သနားစရာကောင်းသော
Vol. 011 Ch. 1013
အရှေ့ဘက်ပြည်နယ် တော်ဝင်မြို့တော်မှ လူများသည် ရွှေရောင် မီးတောက်များ လောင်ကျွမ်းနေသော နန်းဆောင်များအား ကြည့်ကာ ထိတ်လန့် နေကြသည်။ သူတို့အားလုံးမှာ ဆွံ့အကြရ၏။
“ကျောက်ပြည်ထောင် ထပ်မရှိတော့ဘူး…” တစ်ယောက်က ပြောလျှင် အားလုံးမှာ တုန်လှုပ်ကြရ၏။ အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေတစ်ခု ဖြစ်သော ကျောက်ပြည်ထောင်ကား ယခု ပျက်စီးသွားပြီ ဖြစ်သည်။ ထို့အပြင် သူတို့အား လူအနည်းငယ်မျှက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ကျောက်ရန်ဝမ်တို့ နှစ်ယောက်လုံး တိုက်ပွဲ၌ ကျဆုံးခဲ့ကြသည်။
“တော်ဝင်ကျဲနန်းတော်က တခြားလူတွေကော…” တစ်ယောက်က မေးသည်။ ရှန့်ထိုကျန့်က သူသည် တော်ဝင်စစ်ပွဲ၌ တော်ဝင်ကျဲ နန်းတော်ဘက်တွင် ပါဝင် တိုက်ခိုက်မည်ဟု ကြေညာ ထားသည်။ ထို့ကြောင့် ထောင်ကျန်း သည်လည်း ရှန့်ထိုဖြစ်ခဲ့၏။ ယခု သူတို့သည် ကျောက်ပြည်ထောင်သို့ ခရီး၌ လိုက်ပါခဲ့ခြင်း မရှိကြပေ။ နန်းတော်မှ တန်ခိုးရှင် အများအပြားမှာလည်း လိုက်ပါလာခဲ့ခြင်း မရှိခဲ့ကြ။ ဤတွင် သူတို့၏စိတ်က အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေ တစ်ခုထံသို့ ရောက်သွားကြသည်။
အကယ်၍ တော်ဝင်ကျဲ နန်းတော်သာ လက်စားချေလိုသည် ဆိုပါက သူတို့က အရှေ့ဘက် ပြည်နယ်တွင် ရှိသော တော်ဝင်မြေ နှစ်ခုအား ရွေးချယ်ကြမည် ဖြစ်သည်။ ဤနည်းဖြင့် သူတို့က တော်ဝင်မြေ တစ်ခုအား သွားရောက် တိုက်ခိုက်ပြီးပါက နောက်ထပ် တော်ဝင်မြေ တစ်ခုသို့ ဆက်လက် စစ်ကူပေးနိုင်ပေမည်။
သူတို့၏ ခန်းမှန်းမှု မမှားခဲ့ပါ။
ထိုအချိန်တွင် ရှီဟွာတောင်ရှိရာ ဟွာထန်းမြို့သို့ မရေမတွက်နိုင်သော တန်ခိုးရှင်များ စုစည်း လာကြသည်။ ကြီးမားသော ဖိအားသည် တော်ဝင်တောင် တစ်ခုလုံးအား ခြုံလွှမ်း လာခဲ့တော့၏။ ကြောက်မက်ဖွယ် ကောင်းသော အင်အားစုသည် တောင်တစ်ခုလုံးအား ဝန်းရံ လာကြတော့သည်။
ရှန့်ထိုကျန့်နှင့် ထောင်ကျန်းတို့သည် ရှီဟွာတောင်၏ အထက်ကောင်းကင် တစ်နေရာ၌ ရပ်နေကြသည်။ သူတို့က တိုက်ခိုက်ရန် အမိန့် မပေးကြသေးပေ။ သူတို့က ကျောက်ပြည်ထောင်မှ တိုက်ပွဲ ပြီးဆုံးသည်ကို သည်အတိုင်း စောင့်နေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် တော်ဝင်ကျဲ နန်းတော်မှ အင်အားစုမှာ နှစ်ခြမ်း ကွဲနေပေသည်။ ထို့ကြောင့် သူတို့က ချက်ချင်းအားဖြင့် မလှုပ်ရှား ကြသေးပေ။ ရီဖူရှင်းက ကျောက်ပြည်ထောင်ကို မြန်ဆန်စွာ အဆုံးသတ်လျက် ရှီဟွာတောင်သို့ ရောက်လာမည်ဟု သူတို့ ယုံကြည်ကြသည်။
မှန်သည် … ရှီဟွာတောင်မှ တန်ခိုးရှင်များ ဦးဆုံး တိုက်ခိုက်ပါက သူတို့ကလည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။ သူတို့က တောင်တစ်ခုလုံးအား ဝန်းရံထားခြင်းဖြစ်ရာ သူတို့က အချိန်မရွေး တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေသည်။
သိမ်းငှက်နက်သည် ရှန့်ထိုကျန့်နှင့် ထောင်ကျန်းတို့အား လှည့်ပတ် ပျံသန်းလျက် ပြောသည်… “ကျောက်ပြည်ထောင် ကျဆုံးသွားပြီ။ ကျောက်ပြည်ထောင် ဘုရင်နဲ့ ကျောက်ရန်ဝမ်တို့ ဆုံးပါးသွားကြပြီ”
ရှန့်ထိုကျန့်က ထိုစကားများကို ကြားကာ ထူးဆန်းသည်ဟု မခံစားရပေ။ မရဏဓားနတ်မယ်၊ ကျေးရွာခေါင်းဆောင်နှင့် မှန်နန်းတော် သခင်မတို့ ပူးပေါင်း တိုက်ခိုက်လျှင် ကျောက်ကျိမင်နှင့် ကျောက်ရန်ဝမ်တို့မှာ သေချာပေါက် သေဆုံးရပေမည်။
ရီဖူရှင်းမှာလည်း သူ၏ ဆေးစမ်းသပ်မှုကို ပြီးဆုံးသွားပြီ ဖြစ်ကာ ယခုတွင် ရှန့်ထိုအဆင့်မှလွဲ၍ မည်သူကမှ သူ့အား ယှဉ်နိုင်မည် မဟုတ်တော့ပေ။
ထိုသတင်းများကို တော်ဝင်ကျဲနန်းတော်မှ လူများသာ ရသည်မဟုတ်ဘဲ ရှီဟွာတောင်မှ လူများလည်း သိကြရပေသည်။ ရှီဟွာတောင်တွင် ရှန့်ထိုကျန့်နှင့် ထောင်ကျန်းတို့အား စိုက်ကြည့်နေသော တန်ခိုးရှင်တစ်စု ရှိသည်။ သူတို့အနီးတွင် မိန်းမငယ် တစ်ယောက်လည်း ရှိ၏။ သူမသည် ရှီဟွာတောင်မှ လျူကျောင်း၏ဇနီး ကျောက်စီရီ ဖြစ်၏။
“သေပြီ… ဟုတ်လား…” ရှီဟွာတောင် ရှန့်ထို၏အသံက အေးစက် နေသည်။ သူတို့အားလုံးက ကျောက်ပြည်ထောင်မှ သတင်းများကို စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။
“အဖေ ... သေသွားပြီ…” ကျောက်စီရီက ပြောသည်။ သူမ၏ မျက်လုံးများမှာ ငိုကြွေးထားသဖြင့် နီရဲနေ၏။
“ကျွန်မ ရီဖူရှင်းကို သတ်မယ်…” ကျောက်စီရီက အေးစက်စွာ ပြောသည်။
“မင်းကလား…” ရှီဟွာတောင်ရှန့်ထိုက သူမအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်သည်။
“ကောင်းပြီ … ဒါဆိုလည်း သူ့ကို သွားသတ်…” ရှီဟွာတောင်ရှန့်ထိုက အေးစက်စွာ ပြောသည်။
ကျောက်စီရီ၏ မျက်လုံးများက အေးခဲသွားသည်။ ရှီဟွာတောင် ရှန့်ထို၏လေသံများ ပြောင်းလဲသွားမှုကို သူမ ကောင်းကောင်း ခံစားမိ၏။
“ရှန့်ထို…” ကျောက်စီရီက ခေါင်းငုံ့လိုက်သည်။
“ဒါဆို ကျောက်ကျိမင်က တကယ် သေသွားတာပေါ့ … ဘယ်လောက် အသုံးမကျလိုက်တဲ့ အမှိုက်လဲ…” ရှီဟွာတောင် ရှန့်ထို၏လေသံက အေးစက်နေသည်။ ကျောက်ပြည်ထောင်မှ ရှန့်ထိုနှစ်ပါး သေဆုံးသွားလျှင် သူတို့၏ဖိအားမှာ လွန်စွာ ကြီးမားလာသည်။ တော်ဝင်ကျဲ နန်းတော်တွင် လက်ရှိ ရှန့်ထိုလေးပါး ရှိကာ မှန်နန်းတော် သခင်မကိုပါ ထပ်ပေါင်းပါက ရှန့်ထိုငါးပါး ဖြစ်သည်။ ရှီဟွာတောင်၌ လက်ရှိတွင် ရှန့်ထိုသုံးပါးသာ ရှိသည်။ သူ မည်သို့ ခံစားရမည်ကို ခန့်မှန်းနိုင်သည်။
“ရှန့်ထို … ကျွန်မအဖေက တိုက်ပွဲမှာ သေဆုံး သွားခဲ့တာ … ဘယ်လိုလုပ် အဲဒီလို ပြောထွက် ရတာလဲ…” ကျောက်စီရီ၏ မျက်လုံးများက ပိုမို နီရဲလာသည်။
ဖြန်း …
လက်ဝါးရိုက်ချက် တစ်ခုနှင့်အတူ ကျောက်စီရီ အဝေးသို့ လွင့်သွားသည်။ အကြီးအကဲ တစ်ယောက်က ကျောက်စီရီအား သူ၏လက်မောင်းအိုးဖြင့် ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။
“မင်း တော်တော် လွန်နေပြီ ကျောက်စီရီ…” အကြီးအကဲက အေးစက်သော လေသံဖြင့် ပြောသည်။ ကျောက်စီရီ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမက ထိုအကြီးအကဲကို သိပေသည်။ ယခင် သူမအဖေ အသက်ရှိစဉ်က ထိုအကြီးအကဲသည် သူမအား အမြဲတမ်း လေးစားစွာ ဆက်ဆံခဲ့၏။
သူမက ပါးစပ်ထောင့်မှ သွေးများအား လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက် သူမက ထိုအကြီးအကဲအား ဒေါသတကြီး ကြည့်ကာ ပြောသည်… “တကယ်လို့ ကျွန်မ ယောကျ်ားနဲ့ အဖေတို့သာ အသက်ရှိသေးရင် ရှင့်ကို ခေါင်းဖြတ်လိမ့်မယ်”
သူမကား ချက်ချင်းပင် ကျောက်ပြည်ထောင်၏ မင်းသမီးတစ်ပါး ဘဝမှ လူရာမဝင်သော အပယ်ခံပုံစံ ဆက်ဆံရခြင်းမှာ အကြီးကျယ်ဆုံးသော အရှက်ရမှု ဖြစ်ပေသည်။
အကြီးအကဲက မျက်မှောင်ကြုတ်လိုက်စဉ် ရှီဟွာတောင်ရှန့်ထိုက ပြောသည်… “နားငြီးတယ်…”
“ကျုပ် သူမကို ခေါ်သွားပါ့မယ် …” အကြီးအကဲက ပြောကာ ကျောက်စီရီထံသို့ လှမ်းလာသည်။ သူ့ထံမှ အားကောင်းသော လောကဓာတ်များ ကျောက်စီရီထံသို့ ဖိအားပေး လာသည်။
“ရှင်က ကျွန်မကို ဘယ်လိုလုပ် ထိရဲတာလဲ…” ကျောက်စီရီ၏ မျက်လုံးများက သွေးနီရောင်ပင် ထလာသည်။ သို့သော်လည်း အကြီးအကဲက အလေးထားဟန် မရဘဲ သူမ၏အင်္ကျီမှ ဆုပ်ကိုင်ကာ ဆွဲခေါ်သွားသည်။
“အား…” ကြီးစွာသော အရှက်ရမှုကြောင့် သူမ၏စိတ်မှာ ပြိုကွဲလုနီးပါး ဖြစ်လာသည်။ သို့သော်လည်း မည်သူကမှ ထိုမြင်ကွင်းအား အရေးမစိုက်ကြပေ။
ကျောက်စီရီက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောကာ အော်ဟစ်သည် … “ရှီဟွာတောင်ရှန့်ထို ... ရှင်က ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်…”
“မင်းက တကယ်ပဲ လွန်တယ်…” အကြီးအကဲက ပြောကာ သူ၏လက်မှ ပြင်းထန်စွာ စွမ်းအားများ သူမထံသို့ စီးဆင်း သွားစေသည်။ ထိုအခိုက်တွင် ကြီးမားသော အားလှိုင်းကြောင့် ကျောက်စီရီမှာ တုန်ယင်လာ၏။ ပါးစပ်မှလည်း သွေးများ စီးကျလာသည်။
“လျူကျောင်းက မင်းကို ကြိုက်တယ်လို့ ထင်လား…” အကြီးအကဲက ခေါင်းငုံ့ကာ သူမ၏နားသို့ ကပ်ပြောသည်… “ကျောက်ပြည်ထောင်က မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်သာ မရှိတော့ရင် မင်းသေတာ ကြာလှပြီ…”
လျူကျောင်းနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ယောက်လုံးမှာ သေဆုံးသွားပြီ ဖြစ်သည့်တိုင် သူမကား အခြေအနေကို နားမလည်သေးပေ။
“ဒါဆိုလည်း ကျွန်မကို သတ်လိုက်…” ကျောက်စီရီက အေးစက်စွာ ပြောသည်။
“မင်း သေချင်ရင် တောင်အောက်က ဆင်းသွာလိုက်…” အကြီးအကဲက သူမအား တွန်းလိုက်သည်။ ကျောက်စီရီကား လူသေနှင့် မခြားတော့ပေ။ မကြာခင် သူမအား ထိုအကြီးအကဲက တောင်ပေါ်မှ လွှင့်ပစ်လိုက်သည်။ တစ်ချိန်က အဆင့်အတန်း မြင့်မားသော သူမသည် ဤသို့သော အခြေအနေနှင့် ကြုံရမည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ဖူးပေ။
ကျောက်စီရီက ထရပ်ကာ မိမိကိုယ်ကို သပ်ရပ်အောင် ပြင်ဆင်သည်။ သူမက လျှပ်တစ်ပြက် တောင်အောက်သို့ ဆင်း၏။ အဝေးမှ တော်ဝင်ကျဲနန်းတော်၏စစ်တပ်များကို သူမမြင်သည်။ သူမက ထိုအရပ်ဆီသို့ လှမ်းသွား လိုက်၏။
တော်ဝင်ကျဲနန်းတော်မှ လူများက သူမအား အေးစက်စွာ ကြည့်နေကြသည်။ ရှေ့ဆုံး၌ ရပ်နေသူမှာ ယူချင်းဖြစ်သည်။
ပုံမှန်အားဖြင့် သူမက ယူချင်းကို သိပေသည်။ စစ်တုရင်ကျေးရွာ ကတည်း၌ သူမသည် ရီဖူရှင်းဘေးမှ ယူချင်းအား သိပေသည်။ ထိုစဉ်က ဘာမှ မဟုတ်သော ထိုသူသည် ယခု ပြည်နယ်ကိုးခု၌ လွန်စွာ နာမည် ကျော်ကြားသူများ ဖြစ်နေလေပြီ။
“ကျွန်မကို သတ်…” ယူချင်းအား ကြည့်ကာ သူမက ပြောသည်။
ယူချင်း၏ အေးစက်သော မျက်လုံးများက သူမကို ကြည့်ကာ ဘာမှ မလုပ်ပေ။ သူက အေးစက်စွာ ပြောသည်… “သတ်လိုက်…”
ထိုစဉ်မှာပင် လှံတစ်ချောင်းသည် သူမထံသို့ လွင့်လာခဲ့ပြီး ကျောက်စီရီ၏ နှလုံးအိမ်သို့ ထွင်းဖောက်သွား၏။
သူမကား ထိုနေရာတွင်ပင် ရပ်ကာ မည်သူက သူမအား သတ်လိုက်သည်ကိုပင် မသိပေ။ ယူချင်းက သူမအား သတ်ရန် အားထုတ်ခြင်းပင် မပြု။ သူမ၏ ခန္ဓာကိုယ်က အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသည်။
***