← Chapters

ရှေးကတည်းက ဥစ္စာဓနသည် လောဘစိတ်ကို လှုံ့ဆော်ခဲ့သည်မဟုတ်လော

Vol. 89 Ch. 1154

ရှေးကတည်းက ဥစ္စာဓနသည် လောဘစိတ်ကို လှုံ့ဆော်ခဲ့သည်မဟုတ်လော

Vol. 89 Ch. 1154

“တစ်လောကလုံးရဲ့ နံပါတ်တစ်‌ ရတနာ၊ ဖန်သားကောင်းကင်စေတီ ငါ့လက်ထဲ ရောက်နေမှန်း ဘယ်သူမှ မသိခဲ့ဘူး... ခုတော့ ကောင်းကင်နတ်အရှင်ရှစ်ပါး သိသွားပြီ”

ချင်မူသည် ပြုံးစစဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေ၏။ ဤနေရာ၏ အခြေအနေမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့လေသည်။ ကမ္ဘာဦးအစ ကျောက်တုံးတွင်းတစ်တွင်း၏ ပြိုကျမှုက ကောင်းကင်နတ်အရှင်များ၏ အာရုံကို သေချာပေါက် ဖမ်းစားလိမ့်မည်။ ရှောင်၊ ချန်း၊ ဟောင်၊ ကုန်း၊ လန်ရွှမ်နှင့် ကျန်ရှိသူများအနေဖြင့် ကိုယ်တိုင် ရောက်မလာလျှင်တောင်မှ အသိစိတ်အလျဉ်များ ပို့လွှတ်ကာ စောင့်ကြည့်နိုင်သေးသည်။ ချင်မူ ဖရိုဖရဲ‌တောင်၏အတွင်းထဲမှ ထွက်လာသည်ကို မမြင်ကောင်း မမြင်နိုင်သည့်တိုင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ စကားကိုတော့ ကြားသွားကြလိမ့်မည်။

ချင်မူ့အမြင်တွင် ဖန်သားကောင်းကင်စေတီမှာ တစ်လောကလုံး၏ နံပါတ်တစ် ရတနာဟူသော စံနှုန်းထားအား မမှီပေ။ လက်ရာက ကြမ်းတမ်းလွန်းသည်။ ရှေးဟောင်းနတ်ဘုရားဥ ရှိနေ၍သာ အစွမ်းထက်နေခြင်းပင်။

သို့သော် စွမ်းအားနှင့် အပြောင်းအလဲနေရာတွင် ဖန်သားကောင်းကင်စေတီသည် အမှန်တကယ် အင်အားကြီးမားကာ ကြောက်စရာကောင်း၏။ ဤရတနာအား ဝင်္ကပါများ ခင်းကျန်း၍ အစွမ်းထက်ရန်သူများအား သတ်ဖြတ်ရန် အသုံးပြုနိုင်သည်။ သိုင်းအဆင့်ကိုလည်း မလိုအပ်‌ပေ။ ဖန်သားကောင်းကင်စေတီထံ ဆုတောင်းလိုက်ရုံမျှနှင့် ရနိုင်သည်။

ဤကဲ့သို့ ရတနာမျိုးအား မတပ်မက်ဘဲ နေကြမည်မဟုတ်။

ချင်မူနှင့် ဆက်ဆံရေးကောင်းမွန်သော နတ်ဘုရင်ကုန်းယွင်ပင် ခြွင်းချက်မဟုတ်ပေ။

ချင်မူနှင့် ကုန်းယွင်က မိမိ၏အကျိုးအမြတ်အတွက်သာ ရေလိုက်ငါးလိုက် နေကြရင်း တစ်ယောက်ကိုတစ်ယောက် အသုံးချသူများဖြစ်သည်။ ရင်းနှီးကြခြင်းမဟုတ်။ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟုန်သာ ဖန်သားကောင်းကင်စေတီအပေါ် မတပ်မက်မည့်ပုံရသည်။

ကောင်းကင်နတ်အရှင်ရှောင်အနေဖြင့် ဖန်သားကောင်းကင်စေတီအပေါ် လောဘစိတ် မဝင်နိုင်သော်လည်း ထိုက်ရှီ၏ ဥကို ချိတ်ပိတ်ထားခဲ့သူမှာ သူပင် ဖြစ်ပြီး အာဏာကို အရေးထားသူလည်း ဖြစ်သည်။ သူသည် ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်နောက်တစ်ပါး မွေးဖွားလာမည်ကို သေချာပေါက် ခွင့်ပြုမည်မဟုတ်ပေ။

အခြားရှေးဟောင်းနတ်ဘုရားဥများက သူ့နည်းတူ ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းများမှ မွေးဖွားလာကြသည်။ သို့သော် ကောင်းကင်နတ်အရှင်ရှောင်တဖြစ်လဲ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ မွေးဖွားလာမှုမှာ မဟာဧကရာဇ်၏ စနက်ကြောင့် မချောမွေ့ခဲ့ပေ။ ထိုက်ချူသည် ဖန်ဆင်းရှင်တို့၏ ပူဇော်စွမ်းအားများကိုသာ စုပ်ယူခဲ့ရသည့်အတွက် သူ၏ကြီးထွားမှုက မပြည့်စုံခဲ့ဘဲ ရှိခဲ့၏။ ဥခွံထဲရှိ ‘ဥအရည်ကြည်’ များကိုပင် အပြည့်အဝ မစုပ်ယူခဲ့ရသလို၊ ကမ္ဘာဦးအစ နတ်ကျောက်တုံးနှင့် ကမ္ဘာဦးအစ မူလကျောက်တုံးကိုလည်း မစုပ်ယူခဲ့ရချေ။

ထိုအရာက သူ၏အားနည်းချက်ကြီး ဖြစ်လာသည်။ သူ၏အစွမ်းအစများသည် အမြင့်ဆုံးအဆင့်တွင် မဟုတ်သေးပေ။

ကျန်ရှေးဟောင်းနတ်ဘုရားဥများအတွက်မူ အပြည့်အဝ ရုပ်လုံးပေါ်လာနိုင်မည့် အလားအလာ ရှိကြသောကြောင့် သူ့ထက်ပင် ပို၍ သန်မာအားကောင်းလာနိုင်ကြသည်။

ကောင်းကင်နတ်အရှင်ရှောင် သို့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူလို အာဏာရူးတစ်ယောက်အတွက် ထိုအခြင်းအရာကို သည်းခံနိုင်ပါမည်လော။

“ကောင်းကင်နယ်စားမင်းရဲ့ သားကတော့ ငါ့ကို ဒုက္ခနဲ့ လှလှ တွေ့အောင် လုပ်လိုက်ပြီ”

ချင်မူက ဖန်သားကောင်းကင်စေတီကို ထုတ်ကာ ရတနာအား ဖွက်နေသည်ကို ရပ်လိုက်သည်။ သူက ဖရိုဖရဲပင်လယ်အတွင်းမှ နဂါးချီလင်နှင့် ယန်အာကို ခေါ်ထုတ်လာ၏။

“အဲဒီလိုဆိုမှတော့ ပုန်းနေစရာမလိုတော့ဘူး”

ချင်မူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “ငါ လာလုတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ပေးပစ်လိုက်မယ်.... အဲဒါဆို ဘယ်ကောင်းကင်နတ်အရှင်က ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေ တိုက်ခိုက်တာကို ခုခံနိုင်တဲ့အထိ အားကောင်းသန်မာလဲ မြင်ရမှာပဲ”

ဖရိုဖရဲပင်လယ်၏အပြင်တွင် ချင်မူနှင့် ယဉ်ပါးနေ‌သော ဟင်းလင်းပြင်သားရဲက စောင့်နေ၏။ ဤသားရဲသည် တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော ဂယက်များကြားထဲ မသေသွားခဲ့ပေ။

ချင်မူလည်း ခုန်တက်လိုက်ရင်း ယန်အာနှင့် နဂါးချီလင်ကို ဟင်းလင်းပြင်သားရဲ၏ ဦးခေါင်းအပေါ် ခေါ်လိုက်သည်။ ထို့နောက် ဖန်သားကောင်းကင်စေတီ၏ အကူအညီဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပြုံးလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါ မသေနိုင်ပါဘူး.. ငါ သေရင် ဒီကနေ ဘယ်သူမှ ထွက်သွားနိုင်မှာမဟုတ်ဘူး... ဘိုးဘေးနန်းတော်ရဲ့ ချိတ်တံဆိပ်ကို ချိုးဖျက်ပစ်မှပဲ ထွက်သွားနိုင်မှာ”

ကောင်းကင်ထက်တွင် အသိစိတ်အလျဉ်တစ်ခုပြီးတစ်ခု အလျင်အမြန် ထွက်သွားကြသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် မျက်နှာအမူအရာ အပျက်ပျက်အယွင်းယွင်းဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူက ရုတ်တရက် လက်ဖဝါးကို ‌မြှောက်လိုက်ရာ နတ်ကျောက်တုံးများနှင့် ကျောက်တုံးကျောက်ခဲမျိုးစုံ လေပေါ် မြောက်တက်သွားပြီး ခမ်းနားတင့်တယ်သော နန်းတော်တစ်ခုအသွင် ဖွဲ့တည်သွားသည်။

ကောင်းကင်နတ်အရှင်ဟောင်က တခဏ စဉ်းစားပြီးနောက် အနန္တတာအိုကောင်းကင်လှည်းဘီးကို ထုတ်ကာ နန်းဆောင်မုခ်၀ရှေ့တွင် ချိတ်လိုက်၏။ သူက အသံကို နှိမ့်ကာ မြည်တွန်တောက်တီးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီ‌လူက လူရမ်းကားပဲ.. တောကြုံအုံကြားက မွေးလာတဲ့ ကလေကချေကောင်... ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိဘူး”

နတ်ဧကရာဇ်လန်ရွှမ်သည် ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ရေကန်အား သိမ်းပိုက်ထား၏။ နဂါးသွဲ့ရေကန်ထဲတွင် ကမ္ဘာဦးရေကြည် များများစားစား မရှိသော်လည်း အနည်းငယ်တော့ ကျန်သေးသည်။ ဤနေရာကလည်း ရတနာမြေတစ်‌ခု ဖြစ်လေသည်။

ကမ္ဘာဦးရေကြည်က ဒဏ်ရာဟူသမျှကုသပေးနိုင်သည်။ သိုင်းအဆင့်ကို မြှင့်တင်ကာ မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်ကိုလည်း တိုးမြှင့်ပေးနိုင်၏။ သာမန်ကာလျှံကာတော့ မဟုတ်ချေ။

ထိုမျှသာမက အနီးရှိ နေရာကား ‌အမိကမ္ဘာမြေ ဖွားမြင်လာခဲ့သော မြေ ဖြစ်သည်။ အမိကမ္ဘာမြေကို မွေးဖွားပေးခဲ့သည့်နေရာ ဆိုသည့်အတိုင်း ရတနာအမြောက်အများ ရှိချေသည်။

“ချင်မူ၊ ဒီလူက ဖန်သားကောင်းကင်စေတီကို ပြောင်ပြောင်တင်းတင်း ထုတ်ခဲ့တာဆိုတော့ ဒဲ့သွားလုတာ မကောင်းဘူး… ဒါပေမဲ့ အခုအခြေအနေက သူ့ကို သတ်မရတဲ့ အဓိပ္ပာယ်ပဲ… သူက တကယ်ကြီး မသေနိုင်တာဟ… စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”

နတ်ဧကရာဇ်လန်ရွှမ်က ၀င်္ကပါအမျိုးမျိုး နေရာချရင်း ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်အား စုပ်ယူနေချေသည်။ နဂါးသွဲ့ရေကန်ကို အခွင့်ကောင်းယူ၍ ဝိညာဉ်စွမ်းအင်မှာ ကမ္ဘာဦးရေကြည်အဖြစ် အလျင်အမြန် ပြောင်းလဲသွား၏။

ကမ္ဘာဦးခေတ်၏ ဖန်ဆင်းရှင်များတွင် ‌မျိုးဆက်သစ်များလို အသိဉာဏ်ဗဟုသုတ မကြွယ်ဝသောကြောင့် ကမ္ဘာဦးရေကြည်အား အသစ်ဖန်တီးမရနိုင်ဟု ထင်ခဲ့ကြသည်။ သို့သော် သူသည် မျိုးဆက်သစ်၏ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့်အတွက် ဘိုးဘေးနန်းတော်၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ ကမ္ဘာဦးရေကြည်ကို ဖန်ဆင်းနေသည်။ ၎င်းက သဘာ၀အတိုင်း ဖြစ်တည်လာသော ကမ္ဘာဦးရေကြည်လောက် အရည်အသွေး မကောင်းမွန်သော်လည်း သိပ်မကွာလှချေ။

ဘိုးဘေးနန်းတော်၏ ရတနာများကို တူးဖော်ခြင်းဆိုသည်မှာ သဘာ၀ရတနာများကို တူးဖော်ခြင်းဟုသာ မဆိုလိုပေ။ ဘိုးဘေးနန်းတော်၏ ဆန်းပြားမှုကို အသုံးချကာ ရတနာများ ဖန်တီးနိုင်ကြသည်။

“ငါ ဖန်သားကောင်းကင်စေတီကို လုယူလိုက်ရင် အဲ့လူအိူကြီးတွေ ငါ့ကို ပျော်ပျော်ကြီး ဝိုင်းသတ်ကြလိမ့်မယ်”

သူက ခေါင်းရမ်းလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်က တကယ်ကို ပါးနပ်တာပဲ… ဒီလို ခက်ခဲတဲ့ ပြဿနာကို ခေါင်းရှောင်ခဲ့တယ်”

နတ်အရှင်မချန်းလည်း အဖိုးတန်မြေတစ်မြေအား သိမ်းပိုက်ထားသည်။ အခြားသူများနှင့် ယှဉ်လျှင် သူမသည် ဘိုး‌ဘေးနန်းတော်အကြောင်း ပိုသိ၏။ ကျန်ကောင်းကင်နတ်အရှင်များက အလွန်သိသာထင်ပေါ်ပြီး အရေးပါသော နေရာများကို ရွေးချယ်ခဲ့ကြသော်လည်း သူမကတော့ ချောင်ကျနုံချာသော နေရာလေးတစ်နေရာကိုသာ ရွေးထားသည်။

ဤကျောက်တုံးတွင်းမှာ တစ်ချိန်က နတ်ဘုရင်ရှုကျွင်း သိမ်းပိုက်ခဲ့သော ကျောက်တုံးတွင်းဖြစ်သည်။ အပြင်ပန်းက စုတ်စုတ်ချာချာ ရွာအိုကြီးတစ်ရွာနှင့် တူသော်လည်း အတွင်း၌ စကြ၀ဠာတစ်ခု ကိန်း၀ပ်နေ၏။

သူမသည် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းအတွက် ကောင်းကင်နတ်အရှင်ရှောင်နှင့် မတိုက်ခိုက်ခဲ့ချေ။ သူမသာ တိုက်ခိုက်ခဲ့ပါက ဟင်းလင်းပြင်သားရဲမိခင်ကို ဆင့်ခေါ်ရမည်ဖြစ်ရာ သူမ၏သရုပ်မှန် ပေါ်သွားနိုင်ချေရှိ၏။ ပေးဆပ်ရသည့် တန်ဖိုးက မြင့်မားလွန်းသည်။

“ဖန်သားကောင်းကင်စေတီက ကောင်းပေမယ့် အဲ့ဒီရတနာက အန္တရာယ်များလွန်းတယ်”

နတ်အရှင်မချန်းသည် သူမ၏ နန်းဆောင်ကို တည်ဆောက်ပြီးဖြစ်၏။ သူမက လေထဲသို့ ထီးတစ်ချောင်း ပစ်လွှတ်လိုက်ရာ ၎င်းက သူမပိုင်နက်ကို အုပ်မိုးသွားသော အကာအကွယ်အဖြစ် ပြောင်းလဲသွားချေသည်။

နန်းဆောင်ထဲတွင် နတ်အရှင်မချန်းက မွေ့ယာထက်၌ ဘေးတ‌စောင်း လှဲနေသည်။ သူမအသွင်မှာ ဆွဲဆောင်မှုရှိ၍ ညှို့အားပြင်းနေပြီး သူမက နူးညံ့စွာ ရယ်နေသည်။ “ဖန်သားကောင်းကင်စေတီထဲက ရတနာက ရှေးဟောင်းနတ်ဘုရားဥတစ်လုံးပဲ…. အဲ့ဒါက စွဲမက်စရာကောင်းပြီးတော့ ဘယ်လိုတောင်းဆိုမှုမဆို လိုက်‌လျောပေးနိုင်တယ်… တကယ်တမ်းကျ အဲ့ဒါက အသုံးပြုသူရဲ့‌ တောင်းဆိုချက်ကို အသုံးချပြီး သူ့ကိုယ်သူ သန်မာစွမ်းအားကြီးလာအောင် လုပ်နေတာပဲ…. အဲဒီဥက အရင်က ကုန်းယွင်ရဲ့ မင်္ဂလာလက်ဆောင်ပဲ… ဒါပေမဲ့ တစ်ခုခု မှားနေတာကို ငါ သတိထားမိခဲ့တာနဲ့ ထိုက်ချူနောက်တစ်ယောက် ပေါ်လာမှာစိုးလို့ ချိပ်ပိတ်ခဲ့လိုက်တာ”

“အဲ့ဒီနောက်တော့ ဒီဥနဲ့ အခြားရတနာတွေကို မြောက်နတ်မင်းလိပ်နက်က ယူသွားခဲ့တယ်… မြောက်နတ်မင်းလိပ်နက်ဆိုတာကလည်း ငါ့မျိုးနွယ်စုက ယဇ်ပူဇော်မှုကနေတစ်ဆင့် ဖန်ဆင်းထားတဲ့ နတ်ဘုရားတစ်ပါးပဲ…. သူတို့အတွဲက ဉာဏ်တိမ်လွန်းတယ်…. ဥကို ရတနာအဖြစ် သန့်စင်ခဲ့တယ်တဲ့….. တုံးမှန်း သိသာလိုက်တာ”

သူမက ဖြည်းညှင်းသိမ်မွေ့စွာ ထလိုက်သည်။ “ကောင်းကင်နတ်အရှင်ကုန်းရဲ့ နေရာကို သွားလည်ပြီးတော့ အတင်းလေးဘာလေး‌ တုတ်ရင်း ညီအစ်မသံယောဇဉ် ခိုင်မာအောင် လုပ်လိုက်ဦးမယ်”

ကောင်းကင်နတ်အရှင်ဟုန်သည်လည်း ရတနာမြေတစ်မြေ ရွေးချယ်ထား၏။ သို့သော် ဤရတနာမြေက ကွာခြားလေသည်။ ၎င်းက ကောင်းကင်နတ်မြစ်နှင့် ကြယ်တာရာတို့၏ အရင်းအမြစ်ဖြစ်ခဲ့သော ဧရာမရေကန်ကြီးပင်။ နောက်ပိုင်းတွင် ကောင်းကင်က မြင့်တက်သွားခဲ့ရာ ကောင်းကင်နတ်မြစ်လည်း မြင့်တက်သွားခဲ့သည်။

ဖန်ဆင်းရှင်များကြားတွင် ဖန်ဆင်းရှင်ကြယ်တာရာသခင်များလည်း ရှိကြသည်။ ကောင်းကင်နတ်မြစ်၏ အရင်းအမြစ်ကို စတင်အခြေခံ၍ သူတို့သည် တောက်ပသော ကြယ်တာရာများကို ဖန်ဆင်းခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်ကြ၏။ ကောင်းကင်နယ်စားမင်းနှင့် ကြယ်တာရာအရှင်သခင်တို့သည် ဆင်တူသော တာအိုတို့မှ မွေးဖွားလာခဲ့ကြသူများ ဖြစ်လေသည်။

ထိုအချိန်မှစ၍ ကောင်းကင်နတ်မြစ်နှင့် ရွှမ်တုမှာ မြေပြင်ထက်မှ မြင့်သထက် မြင့်တက်သွားခဲ့ခြင်း ဖြစ်ပေသည်။

ရွှမ်တု၏ မူလဇစ်မြစ်မှာ ဤရေကန်ကျယ်ကြီး ဖြစ်ခဲ့၏။

‘ငါ ဘိုးဘေးနန်းတော်ကို ဖြိုခွဲလိုက်ရင် ငါ့ရွှမ်တုလည်း ပြိုကျလာမှာလား… အဲ့အချိန်ကျရင် ကောင်းကင်တာအိုက မရှိလောက်တော့ဘူးမလား”

ကောင်းကင်နတ်အရှင်ဟုန်က ဟိုဟိုသည်သည် ကြည့်ကာ သက်ပြင်းခပ်ဖွဖွ ချလိုက်၏။ သူလည်း ကိုယ်ပိုင်နန်းဆောင် တည်ဆောက်၍ ရတနာမြေအား ဖိနှိပ်ရန် ကောင်းကင်နတ်အရှင်အဆင့် ရတနာများကို အသုံးပြုရန် ပြင်ဆင်ထားခဲ့သည်။ သူက စိတ်ထဲမှ တွေးနေသည်။ “ဖန်သားကောင်းကင်စေတီရဲ့ ရှေးဟောင်းနတ်ဘုရားဥက ကောင်းကင်နတ်အရှင်မူ ခေါ်လာလို့ ဒီနေရာကို ရောက်လာခဲ့ပြီ… အဲ့ဒါက ကောင်းချီးလား ကျိန်စာလား ငါ တွေးမိတယ်…. ကောင်းကင်မှာက စည်းမျဉ်းတွေ ရှိသလို ကောင်းကင်တာအိုကလည်း မျက်နှာမလိုက်ရဘူး…. ငါ ဘာလုပ်သင့်သလဲ”

သူသည် အချိန်အကြာကြီး တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေရင်း မလှုပ်ချေ။

မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲတွင် ကောင်းကင်နတ်အရှင်ရှောင်က ဓားကိုမြှောက်၍ ကျောက်တုံးတွင်းထဲသို့ ဖိချလိုက်သည်။ သူက ဖရိုဖရဲကျောက်တုံးတွင်းဆီသို့ လှည့်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။ “အဓိပ္ပာယ်မရှိတာ….. ထိုက်ယီကျောက်တုံးတွင်း ပြိုကျသွားပေမယ့် အဲ့ဒီကြောက်စရာဖြစ်တည်မှုက ပေါက်ဖွားခဲ့ပြီးပြီ… ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ် မကျိုးပျက်သေးတာပဲ တော်သေးတယ်”

ကောင်းကင်နတ်အရှင်ကုန်းကလည်း ဖရိုဖရဲကျောက်တုံးတွင်းထံ လှမ်းကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်နေ၏။ ထိုအခိုက်အတန့်တွင် နတ်အရှင်မချန်း၏ အသံကို ကြားလိုက်ရလေသည်။ သူမက ပြုံးပျော်စွာနှင့် လှမ်းခေါ်သည်။ “ညီမတော်ကုန်းရေ၊ တို့ လာလည်တယ်နော်”

ကောင်းကင်နတ်အရှင်ကုန်းက အကြည့်လွှဲ၍ ပြုံးပြလိုက်သည်။ “အစ်မတော်ချန်း၊ အထဲမှာ ၀င်ထိုင်လှည့်ပါ”

ချင်မူက ဖန်သားကောင်းကင်စေတီကို ကိုင်ထားပြီး ဟင်းလင်းပြင်သားရဲသည် သူ့ကို သယ်ကာ ပြေးနေ၏။ ရက်အနည်းငယ်ကြာသော် ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ့အရှေ့တွင် ကောင်းကင်နတ်အရှင်ယန်၏ နန်းဆောင်ကို တွေ့လိုက်ရလေသည်။

All Chapters