← Chapters

ကျောက်ပြည်ထောင် ဘုရင်၏ အဆုံးသတ်

Vol. 011 Ch. 1012

ကျောက်ပြည်ထောင် ဘုရင်၏ အဆုံးသတ်

Vol. 011 Ch. 1012

ကျောက်ပြည်ထောင် ဘုရင်က ပျက်စီးနေသော နန်းဆောင်များအား နောက်ဆုံး တစ်ကြိမ် ကြည့်သည်။ သည်နေရာကား တစ်ကြိမ်တစ်ခါက အရှေ့ဘက် ပြည်နယ် တစ်ခုလုံးအား အုပ်ချုပ် မင်းမူခဲ့သည်။ ယနေ့ အပျက်အစီးပုံ အဖြစ် ပြောင်းလဲ သွားပေတော့မည်။ သူ အသက်ရှင်သည် ဖြစ်စေ၊ သေသည်ဖြစ်စေ ကျောက်ပြည်ထောင်ကား နောက်ထပ် မထပ်မရှိတော့။

သူက ရီဖူရှင်းနှင့် မှန်နန်းတော် သခင်မတို့အား ကြည့်သည်။ ထိုအခိုက်တွင် ရာသီဥတုမှာ ပြောင်းလဲလာဟန် ရပြီး ကောင်းကင်သည် အရောင် ပြောင်းလဲ၏။ ကျောက်ပြည်ထောင် ဘုရင်၏ ခန္ဓာကိုယ်မှ မီးတောက် မီးလျှံများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကာ သူကိုယ်တိုင်က လောင်ကျွမ်းနေဟန် ရသည်။

ကျောက်ပြည်ထောင် ဘုရင်ထံမှ ဖြာထွက်လာသော မီးတောက် အလင်းတန်းများသည် အောက်သို့ မိုးစက် မိုးပေါက်များပမာ ကျဆင်း လာခဲ့သည်။ လေထဲတွင် ရွှေဖီးနစ်သည် မောက်မာစွာ ရပ်လျက် အောက်မှ သက်ရှိများအား ငုံ့ကြည့်သည်။

ကျောက်ပြည်ထောင် ဘုရင်ထံမှ အဆုံးအစမဲ့သော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာခဲ့ကာ သူ့ခန္ဓာကိုယ် သည်လည်း အရွယ်အစား အဆမတန် ကြီးမားလာခဲ့သည်။ သူ့သက်စောင့် ဝိညာဉ်က သူ့အား တစ်ပတ်ပတ်ကာ အောက်သို့ ဆင်းသက်လာခဲ့ပြီး ကျောက်ပြည်ထောင် ဘုရင်သည်လည်း ဓားတစ်လက် အသွင်သို့ ပြောင်းသွား၏။ ဓားခန္ဓာသည် ပူပြင်းကာ အလင်းများ တောက်ပနေခဲ့ပြီး ကြီးမားသော အန္တရာယ်၏ အငွေ့အသက်များအား ပေးနေသည်။

ထိုမြင်ကွင်းက အဝေးမှ လူတိုင်း…၊ နန်းတော်အတွင်းမှ ဖြစ်စေ၊ နန်းတော် ပြင်ဘက်မှ လူများဖြစ်စေ ကောင်းကင်သို့ ကြည့်ကြသည်။ ကျောက်ပြည်ထောင် ဘုရင်၏ထံမှ ဖြစ်ပေါ်လာသော စွမ်းအားများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

“အား…” အောက်မှ နာကျင်စွာ အော်ဟစ်သံ တစ်ခုအား ကြားရသည်။

“အရှင်မင်းကြီး…” လူအချို့က နာကျင်စွာ အော်ဟစ်ကြသည်။ ကျောက်ပြည်ထောင်၏ နန်းတော်ထဲတွင် ရှီအဆင့်အောက် တန်ခိုးရှင် အများအပြား ရှိနေကြပေ သေးသည်။ တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းများအရ ရီဖူရှင်းတို့က သူတို့အား သတ်ဖြတ်၍ မရပေ။ သို့သော် ယခု ကောင်းကင်တစ်ခွင် လောင်ကျွမ်းလာသော မီးတောက်များသည် သူတို့ထံသို့ ဆင်းသက် လာခဲ့ကြကာ နန်းတော်များ ဖြစ်စေ၊ ထိုတန်ခိုးရှင်များကို ဖြစ်စေ ရှိရှိသမျှတို့အား မီးလောင်တိုက် သွင်းပေသည်။ ကျောက်ပြည်ထောင် ဘုရင်ထံမှ သက်ဆင်းလာသော အလင်းနှင့် ထိတွေ့သူများ အားလုံးမှာ စက္ကန့်ပိုင်းအတွင်း ပြာမှုန့်များ ဖြစ်သွားရ၏။

“နောက်ဆုတ်…” ရီဖူရှင်းက ကျန်ကျောင်းနှင့် တခြားလူများအား ပြောသည်။ ကျောက်ပြည်ထောင် ဘုရင် လုပ်ခဲ့သည်များအတွက် သူတို့လည်း ဒုက္ခရောက် ရပေသည်။ ကျောက်ပြည်ထောင် ဘုရင်ကား ရူးသွပ်သွားလေပြီ။

မဟာလမ်းစဉ်၏ မီးတောက်များ အောက်တွင် မြေပြင်မှ လူအများအပြားမှာ အဆက်မပြတ် သေဆုံး နေကြရသည်။ ထိုစွမ်းအားများမှာ ရှီတန်ခိုးရှင်များပင် အလွယ်တကူ ကာကွယ်နိုင်သည် မဟုတ်ပေ။ ယခု ကျောက်ပြည်ထောင် နန်းတော် တစ်ခုလုံးကား မီးပင်လယ် ဖြစ်နေသည်။

ကျောက်ပြည်ထောင် ဘုရင်သည် ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် နတ်ဘုရား မီးတောက်နှစ်ခု လောင်ကျွမ်းနေဟန် ရသည်။

ပြင်းထန်သော မီးတောက်များ မှန်နန်းတော် သခင်မထံသို့ ဖီးနစ်များ အသွင်ဖြင့် တိုးဝင် သွားကြသည်။ သို့သော်လည်း ရေခဲဓာတ်များက သူမအား ရစ်ပတ် ကာကွယ်ထားကြရာ ရွှေရောင် အလင်းနှင့် ငွေရောင် အလင်းတို့ ရင်ဆိုင် တွေ့နေပုံ မြင်ကွင်းမှာ ကြည့်၍ အလွန် လှပေသည်။

ဧရာမဖီးနစ်က အတောင်ပံကို ခတ်လျှင် များစွာသော သားမွေးဓားများသည် မှန်နန်းတော် သခင်မထံသို့ တိုးဝင်လာခဲ့ကြ၏။ ထို့နောက် ကျောက်ပြည်ထောင် ဘုရင်က သူမအား အရေးမစိုက်တော့ဘဲ ရာရာထံသို့ လှမ်းသွား လိုက်သည်။ ကောင်းကင်ထက်မှ ဓားဝင်္ကပါသည် အလွန်အမင်း ကြီးမားလာခဲ့ကာ အဆုံးအစမဲ့သော လောကဓာတ်များသည် စွမ်းအားများကို ထုထည် ကြီးမားစွာ စုစည်းသည်။

ကျောက်ပြည်ထောင် ဘုရင်က ရာရာကို တားဆီး ရပေမည်။

ဘုန်း … ဓားတစ်လက် ဖြတ်သန်း သွားခဲ့ကာ ထိုဓားသည် မှန်နန်းတော် သခင်မ၏ သံယောဇဥ်မဲ့ဓား ဖြစ်သည်။ သူမက မုန်တိုင်းထဲသို့ တိုးဝင်လာခဲ့ကာ ရွှေရောင် စီးကြောင်းများအား ဖြတ်သန်း သွားခဲ့သည်။ သံယောဇဥ်မဲ့ဓားသည် ဓားကိုးလက် အဖြစ် ခွဲဖြာသွားကာ ပြင်းထန်စွာ လှည့်ပတ်လျက် ကြောက်မက်ဖွယ် လေပွေများအား ဖြစ်ပေါ်စေ၏။ လေပွေ အားလှိုင်းများ ဖြတ်သန်း သွားသည့် အရာတိုင်းမှာ ပျက်စီး ရပေမည်။

ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မအား တစ်ချက် ကြည့်သည်။ သူ့ရှေ့၌ ဓားကိုးလက် ဖြစ်ပေါ်လာခဲ့ကာ ထောင်ပေါင်း များစွာသော ဓားအသိများအား ထုတ်လွှတ်ကြပြီး ကျောက်ပြည်ထောင် ဘုရင်၏ဓားဖြင့် ရင်ဆိုင် တွေ့ကြသည်။ ထိုနေရာ၌ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ဖြစ်ပေါ်လာသည်။ ဓားကိုးလက်ရှေ့၌ ဧရာမ နတ်ဘုရား ဖီးနစ် အရံအတားတစ်ခု ဖြစ်ပေါ်လာ၏။ ဓားကား ကျောက်ပြည်ထောင် ဘုရင်၏ သက်စောင့်ဝိညာဉ်မှ ဖြစ်တည်လာခြင်း ဖြစ်သည်။ နတ်ဘုရား ဖီးနစ်က မရေမတွက်နိုင်သော ဓားအသိများအား တားဆီး ကြသော်လည်း ဓားများသည် ဖီးနစ်ကို အဆတ်မပြတ် ခုတ်ဖြတ် နိုင်ခဲ့ကြ၏။

တစ်ဖက်တွင် မှန်နန်းတော် သခင်မမှာလည်း အခြေအနေ မကောင်းပါ။ သူမအား ဓားအသိများက ကာကွယ် ထားသော်လည်း ကျောက်ပြည်ထောင် ဘုရင်၏ဓားကို တားဆီးနိုင်ခြင်း မရှိပေ။ ရွှေရောင် မီးတောက်များက သံယောဇဥ်မဲ့ဓားကို ရစ်ပတ်ကာ ဝါးမျိုပြီး အရည် ပျော်စေရန် အားထုတ်ကြသည်။ ဓားအရံအတား သည်လည်း ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ မှန်နန်းတော် သခင်မ၏နောက်၌ သက်တံရောင် အလင်းများ ဖြစ်ပေါ်လာပြီး အလင်းတန်း တစ်ခုစီက သူမ၏ စိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ကာ သံယောဇဥ်မဲ့ဓားနှင့် ပေါင်းစပ်ကြသည်။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်နှာမှာ ရှုံ့တွသွားသည်။ သက်တံရောင် အလင်းသည် သူ၏ အတားအဆီးကို ကျော်လွန်လျက် စိတ်နယ်ပယ်ထဲကို တိုးဝင် တိုက်ခိုက်ကြ၏။

“ပျက်စမ်း…” ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများမှာ ဆက်လက် တောက်လောင် လာသည်။ သူ့ရှေ့မှ ဖီးနစ်ဓားက သံယောဇဥ်ဓားကို တစ်စတစ်စ ချိုးဖက်ကာ တစ်ဖက်တွင် သူ၏ ဖီးနစ်ဝိညာဉ်ဓား သည်လည်း ကြေပျက် သွားရ၏။

ကျောက်ပြည်ထောင် ဘုရင်၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။ တစ်ဖက်တွင် မှန်နန်းတော် သခင်မ၏ မျက်နှာမှာလည်း ပြာနှမ်းလာခဲ့၏။ သံယောဇဥ်မဲ့ဓားကား သူမနှင့် စိတ်ချင်း ဆက်နွှယ်ထားခဲ့ကာ သူမ၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ ယခု ထိုဓားမှာ ပျက်စီးသွားရာ သူမရရှိသည့် ဒဏ်ရာသည်လည်း မနည်းပေ။ ကျောက်ပြည်ထောင် ဘုရင်၏ မျက်နှာက အကြီးအကျယ် အရုပ်ဆိုး အကျည်းတန် လာသည်။ သူက သည်မိန်းမအား အရယူနိုင်ခြင်း မရှိခဲ့ပါက တခြား လူများလည်း ပိုင်ဆိုင်ရမည် မဟုတ်ပေ။

မှန်နန်းတော် သခင်မအား ပြင်းထန်သော ရွှေရောင်မုန်တိုင်းများ တိုက်စား လာခဲ့ကြသည်။ ကျောက်ပြည်ထောင် ဘုရင်က အော်ဟစ်သည်… “သတ်…”

မုန်တိုင်းက အရာအားလုံးကို ဝါးမျိုသလို ထိုအခိုက်တွင် သူ့နောက်မှ ရောက်လာသော အန္တရာယ်ကိုလည်း သူခံစားရ၏။ ကျေးရွာ ခေါင်းဆောင်က နောက်မှ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဓားသည် သူ၏နှလုံးအိမ်ကို ထွင်းဖောက် သွားခဲ့၏။ သို့သော် သူ၏နှလုံးမှာ ပျက်စီးသွားခြင်း မရှိဘဲ ဆက်လက်၍ ခုန်နေခဲ့သည်။ သူ မည်မျှ သန်မာသည်ကို ထိုအချက်ကို ကြည့်၍ သိနိုင်သည်။

ဝုန်း … ကျောက်ပြည်ထောင် ဘုရင်၏ဆံပင်များ လွင့်ထွက် သွားသည်။ သူ့ခန္ဓာမှာ အလုံးစုံ လောင်ကျွမ်းသွားဟန် ရ၏။ ပြင်းထန်သော မီးတောက် စီးကြောင်းများ ပတ်ပတ်လည်သို့ ပျံ့လွင့်သွားကြကာ အရာအားလုံးကို ဖျက်ဆီးသည်။ ကျေးရွာ ခေါင်းဆောင်မှာလည်း မီးတောက်များဖြင့် ထရိုက်မိသဖြင့် နောက်သို့ ဆုတ်သွားရသည်။

“မင်းတို့အားလုံး ငရဲကို သွားကြ…” ကျောက်ပြည်ထောင် ဘုရင်က အော်ဟစ်ကာ အားလုံးကို လောင်ကျွမ်းရန် ကြိုးစားသည်။ ရီဖူရှင်းသည်လည်း မီးတောက်များ အလယ်သို့ ကျဆင်း သွားခဲ့သည်။ သူက အချိန်နှင့် လေဟာနယ်လှံအား ဆုပ်ကိုင်ကာ မြေပြင်၌ ခိုင်မြဲစွာ ရပ်နေသော်လည်း ပြင်းထန်စွာ စွမ်းအားများ သူ့ထံသို့ ရိုက်ခတ် လာသည်ကို ခံစားရသည်။

ပြည်နယ်ကိုးခု တမန်တော်များမှာလည်း တိုက်ခိုက်မှုကို ခံရသည်။ ကျောက်ပြည်ထောင် ဘုရင်ကား ရူးသွပ်သွားပြီ ဖြစ်သည်။ ထိုစဉ်မှာပင် လေထဲမှ ဧရာမ ဓားဝင်္ကပါသည် စွမ်းအားများကို စုစည်းကာ ဓားတစ်လက်အား ဖြစ်ပေါ်စေသည်။ ဓားသည် အရှိန်အဝါ ကြီးမားစွာဖြင့် ကျဆင်းလာခဲ့ပြီး ကျောက်ပြည်ထောင် ဘုရင်၏ ခန္ဓာကိုယ်အား ထွင်းဖောက် သွား၏။

ထိုအခိုက်တွင် အလွန်တရာ ရုန့်ရင်းကြမ်းတမ်းသော ကျောက်ပြည်ထောင် ဘုရင်သည် ငြိမ်သက် သွားခဲ့သည်။ ဓားအသိတိုင်းက သူ့ခန္ဓာကိုယ်အား စီးဆင်းနေကြကာ သူသည် အချိန်မရွေး ပြိုပျက်နိုင်သည့် အခြေအနေ ဖြစ်သည်။

သို့တိုင်အောင် သူ့မျက်လုံးများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မှန်နန်းတော် သခင်မ၊ ရာရာနှင့် နောက်ဆုံးတွင် ရီဖူရှင်းကို ကြည့်သည်။ နောက်ဆုံး လေထဲတွင် ရပ်နေရင်းကပင် သူ၏ မျက်လုံးများအား ဖြည်းညင်းစွာ မှိတ်၏။ သူ … ကျောက်ကျိမင်သည် သေဆုံးလျှင်ပင် ကောင်းကင်နှင့် မြေပြင်ကို ငုံ့ကြည့် နိုင်ပေသေးသည်။ သူလုပ်လိုသော အရာကို သူလုပ်ခဲ့ကာ သူ့အပြုအမူများမှာ အထိန်းအကွပ် မရှိပေ။ ယခု သူကား သနားစဖွယ် သေဆုံးခဲ့ရပြီဖြစ်ပြီး မသေဆုံးမီ မိမိကိုယ်ကို မေးခွန်းအချို့ ထုတ်မိသည်။ သူလုပ်ခဲ့သည်များအား နောင်တ ရပါသလား။

အဖြေကား နောင်တမရ ဟူ၍ ဖြစ်သည်။

သူ ရယူလိုသော မိန်းမအား အရယူမည်။ သူသတ်လိုသော သူအား ရအောင် သတ်မည်။ သူ့ရှေ့တွင် ပုရွက်ဆိတ်ကဲ့သို့ အားနည်းသော ရှီတန်ခိုးရှင်များ မောက်မာပိုင်ခွင့် မရှိပေ။

အချိန်ကိုသာ နောက်ဆုတ် ပြန်ဆုတ်ခွင့် ရမည်ဆိုလျှင်လည်း သူလုပ်ခဲ့သည်များကို ထပ်ပြန်လုပ်မည် ဖြစ်သည်။ သို့သော် သူက ပိုမို၍ ဆုံးဖြတ်ချက် ပြတ်သားခဲ့ပေလိမ့်မည်။ ဖြစ်နိုင်လျှင် ထိုစဉ် ကတည်းက ရီဖူရှင်းအား ရအောင် သတ်ဖြတ်ခဲ့မည် ဖြစ်သည်။ မှန်နန်းတော် သခင်မအား ဖြစ်အောင် ဆွဲခေါ်ထားမည် ဖြစ်သည်။ သူ ဘာမှားနေသည်ကိုဟု တစ်စုံတစ်ယောက်က လာမေးခဲ့လျှင် တစ်ဖက်လူမှာ သူ့ထက် ကံကောင်းသည်ဟုသာ သူဖြေပေမည်။

အမုန်းတရားများကို မူကား သူ၏အဖြေက ရှင်းပေသည်။ သူက မည်သူ့ကိုမှ မမုန်းပေ။ မှန်နန်းတော်သခင်မ ဖြစ်စေ၊ ရာရာဖြစ်စေ၊ ရီဖူရှင်းဖြစ်စေ သူတို့အားလုံးတွင် မိမိကို သတ်ရန် အကြောင်းပြချက် ရှိပေသည်။ အနိုင်ရသူက အားလုံးကို အရယူသည်။ ရှုံးနိမ့်သူအတွက် နေရာမရှိပေ။ မိမိ အနိုင်ရခဲ့လျှင်လည်း ထိုနည်းတူ ဖြစ်ပေမည်။

သူက မုန်းတီးခြင်း မရှိသလို နောင်တလည်း မရပေ။

ကျောက်ပြည်ထောင် ဘုရင်၏ ခန္ဓာကိုယ်သည် ထိုခဏ၌ပင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားခဲ့သည်။ ရာရာ၏ ခန္ဓာကိုယ်သည်လည်း လေထဲမှ အားပြတ် ကျဆင်းလာခဲ့ရာ ကျေးရွာ ခေါင်းဆောင်က ဆီးဖမ်းသည်။

ကျောက်ပြည်ထောင်၏ တော်ဝင် နန်းတော်မှာ လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မီးတောက်များ ကောင်းကင်ကို ထိုးထိုးထောင်ထောင် တက်နေကြကာ ကျောက်ပြည်ထောင်အား သမိုင်း မှတ်တမ်းထဲ၌ ရေးထွင်း နေကြသည့်နှယ်…။ ကျောက်ပြည်ထောင်မှ ထိပ်သီး တန်ခိုးရှင်များ အားလုံး သည်တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။ ထို့အပြင် အများစုမှာ ကျောက်ပြည်ထောင် ဘုရင်ကြောင့် သေဆုံးခဲ့ကြ ရပေသည်။

လူအများအပြားက ရောက်လာကာ မေးမြန်း ကြပေသည်။ ကျောက်ပြည်ထောင် ဘုရင်၏ အဆုံးသည်မှာ မည်သို့သော ပုံစံ ဖြစ်သနည်း။

မှန်နန်းတော် သခင်မသည် ကျောက်ပြည်ထောင် ဘုရင် ပျောက်ကွယ်သွားရာ နေရာသို့ ကြည့်နေကာ သူမ၏စိတ်မှာ ငြိမ်သက်နေသည်။ သူမ၏စိတ်ထဲသို့ မည်သည့် အတွေးမှ ဝင်ရောက်မလာခဲ့။ သူမက မျက်လုံးများကို မှိတ်လိုက်လျှင် သူမသည်လည်း မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသည်။

ရီဖူရှင်းက သူမအား တစ်ချက် ကြည့်ကာ လက်ကို ဆန့်တန်း လိုက်သည်။ အားတစ်ခုက သူမအား တားဆီးလိုက်၏။ သူက မှန်နန်းတော် သခင်မထံသို့ လျှောက်သွား လိုက်ကာ သူမအား ဖမ်းထားလိုက်သည်။ သူမ၏မျက်နှာအား ကြည့်လျှင် လက်ရှိတွင် သူမည်သို့ ခံစားနေရသည်ကို ပြောမပြတတ်ပေ။ လက်ရှိတွင် အရှေ့ဘက် ပြည်နယ်၏ အလှဆုံး မိန်းမသည် အမှန်တကယ် သနားစဖွယ် ကောင်း၏။

မှန်နန်းတော်မှ တန်ခိုးရှင်များ ရောက်လာလျှင် ရီဖူရှင်းက သူမအား ကမ်းပေးလိုက်သည်... “သခင်မကို တော်ဝင်ကျဲ နန်းတော်သို့ ပို့လိုက်ပါ … ရှန့်ထိုကျန့် ပြန်ရောက်ရင် သူ ကုပေးလိမ့်မယ်”

“ဟုတ်ကဲ့ပါ… နန်းတော်သခင်ရီ…” မှန်နန်းတော်မှ လူများက ဦးညွှတ်ကြ၏။ သူမတို့၏ မျက်လုံးများတွင် လေးစားမှု၊ ကြောက်ရွံ့မှုများ ရှိနေ၏။

ရီဖူရှင်းက မြေပြင်ပေါ်တွင် လောင်ကျွမ်းနေသော အဆောက်အဦများအား ကြည့်ကာ ပြောသည်… “သွားရအောင်…”

***

ပြည်နယ်ကိုးခု၏ အနောက်ဘက် အစွန်ဆုံးကား လူနေကျဲပါးကာ သူတို့၏ ကျင့်ကြံခြင်းများ မှာလည်း အားနည်းပေသည်။ အများစုမှာ သာမန်လူများ ဖြစ်ကြ၏။

နယ်ခြားစည်း အနီးတွင် မြို့ငယ်တစ်မြို့ ရှိပေသည်။ ယခုမြို့အတွင်းရှိ စားသောက်ဆိုင် တစ်ခု၌ လူတစ်စု ထိုင်နေကြ၏။ သူတို့မှာ သာမန် အဝတ်အစားများ ဝတ်ဆင်ထားကြ သော်လည်း သူတို့၏ ထူးခြားသော သွင်ပြင် ဟန်အမူအရာများမှာ အလွယ်တကူ ဖျောက်ဖျက်၍ မရပေ။ သူတို့ကား ကျောက်ရာနှင့် ကျောက်ယိုတို့အဖွဲ့ ဖြစ်ကြ၏။ လက်ရှိတွင် သူတို့၏ မျက်လုံးများက စားပွဲပေါ်မှ ကျိုးကြေနေသော ကျောက်စိမ်းပြားများကို ကြည့်နေကြသည်။

သူတို့၏အဖေ ကျောက်ပြည်ထောင် ဘုရင်မှာ ဆုံးပါးသွားပြီ ဖြစ်သည်။ ထို့အတူ သူတို့၏ အမေသည်လည်း တိုက်ပွဲတွင် သေဆုံးခဲ့၏။ သူတို့၏အဖေကား အမှန် ရက်စက် ကြမ်းကြုတ် ပေသည်။

သူတို့က လက်ရှိ အချိန်အထိ ဤနေရာတွင် စောင့်ဆိုင်း နေကြခြင်းမှာ တော်ဝင်ကျဲ နန်းတော်အား ကျောက်ပြည်ထောင်က ခုခံနိုင်ရန် မျှော်လင့်ချက်များ ရှိနေသေး သောကြောင့် ဖြစ်သည်။ ယခုကား အရာအားလုံးမှာ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ယခု ရီဖူရှင်း အသက်ရှင်သရွေ့ သူတို့ကလည်း ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစား ရပေတော့မည်။

“သွားရအောင်…” သူတို့ထဲမှ တစ်ယောက်က ပြောလျှင် အားလုံးက ထရပ်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။ သူတို့က သိဒ္ဓိဝင် ရတနာများကိုပင် အသုံးမပြုဘဲ အတတ်နိုင်ဆုံး သိုသိပ်စွာ ခရီးသွားကြ၏။ မကြာခင် သူတို့သည် သဲကန္တာရ တစ်ခုသို့ ရောက်လာခဲ့သည်။ ပြောကြသည်မှာ သည်ကန္တာရ၏ အဆုံးတစ်ဖက်၌ အင်ပါယာလီ၏ နယ်မြေများ ရှိသည်။

ပြည်နယ်ကိုးခုနှင့် မတူသည်မှာ အင်ပါယာလီ၏ အထက်ဘုံနှင့် အောက်ဘုံတို့ကို တာလီပြည်ထောင်က တိုက်ရိုက် အုပ်ချုပ်သည်။

“သွားရအောင်…” သူတို့က လေထဲသို့ တက်သွားကြကာ ခရီး စထွက်ရန် ပြင်ကြ၏။ သို့သော် ရုတ်တရက် မကောင်းသော အငွေ့အသက်များအား သူတို့ ခံစားကြရသည်။

သူတို့နှင့် သိပ်မဝေးသော တစ်နေရာတွင် ဝတ်ရုံရှည် ဝတ်ထားသော လူတစ်ဦး ရှိနေသည်။ သူ၏ တည်ရှိမှုကို မည်သူကမှ သတိမထား မိခဲ့ကြပေ။ ထိုအဖြစ်က ကျောက်ရာတို့အား ရပ်တန့်စေခဲ့သည်။ သူတို့က သတိကြီးစွာ ထားလျက် ထိုသူကို မေးကြသည်… “ခင်ဗျား ဘယ်သူလဲ…”

“မင်းတို့က အင်ပါယာရှားရဲ့ အမိန့်တော်ကို ဖီဆန်ပြီးမှ ဒီအတိုင်း ထွက်သွားလို့ ရမယ်လို့ ထင်ထား…” ထိုလူက အနက်ရောင် မျက်လုံးများဖြင့် ကြည့်သည်။ ထိုအခိုက်တွင် သူတို့အားလုံးမှာ ချောက်နက်ကြီး တစ်ခုထဲသို့ကျဆင်းသွားသည့်အလား ခံစားလိုက်ကြရသည်။

“မင်းတို့သာ ပြည်နယ်ကိုးခုထဲ ပုန်းအောင်း နေမယ်ဆိုရင် အခွင့်အရေး ရှိနိုင်သေးတယ် ... အခုတော့…”

ထိုသူ ထွက်သွားပြီး ထိုနေရာတွင်ကား လူသေ အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။

***

All Chapters