နှုတ်ဆက်ပါတယ် ... မင်းသမီး
Vol. 011 Ch. 1017
သည်နေရာမှာ ရီဖူရှင်း၏ အိပ်ဆောင်ဖြစ်ပြီး သူနှင့်အနီးကပ်ဆုံး သူများသာ တိုက်ရိုက် လာရောက် နိုင်ပေသည်။ ရှားရှင်းယွန်မှာ မင်းသမီးတစ်ပါး ဖြစ်သော်လည်း သူမအနေဖြင့် ရီဖူရှင်းအား လာတွေ့ရန် လူစေလွှတ် အသိပေး ရပေမည်။ ရှားရှင်းယွန်သည် အင်ပါယာရှားဘုံ၏ ဘုရင်မတစ်ပါး မဟုတ်သေးပေ။
ရီဖူရှင်း၏ အေးစက်သော မျက်လုံးများအား ရှားရှင်းယွန်က ကြည့်သည်။ သည်ခွေးကောင်ကား ယခင်လို စိတ်ကြီးဝင်နေဆဲ။
“ငါ့မှာ နင်နဲ့ စကားပြောစရာ ရှိတယ်” ရှားရှင်းယွန်က ပြောသည်။ ထို့နောက်တွင် သူမနှင့်ပါလာသူများ အပြင် ကျူးကော့မင်းယွီတို့လည်း အပြင်သို့ ထွက်သွားခဲ့ကြသည်။
ရီဖူရှင်းက ထရပ်ခြင်း မရှိဘဲ ပြောသည်... “မင်းသမီးက ဒီနေရာကို ကိုယ့်အိမ်လို သဘောထား နေတာလား”
ရှားရှင်းယွန်က ဘာမှ ပြန်မပြောပေ။ သူမအနေဖြင့် ရီဖူရှင်း၏ စိတ်နေ သဘောထားများဖြင့် အတော်အတန် ရင်းနှီးနေပြီး ဖြစ်သည်။ သည်လူကား အလွန် မာနကြီးသူ ဖြစ်၏။ သို့သော်လည်း သူ့တွင် ထိုသို့လုပ်ရန် အဆင့်ရှိပေသည်။
ရှားရှင်းယွန်က ရီဖူရှင်းရှေ့သို့ ရောက်လာကာ ထိုင်သည်... “ရှန့်ထိုကျဲက နင့်အသက်နဲ့ ဘာလို့ အလဲအလှယ်လုပ်တာလဲ သိလား”
ရီဖူရှင်း၏ စူးရှသော မျက်လုံးများက သူမအား ကြည့်သည်။ ဂျီယူသည် တော်ဝင်မြေခုနစ်ခု၏ ဝန်းရံ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည် ဖြစ်သော်လည်း အမှန်တရားကား ရှန့်ထိုကျဲကြောင့်သာ မဟုတ်ပါက သူမ သေမည် မဟုတ်ပေ။
“ရှန့်ထိုကျဲမှာ နိုဘယ်အဆင့် သားတစ်ယောက် ရှိတယ်။ သူက ကိုယ်လုပ်တော် တစ်ယောက်က မွေးတာပဲ။ တော်ဝင်စစ်ပွဲမှာ သူတို့ သားအမိ နှစ်ယောက်လုံး ပျောက်သွားကြတယ်” ရှားရှင်းယွန်က ပြောသည်။
“ဘယ်သူလဲ... ” ရီဖူရှင်း မေးသည်။
“အင်ပါယာရှားဘုံမှာ ဘယ်သူမှ ဒီလို မလုပ်ရဲဘူး။ ရှေးနန်းတော်ရာကို ဘယ်သူ စတွေ့ခဲ့တယ် ထင်လဲ” ရှားရှင်းယွန်က မေးသည်။
“အင်ပါယာလီဘုံက လူတွေ... ” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“အင်ပါယာလီဖြစ်စေ၊ အဖေဖြစ်စေ သူတို့ရဲ့ အမိန့်သီးသန့်ကိုပဲ နာခံတဲ့ အထူး လက်ရွေးစင်တွေ ဆိုတာ ရှိတယ်။ သူတို့ မျိုးဆက်တွေကလည်း ဒီလိုလူတွေကို ဘေးမှာ ထားလေ့ရှိတယ်။ အဲဒီ လူကိုးယောက်က လီယောင်ရဲ့လူတွေပဲ။ သူက အင်ပါယာလီဘုံရဲ့ မင်းသားပဲ” ရှားရှင်းယွန်က ဆက်ပြောသည်... “လီယောင်က ရှန့်ထိုကျဲကို သွားတွေ့ပြီးတော့ သူ့သားကို အင်ပါယာလီဘုံသို့ ခေါ်သွားပြီး လေ့ကျင့်ပေးဖို့ ပြောခဲ့တယ်။ ရှန့်ထိုကျဲက ရွေးချယ်စရာ မရှိတော့ သူကလည်း စစ်ပွဲထဲ နင့်ကို သတ်ဖို့ ကြိုးစားခဲ့တာပဲ”
“အင်ပါယာလီဘုံ ... လီယောင်...” ရီဖူရှင်းက ထိုနာမည်အား အရိုးထဲစွဲအောင် မှတ်သား ထားသည်။
“ကျောက်ပြည်ထောင်နဲ့ ရှီဟွာတောင် ပျက်စီးသွားတော့ နင် စိတ်ကျေနပ် သွားလား” ရှားရှင်းယွန်က သူ့အား ကြည့်ကာ ဆက်ပြောသည်။
“မင်းသမီးက ဘာကို ဆိုလိုတာလဲ” ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်ကာ မေးသည်။
“အဆုံးမဲ့ ပင်လယ်က ရှန့်ထိုတွေ တောင်းဆိုမှု တစ်ခု လုပ်ခဲ့ကြတယ်။ သူတို့က တော်ဝင်စစ်ပွဲမှာ ပါခဲ့တဲ့အတွက် တော်ဝင်ကျဲ နန်းတော်ကို တောင်းပန်ချင် ကြတယ်”
အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုမှာ ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့ ပျက်စီး သွားသည်ကို ကြည့်ပြီး အလွန်အမင်း ကြောက်ရွံ့ ခဲ့ကြသည်မှာ သေချာသည်။ သူတို့က ရွေးချယ်စရာ မရှိဘဲ တပည့်များ အားလုံးကိုပင် တော်ဝင်မြေမှ စွန့်ခွာ ထွက်ပြေး စေခဲ့ရ၏။
လက်ရှိတွင် ရီဖူရှင်းအား သတ်ရန် စဉ်းစားသည်ထက် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ သူတို့အတွက် ဥပမာများစွာ ရထားပြီးဖြစ်ရာ သူတို့အနေဖြင့် ရီဖူရှင်းအား သတ်ရန် ကြိုးစားရင်း မိမိတို့ အားလုံးသာ သေသွားနိုင်သည်ဟု ကောက်ချက် ချကြသည်။
“တောင်းပန်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်... ” ရီဖူရှင်းက မဲ့ပြုံးပြုံးသည်... “ကျုပ်က ဒါကို လက်ခံမယ်လို့ ထင်ပါသလား ... မင်းသမီး... ”
“ငါသိသလောက် အဆုံးမဲ့ ပင်လယ်က တော်ဝင်မြေတွေ တော်ဝင်ကျဲ နန်းတော်နဲ့ ရန်ငြိုးရန်စ သိပ်မရှိဘူး။ သူတို့က တော်ဝင်စစ်ပွဲထဲ ဝင်ပါတာက သူတို့ကို တော်ဝင်ရတနာတွေ ပေးမယ်လို့ ရှန့်ထိုကျိက ကတိပေးခဲ့တာကြောင့်ပဲ။ စစ်ပွဲကို နိုင်ခဲ့ရင် အချိန်နဲ့ လေဟာနယ်လှံကို ရဖို့ အခွင့်အလမ်း များတာကြောင့်လည်း သူတို့က ပါဝင်ခဲ့ကြတာပဲ။ နင်က တကယ်ပဲ သူတို့ကို သတ်ဖို့ လိုလို့လား” ရှားရှင်းယွန်က ရှင်းလင်းသည်။ ရီဖူရှင်းက တော်ဝင်မြေသုံးခုကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ တော်ဝင်အလင်း နန်းတော်ကိုမူ အလွတ်ပေးမည် မဟုတ်ပေ။ ယခု အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခုကို ထပ်ပေါင်းလျှင် တော်ဝင်မြေခုနစ်ခု ဆုံးရှုံးပျက်စီးမည် ဖြစ်သည်။ ပြည်နယ်ကိုးခု အတွက် ထိုမျှ ဆုံးရှုံးမှုသည် အလွန်ကြီး၏။ သို့သော်လည်း ရီဖူရှင်း တစ်ယောက်တည်းသည် ပြည်နယ်ကိုးခုလုံးထက် တန်ဖိုးရှိသည်ဟု သူမအဖေက အမှန်တကယ် ပြောခဲ့၏။
“တော်ဝင်ကျဲ နန်းတော်မှာ စစ်ပွဲထဲ ကျဆုံးသွားတဲ့သူတွေကို ဂုဏ်ပြု တည်ဆောက်ထားတဲ့ အမည်မဲ့ အမှတ်တရ ကျောက်တိုင်တစ်ခု ရှိတယ်။ ကျုပ်ကို ပြောတဲ့ စကားတွေ သူတို့ကို သွားပြောပါ မင်းသမီး ...” ရီဖူရှင်းက အေးစက်စွာ ပြောသည် ... “ဒါပေမဲ့ ဒါက အင်ပါယာရှား ကိုယ်တိုင်ရဲ့ အမိန့် ဆိုရင်တော့ ကျုပ်က လိုက်နာမယ်”
ရှားရှင်းယွန်၏ လှပသော မျက်လုံးများက ရီဖူရှင်းအား ကြည့်သည်။ သူကား အမှန်တကယ်ပင် သူမကို ဤသို့ ပြန်ပြောရဲသူ ဖြစ်၏။
“အချိန်နဲ့ လေဟာနယ်လှံက အဆုံးမဲ့ ပင်လယ်ရဲ့ ဆရာသခင် ပင်လယ်ဘုရင် ပိုင်တာပဲ။ အခု နင်က သူ့ရဲ့မျိုးဆက် အမွေကို လက်ခံ ရရှိခဲ့မှတော့ နင်က အဆုံးမဲ့ပင်လယ်ရဲ့ ဆရာသခင် ဖြစ်နိုင်တာပဲ။ အဆုံးမဲ့ပင်လယ်က တော်ဝင်မြေတွေကို နင့်လက်အောက်မှာ ခစားပါစေ” ရှားရှင်းယွန်က ပြောသည်။
“မလုံလောက်ဘူး... ” ရီဖူရှင်းက ပြောသည်။
“တခြား လိုအပ်တာတွေ ရှိသေးလား... ” ရှားရှင်းယွန်က အေးစက်စွာ မေးသည်။
“အဆုံးမဲ့ပင်လယ်က ရှန့်ထိုတွေ ကိုယ်တိုင် သူတို့လူတွေကို ဦးဆောင်ပြီး တော်ဝင်ကျဲ နန်းတော်ရဲ့ အမှတ်တရ ကျောက်တိုင်မှာ လာရောက် အမှားဝန်ခံဖို့ လိုအပ်တယ်” ရီဖူရှင်းက အေးစက်စွာ ပြောသည်... “ဒါက ကျုပ် အမြင်သက်သက်ပဲ။ တော်ဝင်ကျဲ နန်းတော်က ဒီအချက်တွေကို သဘောတူမလား ဆိုတာကိုတော့ ကျုပ်က ထပ်မေးရဦးမယ်။ ကျုပ်က တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်ပေမဲ့ ဒီကိစ္စကတော့ အားလုံးရဲ့ အမြင်နဲ့ သက်ဆိုင်တယ်” ရီဖူရှင်းက ပြောသည်။
ရှားရှင်းယွန်က ရီဖူရှင်းအား စိုက်ကြည့်သည်။
“နောက်ဆုံးတစ်ခု ... တော်ဝင်စစ်ပွဲကြောင့် ပြည်နယ်ကိုးခု ညီလာခံကို အရင်နှစ်က မလုပ်ခဲ့ရဘူး။ ဒါကြောင့် တော်ဝင်ကျဲ နန်းတော်က ဒီနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ စေချင်တယ်” ရှားရှင်းယွန်က မေးသည်။
“အဆင်ပြေပါတယ်” ရီဖူရှင်းက တွန့်ဆုတ်ခြင်း မရှိဘဲ ဖြေသည်။
မြေရိုင်း ပြည်နယ်သည် အားနည်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်မှာ အင်အားကြီးလာသည် မှန်သော်လည်း မြေရိုင်း ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အနေဖြင့်မူ အားနည်းပေ သေးသည်။
ပြည်နယ်ကိုးခု ညီလာခံကို ကျင်းပခြင်းဖြင့် မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ အားလုံးအတွက် ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင် အခြေအနေများအား ဖန်တီးပေး နိုင်ပေလိမ့်မည်။
“တကယ်လို့ တော်ဝင်မြေသုံးခုက ကျုပ် တောင်းဆိုချက်ကို သဘောတူရင် တော်ဝင်မြေသုံးခုသို့ သူတို့ လာရောက် တောင်းပန်တဲ့နေ့နဲ့ ပြည်နယ်ကိုးခု ညီလာခံ ကျင်းပတဲ့နေ့ အတူတူ ဖြစ်ရမယ်” ရီဖူရှင်းက ပြောသည်။
ရှားရှင်းယွန်က မေးသည်... “ဒါ ရက်စက်တယ်လို့ နင် မထင်ဘူးလား”
“သူတို့သာ တကယ် သစ္စာခံချင်တဲ့စိတ် ရှိရင် ဒါမျိုးကိစ္စကို ဖုံးကွယ် ဟန်ဆောင်နေဖို့မှ မလိုတာ” ရီဖူရှင်းက ပြန်ပြောသည်။
ရှားရှင်းယွန်က သူ၏ တည်ငြိမ်သော အမူအရာကို ကြည့်ကာ သင်ခန်းစာတစ်ခု အမှန်တကယ် ပေးချင်သည်။ ဟွာဂျီယူ ဆုံးပါးသွားပြီး နောက်ပိုင်း သူ့အား ရှားရှင်းယွန်သည် အမှန်တကယ် သနားကရုဏာ သက်မိ၏။ သို့သော် သူနှင့် စကားအနည်းငယ် ပြောရုံမျှက ထိုစိတ်များ အားလုံးကို ကြေပျက် သွားစေနိုင်သည်။
“အချိန်... ” ရှားရှင်းယွန်က မေးသည်။
“နောက်နှစ်ရဲ့ ပထမနေ့ ... ” ရီဖူရှင်းက ပြန်ပြောသည်။
ရှားရှင်းယွန်က ထရပ်ကာ နောက်လှည့် သွားရင်းက ပြောသည်... “နင်က တော်တော် ရင့်သီးတယ်”
“နှုတ်ဆက်ပါတယ်... မင်းသမီး...” ရီဖူရှင်းက ပြောသည်။ ရှားရှင်းယွန်က လက်သီး တင်းတင်း ဆုပ်သည်။ သို့သော်လည်း နောက်မလှည့်တော့ဘဲ အပြင်သို့ ဆက်ထွက် သွားသည်။
ကျူးကော့မင်းယွီနှင့် ပေ့ထင်ရှင်းအာတို့ အမှန်တကယ် ထွက်သွားခြင်း မရှိပေ။ သူတို့က အပြင်မှာ စောင့်နေကြ၏။ ရှားရှင်းယွန်က အေးစက်သော အမူအရာဖြင့် သူမ၏လူများကို ခေါ်ကာ ထွက်သွားသည်တွင် သူမက နားမလည်စွာ ကြည့်သည်။
“လို့လန်... တော်ဝင်ကျဲ နန်းတော်က အကြီးအကဲတွေကို သွားစုစည်း လိုက်ပါ။ ငါတို့မှာ ဆွေးနွေးစရာ ရှိတယ်” ရီဖူရှင်းက ပြောသည်။ လို့လန်ရွှီတို့ကား အလွန်ဝေးသော နေရာ၌ ရှိနေသည် မဟုတ်ပေ။ သူမက ခေါင်းညိတ်ကာ အပြင်သို့ ထွက်သွားသည်။
ရီဖူရှင်းက ထရပ်ကာ အခန်းအပြင်သို့ ထွက်လာသည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု၏ ကိစ္စရပ်များအား နန်းတော်မှ အကြီးအကဲများဖြင့် ဆွေးနွေး ရပေဦးမည်။
***