ကတ်များကို ဖြည်းဖြည်းခြင်း လှန်ပြခြင်း
Vol. 81 Ch. 1204
" မင်းတို့ကောင်တွေ... "
" အမှန်ပဲ... " နင်ချဲ့ ဖြတ်ပြောလိုက်ပြီး " ငါတို့ အပြင်ဘက်က နင့်ရဲ့ လက်အောက်ငယ်သားတွေကို ကိုင်တွယ်ပြီးသွားပြီ... ခု နင်တို့တွေပဲ ကျန်တယ်... "
ဘေးကျပ် နံကျပ် ဖြစ်နေသည့် အချိန်ကာလတွင် ခန်းဂျိ တာခါယာမသည် အံ့အားသင့်ဖို့ ကောင်းလောက်အောင် တည်ငြိမ်နေသည်။ သူ စိတ်တုန်လှုပ်မှု အလျင်းကင်းစွာဖြင့် တစ်ဖက်သို့ လှည့်ပြီး လင်းရီကို ကြည့်လိုက်သည်။
" ငါ့လူတွေ မင်းနောက် တစ်ချိန်လုံး ရှိနေတာတောင် အကူအညီခေါ်နိုင်လိုက်သေးတယ်ပေါ့... "
" ရှိုကို နာခါဂျီးမား ငါ့ကို ဒီခေါ်လာခဲ့တယ်မလား... အဲ့အချိန်အတွင်း မသိမသာ စာရိုက်ပြီး လာခဲ့ဖို့ ပြောလိုက်တာပဲ... "
လင်းရီ စားပွဲပေါ်တွင် ခေါင်းကို လက်တစ်ဖက်ထောက်ထားရင်းဖြင့် ပြုံးလျက် ပြောလိုက်သည်။
" နည်းပရိယာယ်ချင်းယှဉ်ရင်တော့ မင်းတို့ကောင်တွေက တော်တော်လေး စိတ်ပျက်ဖို့ ကောင်းချက်ပဲ... "
ထိုအခိုက်အတန့်တွင် ခန်းဂျိတာခါယာမသည် သူ့ဘက်က အလွန် အရေးမသာသည့် အခြေအနေသို့ ကျရောက်နေကြောင်းကို သိသည်။ ထို့ကြောင့် သူ လင်းရီနှင့် အရေးမပါသည့် အရာများအား ငြင်းခုန်မနေတော့ချေ။
" မင်းတို့တွေ ဘာဖြစ်ချင်နေကြတာလဲ... ဒါ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး...ဒီကိစ္စမှာ မင်းတို့ ၀င်မရှုပ်ကြဖို့ မျှော်လင့်တယ်... "
" မဆိုင်တာနဲ့ပဲ ၀င်ပါခွင့် မရှိတော့ဘူးတဲ့လား... " နင်ချဲ့ ပြောလိုက်ပြီး " နင် ငါတို့ကို သူငယ်နှပ်စားလေးတွေလို့ ထင်နေတာလား... "
သူမ ပြောပြီးသည်နှင့် ခန်းဂျိ တာခါယာမရှေ့ ရောက်ရှိလာပြီး ကရာတေး ခုတ်ချက်ဖြင့် လည်ပင်းကို စောင်းခုတ်လိုက်သည်။ တစ်ဖက်သူမှာ မေ့ကြောမိ၍ ချက်ချင်းလဲကျသွားခဲ့လေသည်။
သူ၏ လက်အောက် ငယ်သား နှစ်ယောက်အတွက်လည်း သက်သာခြင်း မရှိပါချေ။ နင်ချဲ့ လက်ချက်နှင့် အကုန် သတိလစ်သွားခဲ့ကြ၏။
ထိုအခါမှပဲ နင်ချဲ့၏ ခန္ဓာကိုယ် သွယ်သွယ်လေးမှာ အတော်လေး သန်မာအားကောင်းကြောင်းကို လင်းရီ သတိပြုမိလိုက်တော့သည်။
ခန်းဂျိတာခါယာမနှင့် သူ့လူများကို ကိုင်တွယ်ပြီးနောက် သုံးယောက်သား လင်းရီထံသို့ လျှောက်လာခဲ့ကြ၏။
" ချင်းကြီးနဲ့ တခြားကောင်တွေကော... " လင်းရီ မေးမြန်းလိုက်သည်။
" သူတို့ ဆက်သောက်နေကြတုန်းနဲ့တူတယ်... ငါတို့ကတော့ ပင်ပန်းလို့ အနားယူချင်ပြီ ပြောပြီး စောထွက်လာခဲ့လိုက်တာ ..."နင်ချဲ့ ပြောလိုက်ပြီး " ဒါပေမယ့် အခုချိန်က သူတို့ အကြောင်း တွေးပူနေရမယ့် အချိန် မဟုတ်သေးဘူး... ဒီလူတွေကို ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားသင့်တယ်... အပြင်ဘက်က တစ်ယောက်နဲ့ဆိုရင် စုစုပေါင်း ရှစ်ယောက် ... ငါးယောက်က သေနတ်တွေနဲ့.. ဒါပေမယ့် ငါ လက်နက်တွေတော့ သိမ်းလာခဲ့တယ်... "
" ဒီကောင်တွေက ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားတွေနဲ့ မတူဘူး... လုံး၀ကြီးမှ မလိုအပ်ဘူးဆိုရင် သတ်ပစ်လိုက်လို့ မဖြစ်ဘူး... "
ချိုးယွီလော့နှင့် နင်ချဲ့တို့ ခေါင်းညိမ့်လိုက်ကြပြီး လင်းရီ ဆိုလိုချင်သည်ကို နားလည်သဘောပေါက်ကြသည်။
ထိုသူများက လူမိုက်အုပ်စု တစ်ခု ဆိုသော်လည်းပဲ ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုပါက သူတို့ အားလုံးမှာ ဂျပန်၏ တရား၀င်နိုင်ငံသားများ ဖြစ်ကြသည်။ ဆန္ဒရှိသလို သတ်ဖြတ်နိုင်သည့် ရွှေနက်ကော်ပိုရေးရှင်းမှ ကြေးစားများနှင့် မတူညီပေ။
ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာ မရှိသရွေ့ စိတ်လိုက်မာန်ပါ သတ်ဖြတ်လို့ မဖြစ်ပါချေ။
" ဒါပေမယ့် ဒီလူတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပြဿနာပဲ.. " နင်ချဲ့ပြောလိုက်၏။
" ငါ သူတို့နဲ့ ပြဿနာ အကြီးကြီး မတက်ချင်သေးဘူး... ငါတို့ ကုမ္ပဏီရဲ့ ခရီးစဉ်က သန်ဘက်ခါဆိုပြီးပြီ... အဲ့အချိန်ကျရင် ဟွာရှကို ပြန်မယ်.. ဒီကိစ္စ ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး... " လင်းရီ ပြောလိုက်ပြီး " ဒါကြောင့်မို့ မင်းတို့နှစ်ယောက်ကို နောက်နှစ်ရက်လောက်အထိ နှောင့်ယှက်ရဦးမယ်... ဒီလူတွေကို သေချာစောင့်ကြည့်ပြီး ဘာပြဿနာမှ ပေးမလုပ်မိစေနဲ့... "
" ဒါက ပြဿနာ မရှိဘူး.. ဒါပေမယ့် ယူရှီ မစ်ဆူဆိုတာ မြေခွေးအိုကြီးနော်... ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ သိပ်မကြာခင် သူ သိသွားလောက်တယ်... "ချိုးယွီလော့မှ ပြောလိုက်သည်။
" အဓိပ္ပာယ် ရှိတယ်... " နင်ချဲ့ ပြောလိုက်ပြီး " ပြီးတော့ ရှိုကို နာခါဂျီးမားဆိုတဲ့ ကောင်မကလည်း ချိန်ကိုက်ဗုံးပဲ... ငါတို့ သူ့ကို ကိုင်တွယ်လိုက်ကြမလား... "
" သူက လူကောင်းမဟုတ်ဘူးဆိုတာ ငါသိသားပဲ... ငါ့စိတ်က ခန့်မှန်းလိုက်ရင် ဘယ်တော့မှ မမှားပါဘူးလို့ .. ဟုတ်တယ်ဟုတ်... " ချိုးယွီလော့မှ ၀င်ထောက်လိုက်၏။
လင်းရီ ပြုံးလျက် " သူ့ကို စိတ်ပူနေစရာ မလိုဘူး... ငါ ကိုင်တွယ်လိုက်မယ်... ငါ့ကိုယ်စား ဒီလူတွေကိုသာ စောင့်ကြည့်ထားပေး... "
" အိုကေ... "
" ဒါဆိုလည်း ငါအရင် ပြန်နှင့်ပြီ... ဒီနေရာကို မင်းတို့နဲ့ ထားခဲ့လိုက်တော့မယ်... "
နှုတ်ဆက်ပြီးနောက် လင်းရီ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာတော့ ကောင်းမွန်လို့ မနေ။
ယူရှီ မစ်ဆူကို နှစ်ရက်ခန့် အမှောင်ချထားဖို့ရာက မခဲယဉ်းသော်လည်းပဲ ပြဿနာက အယ်လက်ဆာမှာ အပြင်ဘက်တွင် လွတ်လပ်စွာ ရှိနေသေးလေသည်။
ထို မိန်းမက သာမန် မဟုတ်သည့် အမျိုးသမီး လူသတ်သမား တစ်ယောက်ဖြစ်၏။ လင်းရီ သူ့ဘက်က ကြိုတင်၍ သတိထားကာမှ တော်ကာကျလိမ့်မည်။
ပြန်လာသည့် လမ်းတွင် လင်းရီ စားသောက်ဆိုင်နား ဖြတ်လျှောက်မိတော့ ဆိုင်အတွင်း လှမ်းကြည့်လိုက်၏။
လူတိုင်းက မရှိတော့ပြီကို သူ သတိပြုမိလိုက်သည်။ သကောင့်သားများက သောက်စားလို့၀၍ မူးရူးပြီး ပြန်သွားခဲ့ကြသည့် ပုံပင်။
လင်းရီသည်လည်း ကြာကြာ ဆက်မနေတော့ပဲ အနားယူရန် ဟိုတယ်သို့ ပြန်လာခဲ့သည်။ သူ အခန်းတစ်ခန်း ယူ၍ မနက်ထိတိုင်အောင် အိပ်မောကျသွားခဲ့၏။
သို့သော် သူမနက်ခင်း နိုးလာ၍ စားသောက်ရန် အောက်ဆင်းလာတော့ ရှိုကို နာခါဂျီးမား မရှိတော့ပြီကို လင်းရီ သတိပြုမိလိုက်သည်။
ယင်းက လင်းရီ ထင်ထားသည်နှင့် အနည်းငယ် ကျော်လွန်နေသည် ဆိုပေမယ့် ကျိုးကြောင်းသင့်တင့်မှုတော့ ရှိလေသည်။
ယမန်နေ့ အဖြစ်အပျက်ကြောင့် သူမ၏ အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်ကြောင်းကို နာခါဂျီးမားလည်း သတိပြုမိမည်မှာ အမှန်ပင်။ ထို့ကြောင့် လင်းရီ၏ ဘေးတွင် ဆက်ရှိနေတော့မည် မဟုတ်သည်က မထူးဆန်းချေ။ တိတ်တဆိတ် ထွက်ခွာသွားသည်ကသာလျှင် စဉ်းစားဉာဏ်ရှိသည့် ရွေးချယ်မှု တစ်ခုဖြစ်၏။
သို့သော် လက်တွေ့ စင်စစ်တွင်တော့ အကယ်၍ သူမတွင်သာ အခွင့်အရေးတစ်ရပ် ရှိခဲ့မည် ဆိုပါက ရှိုကို နာခါဂျီးမား ထွက်ခွာသွားခဲ့ချင်လိမ့်မည် မဟုတ်ချေ။
သို့သော် လင်းရီနှင့် ရက်အတန်ကြာအောင် ထိတွေ့ ပေါင်းသင်းဆက်ဆံကြည့်ပြီးနောက် လင်းရီမှာ သတိ အင်မတန် ကြီးသည့်အပြင် ဉာဏ်ထက်မြက်သူ တစ်ယောက် ဖြစ်ကြောင်းကို သူမ သတိထားမိလာသည်။
သူ့ဉာဏ်ရည်ဉာဏ်စွမ်းဖြင့်ဆိုပါက သူမ၏ လှည့်စားမှုများမှာ အရာမရောက်နိုင်ချေ များသည်။ ထို့ကြောင့် ထွက်ခွာရန်သာ ဆုံးဖြတ်လိုက်တော့၏။
" လျန်ကြီး... နင်ခေါ်လာတဲ့ ကောင်မလေးရော... သူ ဘယ်ပျောက်နေတာလဲ... " စားသောက်နေစဉ်တွင် ဟော်ယွမ်ယွမ်မှ စကားရှာ၍ မေးမြန်းလိုက်၏။
" သူပြောတာ အိမ်မှာ ကိစ္စတစ်ခု ပေါ်လာလို့တဲ့.. ဒါကြောင့်မို့ အရင်ဆုံး ထွက်သွားခဲ့တာ... " လျန်ကျင်းမင် မရေမရာ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး " သူ မပါတော့ရော ဘာဖြစ်လို့.. ငါတို့ဘာငါတို့ လည်ပတ်လို့ ရနေတာပဲ မဟုတ်ဘူးလား.... "
ရှိုကို နာခါဂျီးမား ထွက်ခွာသွားသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ အရေးတယူ ပြုမနေကြချေ။ သူတို့ အချင်းချင်းလည်း ရင်းနှီးကျွမ်း၀င်သည့် ဆက်ဆံရေးမျိုး မရှိထားသဖြင့် သူမ ထွက်ခွာသွားလို့လည်း မည်သူမျှ ၀မ်းနည်းကြလိမ့်မည် မဟုတ်ချေ။
သို့သော် ချင်းဟန်နှင့် ကျန်နှစ်ယောက်ကတော့ အချင်းချင်း မျက်စပစ်ရင်း လင်းရီကို ပြုံးစစ ကြည့်နေခဲ့ကြသည်။
စကားလုံးပေါင်းများစွာက အပြုံးတွင် ပါ၀င်နေပြီး အသံထွက်ပြောနေရန် မလိုချေ။
တစ်နာရီကြာပြီးနောက် အုပ်စုမှာ မနက်စာ စားသောက်၍ ပြီးစီးသွားခဲ့ပြီး တောင်တက်မည့် ခရီးစဉ်ကို စတင်လိုက်ကြတော့သည်။
ယခင်ကလို တိုးဂိုက်ဖြစ်သည့် ရှိုကို နာခါဂျီးမား မရှိသော်လည်း မည်သည့် အဆင်မပြေမှုမျှ မဖြစ်ပေါ်လာချေ။ သူတို့တွင်လည်း ပါးစပ်ပါသည်။ အကယ်၍ တစ်စုံတစ်ရာ နားမလည်သည်များ ရှိပါက အခြားသူများထံ မေးမြန်းစုံစမ်း၍ ရ၏။
လင်းရီကတော့ တစ်ချိန်လုံး ဖုန်းကိုင်၍ နင်ချဲ့နှင့် မနေ့ညက အခြေအနေကို အပြန်အလှန် ဆွေးနွေးနေခဲ့လေသည်။
" နင် စကားပြောလို့ အဆင်ပြေလား... "
" အင်း ပြောလေ.... "
လင်းရီ သူ လျှောက်သည့် နှုန်းကို ဖြေးညင်းလိုက်ပြီး တီးတိုးလေသံဖြင့် " တစ်ခုခု ဖြစ်လို့လား... "
" မနေ့ညက ၂ နာရီနဲ့ ၂ နာရီခွဲကြားမှာ ယူရှီ မစ်ဆူ ဖုန်းသုံးကြိမ် ခေါ်လာခဲ့တယ်... ဒါပေမယ့် ငါတို့ မကိုင်လိုက်ဘူး... အဲ့နောက်ပိုင်းတော့ သူဆက်ပြီး မခေါ်လာခဲ့တော့ဘူး... ငါတော့ သူစပြီး သံသယ ၀င်နေပြီလို့ ထင်တယ်... "
" ဖြစ်နိုင်တယ်... " လင်းရီ ထောက်ခံလိုက်သည်။
ယူရှီ မစ်ဆူ၏ ကောက်ကျစ်သည့် အကျင့်စရိုက်ဖြင့် ဆိုပါက သူ စိတ်ကူးထားသည်နှင့် တစ်စုံတစ်ရာ မကိုက်ညီမှု ပေါ်ပေါက်လာပါက သံသယ ဖြစ်လာမည်မှာ မလွဲမသွေပင်။ သူ့ဘက်က နောက်တစ်ကြိမ် လှမ်းမည့် ခြေလှမ်းအတွက် ကြိုတင် ပြင်ဆင်နေသည်မျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုတော့ ကိစ္စရပ်များက ဤအခြေသို့တိုင် ရောက်ရှိလာပြီ ဖြစ်ရာ နောက်ဆက်တွဲ ဖြစ်လာမည်များကတော့ ယခုကဲ့သို့ တည်ငြိမ်နေလိမ့်မည် မဟုတ်ချေ။
" နင် ဘာဆက်လုပ်ချင်လဲ... " နင်ချဲ့ မေးမြန်းလိုက်၏။
" ယူရှီ မစ်ဆူရဲ့ ပစ်မှတ်က သတ္တုရိုင်းဆိုတော့ သူ ဒါကို လိုချင်တယ်ဆိုရင် နင့်ဆီ ကျိန်းသေပေါက် လာရှာရမှာပဲ... ကျုံးဝေ့တပ်ဖွဲ့ဆီ အကူအညီ လှမ်းတောင်းလိုက်ရမလား... "
" မလိုဘူး... ငါ့ရဲ့ ကျုံးဝေ့ တပ်ဖွဲ့၀င်ပါဆိုတဲ့ အထောက်အထားက ခုထိ ဖော်ထုတ်လိုက်လို့ မဖြစ်သေးဘူး... "
လင်းရီ သူနှင့် အာယာနဲ မစ်ဆူ၏ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေး အတွက် ယခုလို ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။
မစ်ဆူမိသားစု၏ နိုင်ငံတကာရှိ အဆင့်အတန်းတစ်ရပ်ဖြင့် ဆိုပါက အနာဂတ်တွင် ဘာမဆို ဖြစ်လာနိုင်သည်။ ထိုအခါ သူမထံမှ သတင်းအချက်အလက်များကို သူ ရရှိနိုင်ပေဦးမည်။
နောက်ဆုံးတစ်ခေါက်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်က အကောင်းဆုံး သက်သေပြချက် တစ်ခုဖြစ်၏။ အကယ်၍ အာယာနဲ မစ်ဆူ၏ အကူအညီ မရှိဘူးဆိုပါက သူ့နည်းသူ့ဟန်ဖြင့် သတ္တုရိုင်းကို ဇာစ်မြစ်လိုက်ရန် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
" ဒါဆိုလည်း နင်ပိုပြီး ဂရုစိုက်ဦး... "နင်ချဲ့ သတိပေးလိုက်ပြီး " ယူရှီ မစ်ဆူဘက်က လူတွေ လွှတ်ထားနေလောက်ပြီ... "
" ငါလည်း စဉ်းစားမိတယ်... အဲ့လိုမျိုး ဖြစ်နိုင်ချေများတယ်... "
" အဲ့တာဆိုရင် ငါတို့တွေ ဒီလူတွေကို ထိန်းသိမ်းထားနေမယ့်အစား နင့်နောက်ကနေ တိတ်တိတ်လေး ခြေရာခံလိုက်မယ်ဆိုရင်ကော.... တစ်ခါတည်း လုံခြုံတာပေါ့ "
" လောလောဆယ် မလုပ်သေးနဲ့ဦး... " လင်းရီ ပြောလိုက်ပြီး " လက်ရှိ အခြေအနေတွေက သံသယ ဖြစ်တဲ့ အခြေအနေမှာပဲ ရှိသေးတာ... ယူရှီ မစ်ဆူဘက်ကောပဲ.... စိတ်အေးအေးထားစမ်းပါ... အခြေအနေတွေက ထိန်းချုပ်မှုအောက်မှာပဲ ရှိပါသေးတယ်... ဒီတော့ အလျင်မလိုနဲ့... ..”