစ်ဝင်သွားတော့ လူတိုင်း၏ သန္ဓေဗီဇက ပြသလာခဲ့တော့သည်။ သူတို့ လက်မဝှက်တမ်း ကစားကြသည်။ ညစ်တီးညစ်ပတ် ဟာသများ ပြောဆိုရင်းဖြင့် ရယ်ရွှင်ကြ၏။ တော်တော်ပျော်ဖို့ကောင်းသည့် ကစားနည်းများပင်။
ရှိုကိုနာခါဂျီးမား၏ ဖျော်ဖြေတင်ဆက်မှုဖြင့်ပါ ပေါင်းစပ်လိုက်တော့ လေထု အခြေအနေက ပို၍ပင် လှုပ်ရှားသက်ဝင်နေပေတော့သည်။
“ သူများတွေပြောတာ ဂျပန် ဆာကေး ပျော့တယ် ပျော့တယ်နဲ့… ငါရှီး ဘီယာထက်တောင် ပြင်းနေသေးတယ်… ငါ ဘယ်လောက်မှတောင် မသောက်ရသေးဘူး မူးနေပြီတဲ့လားဟ…” လျန်ကျင်းမင်မှ ဆာကေးအိုးကို ကိုင်ကြည့်ရင်း ဗလုံးဗထွေး ပြောလိုက်သည်။
“ အစ်ကိုလျန်ကလည်း အယ်ကိုဟောက ဘယ်လောက်ပဲ ပါပါ ဘီယာထက်တော့ ပြင်းမှာပဲလေ… နင်က တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်သောက်နေမှတော့ မမူးဘဲ နေမလား..”
ကျန်းချင်မှ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ဘာမှမဟုတ်ဘူး… အဲ့ကောင်ကိုက ဝိတာ… အဲ့သောက် အယ်ကိုဟောနဲ့ ဘာမှမဆိုင်ဘူး…” ကောင်းကျုံးယွမ်မှ ပြောလိုက်ပြီး “ လျန်ကြီး… မင်းနောက်တစ်ခေါက်ဆို မိန်းကလေးတွေနဲ့ သွားထိုင်ကွာ… “
“ ငိုးပဲ… သောက်တဲ့နေရာမှာ ညီကိုလင်းကလွဲရင် ငါနဲ့ ပြိုင်နိုင်တဲ့ကောင် ဘယ်ကောင်ရှိလို့လဲကွ…”
“ လာစမ်း လာစမ်း လာစမ်း… မင်း ဒီနေ့မှ မမှောက်ရင် ငါ့ မျိုးရိုးနာမည် ကောင်း မဟုတ်တော့ဘူး…”
ကလင် ကလင် ကလင်..
ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ကျီချင်းရန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ မင်းတို့ကောင်တွေ သောက်နှင့်ကြဦး… ငါ အပြင်ထွက်ပြီး ဖုန်းခဏ သွားပြောလိုက်ဦးမယ်…”
ထိုသို့ ပြောပြီးနောက် လင်းရီ ခြေလှမ်းများအား အပြင်ဘက်သို့ ဦးတည်လိုက်သည်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်းပဲ အီဇာခါယာ၏ ပတ်ဝန်းကျင်မှာ လင်းလင်းထင်းထင်း ရှိလို့နေသည်။ ကြည်လင်ဖြာကျနေသည့် ငွေလရောင် အလင်းတန်ဆောင်အောက်တွင် ဟူဂျီတောင်ကို အထင်အရှား လှမ်းမြင်နေရသည်။
“ နင်တို့ ခုထိ သောက်နေကြတုန်းလား..” ကျီချင်းရန် ဖုန်းထဲမှ မေးမြန်းလာခဲ့သည်။
“ အင်း… ငါလည်း ခဏဆို ပြန်တော့မှာပါ…”
“ ခစ်ခစ်… နင် သည့်ထက် နောက်ကျရင်လည်း ဒီည ငါနဲ့ အတူအိပ်ရဖို့ စိတ်မကူးနဲ့တော့… ယွမ်ယွမ်က ငါနဲ့ အတူ အိပ်ချင်လို့တဲ့..”
“ အဲ့ ဟော်ယွမ်ယွမ်ရဲ့ လိင်တိမ်းညွှတ်မှုက တစ်ခုခုမှားနေတာလား.. ဘာလို့ အမြဲတမ်း မင်းရဲ့ ကုတင်ပေါ် တက်ဖို့လောက် ချောင်းနေတာတုန်း…”
“ ယွမ်ယွမ်က ဒီတိုင်း အတင်းတုပ်ချင်လို့ပါ နင်ကလည်း....” ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ နင် နောက် မိနစ် ၂၀ နေလို့မှ ပြန်မလာနိုင်ဘူးဆိုရင် ကောင်းကျုံးယွမ်နဲ့သာ အိပ်လိုက်တော့…”
“ ကောင်းပြီ… မင်း အရင်နားနှင့်… ငါတို့ ခဏဆိုပြီးပြီ…
“ အင်းပါ… ငါ နင့်ကို ပူညံပူညံ လုပ်တာတော့ မဟုတ်ပေမယ့် အများကြီး သောက်မလာခဲ့နဲ့နော်… နင့်အတွက် မကောင်းဘူး…”
“ အေးပါ… ငါ သိပါတယ်…”
ကျီချင်းရန် နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းချပြီး အထဲသို့ ပြန်ဝင်ရန် ဦးတည်လိုက်သည်။
သို့သော် သူ နောက် ပြန်လှည့်လိုက်သည့် အချိန်တွင်မူ အနားရောက်နေသည့် ရှိုကို နာခါဂျီးမားကို လင်းရီ မြင်တွေ့လိုက်ရသည်။
“ မင်းလည်း ထွက်လာတာပဲလား….”
ရှိုကို နာခါဂျီးမား သူမ၏ နားထင် နှစ်ဖက်ကို ပွတ်သပ်နေရင်း “ နေလို့ ထိုင်လို့ မကောင်းချင်တာနဲ့ အပြင်ခဏထွက်လာလိုက်တာ.. ရှင်ရော ၊ မစ္စတာလင်း… အဆင်ပြေရဲ့လား…”
“ ပြေပါတယ်…” လင်းရီ သာမန်လျှံကာ ပြန်ဖြေလိုက်သည်။
“ တကယ်လို့ နေမကောင်းဘူးဆိုလည်း အပြင်ခဏထွက်ပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်လိုက်ပေါ့…”
“ မစ္စတာလင်း… ရှင် - - ကျွန်မကို ခဏလောက် အဖော်လိုက်ခဲ့ပေးပါလား…”
“ ရတာပဲ… ပြန်သွားသောက်ဖို့ လောနေစရာမှမလိုတာ… အရင်ဆုံး လတ်ဆတ်တဲ့ လေနည်းနည်းပါးပါးလောက် သွားရှူရှိုက်ကြတာပေါ့…”
“ ကျေးဇူးနော် မစ္စတာလင်း…”
နှစ်ယောက်သား အီဇာခါယာ၏ လမ်းကျဉ်းကျဉ်းလေး တစ်ယောက် လျှောက်လှမ်းရင်းဖြင့် ရှေ့ အနီးနားရှိ ခါဝါဂူချီ ရေကန်သို့ ဦးတည်လာခဲ့ကြသည်။
နှစ်ယောက်၏ အရိပ်က စုံတွဲသဖွယ် ဖြစ်လို့နေပြီး ဖြည်းညင်းစွာဖြင့် လှုပ်ရှားသက်ဝင်နေသည့် အီဇာခါယာထဲမှ ထွက်လာခဲ့ကြ၏။ ရှိုကို နာခါဂျီးမား အလှမ်းသိပ်မဝေးသည့် နေရာတွင်ရှိ ခုံရှည်တစ်ခုကို လက်ညိုးထိုးပြလိုက်ရင်း “ မစ္စတာလင်း… အဲ့မှာ ထိုင်ကြစို့လား..”
လင်းရီ ခေါင်းညိမ့်လိုက်၏။
သူတို့ ထိုင်ခုံအနားသို့ ရောက်လာ၍ ဘေးချင်းကပ် ထိုင်လိုက်ကြသည်။ ကန်ရေပြင်တွင် ထင်ဟပ်နေသည့် ကြယ်ကလေးများကို ငေးကြည့်ရင်း ငြိမ်းချမ်းသည့် မြင်ကွင်းက စိတ်ကို တစ်မျိုးတစ်မည် ခံစားရစေသည်။
ရှိုကို နာခါဂျီးမား ညင်သာစွာဖြင့် သူမ၏ ခေါင်းလေးကို လင်းရီ ပခုံးထက် မှီလိုက်၏။ နှစ်ယောက်မှာ သူစိမ်းများ ဖြစ်ကြသော်လည်း ငြိမ်သက်နေသည့် ကန်ရေပြင်ကို စုံတွဲများသဖွယ် ရှုစားနေခဲ့သည်။
ကောင်းကင်နှင့် ရေပြင်၊ လူနှင့် လူချင်း ၊ ပုစဉ်းရင်ကွဲ ညဉ်းသံတို့နှင့် အတူပေါင်းစပ်လို့ ကြည်လင် အေးချမ်း၍ လှပသည့် ညဉ့်နက် ပန်းချီကားတစ်ချပ်ကို ခြယ်မှုန်းနေလေတော့သည်။
နှစ်ယောက်မှာ မည်သည့် ဆက်ဆံရေးမျှ မရှိထားသည် ဆိုသော်လည်းပဲ မည်သို့သော ကိုးရိုးကားယား နိုင်မှုကမျှ ဖြစ်ပေါ်မလာချေ။
“ မစ္စတာလင်းက ဂျပန်ကို အပန်းဖြေ ခရီး ထွက်လာခဲ့တာလား…” ရှိုကို နာခါဂျီးမားမှ ထုံးစံအတိုင်းပဲ ပျော့ပျောင်းစွာ မေးမြန်းလာခဲ့သည်။
“ အင်း…”
“ ဒါဆို ဘယ်လောက်ထိကြာအောင် ထပ်နေဦးမှာလဲဟင်… ပြန်တော့မှာလား…”
“ သန်ဘက်ခါလောက် ပြန်ဖြစ်မှာ… ဒီတစ်ခေါက်က ကုမ္ပဏီလိုက် ခရီးထွက်လာခဲ့တာလေ… ဒီတော့ အကြာကြီး နေလို့ မရဘူး…”
“ မစ္စတာလင်း ဒီမှာ ခဏလောက် ထပ်နေပါဦးလား…. ကျွန်မ ဂျပန်ရဲ့ တခြား နေရာတွေကို လိုက်ပြချင်သေးတယ်…”
“ တော်ပြီ… ဟွာရှမှာ ငါကိုင်တွယ်ရမယ့် ကိစ္စတွေက မနည်းဘူး ရှိတယ်… ဒီလာပြီး သုံးလေးရက်လောက် အပန်းဖြေနိုင် တော်ရောပေါ့…”
“ အင်း…”
ရှိုကို နာခါဂျီးမား၏ လေသံမှာ စိတ်ပျက်သွားဟန် အားလျော့နေလျက် ရှိသည်။
“ တကယ်လို့များ ကျွန်မ နောင်ကျ ဟွာရှကို အလည်လာဖြစ်ခဲ့ရင် ကျွန်မ မစ္စတာလင်းကို လာရှာလို့ ရတယ်မလားဟင်… ဒါပေမယ့် တစ်မျိုး မထင်ပါနဲ့… ကျွန်မမှာ ရှင်နဲ့ ရှင့်ဇနီးရဲ့ ဆက်ဆံရေးကို ဖျက်စီးလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး…”
လင်းရီ ပြုံးလိုက်သည်။
“ အဆင်ပြေပါတယ်… ငါလည်း မင်းကို များများ မတွေးထားပါဘူး… တကယ်လို့ လာဖြစ်ခဲ့ရင် လာလည်လှည့်ပါ.. ကိုယ့်ဘက်က အမြဲတမ်း ကြိုဆိုပြီးသားပဲ…”
“ အဲ့လိုဆိုရင်တော့ မစ္စတာလင်းကို ကြိုပြီး ကျေးဇူးတင်လိုက်မယ်နော်…” ရှိုကို နာခါဂျီးမား လှပစွာ ပြုံးလိုက်ပြီး “ တကယ်တော့ ရှင် ဒီမှာ ကြာကြာမနေနိုင်ဘူးဆိုတာ ကျွန်မ သိတယ်.. ဒါကြောင့်မို့ ကျွန်မမှာ မစ္စတာလင်းကို ပြောချင်တဲ့ စကားတစ်ချို့ရှိတယ်… “
“ ဘာများလဲ…”
“ မစ္စတာလင်း… ကျွန်မ ရှင့်ကို သဘောကျတယ်…”