ကစားဖို့ ခေါ်လာတာ
Vol. 89 Ch. 1153
ကျောက်တုံးတွင်းအပြင်တွင် နတ်အလင်းတန်းတို့က ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ကို ဝန်းရံလှည့်ပတ်နေသည်။ အရောင်အဝါတို့သည် ကောင်းကင်ထက်သို့ပင် မြင့်တက်နေပြီး အလင်းတန်း ၄၉ တန်းက ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထား၏။ ၎င်းတို့အားလုံးမှာ မတူညီသော အရောင်ကိုယ်စီဖြင့် တောက်ပနေရာ ဒေါင်းတစ်ကောင် အမြှီးဖြန့်ကားထားသည်နှင့်ပင် တူချေသည်။
“ဒီရတနာမြေက ပေါ့သေးသေးတော့ မဟုတ်ဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်လာသည်။ သူသည် ကောင်းကင်နယ်စားမင်း၏ သားတော်ဖြစ်သည့်အလျောက် ကောင်းကင်နယ်စားမင်း၏သွေးကို အမွေဆက်ခံရရှိခဲ့၏။ ဤသို့ သွေးဆက်မျိုးက အရည်အသွေးအမြင့်ဆုံး ဖြစ်သောကြောင့် သူ့တွင် နာမည်ကျော်ကြားသော မဟာသဗ္ဗေရုပ်ခန္ဓာ ရှိလေသည်။ သူ့အတွက် မည်သည့် ကောင်းကင်နတ်သိုင်း၊ လမ်းစဉ်နှင့် သိုင်းကွက်များဖြစ်စေ ကျင့်ကြံရသည်မှာ အသေးအမွှားသာ ဖြစ်ချေသည်။
သူက ကျောက်တုံးတွင်းအပြည့် နေရာယူထားသော ဖရိုဖရဲချီများကို ကြည့်လိုက်သည်။ ဖရိုဖရဲချီမှာ ပေါ့သေးသေး မဟုတ်ချေ။ ဤကျောက်တုံးတွင်းမှ ဖရိုဖရဲချီများ စိမ့်ထွက်နေချေရာ ၎င်းသည် ဧရာမ ရတနာမြေကြီးတစ်ခု ဖြစ်လိမ့်မည်။ ကျောက်တုံးတွင်းထဲရှိ ရတနာများသည် ဖရိုဖရဲချီထက်ပင် ပို၍ အံ့ဩမှင်သက်ဖွယ်ကောင်းသည့် အဓိပ္ပာယ်ပင်။
“ကျန်တာတွေကို ထည့်မတွက်ရင်တောင် ဖရိုဖရဲချီတွေနဲ့ ဖရိုဖရဲကျောက်တုံးတွေက ရတနာအဖြစ် သွန်းလုပ်ဖို့သာ ခက်တာ... အဲ့ဒါတွေကိုယ်တိုင်ကိုက အံ့မခန်းလိလိ ရတနာတွေ ဖြစ်နေတုန်းပဲ… ဖရိုဖရဲကျောက်တုံးတွေကို သုံး၊ နတ်ဘုရားရုပ်တုတွေ သွန်းလုပ်ပြီးတော့ ကမ္ဘာလောကတွေအပေါ် ဖိနှိပ်နိုင်တယ်… ဘယ်သူက ဒီလိုရတနာမျိုးကို တောင့်ခံနိုင်မလဲ”
သူသည် ကျောက်တုံးတွင်းထဲသို့ လျှောက်သွား၍ အသံကို နိမ့်ကာ ပြောနေ၏။ “ကျောက်တုံးတွင်းထဲမှာ တခြားရတနာတွေ မရှိရင်တောင်မှ ဖရိုဖရဲကျောက်တုံးကနေ ဖြစ်ပေါ်လာတဲ့ ဒီတောင်နှစ်လုံးကို လက်နက်အဖြစ် သွန်းလုပ်ရတယ်… အဲဒါတွေကို ကြာပွတ်လက်နက်အဖြစ် သွန်းလုပ်လိုက်ရင် ငါ့အဖေကို သတ်ရတာ ပိုလို့တောင် လွယ်သွားဦးမယ်” ပ
သူ ထိုသို့တွေးနေစဉ် မြေပြင်သည် ရုတ်တရက် တုန်ခါလာ၍ တောင်တန်းများမှာ လှုပ်ခါလာ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကြောင်အသွားသည်။ ဖရိုဖရဲကျောက်တုံးကြီးနှစ်တုံးကြောင့် ဖွဲ့တည်နေသော တောင်နှစ်လုံး ပြိုကျလာသည်ကို သူ မြင်လိုက်ရလေသည်။
ဖရိုဖရဲကျောက်တုံးများ ပြိုကျလာခြင်းက တစ်လောကလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည်။ သူပင်လျှင် မပူပန်မိဘဲ မနေချေ။
ဖရိုဖရဲတောင်တန်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ၎င်းသည် ပြိုလဲနေပုံမပေါ်ဘဲ တစ်ခုလုံး ကွယ်ပျောက်တော့မည့်ပုံပင်။
ရှေးဟောင်းနတ်ဘုရားဘုရင်က အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ဖရိုဖရဲတောင်တန်းသည် တခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကျကာ လေးလံသော ဖရိုဖရဲကျောက်တုံးများမှာ ပြိုကျနေသည့် ကျောက်တုံးတွင်းအား ဖိချ၍ မြေကြီးထဲ မြုပ်၀င်သွားစေတော့သည်။
ဖရိုဖရဲတောင်များ ပြိုကျသွားလျှင်ချင်း ဖရိုဖရဲကျောက်တုံးအတွင်း၌ ကိန်းဝပ်နေသော ဖရိုဖရဲချီများကား အုန်းခနဲ ထွက်လာတော့သည်။ ကျယ်ပြော၍ အဆုံးအစမဲ့သော ချီတို့က တဟုန်ထိုး ရွေ့လျားလာသော မြူခိုးများကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကြသည်။
လေလှိုင်းများ ခပ်ပြင်းပြင်း ဖြတ်တိုက်လိုက်ရင်း မြေပြင်မှာ ဆက်လက်နစ်မြုပ်နေပြီး နတ်ရွှေတို့ဖြင့် ဖုံးလွှမ်းထားသော နတ်တောင်တန်းများမှာ ပိုမိုသေးငယ်ကုန်ကြသည်။ ကောင်းကင်တွင် ပျံသန်းနေသည့် ဟင်းလင်းပြင်သားရဲများနှင် မြေအောက်တွင် တိုးဝှေ့သွားလာနေသည့် ဟင်းလင်းပြင်သားရဲများပင်လျှင် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြ၏။ သူတို့မှာ အချိန်မီ မထွက်ပြေးနိုင်လိုက်ပေ။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဖရိုဖရဲချီ၏ သက်ရောက်မှုကို ခုခံရင်း ရင်တဒိန်းဒိန်း ခုန်နေမိသည်။ သူက ကျောက်တုံးတွင်းဆီသို့ ကြည့်လိုက်သည့်အခါ မြေကြီးထဲသို့ နစ်၀င်နေသည့် ဧရာမအက်ကွဲကြောင်းကြီးနှစ်ကြောင်း ဖြစ်ပေါ်လာပြီးသည်ကို တွေ့လိုက်ရသည်။
“ဘာတွေ ဖြစ်သွားတာလဲ” သူ့မှာ မအံ့ဩ မငေးမောမိဘဲ မနေနိုင်ချေ။
ထိုအခိုက်အတန့်တွင် မြေအောက်မှ တုန်ခါမှုများနှင့် အသက်ပြင်းပြင်းရှူသံများ ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင် လန့်ဖျပ်သွား၏။ “ဒီနေရာမှာ အသက်ရှင်နေသေးတဲ့ ကြောက်စရာ မကောင်းဆိုးဝါးတစ်ကောင်များ ရှိနေသေးတာလား… အဲ့အကောင်က ကျောက်တုံးတွင်းကို ဖျက်ဆီးလိုက်တာများလား”
မြူခိုးထဲတွင် ဖရိုဖရဲကျောက်တုံးများက အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်နေကြပြီး ကောင်းကင်ထက်သို့ မြောက်တက်သွားကြသည်။ ၎င်းတို့သည် ကြယ်တာရာများကဲ့သို့ အပေါ်မှ ပြန်ကျလာကြကာ မြေပြင်ကို ကွဲသွားစေပြီး အပေါက်ကြီးများ ဖြစ်ပေါ်လာစေ၏။
ဖရိုဖရဲချီသည် ကျယ်ပြောပြီး သူ၏အမြင်အာရုံကို ပိတ်ကွယ်ထားသဖြင့် အတွင်းမှ မည်သည့် မကောင်းဆိုးဝါး ပြေးထွက်လာနေသည်လဲ မမြင်ရချေ။
'မကောင်းဆိုးဝါး' သည် ကျောက်တုံးတွင်းထဲ၌ နစ်မြုပ်နေပုံရပြီး ထွက်လမ်းကို တူးနေပုံပင်။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ပို၍ပင် သတိကြီးလာပြီး ကောင်းကင်နန်းဆောင်များလည်း သူ့အနောက်တွင် မျောလွင့်လျက် ဖွဲ့တည်လာသည်။ ဤအသွင်မှာ သူ ပြသနေကျ မဆင်မခြင်ရိုင်းစိုင်းသည့် အမူအရာနှင့် လုံးလုံးလျားလျား မတူချေ။
နဂါးဟန်၊ ချိမင်၊ ချုံဧကရာဇ်နှင့် ခိုင်ဧကရာဇ်ခေတ်များကို ဖြတ်သန်းနေထိုင်၍ ကောင်းကင်နတ်အရှင် ဖြစ်လာသူများသည် အရူးများ မဟုတ်ကြချေ။
သူသည် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သော်လည်း ဂရုတစိုက် ထိန်းထိန်းသိမ်းသိမ်း ရှိနေ၏။ ဘိုးဘေးနန်းတော်ကဲ့သို့ အန္တရာယ်များသော နေရာတစ်နေရာနှင့် ရင်ဆိုင်နေရချိန်တွင် လက်လွတ်စပယ် မပြုမူနိုင်ချေ။
တခဏကြာသော် ‘မကောင်းဆိုးဝါး’ က ဖရိုဖရဲကျောက်တုံးများ လွှင့်ပစ်နေသည့်ကို ရပ်ကာ လမ်းလျှောက်ထွက်လာသည်။ အသံတစ်သံက ပျော်ရွှင်စွာ ပြောလိုက်သည်ကို သူ ကြားလိုက်ရ၏။ “နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီဟေး… လုံပိ၊ မမကြီးယန်အာ… အခု ထွက်လာလို့ရပြီ”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာကြီးမှာ ထိုအသံကို ကြားသည်နှင့် အီးမှန်သွားသည့်အလား ပုပ်သိုးသွားတော့သည်။
တခဏကြာသော် ချင်မူက နဂါးချီလင်နှင့် ယန်အာကို ပြိုကျနေသော နေရာထဲမှ ခေါ်ထုတ်လာသည်။ သူ ဖန်သားကောင်းကင်စေတီကို သိမ်းလိုက်စဉ် ဖရိုဖရဲချီအတွင်း၌ ရပ်နေသော ရှေးဟောင်းနတ်ဘုရားဘုရင်ကို တွေ့လိုက်ရ၏။ သူက ရှေးဟောင်းနတ်ဘုရားဘုရင်ကို ခေါင်းညိတ်ပြလေသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ဟမ့်ခနဲ အသံပြု၍ စိတ်မပါလက်မပါ ပြော၏။ “ကောင်းကင်နတ်အရှင်မူက သွားတဲ့နေရာတိုင်းကို ပျက်စီးစေတယ်လို့ ပြောတာ ကြားဖူးတယ်…. အစက မယုံခဲ့ပေမယ့် ဒီနေ့တော့ ကောလဟာလတွေက အမှားမဟုတ်ဘူးဆိုတာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပြီ… ဒီကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းနဲ့ ဖရိုဖရဲတောင်တန်းဆိုတာ ဘိုးဘေးနန်းတော်ထဲမှာ နှစ်သန်းပေါင်း ရာနဲ့ချီအောင် ဘေးကင်းလုံခြုံစွာ တည်ရှိခဲ့ကြတာ…. မင်းနဲ့ တွေ့တာနဲ့ချက်ချင်း ပျက်စီးသွားလိမ့်မယ်လို့ ဘယ်သူက မျှော်မှန်းမိမှာလဲ”
ချင်မူမှာ ကြောက်လန့်နေသော အသံအနေထားဖြင့် ပြောလိုက်သည်။ လန့်နေသည်။ “မြှောက်နေပြန်ပြီ... တူလေးကတော့ မြှောက်နေပြန်ပါပြီ”
ရှေးဟောင်းနတ်ဘုရားဘုရင်က “တူလေး” ဟူသည့် စကားလုံးကို ကြားသည်နှင့် မျက်ခုံးပင့်လိုက်သည်။ “ကျောက်တုံးတွင်းထဲမှာ ဘယ်လို ရတနာကို တွေ့ခဲ့တာလဲ…. ထုတ်စမ်းပါဦး”
ချင်မူက ခေါင်းရမ်းလျက် သက်ပြင်းချနေသည်။ “ဒီနေရာမှာ ဘာရတနာများ ရှိမှာမလို့လဲ… အမှန်ပြောရင် ဒီနေရာက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို မွေးဖွားပေးခဲ့တဲ့ ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းနဲ့ ဆင်တူတဲ့ နေရာလေးတစ်နေရာရယ်ပါ… ခင်ဗျား ကျွန်တော့်နောင်တော်ဆီကနေ ကြားပြီးသားဖြစ်မှာပေါ့… ကောင်းကင်နယ်စားမင်းလေ ဟုတ်တယ်မလား…. ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ကျုမျိုးနွယ်စုရဲ့ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲကနေ မွေးဖွားလာခဲ့တာ…. သူက အသက်အကြီးဆုံး နတ်ဘုရား ဖြစ်ပြီး အစက ဥအနေနဲ့ပဲ ရှိခဲ့တာ… ဒါပေမဲ့ မဟာဧကရာဇ် ဥဖောက်ပေးလိုက်တော့ မွေးဖွားလာခဲ့တာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။ သူက အက်ကွဲကွဲအသံဖြင့် ပြောလေသည်။ “မင်း ပြောချင်တာ ဒီနေရာမှာလည်း ရှေးဟောင်းနတ်ဘုရားဥတစ်လုံး ရှိနေတဲ့ အဓိပ္ပာယ်လား…. ဒီကျောက်တုံးတွင်းရဲ့ ရှေးဟောင်းနတ်ဘုရားကို မင်း ယူထားတာပေါ့ …ဟုတ်တယ်မလား… ငါ့ကို ပေးစမ်း”
ချင်မူက ပြုံးလျက် ပြော၏။ “တူလေး၊ ဒီကျောက်တုံးတွင်းရဲ့ ရှေးဟောင်းနတ်ဘုရားက ဖြစ်တည်လာပြီးတော့ ကျောက်တုံးတွင်းထဲက ဝိညာဉ်စွမ်းအင်ကို ကုန်သွားစေခဲ့တာ ကြာပြီ…. ကျွန်တော် ဒီနေရာကို ဝင်လာတုန်းက ကျောက်တုံးတွင်းကို မတော်တဆ ထိခဲ့မိတယ်…ရလဒ်အနေနဲ့ ကျောက်တုံးတွင်း ပြိုကျသွားခဲ့တယ်… ဆိုတော့ ဘာရတနာမှ မရခဲ့ဘူး…. ကျွန်တော် သံသယဖြစ်မိတာက…”
သူက ဟိုဟိုသည်သည် ကြည့်လျက် အေးအေးလူလူ ပြောသည်။ “ရှေးဟောင်းနတ်ဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ ဖြစ်တည်မှုတစ်ခု ရှိနေတဲ့အပြင် သူက ဘိုးဘေးနန်းတော်ထဲမှာ ပုန်းနေတယ်… ဘယ်သူသိမှာလဲ… အခု ကျွန်တော်တို့ကို ကြည့်နေတာလည်း ဖြစ်နိုင်တာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခတ်သွားကာ သူက ဟိုဟိုသည်သည် ကြည့်လိုက်၏။ ထို့နောက် ပြုံးလျက် ပြောသည်။ “စကားလုံးတွေက သက်သေမဟုတ်ဘူး…. မင်းက ကျောက်တုံးတွင်းထဲကို ရောက်ဖူးတယ်…. မင်းတစ်ယောက်ပဲ ရှေးဟောင်းနတ်ဘုရားဥတွေ ရှိလား…ရတနာတွေရှိလား သိတာ…. ချင်မျိုးရိုး…. ငါ မင်းကို တစ်စက်မှ ကြည့်မရဘူး…. ငါ့ကို မင်းရဲ့ ရတနာတွေပေးရင် အသက်ရှင်ခွင့်ပေးမယ်”
သူက မာန၀င့်ကြွားစွာ ပြောသည်။ “အခြားသူတွေက မင်းကို မသတ်ရဲပေမယ့် ငါကတော့ သတ်ရဲတယ်… ငါကတော့ သူတို့လို အမြတ်အရှုံးတွေ တွက်ချက်မနေဘူး…. ငါ့ရဲ့ဘိုးဘေးတွေကိုတောင် သတ်ရဲတယ်”
ချင်မူသည် အပြုံးမဟုတ်သည့် အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်၏။ “ခင်ဗျား မသတ်ရဲပါဘူး… ခင်ဗျား ဒီထဲ၀င်လာတုန်းက ခေါ်လာပေးခဲ့တဲ့သူက ကျွန်တော်ပဲ…. အပြင်ကို ခေါ်သွားပေးမယ့်သူကလည်း ကျွန်တော်ပဲ… ကျွန်တော့်ကို သတ်လို့မရဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်၀န်းထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာတော့သည်။
ချင်မူက ပေါ့ပေါ့ပါးပါး ပြောသည်။ “တူလေး၊ ကျွန်တော်ခေါ်လာလို့ ဒီနေရာမှာ ခင်ဗျား လာကစားခွင့်ရတာနော်… ကျွန်တော်သာ ခေါ်မလာရင် ကြည့်ရုံကြည့်နေရမှာ”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသအမျက်တစ်ချောင်းချောင်း ထွက်သွားပြီး အေးစက်စွာ တုံ့ပြန်၏။ “ငါ မင်းကို အကျဉ်းချ၊ နှိပ်စက်၊ အရှက်ကွဲအောင် လုပ်ပြီး ခြေ၊လက်တွေ ဆွဲဖြဲပစ်လို့ရတယ်… မင်းရဲ့ မူလဝိညာဉ်ကိုလည်း နှိပ်စက်လို့ရတယ်… မင်း မခံနိုင်တော့လို့ သေသွားပါစေလို့တောင် ဆုတောင်းနေရလိမ့်မယ်”
ချင်မူသည် ခပ်ဖွဖွ ရယ်၍ အေးအေးဆေးဆေးပင်။ “ခင်ဗျားက တကယ်ဂရုမစိုက်ဘူးပဲ… ကျွန်တော့်မှာ တာအိုမိတ်ဆွေတွေရှိတယ်… ဒီနေရာကို ဝင်ရောက်ခဲ့တဲ့ ကောင်းကင်နတ်အရှင်တွေထဲမှာ ခင်ဗျားကလွဲရင် အားလုံးက တာအိုမိတ်ဆွေတွေပဲ… ဒီနေရာရဲ့အဖြစ်အပျက်က ကြီးမားလွန်းတယ်… သူတို့ သတိမထားမိဘဲ နေပါ့မလား… ခင်ဗျား အခု သေချင်တယ်ဆိုရင် လှုပ်ရှားလိုက်ရုံပဲနော်”
ရှေးဟောင်းနတ်ဘုရားဘုရင်က ရယ်လျက် ဦးညွှတ်အရိုအသေပေး၏။ “မှားသွားပါတယ်.. ဦးရီးတော်… တောင်းပန်ပါတယ်…ခွင့်ပြုပါဦး… ခွင့်ပြုပါဦး”
ချင်မူက တရိုတသေ ပြန်ပြောလိုက်၏။ “တူလေး၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့… ထုံးစံတွေ မလိုပါဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်က အပြုံးဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။ ရုတ်တရက် သူသည် တုံ့ခနဲ ရပ်၍ ပြုံးကာ ပြော၏။ “ဦးရီးတော်၊ မင်း အခုလေးတင် သုံးလိုက်တဲ့ ရတနာက ဖရိုဖရဲတောင်တွေကို ထောက်ကန်ပေးနိုင်တယ်နော်…. တကယ်ကို အံ့မခန်းပဲ… ငါ ကောက်ချက်ချတာ မမှားရင် အဲ့ဒါက နှစ်ခြောက်သိန်းကြာ ပျောက်ကွယ်သွားခဲ့တဲ့ တစ်လောကလုံးရဲ့ နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား”
ချင်မူ့မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားတော့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က တဟားဟား အော်ရယ်လိုက်၏။ သူ့ခန္ဓာကိုယ်က ကောင်းကင်ကို ထိုးခွင်းပျံသန်းသွားသည့် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားချေသည်။
ချင်မူမှာ သူ ထွက်သွားသည်ကို ကြည့်၍ ရေရွတ်လိုက်မိသည်။ “ကောင်းကင်နယ်စားမင်း၊ ခင်ဗျားကတော့ သားလိမ္မာလေး မွေးထားတာပဲ…”