မထွက်သွားနဲ့
Vol. 81 Ch. 1203
“ မဖြစ်နိုင်တာ…”
ရှိုကို နာခါဂျီးနား ဆတ်ကနဲ မတ်တပ်ရပ်၍ ရှင်းပြလိုက်ပြီး “ လူတစ်ယောက်က အိပ်မွေ့ချခံရတဲ့ အခြေအနေ ရောက်ပြီဆိုတာနဲ့ သူတို့ ပြောသမျှက အကုန် အမှန်တွေချည်းပဲ.. သူ လိမ်ပြီးပြောတာ မဖြစ်နိုင်ဘူး…”
ခန်းဂျိ တာခါယာမ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒါပေမယ့် ခုလေးတင် ငါတို့ ဟိုတယ်အခန်းကို စစ်ဆေးပြီး ထောင့်နေရာ တစ်ခုပါ မကျန် ရှာခဲ့တာတောင် သေတ္တာနဲ့ ပတ်သက်တာဆိုလို့ ဘာ သေတ္တာမှာကို မတွေ့ခဲ့ဘူး… ဒီမှာ တစ်ခုခုတော့ လွဲနေပြီ… မင်း သူ့ကို နောက်တစ်ကြိမ် အိပ်မွေ့ပြန်ချလိုက်… နောက်တစ်ခေါက် ထပ်မမှားစေနဲ့….”
“ အဲ့လိုလုပ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…” ရှိုကို နာခါဂျီးမား မြဲမြံသည့် လေသံဖြင့် “ တကယ်လို့ သူ့ကို နောက်တစ်ကြိမ် အိပ်မွေ့ချမယ်ဆိုရင် သူ့ကို နှိုးမှရမှာ… သူ နိုးနေမှ လုပ်လို့ရမှာ.. ဒါပေမယ့် သူနိုးလာရင် အဲ့လို လုပ်ခွင့်ပေးမှာမဟုတ်ဘူး… ဒီတော့ နောက်တစ်ကြိမ် အိပ်မွေ့ချပေးလို့ မရဘူး… နောက်ထပ် အခွင့်ကောင်း တစ်ခုကို စောင့်ရုံပဲ ရှိတယ်…”
“ သူက ဘယ်တော့ ပြန်မှာ… “ ခန်းဂျိ တာခါယာမ အသံနိမ့်ပြီး မေးမြန်းလိုက်သည်။
“ သန်ဘက်ခါ…”
“ ဒီနှစ်ရက် အတွင်းမှာ မင်း သူ့ကို နောက်တစ်ကြိမ် အိပ်မွေ့ချနိုင်မယ့် အခွင့်အရေး ရမယ်လို့ မင်း ယုံကြည်ချက် ရှိလား…”
“ မရှိဘူး…” ရှိုကို နာခါဂျီးမား စဉ်းစားခြင်းပင် မရှိဘဲ ပြောချလိုက်ပြီး “ သူက ကျွန်မ တွေ့ဖူးသမျှထဲမှာ သမာဓိအား အကောင်းဆုံးလူပဲ… အလှတရားကြောင့် နစ်မွန်းသွားမယ့် လူစားမျိုး မဟုတ်ဘူး.. သူက ကျွန်မကို စိတ်ကို မဝင်စားတာ… အံ့ဖွယ်တစ်ခုလောက်မှ ဖြစ်ပျက်မလာဘူးဆိုရင် သူ့ကို နောက်တစ်ကြိမ် အိပ်မွေ့ချဖို့ သိပ်ကို ခက်ခဲလိမ့်မယ်..”
ခန်းဂျိ တာခါယာမ၏ အမူအရာ ပြောင်းလဲသွားခဲ့တော့သည်။ သူ အတော်လေးကို ကျဉ်းထဲ ကြပ်ထဲ ရောက်ရှိနေသည်။
ကြည့်ရသလောက်တော့ ရှိုကိုနာခါဂျီးမားအတွက် လင်းရီကို နောက်တစ်ကြိမ် အိပ်မွေ့ချရန်က မဖြစ်နိုင်သည့် ပုံပင်။
ဒုတိယ အကြိမ် အိပ်မွေ့ချနိုင်မည့် ရာခိုင်နှုန်းက အတော်လေးကို နည်းပါးလှပြီး သူ့အတွက် အခွင့်အရေးလည်း များများစားစား သိပ်မကျန်တော့ချေ။ ထို့ကြောင့် သူ ပုံမှန် မဟုတ်သည့် နည်းလမ်းကို အသုံးပြုရန်သာ ကျန်ရှိတော့လေသည်။
“ မင်း အရင် ပြန်နှင့်လိုက်တော့.. သူ့ကို ငါနဲ့ အပ်ခဲ့လိုက်…”
ရှိုကို နာခါဂျီးမား၏ ကိုယ်လုံးလေး မသိမသာ တုန်ယင်သွားခဲ့၏။ ခန်းဂျိ တာခါယာမ ဆက်လုပ်မည့် အစီအစဉ်ကို သူမ သေချာလေး သိသည်။
“ မစ္စတာ တာခါယာမ …. ကျွန်မကို ကြိုးစားဖို့ အခွင့်အရေးလေး ပေးပါလား… နှစ်ရက်ကြီးများတောင် ကျန်သေးတာကို ကျွန်မ လုပ်ရင်လည်း လုပ်နိုင်မှာပေါ့…”
“ ငါ လောင်းကြေး မထပ်ချင်ဘူး… ဒီတော့ မင်း အခု ထွက်သွားလိုက်တော့… ဒီကိစ္စ ငါ ကိုင်တွယ်လိုက်မယ်…”
“ နားလည်ပါပြီ မစ္စတာ တာခါယာမ…”
ရှိုကို နာခါဂျီးမား ဦးညွှတ်လိုက်ပြီး အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။
သို့သော်လည်း သူမ တံခါးဆွဲပိတ်သည့် အချိန်တွင် ညင်သာသည့် အကြည့်တစ်ချက်က လင်းရီထံ ကျရောက်လို့ သွားခဲ့သည်။ သူမ၏ မျက်ဝန်းတို့က ရီဝေနေပြီး ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူမတို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ပြီ ဆိုပါက ကျိန်းသေပေါက် ရန်သူများ ဖြစ်နေမည် ဖြစ်ကြောင်းကို သူမ ကောင်းကောင်းကြီး နားလည်ပါသည်။
တိုးညင်းသည့် ဟင်းခနဲ သက်ပြင်းချသံ သဲ့သဲ့နှင့်အတူ တံခါးသည်လည်း ပိတ်သွားခဲ့ချေပြီ။ သူမတို့ နှစ်ဦးကြားတွင် မဆုံနိုင်သည့်စည်း ခြားလိုက်သကဲ့သို့ပင်။
ရှိုကို နာခါဂျီးမား ထွက်ခွာသွားခဲ့ပြီးနောက် ခန်းဂျိ တာခါယာမ နောက်ရှိ သူ့လက်အောက်ငယ်သား တစ်ယောက်ကို ကြည့်၍ “ လူတိုင်းကို သွားခေါ်လာခဲ့… ဒီကောင့် အရည်အချင်းနဲ့ဆို ငါတို့ လေးယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်ဘူး…”
“ ဟုတ် မစ္စတာ တာခါယာမ…”
ယူရှီ မစ်ဆူ၏ ဒရိုင်ဘာနှင့် လူယုံတော် တစ်ယောက် ဖြစ်လာရန်အတွက် ခန်းဂျိ တာခါယာမသည် အလုပ်လုပ်ရာတွင် အခြားသူများထက် ပို၍ စေ့စေ့စပ်စပ်ရှိသည်။
သူ လင်းရီ၏ ခွန်အားကို ကောင်းစွာ နားလည်သည်။ အယ်လက်ဆာကဲ့သို့သော သူမျိုးပင် သူ၏ ဘက်လူ မဖြစ်ခဲ့လေရာ သူ့ဘက်က ပိုပြီး ပြင်ဆင်ထားသင့်၏။
သို့သော်လည်း နောက်ဆယ်မိနစ်ကျော်ကြာသည့် တိုင်အောင် အပြင်ဘက်၌ မည်သည့် လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိသေးချေ။ ခန်းဂျိ တာခါယာမ မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထက်တွင်လည်း ဒေါသ ဆူဝေလျက် “ ငါ ချီးတွေ ဖြစ်နေတာလား… ဒီကောင့် လွှတ်လိုက်တာလည်း စူဌလိပ် ရေထဲ လွှတ်လိုက်သလိုပဲ.. သွားပြီး ကြည့်စမ်း…. သူတို့ကို ချက်ချင်း လာခဲ့လို့….”
“ ဟုတ်…”
ကျန် လက်အောက်ငယ်သား တစ်ယောက်မှ ဦးညွှတ်ပြီး လှည့်ထွက်သွားခဲ့တော့သည်။
သို့သော် သူ တံခါးကို ဖွင့်တော့မည့် စဲစဲ ထင်မှတ်မထားသည့် အသံတစ်သံကို ကြားလိုက်ရ၏။
“ သွားရှာမနေနဲ့တော့… အဲ့လူတွေ ရောက်လာနိုင်တော့မှာ မဟုတ်ဘူး…”
ချက်ချင်းဆိုသလို ခန်းဂျိတာခါယာမတို့သုံးယောက် ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ကြသည်။
အခန်းထဲတွင်က လူလေးယောက်သာလျှင် ရှိသည်။
သူတို့သုံးယောက်လုံး ပြောတာ မဟုတ်ဘူးဆိုတော့…
ထို့ကြောင့် ဖြစ်နိုင်ချေက လင်းရီသာလျှင် ကျန်ရှိတော့၏။
ခန်းဂျိတာခါယာမ၏ အကြည့်က လင်းရီ ဘက်သို့ လှည့်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် သတိနှင့် ကြောက်ရွံ့မှုက ရောပြွန်းနေသည်။
လင်းရီ ကြမ်းပြင်ပေါ်မှ ဖြည်းညင်းစွာ ထထိုင်လိုက်၏။ သူ လည်ပင်းကို ဘယ်ညာ အဆစ်ချိုး အညောင်းဖြေလိုက်ရင်း ခန်းဂျိတာခါယာမကို ပြုံးစစ ကြည့်လိုက်သည်။
ဆူဆူဖြိုးဖြိုး သားကောင် တစ်ကောင်ကို ခုတ်ထစ်တော့မည့် သားသတ်သမား၏ အကြည့်မျိုးပင်။
“ မဖြစ်နိုင်တာ… မင်း အိပ်မွေ့ချခံထားရတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး နိုးလာခဲ့တာလဲ…”
သူ့တွင် မေးစရာ မေးခွန်းများ ပြည့်နှက်နေသော်လည်းပဲ ခန်းဂျိ တာခါယာမ မသိစိတ်အလျောက် နောက်သို့ ဆုတ်လျက်သား ဖြစ်သွားခဲ့သည်။
သူ့ရှေ့ရှိ အခြေအနေက ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေပြီ ဖြစ်ကြောင်းကို တာခါယာမ သိသည်။ နောက် ဘာဆက်ဖြစ်မည်လဲ ဆိုတာကို မသိရုံလေးသာ။
“ ငါ အိပ်မွေ့ချခံရပါတယ်လို့ ဘာလို့ အဲ့လောက်တောင် သေချာနေတာလဲ…”
“ ငါ့ကို လာမပြောနဲ့ မင်း…… “
ခန်းဂျိ တာခါယာမ၏ မျက်နှာသည် သေတော့မည့်နှယ် သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး မသာမိတ်ကပ်လူးသည်ထက်ပင် ကြည့်ရဆိုးနေတော့သည်။
“ မင်း ဟန်ဆောင်နေတာမလား…. မင်း အိပ်မွေ့မချခံခဲ့ရဘူး…”
“ ယူရှီ မစ်ဆူ ရွေးချယ်ထားတဲ့ လူလို့ကို မပြောရဘူး… မင်းက မတုံးဘူးပဲ…”
“ ငါ ဘယ်သူလဲ မင်းသိနေတယ်….”
“ သိတာဖြင့် ကြာပေါ့..” လင်းရီ ပြုံးလိုက်ပြီး “ မင်း ကာစီနိုထဲ ဝင်လာကတည်းကရင် ငါသိနေတာ… ဒါပေမယ့် မင်း လှုပ်ရှားတော့မယ်ဆိုတာတော့ ငါ မသိခဲ့ဘူး…”
သူ ယူရှီမစ်ဆူနှင့် ခန်းဂျိတာခါယာမ၏ အထောက်အထား အချက်အလက်များကို အာယာနဲ မစ်ဆူထံမှ လင်းရီ သိရှိခဲ့ခြင်းပင်။
သို့သော် ထိုအကြောင်းများကို သူ မေးမြန်းစဉ်က သတ္တုရိုင်း အကြောင်းကို သူ စကားမဟခဲ့ချေ။
သူ ယခုလို မေးမြန်းရခြင်းက ယူရှီ မစ်ဆူ သူ့အား သိမ်းသွင်းလာမည်ကို ကြိုတင် ကာကွယ်ရန်ဟုသာ စကားဆိုခဲ့သည်။ ထိုသို့ ပါးစပ်ဆော့လိုက်သည်က အကျိုးရှိသွားလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ပါချေ။
“ အဲ့လိုဆိုရင်တော့ ဘာမှ ပြောစရာ မရှိတော့ဘူးပဲ..”
ခန်းဂျိတာခါယာမ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုရင်းဖြင့် “ မစ္စတာလင်း… ငါတို့လည်း မင်းကို ထိခိုက် နာကျင်အောင် မလုပ်ချင်ပါဘူး… ငါတို့က ဒီတိုင်း ဘက်စ်ကျောက်တုံးကို လိုချင်ရုံပဲ… ငါတို့ကို အဲ့တာ ပေးမယ်လို့ မျှော်လင့်တယ်…”
လင်းရီ ပခုံးတွန့်ပြ၍ “ ဆောတီးပဲ… မင်း ဘာတွေလာပြောနေမှန်း ငါ နားကို မလည်တာ…”
“ မစ္စတာလင်း.. အခြေအနေတွေက ဒီ အတိုင်းအတာထိ ရောက်လာနေတာတောင် ပိုပြီး ရိုးသားပေးရင် ကောင်းမယ်လို့ ထင်တယ်… တကယ်လို့ ငါတို့ဘက်က ယုံကြည်ချက် အပြည့်အဝမှ မရှိဘူးဆိုရင် ဒီလာရဲမှာတောင် မဟုတ်ဘူး…”
“ ဒါဆိုရင်တော့ မင်းရဲ့ နည်းလမ်းတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ် ပြောရမယ်…” လင်းရီ ပြုံးလိုက်ပြီး “ ကျောက်တုံးက ငါ့လက်ထဲမှာ မရှိတာကို မပြောသေးနဲ့ဦး.. တကယ်လို့ ရှိခဲ့တယ်ဆိုရင်တောင် မင်း ငါ့ဆီကနေ တိုက်ရိုက်ယူဖို့ မကြိုးစားသင့်ဘူး…”
“ ဒါပေမယ့် အဲ့ ကျောက်တုံးက စလာကတည်းကရင် မင်း အပိုင်ရော ဟုတ်လို့လား… ငါတို့ပိုင်မယ့် အရာကို ငါတို့ ပြန်ယူရုံလေးတင်ပဲ … မယဉ်ကျေးတာလည်း မဟုတ်ဘူး.. ဘယ်လိုသဘောရလဲ…”
“ ဒါဆိုလည်း ငါ့ကို အဲ့စကားမျိုး လာမပြောခင် အဲ့ ကျောက်တုံးကို ဘယ်သူ အရင်ပိုင်ခဲ့လဲ သွားမေးလိုက်လေ…"
“ ဒီတော့ မစ္စတာလင်းက ပူးပေါင်းပေးဖို့ ငြင်းဆန်နေတယ်ပေါ့…” တာခါယာမ လေသံကို နိမ့်၍ ပြောလိုက်ပြီး သူ၏ အကြည့်က လင်းရီတွင် တွယ်ကပ်နေလျက်ရှိကာ “ မင်းက ဟွာရှမှာ အာဏာတစ်ချို့ ရှိတယ်ဆိုတာ သိတယ်… ဒါပေမယ့် မင်း အခုရောက်နေတာ နီပွန်..… ငါတို့ကို ဆန့်ကျင်ပြီးပြုရင် ဘာတစ်ခု ကောင်းလာမှာ မဟုတ်ဘူး…”
“ မင်း ဘာတွေ ပြောနေမှန်းကို ငါမသိတာ ငါက ဘယ်လိုသွားပြီး ပူးပေါင်းပေးရမှာလဲ…”
လင်းရီ လူသုံးယောက်ကို လက်ညိုးထိုးပြရင်း လှောင်ပြောင် ပျက်ရယ်ပြုသည့် လေသံဖြင့် " ဒါမှ မဟုတ် မင်း ထင်နေတာ ဒီလူ နည်းနည်းလေးနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား... "
" မင်း အာယာနဲ မစ်ဆူနဲ့ ပတ်သက်မှုကောင်းတွေ ရှိတယ်ဆိုတာ သိတယ်... မင်း ကျောက်တုံးကို အာယာနဲ မစ်ဆူအတွက် ရည်ရွယ်တယ်ဆိုတာလည်း ငါ သိတယ်... "
" ဒါပေမယ့် ငါပြောချင်တာ ငါတို့ အကုန်လုံးက ထက်မြက်ပြီးတော်တဲ့ လူတွေပါ... အကုန်လုံးက အကျိုးစီးပွားအတွက်ပဲ မဟုတ်ဘူးလား... မိန်းမ တစ်ယောက်အတွက်နဲ့ အဲ့လောက်ထိ စွန့်စားစရာ မလိုပါဘူး... အဲ့လို ရက်စက်တဲ့ မိန်းမမျိုးက မင်းရဲ့ အနစ်နာခံပေးမှုနဲ့ မတန်ပါဘူး... "
" တကယ်လို့ မင်း ငါတို့ရဲ့ လက်တွဲဖို့ ဆန္ဒရှ်ိမယ် ဆိုရင် ငါတို့တွေ မဟာမိတ်တွေ ဖြစ်လာမယ်... မင်း အာယာနဲ မစ်ဆူနဲ့ အတူ လက်တွဲပြီး လုပ်တာထက်ပိုတဲ့ အကျိုးအမြတ်တွေ ရအောင် ဆောင်ကြဉ်းပေးနိုင်တယ်... မင်း သေချာပြန်ပြီး သုံးသပ်ကြည့်နော် မစ္စတာလင်း... "
" ဟက်... "
" မဟာမိတ်တွေ... ဟုတ်လား... "
လင်းရီ နှာခေါင်းရှုံ့လိုက်ပြီး " မစ်ဆူ မစ်သားစုကြီးကိုတောင် မျက်စိထဲ မထည့်တာ မင်းတို့လို မြေအောက်ကြွက်တစ်သိုက် ထောင်ထားတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းစရာလား.. မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ... "
" အဲ့လိုဆိုရင်တော့၊ အနှောင့်အယှက်ပြုမိတဲ့အတွက် မစ္စတာလင်းကို တောင်းပန်ပါတယ်.... "
ခန်းဂျိ တာခါယာမ ဆက်လက်ပြောဆိုခြင်း မရှိတော့ဘဲ ဦးညွှတ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ တံခါးဖွင့်လျှင်ဖွင့်ခြင်း အပြင်ဘက်၌ အမျိုးသမီး သုံးဦး ရှိနေသည်ကို သူ မြင်တွေ့လိုက်ရ၏။
သူတို့ကတော့ ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်းချင်တို့ပင် ဖြစ်ပါသည်။