← Chapters

ကျူပင်ခုတ် ကျူငုတ်မကျန်

Vol. 81 Ch. 1208

ကျူပင်ခုတ် ကျူငုတ်မကျန်

Vol. 81 Ch. 1208

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ အိပ်စုံမှုန်မွှားဖြင့် နိုးထလာခဲ့သည်။ သို့သော် သူ ကုတင်ပေါ်မှ ထလို့မရ ဖြစ်နေသည်။

ယင်းက သူ စောင်နှင့် ကိုယ့်ကိုယ်ကို ပတ်ထားမိသောကြောင့်တော့ မဟုတ်ဘဲ ကျီချင်းရန်၏ ခြေထောက်များက သူ့အပေါ် ဖိထားသောကြောင့်ပင်။

လင်းရီ သူမ၏ ခြေထောက်များကို ဘေးသို့ ရွေ့လိုက်ရင်း ခေတ္တမျှ စနောက်လိုက်၏။

သူ အချစ်သံစဉ်များ ဖန်တီးခွင့် မရှိလင့်ကစား အနှီ သွယ်လျ လှပသည့် ခြေတံတို့ဖြင့် သူ့ကိုယ်သူ နှစ်အတန်ကြာ ဖြေသိမ့်လို့ ရလေသည်။

ဖြည်းညင်းစွာဖြင့် လင်းရီ အိပ်ယာပေါ်မှ ထလိုက်ပြီး ကျီချင်းရန်ကို စောင်တစ်ခုဖြင့် ခြုံပေးခဲ့ကာ ရေချိုးခန်းထဲ သွားလိုက်သည်။

လင်းရီ ကိုယ်လက် သန့်စင် ပြုလုပ်ရန် အလျင်လိုနေခြင်း မရှိပါချေ။ သူ တွိုက်လက်ပေါ်တွင်ထိုင်၍ နင်ချဲ့ထံ ဖုန်းဆက်လိုက်၏။

“ အခြေအနေ ဘယ်လိုရှိလဲ…”

“ အဆင်ပြေပါတယ်… ဒီလူတွေ အကုန်လုံးက နာနာခံခံ ရှိကြတယ်… ဘာပြဿနာမှ မရှာကြဘူး…”

“ ယူရှီ မစ်ဆူ ဖုန်းဆက်လာခဲ့သေးလား…”

“ ဟင့်အင်း… အဲ့ သုံးကြိမ် ခေါ်လာခဲ့တာကလွဲရင် ငါ တခြား ဘာသံမှ မကြားမိသေးဘူး…”

“ တစ်ချက်လေးတောင် မခေါ်လာဘူးပေါ့…”

“ အင်း… တစ်ချက်လေးတောင် မခေါ်လာဘူး..”

“ ကောင်းပြီ… ငါနားလည်ပြီ..” လင်းရီ သူ့နာရီကို ကြည့်လျက် ပြောလိုက်ပြီး “ မနက် ၁၁ နာရီကျရင် လေဆိပ်ကို ဘတ်စ်စကားနဲ့ လာခဲ့လိုက်… လေယာဉ် တစ်စင်း ဘွတ်ကင်လုပ်ပြီး အိမ်ပြန်ကြမယ်… ခန်းဂျိတာခါယာမနဲ့ ကျန်တဲ့ သူတွေကိုတော့ ကိုယ့်ဝမ်းကိုယ် ကျောင်းပါလေ့စေ…”

“ အိုကေ… နားလည်ပြီ…”

ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းချ၍ သွားပွတ်တံနှင့် သွားတိုက်လိုက်၏။

တမြန် မနေ့က ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုက နာရီ ၃၀ ကြာပြီးဖြစ်သော်လည်းပဲ ထိုအတောအတွင်း ယူရှီမစ်ဆူမှ သုံးကြိမ်သာလျှင် ဖုန်းဆက်လာခဲ့သည်။ ထို့နောက် မည်သည့် သတင်းမျှ မကြားရတော့ချေ။

ထိုသို့ တည်ငြိမ်နေမှုက ကောင်းခြင်း တစ်ပါးတော့ မဟုတ်။

ထိုအခိုက်အတန့်တွင်တော့ လင်းရီ စိတ်ထဲ စိုးရိမ်စိတ်တို့က တရိပ်ရိပ်နှင့် ကြီးထွားလာနေသည်။

ယူရှီ မစ်ဆူ ဤကိစ္စကို လွယ်လွယ်နှင့် လက်လျော့လိုက်မည်လို့တော့ သူ မယုံကြည်။ သို့သော်လည်း လင်းရီ ကံကောင်းရန်တော့ ဆုတောင်းမိသည်။ ယူရှီ မစ်ဆူ လျှင်မြန်စွာ လှုပ်ရှားမလာခဲ့ဖို့ သူ မျှော်လင့်သည်။

၁၁ နာရီ နောက်ပိုင်းဆိုပါ အကယ်၍ သူ့ဘက်က လှုပ်ရှားချင်လျှင်ပင် အချိန်နှောင်းသွားပေမည်။

ချလပ်…

လင်းရီ ဤအကြောင်းများ စဉ်းစားနေတုန်းမှာပဲ ရေချိုးခန်း တံခါး ပွင့်လာခဲ့ပြီး ကျီချင်းရန် ညအိပ်ဝတ်စုံနှင့်အတူ ဖွာလန်နေသည့် ဆံပင်ပုံစံဖြင့် အထဲသို့ ရောက်လာခဲ့၏။

မိတ်ကပ် တစ်စက် မပါသည့် သူမ မျက်နှာက ဖြူဖွေးပြီး နုနယ်လှပသည်။ အိပ်စုံမှုန်မွှား မျက်လုံးတို့က အိပ်ရေး မဝသေးသည့် ပန်ဒါငယ်လေး တစ်ကောင်အလားပင်။

“ နင် နိုးတော့ ဘာလို့ ငါ့ကို မခေါ်တာလဲ… ငါ နောက်ကျရင် သူများတွေ ငါ့ကို စောင့်နေရတော့မှာပေါ့…”

ကျီချင်းရန် သွားတိုက်ဆေး တစ်ချို့ ညစ်ထုတ်ရင်း လင်းရီကို တင်ပါးဖြင့် ဘေးသို့တွန်းထုတ်ကာ မှန်၏ အလယ်ကျသည့် နေရာကို သူမက မောင်ပိုင်စီးထားလိုက်၏။ ထို့နောက် ဖြူဝင်းပြီး ဖြစ်သည့် သွားများအား စတင်တိုက်တော့သည်။

“ အပန်းဖြေဖို့ ထွက်လာတာကို ဘာတွေ လောနေတာ…”

“ အပြင်လူတွေကော ငါတို့နဲ့ ပါလာခဲ့လို့ ပြောနေရတာပေါ့… သူများကို စောင့်ခိုင်းထားရတာ ဘယ်လောက် အားနာဖို့ ကောင်းထားလဲ…”

မကြာမီ နှစ်ယောက်သား မျက်နှာသစ်၊ သွားတိုက်လို့ ပြီးသွားခဲ့ပြီး ဒုတိယအလွှာရှိ စားသောက်ဆိုင်သို့ ရောက်လာခဲ့ကြ၏။

“ဥက္ကဌလင်း… မင်္ဂလာပါ …. ဥက္ကဌကျီ… မင်္ဂလာပါရှင့် ”

လမ်းတစ်လျှောက်တွင် သူတို့ လင်းယွင်အုပ်စု ဝန်ထမ်း အများအပြားနှင့် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကို မြင်သည်နှင့် အကုန်လုံးက ရပ်ပြီး နှုတ်ဆက်ကြ၏။

သူတို့ နှစ်ယောက်လည်း လက်များ ဝှေ့ရမ်းပြရင်း အတွင်းဘက်အကျဆုံး စားပွဲဝိုင်းထံ ဦးတည်လာခဲ့လေသည်။

“ နောင်ကျ မင်းတို့ စုံတွဲတွေ ပိုပြီး အချိန်မှန်သင့်တယ်… ငါနဲ့ ဒါရိုက်တာထျန်ဆို မင်းတို့ကို စောင့်နေရတာ နာရီဝက်လောက် ရှိတော့မယ်…” လင်းရီ ရောက်ရောက်ချင်းပဲ ချင်းဟန်၏ မကျေမနပ် စောဒကတက်သံကို ကြားလိုက်ရ၏။

“ ဒီခရီးက ပျားရည်စမ်း ခရီးလိုမျိုးပဲလေ.. သူတို့လည်း အခွင့်အရေး ယူပြီး အချစ်လွန်နေကြတာ နေမှာပေါ့.. မဟုတ်ရင် နှမြောစရာကြီး… ဒီတော့ အိပ်ရာထ နောက်ကျတာ သဘာဝပါပဲ..” ထျန်းရန်မှ ဝင်ပြီး စနောက်လိုက်၏။

“ အဲ့ဒါဆိုရင်တော့ မင်းတို့ မှားသွားပြီ… လျန်ကြီးဆို ခုထိကို ဆင်းမလာသေးဘူး… ငါတို့ချည်းပဲ လက်ညိုးထိုးနေလို့ ဘယ်ဖြစ်မှာ…” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ ဟုတ်သား… အဲ့ကောင်ကတော့ ဇာတိပြပြီး မထိန်းနိုင်ဘဲ မနေ့ညက တစ်ယောက်ယောက်နဲ့ လွန်ပြီး အိပ်ရာထဲက မထနိုင် ဖြစ်နေပြီနဲ့ တူတယ်..” ချင်းဟန် သူ့ဖုန်းကို ကောက်ကိုင်ရင်း “ ငါ အဲ့ကောင်ဆီ ဖုန်းဆက်ပြောလိုက်မယ်…”

တီ တီ တီ …

တီ တီ တီ ….

တီ တီ တီ…..

ဖုန်းက တစ်မိနစ်ကျော်ကြာသည်အထိ အသံမြည်နေသော်လည်းပဲ တစ်ဖက်က ဖြေသူမရှိကာ အလိုအလျောက် ပြန်လည်ပြုတ်ကျသွားခဲ့တော့၏။

“ ဒီကောင်‌ ဘာတွေ လုပ်နေတာတုန်းဟ… ကိုးနာရီတောင် ကျော်နေပြီကို ခုထိ မထသေးဘူးတဲ့လား…” ချင်းဟန် ရေရွတ်လိုက်၏။

“ မနေ့ညက နည်းနည်း ကြမ်းသွားလို့လည်း ဖြစ်ရင် ဖြစ်မှာပေါ့… အရမ်း ကြိုးစားလိုက်တော့ အမောလွန်သွားပြီး အိပ်ရာပေါ် မှောက်နေတုန်းထင်တယ်…”

“ အဲ့တာဆိုလည်း အဲ့ကောင်ကို လွှတ်ထားလိုက်တော့ကွာ… ငါတို့ဘာငါတို့ စားကြစို့… ငါတော့ ဗိုက်ဆာပြီ…”

ချင်းဟန် သူ့ဖုန်းကို ဘေးချထားလိုက်ပြီး များများစဉ်းစားမနေတော့ချေ။

အကယ်၍ ထျန်းရန်သာ ရောက်မလာသေးဘူးဆိုပါက အမျိုးသမီးတို့ကို လေးစားသမှုဖြင့် သူ စောင့်ပေးချင် စောင့်ပေးဖြစ်လိမ့်မည်။ သို့သော် လျန်ကျင်းမင်ကတော့ ပြောရမည့် လူ မဟုတ်သည့်အတွက် သူ ဂရုစိုက်မနေတော့ချေ။

လူတိုင်းကလည်း ထိုအတိုင်း တွေးနေကြ၏။ အရွယ်ရောက်ပြီးသည့် လူတစ်ယောက် ဖြစ်သည့်အတွက် အသေးစိတ် လိုက်ဂရုစိုက်ပေးနေစရာ မလိုချေ။

လင်းရီ တူကိုင်ပြီး စတင်စားသောက်တော့မည့် အချိန်တွင်ပဲ သူ့ နှလုံးခုန်သံ မြန်ဆန်သွားခဲ့ပြီး လေထဲတွင် တန်းလန်းကြီး တန့်သွားခဲ့တော့၏။

မည်သူကမျှ အနှီသေးငယ်သည့် ပြောင်းလဲမှု တစ်စုံတစ်ရာကို သတိမပြုမိကြချေ။ သို့သော် ကျီချင်းရန်ကတော့ ခြွင်းချက် ဖြစ်၏။

“ ဘာဖြစ်လို့လဲ… နင် နေမကောင်းဘူးလား..”

“ မင်းတို့ အရင် စားနှင့်ကြ… ငါ လျန်ကြီးကို သွားခေါ်လိုက်ဦးမယ်…”

“ ဘာလို့ သွားခေါ်မှာလဲ… လူကြီး ဖြစ်နေပြီကို အဲ့ကောင် နိုးရင် သူ့ဘာသူ လာစားလိမ့်မယ်…” ချင်းဟန် ပြောလိုက်သည်။

လင်းရီ ဘာမျှ ပြန်မပြောဘဲ လှည့်ထွက်သွားခဲ့၏။

ကျီချင်းရန် မတ်တပ်ရပ်ပြီး သူ့နောက် လိုက်ချင်ပါသော်လည်း လင်းရီမှာ သူမကို လျစ်လျူရှုထားပြီး ဓာတ်လှေကားတံခါးကို ပိတ်လိုက်၏။

လင်းရီ ဓာတ်လှေကားစီး၍ ၂၇ လွှာသို့ ရောက်ရှိလာပြီး လျန်ကျင်းမင်၏ အခန်းတံခါးရှေ့တွင် တံခါး သွားခေါက်လိုက်သည်။ သို့သော် အချိန် အတော်ကြာသည့်တိုင်အောင် အထဲမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။

ထို့နောက် လင်းရီ ယခုတိုင် ပြန်မအပ်ရသေးသည့် မာစတာကီးကတ်ကို ထုတ်၍ တံခါးကို ဖွင့်လိုက်၏။ စောင်နှင့် အိပ်ရာခင်းမှာ တစ်ချက်ပင် တွန့်မနေဘဲ အသစ်အတိုင်း ရှိနေသည်ကို လင်းရီ သတိပြုမိလိုက်သည်။

သိသာစွာပင်...။ လျန်ကျင်းမင် မနေ့ညက ဟိုတယ် ပြန်လာမအိပ်ခဲ့ချေ။

ရုတ်ချည်းဆိုသလို လင်းရီ ရင်ခုန်နှုန်း မြန်ဆန်သွားခဲ့ပြီး သူ့ဖုန်းကို အလျင်အမြန်ထုတ်၍ လျန်ကျင်းမင်၏ နံပါတ်ကို ခေါ်ဆိုလိုက်၏။

သူ တစ်ဆက်တည်း သုံးကြိမ် ဆက်တိုက် ခေါ်ဆိုလိုက်သည်။ သို့သော် မည်သူမျှ ပြန်မဖြေချေ။

မကောင်းသည့် ခံစားချက်တို့က လင်းရီ ရင်ထဲ လှိုင်တက်လာခဲ့တော့၏။ ဤသည်ကလည်း သူ မဖြစ်ချင်ဆုံး ကိစ္စပင် ဖြစ်သည်။

ကလင် ကလင် ကလင်…

ထိုအချိန်တွင်ပဲ လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။ လျန်ကျင်းမင်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ မင်း အခု ဘယ်မှာလဲ…”

လင်းရီ ဖုန်းကိုင်ပြီး အလျင်စလို မေးမြန်းလိုက်၏။

“ မစ္စတာလင်း…”

ဖုန်းထဲမှ ထွက်ပေါ်လာသည့်အသံက လျန်ကျင်းမင် မဟုတ်ပါဘဲနှင့် အမျိုးသမီး တစ်ဦး၏ အသံ ဖြစ်လို့နေသည်။

ဒီအသံ ၊ မည်သူ့အသံလဲ ဆိုတာကို လင်းရီ ကောင်းကောင်းကြီး မှတ်မိသည်။

ယင်းက ရှိုကို နာခါဂျီးမား ဖြစ်၏။

“ လျန်ကျင်းမင် ဘယ်မှာလဲ..”

“ သူ ကျွန်မတို့နဲ့ ရှိတယ်…” ရှိုကို နာခါဂျီးမားမှ ရေခဲတမျှ အေးစက်နေသည့် လေသံဖြင့် ပြောဆိုလာခဲ့၏။

“ သူ့ကို လွှတ်လိုက်…”

“ အဲ့လို မလုပ်ပေးနိုင်တာကိုတော့ စိုးရွံ့မိတယ် မစ္စတာလင်း…” ရှိုကို နာခါဂျီးမား ပြောလိုက်ပြီး “ ခေါင်းဆောင်ပြောတာတော့ ရှင် သူ့အသက်ကို တစ်စုံတစ်ခုနဲ့ လာလဲလို့ရပါတယ်တဲ့…”

လင်းရီ၏ အမူအရာ မည်းမှောင်သွားခဲ့၏။သူ၏ အမူအရာက လူကို ဝါးမျိုဖျက်ဆီးတော့မည့် သားရိုင်းတစ်ကောင်နှင့်ပင် ဆင်တူနေသည်။

“ ငါ သူနဲ့ စကားပြောချင်တယ်..”

“ ဒါဆို ခဏကိုင်ထားပေးဦး…”

ရှိုကို နာခါဂျီးမား ပြောဆိုပြီးနောက် ဖုန်းတစ်ဖက်ခြမ်းတွင် ရှည်ကြာသည့် တိတ်ဆိတ်မှု တစ်ခုက ကြီးစိုးသွားခဲ့၏။

သူ ရံဖန်ရံခါ စကားတစ်ချို့ကို ကြားနေရ သော်လည်းပဲ အသံတို့က မသဲမကွဲနှင့် ဘာပြောနေကြလဲဆိုတာကို လင်းရီ နားမလည်နိုင်ပေ။

“ လင်း…”

မိနစ် အနည်းငယ်ကြာပြီးနောက် လျန်ကျင်းမင်၏ အသံသည် ဖုန်းတစ်ဖက်ခြမ်းမှ ထွက်ပေါ်လို့လာသည်။

“ သူတို့မင်းကို ဘာမှမလုပ်ဘူးမလား…” လင်းရီ ဖျော့တော့စွာ မေးမြန်းလိုက်၏။

“ မလုပ်ဘူး… ငါ့အမှားပါကွာ.. သူက အဲ့လိုလူစားမျိုး ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့မိဘူး…”

“ မင်းအမှား မဟုတ်ဘူး… ငါ့အမှား…” လင်းရီ ပြောလိုက်ပြီး “ မကြောက်နဲ့ … ငါ မင်းကို ကျိန်းသေပေါက် ပြန်လာခေါ်မယ်…”

“ လင်းကြီး… မင်း ရဲခေါ်လိုက်… သူတို့ငါ့ကို ထိရဲရင် လျန်မိသားစုက သေချာပေါက် သူတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး…”

“ မင်း အဲ့ကိစ္စ စိတ်ပူစရာ မလိုဘူး… ငါ ကိုင်တွယ်လိုက်မယ်.. ခု ရှိုကိုနာခါဂျီးမားကို ဖုန်းပြန်ပေးလိုက်…”

“ ရှင် မစ္စတာလင်း.. ပြောပါ…”

လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“ ယူရှီ မစ်ဆူ မင်းနားမှာလား…”

“ ဟုတ်တယ်…”

“ လျန်ကျင်းမင်က ငါ့ရဲ့ ညီကို…. မင်းတို့ သူ့ကို တစ်ချက်ထိရင် မင်းတို့ တစ်မိသားစုလုံးကို မျိုးတုံးသတ်မယ်… မင်းတို့က သတ္တုရိုင်းတွေ အတွက်နဲ့ ငါ့ကို ဇယား လာရှုပ်ဝံ့တယ်.. မင်းတို့ သေမင်းနဲ့ရော ဇယား ရှုပ်ဝံ့လားဆိုတာ ငါကြည့်စမ်းမယ်…”

ပြောပြီးနောက် လင်းရီ ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး “ ရှိုကို နာခါဂျီးမား.. အဲ့ထဲ မင်းလည်း ပါတယ်ဆိုတာ မမေ့နဲ့…”

All Chapters