အတုနှင့် အစစ်၊ ထိုက်ကျိ
Vol. 89 Ch. 1156
ချင်မူ့အသိစိတ်အလျဉ်က လှိုင်းထလာပြီး ဤအနက်ရောင်သဲကန္တာရ၏ ဟင်းလင်းပြင်ထဲ ၀င်ရောက်သွား၏။ သို့သော် များပြားလှသော ဟင်းလင်းပြင်အလွှာများတွင် ပျံ့လွင့်နေသော အနက်ရောင်သဲမှုန်များကိုသာ မြင်လိုက်ရလေသည်။ ဟင်းလင်းပြင်သားရဲများပင်လျှင် ဤနေရာသို့ မဝင်ရောက်ရဲကြချေ။
သူက သဲမုန်တိုင်းအား ခုခံရန် အသိစိတ်အလျဉ်နံရံတစ်ခု ဖန်တီးလိုက်သော်လည်း မကြာခင် ၎င်းမှာ ဇကာပေါက်သဖွယ် ဖြစ်သွားသည်။
ရွှစ်... ရွှစ်... ရွှစ်
အနက်ရောင်သဲမှုန်များသည် သူတို့ခန္ဓာကိုယ်များကို ဖောက်ဝင်လာကာ အပေါက်များ ဗရပွဖြစ်သွားစေသည်။
ချင်မူ၊ ယန်အာ၊ နဂါးချီလင်နှင့် သူတို့ခြေထောက်အောက်ရှိ ဟင်းလင်းပြင်သားရဲမှာ သွေးလိမ်းလိမ်း ပေနေကြတော့သည်။ သို့သော် ဟင်းလင်းပြင်သားရဲသည် တစ်စုံတစ်ခု ၀င်ပူးခံနေရသကဲ့သို့ မရပ်တန့်ဘဲ အနက်ရောင်သဲကန္တာရဆီသို့ ဆက်လျှောက်နေ၏။
ချင်မူက ချီစွမ်းအင်ဖြင့် အကာအကွယ်နံရံကို အသွင်ပြောင်းကာ ပြန်လည်ဖွဲ့တည်လိုက်သော်လည်း မကြာမီ များပြားလှသော အပေါက်သေးသေးလေးများက ၎င်းပေါ်တွင် ပေါ်လာကြသည်။
သူက သွန်းလုပ်ထားသော ဓားကျိုးကို ထုတ်၍ ၎င်းအတွင်းသို့ သူ၏စွမ်းအားတို့ ပေါင်းထည့်လိုက်သည်။ ဓားကျိုးသည် ထွန်းလင်းစွာ တောက်ပသွားပြီး သဲမုန်တိုင်းအား ခုတ်ပိုင်းလိုက်၏။ တချွင်ချွင်မြည်သံများနှင့်အတူ ဓားကျိုးပေါ်တွင် သူ ခတ်နှိပ်ထားခဲ့သော အဏုစိတ်အမှတ်အသား မှေးမှိန်သွားလေသည်။
ချင်မူ ရင်ထဲတွင် ထိတ်သွားသည်။ ဤဓားကျိုးသည် ဘိုးဘေးနန်းတော်၏ ရှားပါးရတနာများမှ သွန်းလုပ်ထားခြင်းဖြစ်ပြီး အကောင်းဆုံးကုန်ကြမ်းတို့ဖြင့် ပြုလုပ်ထား၏။ ရွှေအပင်လျှင် ချင်မူ၏ ပန်းပဲပညာကို ချီးကျူးမဆုံးတော့ဘဲ အခြေခံမှန်သမျှ တတ်မြောက်၍ ပန်းပဲကောင်းကင်နန်းဆောင်ကို တည်ဆောက်နိုင်ပြီဟု တွေးထင်ခဲ့လေသည်။
သို့သော် အနက်ရောင်သဲကန္တာရ၏ အနက်ရောင်သဲမှုန်တို့ဖြင့် ရင်ဆိုင်ရသည့်အခါ ဤဓားကျိုးပင်လျှင် ခံနိုင်ရည်မရှိချေ။
သူက ချက်ချင်း ဖန်သားကောင်းကင်စေတီကို ထုတ်ကာ ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြန့်ချစေလိုက်သည်။ ကောင်းကင်ဘုံတို့သည် တဝေါဝေါ လည်ပတ်လျက် သူတို့နှင့် ဟင်လင်းပြင်သားရဲကို ကာကွယ်ပေး၏။ သို့သော် ကောင်းကင်ဘုံ ၂၈ ဘုံမှာလည်း အနက်ရောင်သဲမှုန်၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်။
လေပြင်းများ၊ သဲမှုန်များက ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြတ်ကာ တဝေါဝေါ တိုက်ခိုက်နေသည်။ ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာများပင်လျှင် တွန်းထိုးတိုက်ခိုက်ခံရမှုကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲကုန်ကြသည်။
ထိုသဲမှုန်များမှာ မည်သည့်အရာမှန်း မသိရသော်လည်း အင်မတန် ကြောက်မက်ဖွယ်ကောင်းချေသည်။ အမာကြောဆုံး နတ်သတ္တုများဟုပင် ဆိုရမည်။
ချင်မူက ဖန်သားကောင်းကင်စေတီကို မှီထားရင်း သူတို့နှင့် ဟင်းလင်းပြင်သားရဲအား ကာကွယ်ရန်အတွက် ကောင်းကင်ဘုံ ၂၈ ဘုံကို အတတ်နိုင်ဆုံး ထိန်းပေးထားသည်။
ဟင်းလင်းပြင်သားရဲသည် အနက်ရောင်သဲမှုန်များကို တောင့်ခံရင်း ကန္တာရအတွင်းပိုင်းထဲသို့ ဆက်သွားနေ၏။
“ဒီသဲကန္တာရကလည်း ရတနာမြေတစ်မြေပဲ… အနက်ရောင်သဲမှုန်ကို ရတနာတွေ သွန်းလုပ်ဖို့ သုံးလို့ရတယ်…. ဒါပေမဲ့ ဒီနေရာက ၀င်ရောက်ဖို့ ခက်ခဲလွန်းတယ်”
နဂါးချီလင်က ပြုတ်ကျလာသော အနက်ရောင်သဲမှုန်တစ်မှုန်ကို ကောက်ယူလိုက်သည်။ အနက်ရောင်သဲမှုန်တွင် သတ္တုအရောင်ရှိသည်ကို တွေ့လိုက်ရသော်လည်း မည်သည့်သတ္တုအမှတ်အသားကိုမှ မတွေ့ရချေ။ သဲမှုန်က အင်မတန် လေးလံနေသည်။
ဟင်းလင်းပြင်သားရဲက ခက်ခဲပင်ပန်းစွာဖြင့် ရှေ့ဆက်သွားနေသည်။ ဤနေရာ၌ နေရော လပါ မရှိသောကြောင့် အချိန်တစ်ခုအထိ လျှောက်လာပြီးနောက်ဆုံးတွင် သဲမုန်တိုင်းသည် ရပ်တန့်သွားပြီး ကောင်းကင်က ဖြည်းဖြည်းချင်း တောက်ပလာ၏။
ချင်မူက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက ဖန်သားကောင်းကင်စေတီကို ထောက်ပံ့ပေးထားရင်း အရှေ့သို့ ကဲကြည့်လိုက်ရာ သူ့အရှေ့တွင် အဖြူရောင်သဲကန္တာရတစ်ခုကိုသာ မြင်လိုက်ရသည်။
သဲမုန်တိုင်းများသည် အဖြူရောင်သဲကန္တာရတွင် တိုက်ခတ်နေပြီး နှိုင်းယှဉ်မရလောက်အောင် အံ့ဩငေးမောဖွယ်ကောင်းနေ၏။
အနက်ရောင်သဲကန္တာရနှင့် အဖြူရောင်သဲကန္တာရကြားတွင် ရှည်လျားကွေ့ကောက်နေသော တောင်တန်းတစ်စင်းသည် ရိုးရိုးသာမန်အရောင်အဝါတို့ဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ဤတောင်တန်းဘေးတွင် ဖန်တင်းရှင်တို့၏ ရွာဖြစ်ဟန်တူသော ရှေးဟောင်းအပျက်အစီး အမြောက်အများကို တွေ့ရနိုင်သည်။
ဖန်ဆင်းရှင်အချို့သည် တစ်နည်းနည်းဖြင့် သဲကန္တာရကိုဖြတ်ကာ ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့က အခြေချရန် ရွာတချို့တည်ခဲ့ပုံပင်။
တောင်တန်းကြား၌ သဲမှုန်တိုင်းများ မရှိပေ။ ထို့ကြောင့် ဟင်းလင်းပြင်းသားရဲသည် တောင်ခြေသို့ ရောက်သည့်အခါ ရပ်တန့်သွား၏။ ချင်မူက ခုန်ဆင်း၍ ခေါင်းမော့ကြည့်လိုက်သည်။ တောင်စွန်းမှာ နံရံတစ်ခုအလား မတ်စောက်နေသော်လည်း တောင်ကုန်းများ၊ မြစ်များ ရှိနေသည်။ သဘာ၀ပေါက်ပင်မျိုးစုံရှိပြီး အခြားနေရာများကဲ့သို့ ခြောက်ကပ်မနေချေ။
ထိုစဉ် တောင်တန်းပေါ်ရှိ တောအုပ် တုန်လှုပ်သွားသည်ကို မြင်လိုက်ရပြီး ဧရာမသားရဲကြီးတစ်ကောင်က ခေါင်းပြူထွက်လာသည်။
ဧရာမသားရဲကြီးမှာ ဟင်းလင်းပြင်သားရဲမဟုတ်ဘဲ ကမ္ဘာဦးခေတ်မှ သားရဲနောက်တစ်မျိုး ဖြစ်သည်။ ၎င်းသည် ဤနေရာတွင် ပုန်းနေခြင်းဖြင့် ဟင်းလင်းပြင်သားရဲတို့၏ သတ်ဖြတ်မှုမှ ရှောင်တိမ်းနိုင်ခဲ့ဟန်တူ၏။
“ဘိုးဘေးနန်းတော်ရဲ့ ဧရာမသားရဲတွေက မျိုးမသုဉ်းသေးဘူးပဲ” ချင်မူမှာ အံ့ဩ၀မ်းသာဖြစ်သွားသည်။
အနီးရှိ ရွာထဲတွင် ခြေတံရှည်အိမ်များ ရှိသော်လည်း အိမ်များမှာ ဗလာနတ္ထိဖြစ်နေသည်။ မည်သည့်ဖန်ဆင်းရှင်မှ မရှိချေ။
ချင်မူက ရွာထဲ လျှောက်ကြည့်ရင်း ဖန်ဆင်းရှင်အရိုးစုအချို့ တွေ့ခဲ့ရသည်။ သူတို့ထဲမှ အရိုးစုတစ်စုက ကျောက်မျက်ရတနာတုံးတစ်တုံးကို ကိုင်ထားသည်။
ချင်မူက ရှေ့တက်သွားပြီး သူ့လက်ရိုးများကို ခွာလိုက်သည်။ ကျောက်မျက်ရတနာသည် အရိုးရှင်းဆုံး ထိုက်ကျိစက်၀န်းပုံစံနှင့် တူသည်ကို တွေ့လိုက်ရ၏။ ၎င်းက တစ်ဖက်တွင် နက်မှောင်၍ တစ်ဖက်တွင် ဖြူဆွတ်နေချေသည်။ တစ်ဖက်တွင် အေးနေပြီး တစ်ဖက်တွင် ပူနေ၏။ အလယ်၌မူ အဖြူနှင့်အနက် မျဉ်းကြောင်းတစ်ကြောင်း ထွင်းထားသည်။ ယင်နှင့်ယန်မှာ လိုက်ဖက်ညီနေပြီး အင်မတန် လှပနေသည်။
ချင်မူက ၎င်းအပေါ်ရှိ ဖုန်များကို ခါလိုက်သည်။ ထိုအခါ ထိုက်ကျီကျောက်မျက်ရတနာသည် ပုံစံပြောင်းစပြုလာပြီး သူ့လက်ဖဝါးပေါ်တွင် မြောလွင့်နေ၏။ ယင်နှင့်ယန်က စီးဆင်း၍ တစ်ခုနှင့် တစ်ခု ဖြတ်သွားသည်။
ကျောက်မျက်ရတနာမှာ ပုံသဏ္ဍာန်နှင့် အသွင်အပြင်ပါ ရှိဟန်မတူပေ။ ၎င်းသည် အဆက်မပြတ် ပြောင်းလဲရင်း ချင်မူ့အား ညှို့ငင်ဖမ်းစားနေ၏။ ချင်မူမှာ မသိလိုက်ဘဲ အံ့မခန်းဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားတော့သည်။
ကျောက်မျက်ရတနာ၏ ယင်ယန်ထိုက်ကျိစက်၀န်းမှာ ကွဲပြားသော်လည်း သူ့ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ယင်ယန်ထိုက်ကျိစက်၀န်းကဲ့သို့ပင် ထူးခြားပြောင်မြောက်၏။ ဤထိုက်ကျိကျောက်တုံးကို ထိတွေ့မိသည့်အခါ မသိစိတ်၏ စေ့ဆော်မှုအရ သူ၏ ထိုက်ကျိစက်၀န်းဖြင့် ဆက်သွယ်လိုက်မိသည်။
အချိန်ပမာဏတစ်ခု ကြာသွားပြီးနောက် ချင်မူ အသိစိတ်၀င်လာပြီး ထိုက်ကျိကျောက်တုံးကို သိမ်းဆည်းလိုက်၏။ သူက ပြုံးနေပြီး သက်ပြင်းရှည်ကြီးတစ်ခု ပြုံးလျက် ပြောသည်။ “ကြည့်ရတာ ဒါက ထိုက်ကျိကျောက်တုံးတွင်း တကယ် ဖြစ်နေတဲ့ပုံပဲ…. နတ်ဧကရာဇ်လန်ရွှမ် သိမ်းပိုက်ထားတဲ့ နေရာကလည်း ထိုက်ကျိစက်၀န်းတစ်ခု ဖြစ်လိမ့်မယ်…. ဒါပေမဲ့ အဲ့ဒါက နယ်မြေအတုကြီးပဲ…. သူ အဲ့ဒီကနေ ဘာမှတူးလို့မရတာ အံ့ဩစရာမရှိဘူး”
“သခင်လေး နိုးလာပြီပဲ” ယန်အာ့အသံ ထွက်ပေါ်လာသည်။
ချင်မူက အသံလာရာကို ကြည့်လိုက်ရာ မိန်းကလေးအသွင်ပြောင်းထားသည့် ယန်အာကို တွေ့လိုက်ရသည်။ သူမသည် ချက်ပြုတ်နေပြီး နဂါးချီလင်ကတော့ ချီစွမ်းအင် ကျင့်ကြံရင်း တင်ပျဉ်ခွေထိုင်နေ၏။ သူက အသိစိတ်အလျဉ်ကျင့်ကြံရန် ကမ္ဘာဦးအစနတ်ကျောက်တုံးကို သူ့မျက်ခုံးနှစ်ဖက်ကြားတွင် ထည့်ထားလေသည်။
ချင်မူ အံ့ဩမှင်သက်စွာ မေးလိုက်မိသည်။ “ကျွန်တော် ဒီမှာရပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
“ဆယ်ရက်တောင် ရှိနေပြီလေ”
ယန်အာက ပန်းကန်များကို စီနေရင်း ပြောသည်။ “ဒီနေရာက နည်းနည်းတော့ စုတ်ချာတယ်…. ကံကောင်းစွာနဲ့ ငါ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ စွမ်းအင်ဆေးပင်တွေ ယူလာခဲ့တယ်လေ…. ဖက်တီးနဂါးကလည်း ကျတ်တီးမြေ တော်တော်များများကို ရှင်းလင်းပြီးတော့ စိတ်ဝိညာဉ်ဆေးပင်အချို့ စိုက်ဖို့ စီစဥ်နေတယ်”
သူမက ရေနွေးကြမ်းတစ်အိုး တည်ရင်း ခင်းကြင်းလိုက်သည်။ “ပူတူတူးလေးပိရေ…. စားလို့ရပြီနော်”
နဂါးချီလင်လည်း နိုးလာပြီး ချင်မူ့ကို မြင်လိုက်ရသဖြင့် ၀မ်းမြောက်သွားသည်။ “ဂိုဏ်းသခင် နိုးလာပြီပေါ့”
သူတို့သုံးယောက်သား ထိုင်လိုက်ကြသည်။ ယန်အာက မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို မ,ယူ၍ စားပွဲပေါ် တင်လိုက်၏။ သူမက သူ့အရှေ့သို့ ပန်းကန်တစ်ပန်းကန် ချပေးလေသည်။ ပန်းကန်ပေါ်၌ စွမ်းအင်ဆေးလုံးတစ်လုံး ထည့်ထားသည်။
“ကိုယ်ပေါ် မပေစေနဲ့” ယန်အာက မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို မှာသည်။
သူမက စွမ်းအင်ဆေးလုံး နောက်ထပ်နှစ်ပန်းကန်ကို သယ်၍ စွမ်းအင်ဆေးရွက်နုများကို သုံးကာ ကြော်လိုက်သည်။ ထို့နောက် ၎င်းတို့ကို နဂါးချီလင်ရှေ့တွင် ချပေးကာ ပြော၏။ “အချစ်လေးအတွက် စွမ်းအင်နှင်းမှိုတစ်ခု ထည့်ပေးထားတယ်… ကိုယ်တွင်းအပူကို လျှော့ပေးတယ်”
ဟင်းလင်းပြင်သားရဲသည် မြေပေါ်တွင် ထိုင်လျက် ရှေ့ခြေထောက်လေးချောင်း ထောက်ကာ သူတို့ စားနေသည်ကို ကြည့်နေ၏။
ချင်မူက အသွေးအသားတချို့ မြင်ယောင်ဖန်ဆင်းလိုက်ရာ ဟင်းလင်းပြင်သားရဲမှာ စားရန် ချက်ချင်း ပြေးချလာသည်။
ချင်မူက စားသုံးပြီးနောက် ရေနွေးကြမ်းကို ဖြည်းဖြည်းချင်း သောက်ရင်း မိုင်ပေါင်းထောင်ချီရှည်လျားသည့် တောင်တန်းအား ကြည့်လိုက်သည်။ တောအုပ်ထဲတွင် ထူးဆန်းရှားပါးသည့် ဆေးပင်မျိုးစုံကို တွေ့နေရပြီး ဧရာမသားရဲကြီးမျိုးစုံမှာလည်း ဟိုဟိုသည်သည် သွားလာနေကြသည်။ ရုတ်တရက် သူက ထရယ်၏။
နဂါးချီလင်က စွမ်းအင်ဆေးလုံးကို အလျင်အမြန် မြိုချကာ အချိန်မီ မေးလိုက်သည်။ “ဂိုဏ်းသခင် ဘာလို့ ရယ်နေတာလဲ”
ချင်မူက တောင်တန်းကို လက်ညှိုးထိုးပြကာ အေးအေးလူလူ ပြောလေသည်။ “တကယ့်အစစ်အမှန် ရတနာမြေကို သတိမထားမိတဲ့ နတ်ဧကရာဇ်လန်ရွှမ်ကို ရယ်နေတာပါကွာ… သူက ထိုက်ကျိကျောက်တုံးတွင်းကို ရထားပြီထင်ခဲ့တာ…. ငါ့လက်ထဲ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး..”
သူ တဟားဟား ရယ်နေသည်။ “ဖန်ဆင်းရှင်တွေက သူ သိမ်းပိုက်ထားတဲ့ ကျောက်တုံးတွင်းကနေ ဘာမှ မတူးနိုင်ခဲ့တာ နေရာမှားကြီးကို တူးနေခဲ့လို့ပဲ…. လန်ရွှမ်က အံ့မခန်းလိလိ စွမ်းရည်တွေနဲ့ တစ်နေရာလုံးကို တူးလိုက်ရင်တောင် ထိုက်ကျကျောက်တုံးအစစ်ကို တူးနိုင်မှာမဟုတ်ဘူး.. မြန်မြန်စားကြ… စားပြီးရင် ကျောက်တုံးတွင်း ဘယ်မှာလဲ သွားရှာကြမယ်”
နဂါးချီလင်က ပန်းကန်ကို မ၍ ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ မြေအောက်ဘုံအရှင်သခင်အသေးစားကလည်း စွမ်းအင်ဆေးလုံးတစ်ဝက်ကို ပါးစပ်ထဲ ထိုးထည့်လိုက်သော်လည်း နင်လျက် အသက်ထွက်လုနီးပါးဖြစ်သွား၏။ ယန်အာက မြိုချနိုင်ရန် ကျောကုန်းကို အလျင်အမြန် ပုတ်ပေးလိုက်ရသည်။
အားလုံး ထွက်ခွာရန် အဆင်သင့်ဖြစ်နေချေပြီ။ ချင်မူ ဟင်းလင်းပြင်သားရဲကို လက်ညှိုးထိုးကာ မှာသည်။ “ဒီမှာနေခဲ့”
ဟင်းလင်းပြင်သားရဲက အမိန့်နာခံလျက် ထိုင်နေပြီး ခန့်မှန်းမရစွာ ပေါ်လိုက်၊ ပျောက်သွားလိုက် ဖြစ်နေသော ဧရာမသားရဲကြီးများအား သွားရည်တမြားမြားဖြင့် ကြည့်နေသည်။ ၎င်း၏ ရှည်လျားသော လျှာကြီးက မေးစေ့ထိ ကျနေ၍ ပါးစပ်မှ ထွက်လာသော သွားရည်များကို ယှက်လိုက်သည်။