သေလိုက်တော့…
Vol. 011 Ch. 1011
ကျောက်ပြည်ထောင် ဘုရင်က နောက်ဆုတ်ရန် အမိန့်မပေးပေ။ သို့သော် ကျောက်ပြည်ထောင်မှ လူတိုင်းသည် ဤနေရာ၌ အသေခံမည်ဟု မဆိုလို။ အများအပြားမှာ တော်ဝင်သွေးများ စီးဆင်းနေခြင်း မဟုတ်ရာ သူတို့အနေဖြင့် ကျောက်ပြည်ထောင် အပေါ် အပြည့်အဝ သစ္စာရှိသည်ဟုလည်း မဆိုနိုင်။ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင် သူတို့အနေဖြင့် ဆက်လက် တိုက်ခိုက်ပါက သေချာပေါက် သေဆုံး ရပေမည်။ သူတို့အနေဖြင့် ဆက်လက် တိုက်ခိုက်ရန် စိတ်ဓာတ် အင်အားများလည်း မရှိတော့ပေ။ ရှီအဆင့်တွင် ရီဖူရှင်းအား တားဆီးနိုင်သူ မရှိပေ။
ကျန်ကျောင်းနှင့် တခြား ဓားသမားများသည် လျှပ်စီးတန်းများ အသွင်သို့ ပြောင်းလဲသွားကြ၏။ ဓားဝင်္ကပါသည် ဓားအလင်းတန်းများ အားလုံးကို ဝါးမျိုသွားကာ ထိုနေရာ တစ်ခုလုံးအား ကာရံတားဆီး၏။ နောက်ဆုတ်သူ တန်ခိုးရှင်တစ်ဦးသည် ဓားတစ်လက်၏ တားဆီးခြင်းကို ခံရသည်။ တော်ဝင်ကျဲနန်းတော်မှ ဓားသမားများသည် တစ်ချိန်တည်း လှုပ်ရှားကြကာ ထွက်ပြေးရန် ကြိုးစားသူအား အမဲလိုက်ကြ၏။
ရီဖူရှင်းသည် လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာခဲ့ကာ သူ့နောက်၌ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ဖျက်ဆီးခြင်း မုန်တိုင်း အသွင်ဖြင့် ထိုနေရာ တစ်ခုလုံးအား ဖုံးအုပ်၏။
ဘုန်း … ရှီတန်ခိုးရှင် တစ်ပါးသည် အလင်း တစ်ချက်ဖြင့် အရိုက်ခံရကာ သူ၏ စိတ်အသိမှာ တိုက်ရိုက် ပယ်ဖျက်ခံရပြီး မြေပြင်ပေါ်သို့ ကျသည်။
ဘုန်း …
နောက်ထပ် စိတ်စွမ်းအားရှင် တစ်ဦးသည် ထိုအလင်းအား ခုခံနိုင်သော်လည်း သူ့ခန္ဓာမှာ အပိုင်းပိုင်း အစစ ဖြစ်သွားသည်။
ဘန်း … ဘန်း … ဘန်း …
ဖျက်ဆီးခြင်း အလင်းများသည် ထိရိုက်မိသည့် အရာဟူသမျှကို တိုက်စား ဖျက်ဆီး၏။ ထိုအရာက လောက ပျက်စီးခြင်းနှင့် မခြား…။ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ရီဖူရှင်း၏ လက်ထဲ၌ သေဆုံးရ၏။
သို့သော် ရီဖူရှင်း လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာခဲ့သည်ကို ကြည့်ကာ အားလုံးမှာ စိုးရိမ် ထိတ်လန့်စွာဖြင့် ကြည့်နေကြရသည်။ သူကား ကောင်းကင်တွင် နတ်ဘုရား တစ်ပါးအလား ရပ်နေ၏။ သူ့နောက်မှ ပြင်းထန်သော ဖျက်ဆီးအား မုန်တိုင်းသည် ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုတွင် သူ သိရှိခံစားကာ မွေးဖွားခဲ့သော သက်စောင့်ဝိညာဉ် အသစ် ဖြစ်သည်။ ထိုသက်စောင့် ဝိညာဉ်သည် မဟာလမ်းစဉ်၏ နတ်ဘုရား ဖျက်ဆီးခြင်း စွမ်းအားကို မှီး၍ ဖြစ်လာခဲ့ကာ အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
ကျောက်ကျိမင်က ရီဖူရှင်းအား တစ်ချက် ကြည့်သည်။ လေထဲတွင် ဧရာမ နတ်ဘုရား ဖီးနစ်တစ်ကောင် ပေါ်လာသည်။ ထိုအရာက ကောင်းကင်ကို ဖုံးအုပ်သွားပြီး ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။ အဝေးမှ ကြည့်နေသူများမှာ ထိတ်လန့် သွားကြသည်။ သူတို့မှာ အလွန်ဝေးသော အရပ်မှ ကြည့်နေရသော်လည်း သူတို့၏ ဘေးကင်းမှုမှာ အာမခံနိုင်ခြင်း မရှိဟု ခံစားကြရသည်။ အကယ်၍ တော်ဝင်စစ်ပွဲ တစ်ခုသာ ဖြစ်ပွားခဲ့ပါက ထိုအရာက မည်သို့သော ပုံစံဖြစ်မည်နည်း။
လေထု လှုပ်ရှားသံ တစ်ခုနှင့်အတူ ရွှေဖီးနစ်ငှက်ကြီးသည် မှန်နန်းတော် သခင်မထံသို့ တိုးဝင်သွားသည်။ မှန်နန်းတော် သခင်မက ကျောက်ပြည်ထောင် ဘုရင်အား အေးစက်စွာ ကြည့်သည်။ အချိန်နှင့် လေဟာနယ်သည် အေးခဲသွား၏။ ချက်ချင်းပင် ကြီးမားသော ပတ်ဝန်းကျင် တစ်ခုလုံး ဧရာမ ရေခဲထုထည်အဖြစ် ပြောင်းလဲသွား၏။ သူမက သံယောဇဥ်မဲ့ဓားအား ဆုပ်ကိုင်ကာ ပိုင်းဖြတ်လျှင် ဓားအလင်းမှာ သာမန် မျက်လုံးတို့ဖြင့် မမြင်နိုင်အောင်ပင် မြန်ဆန်စွာဖြင့် ကောင်းကင်ကို ဖြတ်တောက် တိုးဝင်သွားသည်။
တခြား တစ်နေရာတွင် ကျောက်ရန်ဝမ်၏ မီးတောက်များမှာ ကောင်းကင်တစ်ခွင်သို့ ဖုံးအုပ်ထားသည်။ သူက လက်ကို မြှောက်လိုက်လျှင် ထိုနေရာ၌ နေတစ်စင်း ပေါ်လာသည်။ သူက ကျေးရွာ ခေါင်းဆောင်ထံသို့ တွန်းလိုက်သည်တွင် နေမင်းသည် ပြင်းထန်စွာ လှည့်ပတ်လျက် ဖျက်ဆီးအား စက်ကွင်းများကို ထုတ်လွှတ်၏။ သူတို့အောက်တွင် နန်းဆောင် အများအပြား မီးလောင် သွားရသည်။
ကျေးရွာ ခေါင်းဆောင်၏ရှေ့၌ ဧရာမဓား ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ လေတိုးသံများစွာနှင့်အတူ မရေမတွက်နိုင်သော ဓားအသိများ တစ်နေရာတည်းတွင် စုစည်းကြ၏။ ဓားဝင်္ကပါသည် တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး အဆုံးသတ်၌ ဧရာမ ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ဓားသည် ဝင်္ကပါမှ ထွက်ခွာ ပျံသန်းလာပြီး နေစကြာထံသို့ ပျံသန်း သွားခဲ့သည်။
ရှန့်ထို လေးပါးမျှသာ တိုက်ခိုက်နေကြခြင်း ဖြစ်သော်လည်း ကောင်းကင်မှ မဟာစစ်ပွဲကြီး ဖြစ်သည့်အလား ပေါက်ကွဲသံများ၊ ဖျက်ဆီးအားလှိုင်း အပိုင်းအစများဖြင့် ဗြောင်းဆန် နေသည်။
ရာရာသည် ကောင်းကင်ထက်တွင် ရပ်နေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများ စူးရှသွားကာ ဓားအသိများ တစ်ဖန် စုစည်း လာခဲ့ကြ၏။ သူမအနီးတွင် ပြင်းထန်သော လေပွေမုန်တိုင်းများ ဖြစ်ပေါ်လာပြီး သည်တစ်ခေါက်တွင် သူမ၏ လှုပ်ရှားမှုက ပထမ တစ်ခေါက်ထက် အနည်းငယ် နှေးကွေးဟန် ရှိပြီး ကြီးစွာ အားစိုက်ထုတ် နေရဟန်လည်း ရှိသည်။
မည်သို့ဆိုစေ သူမ၏ စွမ်းရည်များမှာ အတိတ်မှ အဆင့်သို့အထိ အပြည့်အဝ မရောက်သေးပေ။ သူမက မရဏဝင်္ကပါမှ ဓားတစ်ချက် ထုတ်ရန် အားများစွာ သုံးခဲ့ရသည်။ ယခု နောက်တစ်ချက် ထုတ်မည်ဆိုပါက သူမအတွက် ကြီးမားသော ဖိအားများ ဖြစ်လာ နိုင်ပေသည်။ သို့တိုင်အောင် သူမက ဆက်လုပ်ခဲ့သည်။ ရာရာ၏ မိဘများ သူ၏လက်ထဲတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရာရာ၏ သဘောထားကို ခံစားမိသည်တွင် ကျောက်ပြည်ထောင် ဘုရင်က ကောင်းကင်ထက်သို့ တက်သွားကာ သူမထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ရုတ်တရက် ဧရာမဖီးနစ်သည် သူမထံသို့ ဆင်းသက် လာလျှင် လေဟာနယ်သည် အခေါင်းပေါက် ပုံစံသို့ ပြောင်းလဲသွား၏။
ဟူး …
လေထဲတွင် ဓားစွမ်းအင်များ ရိုက်ခတ်သွားကာ ရာရာက ကောင်းကင်ထက်သို့ တက်သွားသည်။ ကျောက်ပြည်ထောင် ဘုရင်က တစ်ဖန် အလင်းတန်း အသွင်ဖြင့် သူမ၏နောက်သို့ လိုက်ပါသည်။ အကယ်၍ သူက ရာရာအား သတ်နိုင်လျှင် ကျေးရွာ ခေါင်းဆောင်နှင့် မှန်နန်းတော် သခင်မတို့က သူ့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
ကျောက်ပြည်ထောင် ဘုရင် ဘာလုပ်နေသည်ကို မြင်လျှင် မှန်နန်းတော် သခင်မ၏ အမူအရာက လွန်စွာ အေးစက်သွား၏။ ကောင်းကင်သည် အေးခဲသွားခဲ့ပြီး ကျောက်ပြည်ထောင် ဘုရင်သည်လည်း ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွား၏။ သူမက လက်နှစ်ဖက်လုံးဖြင့် ဓားကို ဆုပ်ကိုင်လိုက်လျှင် ရုတ်တရက် သံယောဇဥ်မဲ့ဓားသည် သဘာဝစွမ်းအင် စီးဆင်းမှုအား ဆန့်ကျင်လျက် အပေါ်သို့ ရိပ်ခနဲ တက်လာသည်။
သံယောဇဥ်မဲ့ဓားသည် အလွန် မြန်ဆန်စွာဖြင့် ပျံသန်းလာခဲ့ပြီး ဓားတစ်လက်တည်းက ခုနစ်လက် အဖြစ် ပြောင်းလဲသွား၏။ သူတို့က ကျောက်ပြည်ထောင် ဘုရင်အား လှည့်ပတ် ပျံသန်းကြ၏။ ကျောက်ပြည်ထောင် ဘုရင်က ရာရာကို တိုက်ခိုက်ရန် ကြိုးစားတိုင်း ဓားများက သူ့အား ဖြတ်တောက် ကြပေမည်။ ဓားအလင်းသည် သူ့ထံသို့ တိုက်ခိုက်လျှင် ခံစားချက်များအား လာရောက် တူးဆွဟန် ရသည်။ သူ၏ စိတ်ခံစားချက်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မဲ့လာပြီး အလွန်အမင်း စိတ်မတည်မငြိမ် ဖြစ်လာသည်ဟု ကျောက်ပြည်ထောင် ဘုရင် ခံစားရသည်။ ဓားခုနစ်လက်က အာရုံခံစားမှုခုနစ်ခုကို တိုက်ခိုက်လာသော အချိန်၌ သူ၏စိတ်မှာ ဂနာမငြိမ် ဖြစ်လာရသည်။
မှန်နန်းတော် သခင်မ၏ စိတ်ထဲ၌ အသံတစ်သံ ဖြစ်ပေါ်လာသည်… “မှန်နန်းတော် သခင်မ … ငါက ကိုယ်လုပ်တော် တစ်ယောက် ယူထားတယ် … သူမက မင်းနေရာမှာ အစားထိုးထားတာ … ငါက သူမကို ကြည့်တဲ့ အချိန်တိုင်း မင်းကို ကြည့်နေရ သလိုပဲ။ ဒါပေမဲ့ ခုနကပဲ ငါ သူမကို သတ်ခဲ့တယ်။ မကြာခင် မင်းလည်း သူမနေရာမှာ နေရာယူ ရတော့မယ် ထင်တယ်…” ကျောက်ပြည်ထောင် ဘုရင်က စိတ်ဖြင့် လှမ်းပြောခြင်း ဖြစ်သည်။ သူက မှန်နန်းတော် သခင်မ၏ စိတ်အား မငြိမ်မသက် ဖြစ်ဟန် ထိုးနှက် တိုက်ခိုက်ခြင်း ဖြစ်၏။
“သူ့ကို ဖြတ်စမ်း…” မှန်နန်းတော် သခင်မက နားမထောင်ပေ။ သူမက အေးစက်စွာ ပြောလျှင် ထောင်ပေါင်း များစွာသော သံယောဇဥ်မဲ့ဓား အသိများသည် ကျောက်ပြည်ထောင် ဘုရင်ထံသို့ တိုးဝင် တိုက်ခိုက် လာကြသည်။ ထိုခဏ၌ ခံစားချက် ခုနစ်ခုနှင့် အလိုဆန္ဒ ခုနစ်ခုတို့အား ဓားများက လာရောက် ဖြတ်တောက် ကြသည်။
မရေမတွက်နိုင်သော ဓားအသိများသည် ကြောက်မက်ဖွယ် ဓားမုန်တိုင်းအလား ဖြစ်သည်။ သူတို့က ကျောက်ပြည်ထောင် ဘုရင်အား ရစ်ပတ်ထားကြ၏။ သူ၏မျက်နှာမှာ ပိုမို၍ ရှုံ့မဲ့လာခဲ့သည်။ မှန်နန်းတော် သခင်မသည် စိတ်ဝိညာဉ်နှင့် သက်ဆိုင်သော တိုက်ခိုက်မှုများအား လေ့ကျင့်သူ ဖြစ်ကြောင်း သူသိသည်။
သူက ကောင်းကင်သို့ ဆက်လက် ပျံတက် လာခဲ့သော်လည်း သူ၏ပါးစပ်တွင် သွေးများ ယိုစီးကျနေသည်။ ကျယ်လောင်သော အော်သံတစ်ခုနှင့်အတူ ရွှေရောင် အလင်းများ မွေးဖွားလာခဲ့သည်။ ကျောက်ပြည်ထောင် ဘုရင်သည် မီးနစ်အသွင်သို့ ပြောင်းလဲသွားပြီး ဓားမုန်တိုင်းထံသို့ တိုက်ရိုက် ပျံသန်းသွား၏။ အဆုံးအစမဲ့သော ဓားများက သူ့ထံသို့ လာရောက် ရိုက်ခတ်ကြ သော်လည်း သူက ဘာမှ ခံစားရဟန်မတူပေ။ ဖီးနစ်၏ ဧရာမ မျက်လုံးများသည် မောက်မာဝင့်ကြွားမှုများဖြင့် ပြည့်နေသည်။
ဖီးနစ်၏ ရွှေရောင် မီးတောက်များက မှန်နန်းတော် သခင်မကို လာရောက် ရစ်ပတ်ကြသည်။ ကျောက်ပြည်ထောင် ဘုရင်သည်လည်း သူမထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ မှန်နန်းတော် သခင်မက တစ်ဖက်လူအား ကြည့်သည်။ သူမက ရှောင်ဖယ်ခြင်း မပြုဘဲ သံယောဇဥ်မဲ့ဓားအား မူလနေရာသို့ ပြန်ဆင့်ခေါ်သည်။ ထိုအခိုက်တွင် သူမက ကျောက်ပြည်ထောင် ဘုရင်ထံသို့ တိုးဝင်သွား၏။ ထိုအခိုက်တွင် သူမကိုယ်တိုင်က ဓားတစ်လက် အသွင်သို့ ပြောင်းလဲသွားကာ အလင်းတန်းနှစ်ခု ရင်ဆိုင် တိုက်ခိုက်ကြပြီး စွမ်းအားမုန်တိုင်းများ အလယ်၌ နစ်မြုပ်သွားကြရာ တိုက်ပွဲ အခြေအနေကိုပင် ရှင်းရှင်းလင်းလင်း မမြင်ကြရတော့ပေ။ သူတို့ကား အလွန်မြန်၏။ ကြည့်နေသူများမှာ အလင်းတန်းများ အဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်နေသည် ကိုသာ တွေ့မြင် ကြရသည်။
နတ်ဘုရား ဖီးနစ်သည် ကျောက်ပြည်ထောင် ဘုရင်အသွင်သို့ ပြန်လည် ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အနည်းငယ် တုန်ယင်နေ၏။ သူ့စိတ်မှာလည်း ပြင်းပြင်းထန်ထန် တုန်ယင်နေကာ မတည်မငြိမ် ဖြစ်နေသည်။ စိတ်နယ်ပယ် အက်ကွဲလာမှုကို သူ ကောင်းကောင်း ခံစားရ၏။
သူတို့အောက်၌ ကျေးရွာ ခေါင်းဆောင်၏ ဓားသည် ကျောက်ရန်ဝမ်ထံသို့ ကျဆင်း လာခဲ့သည်။ တိုက်ပွဲကား တစ်ဖက်သတ် ဆန်၏။ ကျောက်ရန်ဝမ်ကား ကျေးရွာ ခေါင်းဆောင်ထက် သေချာပေါက် အားနည်း ပေသည်။
နောက်ထပ် ရင်ဆိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားကာ ကျောက်ရန်ဝမ်သည် နောက်ဆုတ် သွားရသည်။ သူ့ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့ကာ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာတစ်ခု ဖြစ်လာသည်။ သူက အောက်မှ တိုက်ပွဲမြင်ကွင်းကို ကြည့်သည်။ ရီဖူရှင်း၊ ကျန်ကျောင်းနှင့် တခြားလူများသည် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များအား အဆက်မပြတ် သတ်ဖြတ် နေကြသည်။
သူက မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ တိုက်ခိုက်နေရာသို့ လှမ်းကြည့်သည်။ ထို့နောက် ရာရာကို ကြည့်သည်။ ကြောက်မက်ဖွယ်ရာ မရဏဓား ဝင်္ကပါသည် မကြာခင် တိုက်ပွဲ၌ ပါဝင်တော့မည့် အရိပ်အယောင် ရှိနေ၏။ ဤတိုက်ပွဲက ကျောက်ပြည်ထောင်၏ အဆုံးသတ် ဖြစ်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။ သည်တိုက်ပွဲတွင် သူတို့ အနိုင်ရရန် မျှော်လင့်ချက် မရှိပေ။
“သတ်…” သူ့စိတ်ထဲတွင် အသံတစ်သံ ကြားရသည်။ ကျောက်ရန်ဝမ်သည် မချိန်မဆိုင်းဘဲ လှုပ်ရှား လိုက်၏။ သည်တစ်ကြိမ် သူ၏ ပစ်မှတ်မှာ ကျေးရွာခေါင်းဆောင် မဟုတ်ဘဲ ရီဖူရှင်း ဖြစ်နေသည်။
“သတိထား…” ကျေးရွာ ခေါင်းဆောင်က အော်ဟစ် လိုက်သည်။ သူက ကောင်းကင် ထွင်းဖောက်ဓား အဖြစ် ပြောင်းလဲသွားကာ ကျောက်ရန်ဝမ်ထံသို့ ထိုးသွင်း လိုက်သည်။ သို့သော် ကျောက်ရန်ဝမ်က ထိုအရာအား သတိမထား မိသည့်အလား ရီဖူရှင်းထံသို့သာ ဆက်လက် တိုးဝင် သွားခဲ့၏။
ဓားသည် လေဟာနယ်ကို ဖြတ်သန်း သွားခဲ့၏။ ကျယ်လောင်သော အသံနှင့်အတူ ဓားက ကျောက်ရန်ဝမ်ကို ဖြတ်သန်း သွားခဲ့သည်။ သို့သော် သူက ဘာမှ ခံစားရဟန်မတူ။ သူက လက်ကို မြှောက်ကာ ရိုက်နှက်လိုက်ပြီး သူနှင့်အတူ ရီဖူရှင်းအား အပါခေါ်သွားရန် ကြံသည်။
ရီဖူရှင်းက သူ့အား တိုက်ခိုက်လာသော ကျောက်ရန်ဝမ်အား ကြည့်သည်။ သူက ရှောင်ဖယ်ခြင်း မပြုဘဲ ရှေ့သို့ တိုးလာကာ ထိပ်တိုက် ရင်ဆိုင်သည်။ သူက မာန်သွင်း အော်ဟစ်လျှင် ကောင်းကင်နှင့် မြေပြင်သည် တုန်ခါ၏။ အဆုံးအစမဲ့သော အလင်းစီးကြောင်းများ ဖြစ်ပေါ်လာကာ နောက်ပြန်စီးဆင်း ကြသည်။ သူက အချိန်နှင့် လေဟာနယ်လှံအား ဆုပ်ကိုင်ကာ ကျောက်ရန်ဝမ်ထံသို့ ထိုးသွင်း တိုက်ခိုက် လိုက်၏။
ဘုန်း … ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်လာကာ ရီဖူရှင်းသည် မြေပြင်ပေါ်သို့ လွင့်စဉ်ကျသည်။ ကျေးရွာ ခေါင်းဆောင် သည်လည်း ကျောက်ရန်ဝမ်ထံသို့ ရောက်လာခဲ့ကာ သူ၏လက်မှ ဓားဖြင့် ပိုင်းဖြတ်သည်။
ကျောက်ရန်ဝမ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သည်။ သူက အောက်ကို စိုက်ကြည့်နေ၏။ သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ ကျောက်ပြည်ထောင် ဘုရင်ကလည်း အောက်သို့ ကြည့်သည်။
ထိုအခိုက်တွင် ကောင်းကင်ထက်မှ လူရိပ်အချို့ ဆင်းသက် လာကြသည်။ သူတို့က ကြောက်မက်ဖွယ်ရာ ကိုယ်ရောင် ကိုယ်ဝါများဖြင့် ပေါ်လာကြခြင်း ဖြစ်၏။ သူက ကျောက်ရန်ဝမ်အား အေးစက်စွာ ကြည့်ကြသည်။ သူတို့အားလုံးသည် တူညီဝတ်စုံများဖြင့် ဖြစ်ရာ ပြည်နယ်ကိုးခု တမန်တော်များ ဖြစ်ကြဟန် ရသည်။ သို့သော် ကျောက်ရန်ဝမ်ကား သူတို့အား ဂရုမစိုက်တော့ပေ။
အောက်မှ လေတိုးသံ တစ်ခုနှင်အတူ လူရိပ်တစ်ခု ကောင်းကင်ထက်သို့ ပျံတက် လာသည်။ သူက ကျောက်ရန်ဝမ်အား အေးစက်စွာ ကြည့်၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ကျောက်ရန်ဝမ်က မည်သည့် ဒဏ်ရာမှ မရသည့် ရီဖူရှင်းအား ကြည့်သည်။ သူ၏နှလုံးက ပြင်းထန်စွာ လှုပ်ရှားသွားကာ မျက်လုံးများကလည်း ပြူးကျယ် သွားသည်။ သူက မိမိ၏ အသက်ဖြင့် ရီဖူရှင်း၏ အသက်ကို လဲလှယ် လိုခဲ့သော်လည်း ရှန့်ထိုတစ်ပါးပင် သူ့အား မသတ်ဖြတ် နိုင်တော့ပေ။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ ကျေးရွာ ခေါင်းဆောင်၏ ဓားချက်သည် ကျောက်ရန်ဝမ်အား အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
ထိုအခိုက်တွင် ကောင်းကင်၌ ကျောက်ပြည်ထောင် ဘုရင်တစ်ပါးတည်းသာ ကျန်ရစ်ဟန် ရှိသည်။ တစ်လောကလုံးတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့ဟန်ရ၏။
“ကျောက်ပြည်ထောင် ဘုရင်… သေလိုက်တော့…” ရီဖူရှင်းက လေထဲမှ ကျောက်ပြည်ထောင် ဘုရင်ကို ကြည့်သည်။
***