ငါ့ဆီက သင်ယူတဲ့သူတွေကတော့ အသက်ရှင်မယ်
Vol. 89 Ch. 1158
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်း ချီစွမ်းအင်ဖြင့် ဖန်ဆင်းသိုင်းကွက်အား လှုံ့ဆော်လိုက်ကာ ယင်နှင့်ယန် ကျူးကျော်မှုကို တားဆီးလိုက်သည်။ ထို့နောက် တောင်လမ်းဆီသို့ တရှိန်ထိုး ပြေးတက်သွားသည်။
မကြာမီ တောင်လမ်း၏အဆုံးသို့ ရောက်ရှိလာကာ ကျောက်ရုပ် တစ်ရာနီးပါး တွေ့လိုက်ရ၏။ ထိုဖန်ဆင်းရှင်များထဲမှ အချို့သည် ယင်ယန်တာအို၏ ကူးစက်ကူးကျော်မှုကြောင့် ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲနေကြီးပြီး အချို့ကတော့ အပြန်လမ်းတွင် သေဆုံးနေကြသည်။
ဤကျောက်တုံးတွင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့မြင်နိုင်ချေသည်။
ချင်မူမှာ ယင်ယန်တာအို၏ ကူးစက်ခြင်း မခံရအောင် ဖန်ဆင်းကျင့်စဉ်ကို အသက်သွင်းနေရရုံသာမက ရုပ်ခန္ဓာနှင့် မူလဝိညာဉ်၏ တည်ဆောက်ပုံကိုလည်း ပြုပြင်နေရသည်။
သို့သော် ယင်ယန်တာအိုက သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကိုပါ ပြောင်းလဲနိုင်၏။ ၎င်းသည် ချီစွမ်းအင်ကို ညစ်ထေးလာစေနိုင်ကာ အသိစိတ်အလျဉ်ကိုလည်း အားအင်ယုတ်လျော့သွားအောင် လုပ်နိုင်သည်။ ယင်းကား ကြောက်စရာအကောင်းဆုံးအချက်ပင်။
ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို ပြောင်းလဲ၍ သိုင်းအခြေခံကို တိုက်စားဖြိုခွဲခြင်းမျိုးမှာ သူ တစ်ခါမှ မမြင်ခဲ့ဖူးသော အရာ ဖြစ်သည်။
“မတူညီတဲ့ တာအိုတွေမှာ သာလွန်တာ၊ နိမ့်ကျတာ မရှိဘူးလို့ လူတွေ ပြောကြပေမယ့် ကွာခြားချက်တော့ ရှိတယ်… ဒီယင်ယန်တာအိုက ဖန်ဆင်းခြင်းလမ်းစဉ်ထက် နည်းနည်းလေး ပိုသာတယ်”
သူသည် ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးပြီးနောက် ချီစွမ်းအင်အား ထိန်းချုပ်လိုက်၏။ သူ့အနေဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်သည်ဆိုရုံသာ ကာကွယ်နိုင်ရာ သူ ယန်အာနှင့် နဂါးချီလင်ကို ခေါ်လာပါက သူတို့အား ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။
“ဒီကျောက်တုံးတွင်းက ခံစားသိစိတ် ရှိနေတယ်… ကျောက်တုံးတွင်းတစ်တွင်းလုံး အသက်ရှိနေတဲ့ အဓိပ္ပာယ်ပဲ”
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကျောက်တူးသည့် နယ်မြေအတွင်းရှိ မည်သည့်အရာမဆို အချိန်မရွေး အသွင်ပြောင်းနိုင်ပြီး အန္တရာယ်မျိုးစုံ၊ မတူညီသော သက်ရှိမျိုးစုံ ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ သတိထားရပေလိမ့်မည်။
ကျောက်တုံးတွင်းထဲ သူ ဝင်လာသည့်အခါ ဖန်ဆင်းရှင်များ ချန်ရစ်ခဲ့သည့် ခြေရာလက်ရာများ တွေ့မြင်ရသည်။ ဤနေရာသို့ ခက်ခဲပင်ပန်းစွာ လာရောက်ခဲ့ကြသော ဖန်ဆင်းရှင်များမှာ အင်မတန် အန္တရာယ်များလိမ့်မည်ဟု မျှော်လင့်မထားခဲ့လောက်ချေ။ သို့သော် ဤနေရာတွင် ကျောက်တူးနေစဉ်အတွင်း သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်များမှာ မသိလိုက်ဘဲ ပြောင်းလဲခဲ့ကြသည်။ သူတို့ သတိထားမိချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။
ချင်မူက ဖန်သားကောင်းကင်စေတီကို သုံးရင်း ကျောက်တုံးတွင်းထဲ ဆက်လက်ဝင်ရောက်သွားသည်။ ဖန်သားကောင်းကင်စေတီမှာ တစတစ ချို့ယွင်းလာကာ ကောင်းကင်ဘုံ ၂၈ ဘုံလည်း မှိန်ပျလာ၏။ ၎င်းအတွင်းရှိ ရတနာများမှာလည်း အရောင်အဝါညစ်ထေးလာသည်။
“ဒီနေရာမှာ ထိုက်ကျိကျောက်တုံးကို တူးဖို့ လွယ်မှာ မဟုတ်ဘူး… ဖန်သားကောင်းကင်စေတီနဲ့လည်း ကျောက်တုံးတွင်းရဲ့ ထူးဆန်းမှုကို ဖိနှိပ်လို့ မရဘူး” သူက မျက်မှောင်ကြုတ်နေသည်။
ဤကျောက်တုံးတွင်းသည် ဖရိုဖရဲကျောက်တုံးတွင်းနှင့် မတူပေ။ ကျောက်တုံးတွင်းသည် မြေအောက်နစ်မြုပ်နေခြင်းမဟုတ်ဘဲ အပြင်မှ ပေါ်နေ၏။ တောင်နံရံရှိ ကျောက်တုံးများအတွင်း၌ ထိုက်ကျိကျောက်တုံးအစအနများ မြုပ်ဝင်နေသည်ကို တွေ့ရသည်။
တောင်တန်း၏အခြေအနေမှာလည်း အဆက်မပြတ်ပြောင်းလဲနေသည်။ ဂျုံလုံးအပေါ်သို့ မှင်အမည်းတစ်စက် ကျသွားပြီး အလှိမ့်ခံနေရသကဲ့သို့ပင်။
ချင်မူက ဖန်သားကောင်းကင်စေတီကို သိမ်းလိုက်သည်။ ၎င်းသည် စွမ်းအားကြီးသော်လည်း ဤနေရာတွင် အသုံး၀င်လှပုံမပေါ်ချေ။
သူက ဖန်ဆင်းရှင်များ ကျန်ခဲ့သည့် ပေါက်တူးကို ကောက်ယူလိုက်ပြီး ထိုက်ကျိကျောက်တုံးတစ်တုံးအား ကလော်ထုတ်ရန် ပြင်လိုက်စဉ် တောင်နံရံမှာ ရုတ်တရက် ပြောင်းလဲသွား၏။ အဖြူနှင့် အနက်ရောင်တို့က စိမ့်ထွက်လာပြီး လူသားမျက်နှာတစ်ခုအဖြစ် ရုတ်တရက် ဖွဲ့တည်သွားသည်။
ချင်မူ အံ့အားသင့်နေစဉ် အဖြူရောင်နှင့် အနက်ရောင်တို့က ဆက်လက်ဂယက်ထရင်း လူမျက်နှာအသွင်အား ရှင်းလင်းလာစေသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခု ရုပ်လုံးပေါ်လာ၏။ ထိုခန္ဓာတွင် ခြေလက်လေးဖက် ထွက်လာပြီး လက်ထဲတွင် ပေါက်တူးတစ်ခု ကိုင်ထားလေသည်။
တောင်နံရံရှိ လူမှာ အဖြူအမဲဖြစ်နေသည်မှလွဲ၍ ချင်မူနှင့် တထေရာတည်း တူနေသည်။
ချင်မူက တောင်နံရံရှိ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သော်လည်း တောင်နံရံအပေါ်ရှိ ပုံရိပ်မှာ တစ်စက်လေးမှ သိချင်စိတ်ဖြစ်နေဟန် မတူပေ။ ထိုအစား ပေါက်တူးကို မြှောက်၍ လွှဲခုတ်လိုက်သည်။
ဝှစ်…
တောင်နံရံမှ ထွက်လာသည့် ပေါက်တူးသည် အမှန်တကယ် ရုပ်လုံးဖွဲ့တည်လာပြီး ဝှီးခနဲ ချင်မူ့ခေါင်းအား ခုတ်ချလိုက်တော့သည်။
ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက ပွင့်လာပြီး အလင်းတန်းတစ်တန်း ထုတ်လွှတ်ကာ ပေါက်တူးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေသည်။ တောင်နံရံ ချင်မူမှာ အံ့ဩမှင်သက်သွားပြီး ရုတ်တရက် လွှားခနဲ ခုန်လိုက်ရာ သူ့လက်ထဲရှိ ပေါက်တူးရိုးမှာ ဓားကျိုးတစ်လက်အသွင် ပြောင်းလဲသွား၏။ ဓားရောင်များက တောင်နံရံမှ ရေတံခွန်အလား ဖြာကျလာသည်။
သူ အသက်သွင်းနေသည့် သိုင်းကွက်များမှာ ချင်မူ၏ ကပ်ဘေးပင့်မြှောက်ဓား ဖြစ်ပြီး ချင်မူ့ဓားသိုင်းကွက်များနှင့် ထပ်တူကျလုနီးပါး တူနေသည်။
အမှန်တွင် သူ၏ချီစွမ်းအင်က ချင်မူထက်ပင် သိပ်သည်းနေ၏။
သူ့ဓားသိုင်းကွက်၏ စွမ်းအားက ပို၍သန်မာသော်လည်း ချင်မူကလည်း ဓားကျိုးကို ထုတ်လိုက်သည်။ သူ၏ချီစွမ်းအင်သည် လှည့်ပတ်သွားပြီး ဓားကျိုးမှာ ဓားအကောင်းတစ်လက်သဖွယ် ဖွဲ့တည်သွား၏။ သူက ဓားကို လွှဲရမ်းလျက် တောင်နံရံမှ သူ၏ဓားသိုင်းကွက်များအား ကာလိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်လိုက်သည်။
ချင်မူက ဓားကိုဓားအိမ်ထဲ ထည့်ပြီးနောက် အပြုံးဖြင့် ပြောသည်။ “ငါ့ဆီက သင်ယူတဲ့သူတွေက အသက်ရှင်ကြလိမ့်မယ်… ကူးချတဲ့သူတွေကတော့ သေရမယ်…. ဒီကျောက်တုံးတွင်းထဲက တာအိုညီတော်က လောကဓံကို မကြုံတွေ့ခဲ့ဖူးတော့ ငါ့လမ်းစဉ်တွေ၊ စွမ်းရည်တွေနဲ့ သိုင်းကွက်တွေကို နားလည်ဖို့ ခက်ခဲလိမ့်မယ်”
တောင်နံရံ၏ ထိုချင်မူသည် သူကြောင့် ဓားဖြင့် စိုက်လျက် သေဆုံးသွားပြီး ခန္ဓာကိုယ်လည်း ပြိုကွဲသွားသော်လည်း အဖြူနှင့်အနက်ရောင်အဖြစ် အသွင်ပြောင်းနေသေးချေသည်။
ချင်မူ ထိုက်ကျိကျောက်တုံးအပိုင်းအစကို ကလော်ထုတ်တော့မည့်အချိန် တောင်နံရံပေါ်ရှိ အဖြူရောင်နှင့် အနက်ရောင်တို့မှာ ရုတ်တရက် လှိုင်းထလာပြန်သည်။ တောင်နံရံပေါ်ရှိ အဖြူရောင်က မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူ၊ မျက်လုံးဖြူတို့ဖြင့် အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ကတော့ နွားခေါင်း၊ ကျားမျက်နှာနှင့် မျက်လုံးသုံးလုံးရှိသော မြေအောက်ဘုံအရှင်သခင်အဖြစ် ပြောင်းလဲသွားသည်။
ချင်မူ ကြောင်အသွားသည်။ တောင်နံရံနှစ်ဖက်အပေါ်၌ အဖြူရောင်နှင့် အနက်ရောင် ထိုက်ကျိကျောက်တုံးအစအနများ မရပ်မနား ပြောင်းလဲနေကြောင်း တွေ့လိုက်ရသည်။ တောင်နံရံနှစ်ဖက်ပေါ်တွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ ပုံရိပ်တို့မှာ တစ်ခုပြီးတစ်ခု ပေါ်လာနေ၏။ ကြင်နာသော မျက်နှာအမူအရာဖြင့် ကောင်းကင်နယ်စားမင်းတစ်ဦး ပေါ်လာတိုင်း စူးရှခက်ထန်သည့် မြေအောက်ဘုံအရှင်သခင်တစ်ယောက်လည်း လိုက်ဖက်ညီစွာ ပေါ်ပေါက်လာသည်။
ချင်မူ့နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ ကျောက်တုံးတွင်းသည် ကွေ့ကောက်သွားပြီး ကွေ့ကောက်လာသည့် တောင်နံရံအပေါ်၌ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် မျက်လုံးများဖွင့်လိုက်ကြ၏။ သူတို့က တောင်နံရံထက်၌သာ ရှိနေသေးသော်လည်း သူ့ဆီသို့ ပြိုင်တူကြည့်လိုက်ကြသည်။
ချင်မူက လက်သီးဆုပ်၍ နှာခေါင်းရှုံ့လိုက်သည်။ “ကျောက်တုံးတွင်းထဲက တာအိုညီတော်.. မင်းလုပ်နေတာက ယင်ယန်ကို ငှားယူပြီး ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်အဖြစ် အသွင်ပြောင်းနေရုံလေးပဲ… ယိုတုနဲ့ ရွှမ်တုရဲ မဟာတာအိုအဖြစ် အသွင်ပြောင်းနိုင်လို့လား..”
သူ ထိုသို့ပြောလိုက်သည်နှင့် တောင်ပေါ်ရှိ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်တို့မှာ ရုတ်တရက် တိုက်ခိုက်ကြသည်။ ကောင်းကင်တာအိုနတ်သိုင်းများနှင့် ယိုတုနတ်သိုင်းများက တောင်နံရံဆီမှ ပေါက်ကွဲထွက်လာပြီး ယိုတု၏ မြစ်ကြာပွတ်ပင်လျှင် ပါရှိ၏။ ကောင်းကင်နတ်မြစ်နှင့် အချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းတို့က တစ်ခုနှင့်တစ်ခု သွယ်ယှက်ကာ ကောင်းကင်တွင် ပြည့်နှက်သွားသည်။
ကောင်းကင်တာအို ၄၉ ခုနှင့် ယိုတုမဟာတာအို ၆၄ ခုကား တောင်နံရံမှ တရှိန်ထိုး ထွက်လာချေပြီ။
နဂါးချီလင်နှင့် ယန်အာမှာ တောင်ခြေတွင် ကျင့်ကြံနေကြပြီး မြေအောက်ဘုံအရှင်သခင်အသေးစားလေးသည် ဆန်းကြယ်သားရဲများအား ဖမ်း၍ စားဖို့ တောင်ပေါ်တက်ရန် ကြိုးစားနေလေသည်။ သို့သော် နဂါးချီလင်က လက်သည်းစွယ်များကို မြှောက်၍ သူ၏ ကျားအမြှီးလေးအား ဖိထား၏။ သူ့မှာ တောင်ပေါ်တက်ရန် ကြိုးစားသော်လည်း ပြန်ဆွဲချခံနေရလေသည်။
ဟင်းလင်းပြင်သားရဲကမူ သွားရည်တမြားမြားကျလျက် ခန့်မှန်းမရနိုင်အောင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ဧရာမသားရဲကြီးများကို ကြည့်နေသည်။ ၎င်းသည် တောင်ပေါ် တက်သွားချင်သော်လည်း အန္တရာယ်ကို အာရုံခံစားမိနေ၏။ ချင်မူကလည်း အမိန့်ပေးထားသည့်အတွက် ၎င်းမှာ မလှုပ်ရဲချေ။
ထိုအခိုက်အတန့်တွင် နဂါးချီလင်နှင့် ယန်အာ နိုးလာသည်။ သူတို့က တောင်ဆီ လှမ်းကြည့်လိုက်သည့်အခါ အလင်းရောင်မျိုးစုံ ဖြာထွက်နေကြောင်း တွေ့လိုက်ရသည်။တာအိုအသံများက ပဲ့တင်နေပြီး အဆက်မပြတ် မြည်ဟည်းလျက် ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးတစ်ခုကို ဖန်တီးနေချေသည်။
“သခင်လေး…. သူ….”
ယန်အာ ထိုသို့ ရေရွတ်လိုက်စဉ် လူရိပ်တစ်ခုက တောင်ထဲမှ လွင့်ပျံထွက်လာ၏။ သူက သူတို့အရှေ့သို့ ဘုန်းခနဲ ပြုတ်ကျလာပြီး မြေကြီးအား မျက်နှာဖြင့် ရိုက်လျက် သဲထဲ၌ ခေါင်းစိုက်သွားချေသည်။
နဂါးချီလင်က ချက်ချင်း ရှေ့ပြေးသွားကာ ချင်မူပို ဆွဲထူရန် ပြင်လိုက်သည်။
“ငါ့ကို မထိနဲ့… ကျိုးကုန်ပြီ” ချင်မူ့အသံက ထွက်ပေါ်လာသည်။
နဂါးချီလင်မှာ အလန့်တကြား ထခုန်လိုက်ပြီး ချက်ချင်း မေး၏။ “ဂိုဏ်းသခင်၊ ဘယ်နားကျိုးသွားတာလဲ”
“ငါ့တစ်ကိုယ်လုံး ကျိုးအက်နေပြီဟ” ချင်မူမှာ နာကျင်မှုကြောင့် တုန်ရီနေချေသည်။
နဂါးချီလင်နှင် ယန်အာက တစ်ယောက်ကိုတစ်ယောက် ၀မ်းနည်းပက်လက် ကြည့်လိုက်ကြသည်။ သူတို့က တောင်ပေါ်တက်ရန် ပြင်နေသည့် မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို ချက်ချင်း ဆွဲယူကာ ကြိမ်းမောင်းလိုက်ကြသည်။ “သခင်လေးတောင် ဒီလို မချိမဆံ့ ရိုက်နှက်ခံလိုက်ရတာကို နင်က တက်သွားပြီး သေချင်နေတာလား…. သွား … ဟိုနားမှာ သွားရပ်နေ”
မြေအောက်ဘုံအရှင်သခင်လေးက ခေါင်းငိုက်စိုက်ကျ၍ နံရံထောင့်ဆီသို့ စိတ်မပါလက်မပါ လျှောက်သွား၏။ သူက ရှုံ့မဲ့စွာဖြင့် သူ့ခွာများကို ငုံ့ကြည့်နေပြီး မတရားဆက်ဆံရသကဲ့သို့ ခံစားနေရကာ မည်သည့်စကားမှ မပြောချေ။
ချင်မူက သူ၏ဖန်ဆင်းခြင်းသိုင်းကွက်များကို အသက်သွင်း၍ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသလိုက်သည်။ ဒဏ်ရာများ သက်သာသွားသည့်အခါ တခဏနားနေရင်း နှာခေါင်းရှုံ့လိုက်၏။ “မင်းက ငါ့ကို ဒီလောက်နဲ့ နောက်ဆုတ်ခိုင်းလို့ရမယ် ထင်နေတယ်ပေါ့…. အဲ့ဒီလောက် မလွယ်ဘူးကွ”
သူသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေပြီး ဓားကို မြှောက်ကာ တောင်ပေါ်တက်သွားပြန်၏။
နဂါးချီလင်နှင့် ယန်အာမှာ စိုးရိမ်ပူပန်သော မျက်နှာအမူအရာတို့ဖြင့် သူ တောင်ထဲ ၀င်သွားသည်ကို ကြည့်နေကြသည်။
ချင်မူက ကျောက်တုံးတွင်းဆီသို့ ရောက်လာ၍ ဓားကိုက်လျင် ၀င်သွားသည်။ သူသည် ရှေ့သို့တည့်တည့် ကြည့်နေပြီး နံရံနှစ်ဖက်လုံးဆီတွင် အဖြူရောင်နှင့် အနက်ရောင် ထိုက်ကျိကျောက်တုံးများ လှည့်ပတ်နေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က နံရံဆေးရေးပန်းချီကဲ့သို့ ဖြည်းဖြည်းချင်း ပေါ်လွင်လာသည်။
ထိုကောင်းကင်နယ်စားမင်း၏ လက်ဖဝါးများက လှုပ်ရှားသွားပြီး လက် ၄၉ ဖက် ဖွဲ့တည်လာ၏။ ၄၆ ဖက်သော လက်များကား ကောင်းကင်နတ်ရတနာ တစ်လက်စီကို ကိုင်ဆောင်ထားလေသည်။ ချိပ်တံဆိပ်တော်၊ ထီးတော်၊ အမှောင်ထု၊ တွင်းနက်၊ ကြိုး၊ ဝါး၊ နေရာ၊ မုခ်၀ အစရှိသဖြင့် ထပ်နေခြင်း မရှိပေ။
ထိုစဉ် မြေအောက်ဘုံအရှင်သခင်တို့သည် ဖြည်းညင်းစွာ တုန်ခါလာကြပြီး လက် ၆၄ ဖက် ပေါ်လာ၏။ လက်တစ်ဖက်စီက အဆောင်၊ သင်္ဘော၊ ကြာပွတ်၊ ချို၊ မျက်လုံး၊ ခွေ့၊ မီးအိမ်နှင့် အခြားအရာများကို ကိုင်ဆောင်ထားလေသည်။
“ကောင်းကင်ရတနာနယ်ပယ်”
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်း အသံခပ်နိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။ သူ့နယ်ပယ်ကား လျင်မြန်စွာ ကျယ်ပြန့်လာတော့သည်။