ကျုပ်ကို သတ္တုရိုင်းပေး
Vol. 81 Ch. 1209
လင်းရီ ဖုန်းချလိုက်ပြီး သူ၏ မျက်နှာက ဖြူဖျော့နေကာ နဖူးထက်တွင် ပဲစေ့ခန့်ရှိသည့် ချွေးအေးများ စို့နေသည်။
သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည် ဆိုသော်လည်းပဲ အမှန်တကယ် ဖြစ်ပျက်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
ထိုအခိုက်အတန့်တွင်တော့ သူ ဖြစ်ရပ် တစ်ခုလုံးကို နားလည်သွားခဲ့တော့၏။
မနေ့ညက ရှိုကို နာခါဂျီးမားမှ လျန်ကျင်းမင်ကို သီးသန့်ဆက်သွယ်ခဲ့ခြင်း ဖြစ်လောက်၏။
လျန်ကျင်းမင်၏ ရှိုကို နာခါဂျီးမား အပေါ် ရင်းနှီး ကျွမ်းဝင်သည့် အချက်ပါ ပေါင်းစပ်လိုက်တော့ တစ်ဖက်သူမှာ လွယ်လွယ်ကူကူနှင့် မျှားထုတ်နိုင်လိုက်လေသည်။
လင်းရီ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ပြီး ခပ်ကြမ်းကြမ်း ပွတ်လိုက်၏။
သူ တော်တော်ကြီးကို ပေါ့ဆမိသွားခဲ့သည်။
မူလက သူ စဉ်းစားထားခဲ့သည်မှာ သူ တစ်ယောက်တည်း ဖြစ်သမျှကို တာဝန်ယူ၍ အခြားသူများ၏ စိတ်ခံစားချက်များ ပျက်စီးသွားမည်ကို စိုးရွံ့ခဲ့သောကြောင့် သူ မပြောပြမိခဲ့ချေ။ အဆုံးသတ်တွင်မှ ယခုလို ဖြစ်လာလိမ့်မည်လို့ လင်းရီ ထင်မှတ်မထားခဲ့ပါချေ။
အကုန်လုံးကို ရှိုကို နာခါဂျီးမားမှ ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင်ပဲ အပြင်ဘက်၌ အလျင်လိုနေသည့် ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့ပြီး မကြာမီ ကျီချင်းရန် ၊ ချင်းဟန်နှင့် ကျန်သူများ အခန်းထဲ ရောက်ရှိလာခဲ့ကြသည်။
“ လင်းကြီး… မင်း ဘာဖြစ်တာလဲ… ဘာလို့ မျက်နှာက ဖြူဖပ်ဖြူလျော်ကြီး ဖြစ်နေတာ…”
ချင်းဟန် မေးမြန်းလိုက်၏။
ကျီချင်းရန် စိတ်ထဲ ဗျာပါဒများသွားပြီး လင်းရီ နဖူးကို ထိကြည့်လိုက်၏။ သူ အအေးပတ်မည်ကို စိုးရိမ်နေရှာသည်။
“ ငါ အဆင်ပြေပါတယ်..” လင်းရီ ပြောလိုက်၏။
“ အိပ်ရာက တော်တော်လေး သန့်ပြန့်နေတာ လျန်ကြီး ဒီကောင် မနေ့ညက ဒီပြန်လာမအိပ်ဘူးလား..”
“ အဲ့ကောင် ဒုက္ခရောက်နေပြီ… အသေးစိတ်တော့ မမေးနဲ့… လူတိုင်း မြန်မြန် အထုပ်အပိုး ပြင်ကြတော့ … ငါတို့ အခုပဲ ဟွာရှကို ပြန်ကြမယ်…”
“ အခု သွားတော့မှာလား…”
“ အင်း… မြန်မြန်… အချိန် မဖြုန်းကြနဲ့..”
လင်းရီ၏ လေးနက် တည်ကြည်နေသည့် မျက်နှာထားကို မြင်တော့ လူတိုင်း တစ်ခုခုမကောင်းတာ ဖြစ်ပျက်နေမှန်း သတိထားမိလိုက်ကြသည်။
မဟုတ်ပါက သူ၏ အကျင့်စရိုက်ဖြင့် ထိုကဲ့သို့သော အမူအရာကို ပြသခဲလေသည်။
လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။
ချင်းဟန်မှ “ သွားကြစို့.. လင်းကြီး ပြောတဲ့အတိုင်း လုပ်ကြ... ခုပဲ အထုပ်အပိုးတွေ သွားပြင်ကြမယ်.. အချိန်မဖြုန်းကြနဲ့…”
လူတိုင်း အလျင်စလိုနှင့် ထွက်ခွာသွားခဲ့ကြသည်။ ကျီချင်းရန်က ပစ္စည်းသိမ်းတာ အလျင်မြန်ဆုံး ဖြစ်ပြီး မိနစ် နှစ်ဆယ် အတွင်းမှာပဲ ပြီးစီးလို့ လင်းရီ ဘေးနား ပြန်ရောက်လာခဲ့လေသည်။
“ ဘာတွေ ဖြစ်နေတာလဲ… နင် ငါ့ကို ပြောပြလို့ မရဘူးလား…”
“ လျန်ကျင်းမင် …. အဲ့ကောင် အခေါ်သွားခံလိုက်ရတယ်…”
“ အခေါ်သွားခံလိုက်ရတယ် … ဟုတ်လား…”
ကျီချင်းရန် မွေးညင်းလေးများ ထောင်ထသည်အထိ ထိတ်လန့်သွားခဲ့ပြီး
“ သူ ပြန်ပေးဆွဲခံလိုက်ရတာလား…”
“ အင်း…”
ထိုသို့သော ကိစ္စမျိုးက သာမန်လူများကြားတွင် ဖြစ်လေ့ ဖြစ်ထ မရှိသော်လည်းပဲ ချမ်းသာသည့် လူမှုအသိုင်းအဝိုင်းတွင်တော့ တစ်နှစ်ကို သုံးလေးကြိမ်မျှ ဖြစ်ပွားလေ့ရှိသည့် သာမန် ဖြစ်ရပ်တစ်ခုသာဖြစ်၏။
သို့သော်လည်း လင်းရီ သူ့တစ်ယောက်လုံး ရှိနေသည့်ကြားတွင်မှ ယခုလို ဖြစ်သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ သူတို့တွေက ဘာလိုချင်တယ်ပြောလဲ…”
အကယ်၍ တစ်ဖက်လူကသာ ပိုက်ဆံလိုချင်သည်ဆိုပါက လင်းရီသည် ယခုလို မျက်နှာ အမူအရာနှင့် ဖြစ်နေမည် မဟုတ်သည်မှာ သေချာလေသည်။
ကြည့်ရသလောက်တော့ တစ်ဖက်သူ၏ တောင်းဆိုလာမှုက တော်တော်ကြီးကို ကျိုးကြောင်းမသင့်ဟန် ရှိ၏။
“ ခု အဲ့တာတွေ မမေးသေးနဲ့ဦး… အဆင့်သင့်ဖြစ်ရင် ဟွာရှကို ပြန်ကြစို့.. ကျန်တာကို ငါကိုင်တွယ်လိုက်မယ်..”
“ ငါတော့ အဆင်သင့်ပဲ .. အချိန်မရွေး သွားလို့ရပြီ…”
လင်းရီ ခေါင်းညိမ့်လိုက်၏။
“ ကျန်တဲ့ သူတွေကို စောင့်ကြတာပေါ့..”
ကျန်သူများလည်း မနှေကွေးကြချေ။ နာရီဝက်အတွင်း လျန်ကျင်းမင်၏ အခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့ကြလေသည်။
“ သွားကြစို့… ငါတို့ အကုန် အဆင့်သင့်ပဲ…”
သူတို့ လေဆိပ်ထံ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
လေယာဉ်ပေါ် တက်ပြီး ကျိုးဟိုင်သို့ ရောက်သည့် တိုင်အောင် လင်းရီ စကား မပြောသလောက်ရှိ၏။ လေယာဉ်ခန်းထဲရှိ လေထုသည်ပင် လေးလံကျပ်တည်းလွန်း၍ အသက်ရှုမဝသလို ဖြစ်လာခဲ့ကြတော့သည်။
“ ပြန်သွားပြီး လုပ်စရာ ရှိတာ လုပ်နှင့်ကြ… လျန်ကျင်းမင် ကိစ္စ စိတ်မပူနဲ့.. ငါ သူ့ကို ကျိန်းသေပေါက် ပြန်ခေါ်လာခဲ့ပေးမယ်…”
လေယာဉ်ပေါ်မှ မဆင်းခင် လင်းရီ သတိပေးလိုက်ပြီး “ ဒါပေမယ့် သတိထားကြဦး… အန်ကယ်လျန်နဲ့ တခြားသူတွေကို မင်းတို့ ပြန်ရောက်လာတာ မသိသေးစေနဲ့…”
“ နင်က ဘယ်သွားမလို့လဲ…” ကျီချင်းရန် မေးမြန်းလာခဲ့သည်။
“ ငါ ရန်ကျင်းကို သွားမယ်…. ငါ့အတွက် စိတ်မပူနဲ့..”
“ ဂရုစိုက်ဦးနော်…”
“ အင်း…”
ကျီချင်းရန်နှင့် ကျန်သူများကို လိုက်ပို့ပြီးနောက် လင်းရီ လေယာဉ်မှူးကို ရန်ကျင်းသို့ ပျံသန်းရန် ညွှန်ကြားလိုက်သည်။
သူ လေယာဉ်ပေါ်က ဆင်းတော့ ရန်ကျင်းတွင် ညနေ ခြောက်နာရီခွဲ ကျော်နေချေပြီ။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် လင်းရီ လျိုဟုန်ထံ ဖုန်းဆက်လိုက်သည်။
“ ခင်များ အခု ဘယ်မှာလဲ… ကျုပ် အရေး တကြီး ဆွေးနွေးစရာ တစ်ခု ရှိလို့…” လင်းရီ ဖျော့တော့သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ ငါအခု စခန်းမှာ… မင်း ဘယ်တော့ ရောက်လာမှာလဲ..”
“ ကျုပ် ခုလေးတင် လေယာဉ်ပေါ်က ဆင်းတာပဲ… ခင်များဆီကို တစ်နာရီအတွင်းရောက်မယ်…”
“ အေး လာခဲ့… ရှောင်ချိုးနဲ့ ရှောင်နင်လည်း ဒီမှာ ရှိတယ်… ခဏနေကျရင် မင်းတို့ သုံးယောက် နေဖို့ နေရာ စီစဉ်ပေးမယ်..”
ချိုးယွီလော့နှင့် ကျန်နှစ်ယောက်က တိုကျိုမှ တစ်ဆင့် ရန်ကျင်းသို့ တိုက်ရိုက် ပျံသန်းလာခဲ့ခြင်းပင်။ သူတို့က လင်းရီ ထက်ပင် မြန်နေပြီး ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းသို့ အရင်ရောက်နှင့်နေကြလေသည်။
“ မလိုဘူး.. ကျုပ်ကို စခန်းမှာသာ စောင့်နေ… ကျုပ် အရေးကြီး ကိစ္စ ပြောစရာ ရှိတယ်…”
“ အိုကေ…”
လျိုဟုန် ရှေ့ဆက် မမေးတော့ချေ။ ကျုံးဝေ့ တပ်ဖွဲ့တွင် ရေးထိုးမထားသည့် စည်းမျဉ်းတစ်ခု ရှိ၏။ အကယ်၍ အရေးကြီး ကိစ္စ တစ်စုံတစ်ရာ ရှိပါက အခြေအနေပေးလျှင် လူချင်းတွေ့ ပြောဆိုကြပြီး အခြေအနေ မပေးမှသာ ဖုန်းမှ တစ်ဆင့် ပြောဆိုကြခြင်းဖြစ်၏။
လေဆိပ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ တက္ကစီ တစ်စင်း ငှားရမ်းပြီး အပို ယွမ် ၂၀၀ ပေးကာ ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းသို့ ဒုန်းမောင်းခိုင်းလိုက်သည်။
သူ လျိုဟုန်၏ ရုံးခန်းထဲ ရောက်လာတော့ လင်းရီ တံခါး အပြင်မှ တစ်ဆင့် ရယ်မောနေသည့် အသံများကို ကြားနေရလေသည်။
လင်းရီ တံခါး တွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့၏။ သုံးယောက်မှာ လက်ဖက်ရည်ခွက် ကိုယ်စီဖြင့် စကားကောင်းနေကြပုံရ၏။ မည်သို့ပင်ဆိုစေ မစ်ရှင် ပြီးဆုံးပြီ ဖြစ်၍ မပျော်ရွှင်စရာ အကြောင်းလည်း မရှိချေ။
“ လာ လာ လာ… ငါတို့ မင်းကို စောင့်နေတာ ကြာပြီ…”
လင်းရီ ရောက်လာသည်ကို မြင်တော့ လျိုဟုန် သူ့လက်ကို ပျော်ရွှင်စွာ ဝှေ့ယမ်းလိုက်ပြီး ကြိုဆို နေရာ ချပေးလိုက်၏။
“ ငါတို့ မစ်ရှင်လည်း ပြီးသွားပြီကို မင်းက ဘာလို့ မျက်နှာသေကြီးနဲ့ ဖြစ်နေတာလဲ… မင်း ကောင်မလေးနဲ့ စကားများလာခဲ့တာလား…”
ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း လင်းရီ တစ်စုံတစ်ရာ မူမမှန်သည်ကို သတိမူမိကြလေသည်။
သူမတို့ မနက်ခင်း ဖုန်းပြောတုန်းကပင် ကောင်းကောင်းမွန်မွန် ရှိနေပြီးမှ အဘယ်ကြောင့် ယခု ကွာခြားနေရသနည်း။
“ မဟုတ်ပါဘူး… ကျုပ် အကုန်လုံးကို ပြောစရာ ရှိတယ်..”
“ ဘာလဲ.. ပြော… မင်းက အခုဆို ကျုံးဝေ့ တပ်ဖွဲ့ထဲမှာ နာမည်အကြီးဆုံး ဖြစ်နေပြီကွ သိလား… အဘိုးကြီးလုကတောင် မင်းကို ဖုန်းဆက်ပြီး ချီးမွမ်းနေသေးတယ်… ငါတောင် မင်းကို အပြစ်မပြုရဲလောက်တဲ့ အထိပဲ…”
“ ကျုပ် ဘက်စ် နှစ်ကီလို ချက်ချင်းလိုတယ်… ကျုပ်ကို လုပ်ပေးနိုင်မလား…”
ထိုစကားလုံးများ ပြောပြောပြီးချင်း သုံးယောက်လုံး၏ အမူအရာသည် အေးခဲသွားခဲ့တော့၏။ သူတို့ လင်းရီကို တအံ့တအား ငေးကြည့်နေကြရင်း အဘယ်ကြောင့် ယခုလို ပြောလာသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။
“ မင်း အဲ့တာတွေနဲ့ ဘာလုပ်မလို့…”
လင်းရီ စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားလိုက်ပြီး ဤကိစ္စကို ဖုံးကွယ်ထားစရာ အကြောင်း မရှိဟု ခံစားလိုက်ရသည်။
ထိုကြောင့် သူ အရာအားလုံးကို လိပ်ပတ်လည်အောင် ရှင်းပြလိုက်တော့၏။
“ တောက်... အဲ့လိုမျိုး ဖြစ်သွားသေးတာလား..” လျိုဟုန် ဒေါသတကြီးဖြင့် စားပွဲကို ဗြောင်းကနဲ ရိုက်လိုက်ပြိး “ ဒီ ယူရှီ မစ်ဆူဆိုတဲ့ ကောင်က တော်တော်လေး လွန်သွားပြီ…”
လင်းရီ ဘာမျှ မဖြေ။ သူ၏ လက်ကို ဒူးပေါ်တွင် တင်ထားပြီး ဆိုဖာနောက်သို့ မှီ၍ ခေါင်းကိုလည်း အနည်းငယ် ငိုက်ထားလျက်ရှိ၏။ သူ လျိုဟုန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။
“ မင်း ဘာမှ မစိုးရိမ်နဲ့.. ငါ နိုင်ငံခြားရေးရာ ဌာနကို ခုပဲ ဆက်သွယ်ပြီး ဒီကိစ္စကို အမြန်ကိုင်တွယ်ခိုင်းလိုက်မယ်…”
“ ကျုပ် သူတို့ ကိုင်တွယ်တာကို မလိုချင်ဘူး… ကျုပ်ကို ဘက်စ် နှစ်ကီလိုပဲပေး..”
“ သောက် အဓိပ္ပာယ် မရှိတာ..” လျိုဟုန်ပြောလိုက်ပြီး “ ဒီလိုမျိုးတွေ ဖြစ်သွားမှတော့ သက်ဆိုင်ရာတွေ ဝင်ပြီး ဖြေရှင်းပေးရမှာ သဘာဝပဲ… မင်း ဘာဖြစ်နေတာ…. ဘာလို့ မင်းဘာမင်း ဖြေရှင်းချင်နေတာ..”
“ ကျုပ်မှာ စောင့်နေဖို့ အချိန်မရှိဘူး… ပြီးတော့ အဲ့ သက်ဆိုင်ရာ ဆိုတဲ့ကောင်တွေကလည်း တကယ်အလုပ် လုပ်မလုပ် ကျုပ် မသိဘူး… ဒါကြောင့်မို့ ကျုပ်ကိုယ်တိုင် ကိုင်တွယ်ချင်တာပဲ..” လင်းရီ ပြောလိုက်ပြီး “ ဒီလို တောင်းဆိုတာက စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုတာ ကျုပ်သိတယ်… ဒါပေမယ့် ကျုပ်ကို သတ္တုရိုင်းပေးဖို့ မျှော်လင့်တယ်… ဒါက ကျုပ်အတွက် သိပ်ကို အရေးကြီးတယ်….”