ထိုက်ကျိတွင်း
Vol. 89 Ch. 1155
“ဒီကျောက်တုံးတွင်းကို နတ်အရှင်မယန် သိမ်းထားပြီလားဟ”
ချင်မူမှာ အတော်လေး စိတ်ပျက်သွားသည်။ နတ်အရှင်မယန်သည် ကောင်းကင်နတ်ဧကရာဇ် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် အရှင်မယွမ်မု ဖြစ်လိမ့်မည်။ ဘိုးဘေးနန်းတော်နှင့်ပတ်သက်၍ များစွာသိထားသည့်အားလျော်စွာ တတ်နိုင်သမျှ အကောင်းမွန်ဆုံး ရတနာမြေတစ်မြေကို ရွေးချယ်လိမ့်မည်မှာ အသေအချောပင်။
နတ်အရှင်မယန်က သူ ရောက်လာသည်ကို အာရုံရလိုက်သဖြင့် ကြောင်ဖြူလေးကို ပွေ့လျက် နန်းတော်ထဲမှ ထွက်လာသည်။
ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည့်အခါ နတ်အရှင်မယန်ကလည်း ပြန်လည်နှုတ်ဆက်သည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက တစ်လောကလုံးရဲ့ နံပါတ်တစ် ရတနာကို ထုတ်ကြွားခဲ့တာနော်.... ဟင်းလင်းပြင်သားရဲတွေ အဲဒါအပေါ် တပ်မက်စိတ် ဝင်ပြီး နင့်ကို စားပစ်မှာ မကြောက်ဘူးလား”
ချင်မူက ပြုံးလိုက်သည်။ “ဟင်းလင်းပြင်သားရဲတွေကို မကြောက်ပါဘူး... ဘိုးဘေးနန်းတော်ထဲက ကောင်းကင်နတ်အရှင်တွေကိုပဲ ကြောက်ရတာ”
နတ်အရှင်မယန်သည် ဟက်ခနဲ ရယ်လိုက်၏။ “နင့်ရဲ့ မှော်အစီအရင်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ မပါရင် ဘယ်သူမှ ထွက်မသွားနိုင်ပါဘူး... ဘိုးဘေးနန်းတော်ရဲ့ ချိတ်တံဆိပ်ကို သူတို့ ချိုးဖျက်ရဲမှာလည်း မဟုတ်ဘူးဆိုတော့ နင် ဖန်သားကောင်းကင်စေတီ ထုတ်ကြွားတာကို လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်ကြလိမ့်မယ်”
သူမက လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်လိုက်ရင်း မေးသည်။ “ဖန်သားကောင်းကင်စေတီရဲ့ ဇစ်မြစ်ကို ကောင်းကင်နတ်အရှင်မူ သိလား”
ချင်မူမှာ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး သူမကို ရှင်းပြပေးရန် ကျိုးကျိုးနွံနွံ တောင်းဆိုလိုက်သည်။ “ကျေးဇူးပြုပြီး သင်ပြပေးပါ မမကြီး”
နတ်အရှင်မယန်၏ ရင်ခွင်ထဲရှိ ကြောင်ဖြူက ခွီးခနဲ လှမ်းအော်ကာ ခြိမ်းခြောက်သည့် အမူအရာ လုပ်ပြသည်။ ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ငါက သူရဲ့မျက်နှာသာပေးတာ ခံရဖို့ မင်းနဲ့ ပြိုနေတာ မဟုတ်ပါဘူးကွာ... ဘာလို့ အူတိုပြီး ငါ့ကို ခြောက်နေတာလဲ”
နတ်အရှင်မယန်က ကြောင်ဖြူလေးကို ပွတ်သပ်ရင်း ပြုံးလိုက်၏။ “ရှောင်ချီက သာမန်ကြောင် မဟုတ်ဘူး... အကောင်းနဲ့အဆိုး ခွဲခြားသိတဲ့ ဝိညာဉ်ကြောင်တစ်ကောင်ပဲ.... ကောင်းကင်နတ်အရှင်မူက လူကောင်းမဟုတ်ဘူး တွေးမိလို့ ငါ့ကို သတိပေးတာ နေမှာပါ... ဒီကြောင်လေးက အဖြူလေးမလား”
ချင်မူမှာ မည်သည်ကိုမှ မစဉ်းစားမိဘဲ ခေါင်းညိတ်နေသည်။ “အဖြူပေါ့ဗျာ... ပြီးတော့ ဖွံ့ဖွံ့ထွားထွားကြီး”
နတ်အရှင်မယန်က တခစ်ခစ် ထရယ်လိုက်ပြီး နဂါးချီလင်က ချောင်းလှမ်းဟန့်လေသည်။
ထိုအခါမှ ချင်မူလည်း သတိဝင်သွားပြီး ကပျာကယာ ပြောလိုက်၏။ “ကြောင်အကြောင်း မပြောကြစို့... မမကြီး၊ ဒီရတနာရဲ့ ဇစ်မြစ်အကြောင်း မပြောရသေးဘူးနော်”
“ဒီရတနာကို မြောက်နတ်မင်းလိပ်နက်တို့ မောင်နှံ မဟာဧကရာဇ်ကျူယွီရှစ်ရဲ့ ရတနာတိုက်ထဲ ဝင်မွှေပြီးနောက်ပိုင်း သွန်းလုပ်ခဲ့ကြတာ... ဘိုးဘေးနန်းတော်ရဲ့ ရတနာထောင်ပေါင်းများစွာနဲ့ ပေါင်းစည်းဖွဲ့တည်ထားတာလည်း ဖြစ်တယ်... စေတီအပေါ်က စက်လုံးကတော့ ရှင်းမျိုးနွယ်ရဲ့ ကျောက်တုံးတွင်းကနေ ကောက်ရခဲ့တဲ့ဟာပဲ... အရင်တုန်းကတော့ ဆုတောင်းပြည့်ကျောက်တုံးလို့ ခေါ်ကြတယ်”
နတ်အရှင်မယန်သည် ဆက်ပြော၏။ “တောင်းဆုမှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ ကျောက်တုံးပေါ့လေ.... ကျောက်တုံးက ကမ္ဘာလောကထဲက ရတနာတွေကို ထိန်းချုပ်ပြီး ရတနာတွေရဲ့ စွမ်းအားကို အသက်သွင်းပေးတယ်... ဒြပ်ထုတွေကို ပြောင်းလဲနိုင်တဲ့အတွက် ဖန်ဆင်းရှင်တွေရဲ့ မြင်ယောင်ဖန်ဆင်းကျင့်စဉ်တွေထက်တောင် ဆန်းပြားထူးကဲသေးတယ်... အဲဒီဆုတောင်းပြည့်ကျောက်တုံးက မြေကြီးကို ရွှေဖြစ်စေနိုင်တယ်... မိန်းမကို ယောက်ျားဖြစ်စေနိုင်တယ်... ရေကို ငါးဖြစ်စေနိုင်တယ်... ဒီရတနာဟာ ရှင်းမျိုးနွယ်ကို တိုးတက်ကြီးပွားလာအောင် လုပ်ပေးပြီး ကျူယွီရှစ်နဲ့ ယှဉ်လာနိုင်တဲ့အထိ ကူညီပေးခဲ့တယ်.. ဒါပေမဲ့ ဒီဥထဲက ဖြစ်တည်မှုက ကောင်းကင်နတ်ဧကရာဇ်နောက်တစ်ပါးအပြင် တခြားမဟုတ်ဘူး”
ချင်မူက ကျေးဇူးတင်လိုက်သည်။ “ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်”
နတ်အရှင်မယန်က ပြုံး၏။ “နင် မီးနဲ့ မကစားသင့်ဘူး.. မဟာဧကရာဇ်လည်း ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ယူလာခဲ့ပြီးနောက်ပိုင်း အဆုံးသတ်မလှခဲ့ဘူး မဟုတ်လား”
ချင်မူ အံ့အားသင့်သွားသည်။
နတ်အရှင်မယန်က ပြောသည်။ “ဒါက ငါ့ပိုက်နက်ပဲ ကောင်းကင်နတ်အရှင်မူ... ရတနာမြေနောက်တစ်မြေသာ သွားရှာလိုက်ပါ”
ချင်မူလည်း နှုတ်ဆက်၍ ထွက်ခွာရန် ပြင်သည်။ ရုတ်တရက် သူက ရပ်ပြီး မေးလိုက်၏။ “ဘယ်သူက အရှင်မယွမ်မု၊ ဘယ်သူက ကောင်းကင်နတ်ဧကရီလဲ အရှင်မ သိလား”
နတ်အရှင်မယန်မှာ အနည်းငယ် မှင်သက်သွားလေသည်။ သူမက ခေါင်းယမ်းကာ ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်မူက သိလို့လား”
ချင်မူက ဖြေလိုက်၏။ “အရှင်မယွမ်မုနဲ့ ကောင်းကင်နတ်ဧကရီက ဘိုးဘေးနန်းတော်ကိစ္စကို လက်လွှတ်ခံမှာ မဟုတ်ဘူး... သူတို့ ဘယ်သူအဖြစ် လူပြန်ဝင်စားပါစေ သေချာပေါက် ထွက်လာမှာပဲ... ကျွန်တော့်မှာ အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာ ရှိတယ်.. အဲဒါနဲ့ အရှင်မယွမ်မုရဲ့ ဝိညာဉ်ကို ဆင့်ခေါ်နိုင်လောက်တာမလို့ ဘယ်သူက အရှင်မယွမ်မုအစစ်လည်း သိချင်မိတာပါ”