တိုက်ပွဲလေးထက် မပိုပါဘူး
Vol. 89 Ch. 1159
တောင်ခြေတွင် နဂါးချီလင်နှင့် ယန်အာသည် ကျောက်တုံးတွင်းဆီသို့ ခေါင်းမော့လျက် ကြည့်နေကြ၏။ အသင်္ချေသော အလင်းရောင်မျိုးစုံ ကွန့်မြူးတောက်ပနေပြီး မဟာတာအိုကောင်းကင်နတ်သိုင်းများ ပေါ်ထွက်နေသည်။ ထိုနေရာမှ နားကွဲမတတ် ပေါက်ကွဲသံများ မြည်ဟည်းနေပြီး ကြောက်မက်ဖွယ် လှိုင်းဂယက်များက ကြည့်နေသူ၏ နှလုံးသားကို တဒိန်းဒိန်း ခုန်နေစေသည့်အပြင် အထက်ကောင်းကင်ကိုလည်း ပြင်းပြင်းထန်ထန် လှုပ်ခါနေစေသည်။
မလှမ်းမကမ်းရှိ မြေအောက်ဘုံအရှင်သခင် အသေးစားလေးကလည်း မော့ကြည့်နေသည်။ သို့သော် သူ့မှာ ပုလွန်းသဖြင့် အသေအချာ မမြင်ရချေ။ ထို့ကြောင့် ကြိုးစားပမ်းစားဖြင့် ဟင်းလင်းပြင်သားရဲအပေါ် တွယ်တက်နေ၏။
ဟင်းလင်းပြင်းသားရဲမှာလည်း ကျောက်တုံးတွင်းထဲရှိ တိုက်ပွဲကို စောင့်ကြည့်နေသည်။ ပိစိကလေး ၎င်းကိုယ်ပေါ်တွင် တွယ်တက်နေမှန်း ခံစားမိသည့်အခါ ၎င်းက မျက်လုံးပင့်လိုက်ပြီး သွားဖြဲ၍ ကြောက်မက်ဖွယ်အမူအရာ လုပ်ပြလိုက်သည်။
သို့သော် မြေအောက်ဘုံအရှင်သခင်အသေးစားလေးက ၎င်း၏ခေါင်းပေါ် တက်လာကာ တုပ်တုပ်မှ မလှုပ်ပေ။
မြေအောက်ဘုံအရှင်သခင်အသေးစားလေး ဟင်းလင်းပြင်သားရဲ၏ အမြင့်ဆုံးအပိုင်းဆီသို့ တက်နေစဉ် လူရိပ်တစ်ခုက လွင့်ထွက်လာကာ သဲထဲသို့ အုန်းခနဲ ပြုတ်ကျလာသည်။ ထို့နောက် ဒလိမ့်ခေါက်ခွေး လိမ့်ထွက်သွားလေသည်။
“ငါ့ကို မထူကြနဲ့”
ချင်မူသည် အမျက်တချောင်းချောင်း ထွက်နေပြီး ကုန်းရုန်းထ၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း ဒဏ်ရာများ ကုသလိုက်၏။ သူက နှာခေါင်းရှုံ့လျက် ပြောသည်။
“ကျောက်တုံးတွင်းလေးတစ်တွင်းက ငါလိုကောင်ကို သတ်နိုင်မယ် ထင်နေလား… ငါက ရဲဝင့်ထက်မြက်တဲ့ ကောင်းကင်နတ်အရှင်မူကွ… ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ငါ့ရဲ့ ညီတော်၊ ညီမတော်တွေ ဖြစ်ရမှာ…. သူတို့အားလုံးမှာ ကိုယ်ပိုင်ပိုင်နက်တွေ ရှိပေမယ့် ဘာလို့ ငါကျ မရနိုင်ရတာလဲ”
နဂါးချီလင်နှင့် ယန်အာမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ သူတို့သည် ချင်မူ ဒဏ်ရာများ ကုသပြီးနောက် တောင်ပေါ် သို့ နောက်တစ်ကြိမ် ပြေးတက်သွားသည်ကို ကြည့်နေကြ၏။
“ဂိုဏ်းသခင်မှာ တခြားနေရာကို ရွေးချယ်ဖို့ အခွင့်အရေး ရှိပါတယ်… ဒီနေရာမှာ အသေခံတိုက်နေစရာ မလိုပါဘူး” နဂါးချီလင်က အသံကို နှိမ့်ကာ ပြောသည်။
ရက်အနည်းငယ် ကြာပြီးနောက် ချင်မူသည် တောင်ထဲမှ ပျံထွက်လာပြန်၏။ ဤတစ်ကြိမ်တွင်တော့ သဲနက်ထဲ မကျဘဲ ဆန့်ကျင်ဘက်တောင်၏ အဖြူရောင်သဲကန္တာရထဲ ကျသွား၏။
နဂါးချီလင်မှာ အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း သူ့အကြည့်သည် တောင်တန်းကို မကျော်လွန်နိုင်ချေ။ သူက လက်ကို ခါရင်း ပြောသည်။ “သွားကြ... သွားကြ… မကြည့်ကြစို့”
အခြားတစ်ဖက်တွင် ချင်မူသည် တောင်ထဲ ၀င်ရောက်သွားပြန်၏။ သူက ဤထိုက်ကျိကျောက်တုံးတွင်းအား ကျင့်ကြံနိုင်သည့် နည်းလမ်းတစ်ခုကဲ့သို့ သဘောထား၍ တိုးတက်နိုင်မည့် နည်းလမ်းရှိမရှိ ရှာဖွေနေချေသည်။
အခြားသူများသာဆိုပါက ခက်ခဲလွန်း၍ အစောတည်းက လက်လျှော့သွားကြပေလိမ့်မည်။ သို့သော် သူက တိုက်ခိုက်လေလေ၊ ပို၍ သူရဲကောင်းဆန်လာလေလေ ဖြစ်၏။
ကျောက်တုံးတွင်းထဲရှိ ယင်ယန်တာအိုကို သူ နားမလည်နိုင်လျှင်တောင်မှ ဤအခွင့်အရေးကို အသုံးချကာ ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုကို ပိုမိုနက်ရှိုင်းစွာ နားလည်အောင် လုပ်နိုင်ပေလိမ့်မည်။
သူက ကျောက်တုံးတွင်းထဲ ထပ်မံ၀င်ရောက်သွားပြီး လွင့်ထွက်လာပြန်၏။ သို့သော် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြန်ထလာသည်။ သူ ကျောက်တုံးတွင်းထဲတွင် နေနိုင်သည့်အချိန်က ပိုကြာလာသည်။
သူသည် ကျောက်တုံးတွင်းထဲ ထပ်ခါထပ်ခါ ၀င်ရောက်၍ အကြိမ်ကြိမ် လွင့်ထွက်နေချေသည်။ သို့သော် သူက အကြိမ်တိုင်း ပြန်ထကာ တိုက်ခိုက်လိုစိတ်တို့ ပြည့်နေသည်။
နောက်ဆုံးတော့ ယနေ့တွင် ချင်မူသည် ကျောက်တုံးတွင်းထဲ၌ သူ့ကိုယ်သူ တည်ငြိမ်စေနိုင်သွား၏။ သူက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ တောင်နံရံနှစ်ဖက်လုံးဆီမှ တိုက်ခိုက်မှုကို သူ့သာသာသူ ခုခံနိုင်ခဲ့သည်။ သူတို့ မည်သည့် ကောင်းကင်တာအိုနတ်သိုင်းနှင့် ယိုတုနတ်သိုင်းတို့ကို အသက်သွင်းပါစေ သူ့ကို ခြေတစ်လှမ်း မဆုတ်သွားစေခဲ့ပေ။
သူက ရှေ့သို့ ဖြည်းဖြည်းချင်း တက်၍ သတ်ဖြတ်ရင်း ကျောက်တုံးတွင်းထဲသို့ ငါးမီတာအထိ ၀င်ရောက်လာခဲ့သည်။
ရုတ်တရက် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က တိုက်ခိုက်မှုများ ရပ်တန့်ကာ ပုန်းခိုသွားကြသည်။
ချင်မူက ကျောက်တုံးတွင်းထဲတွင် ရပ်လျက် ဟိုဟိုသည်သည် ကြည့်လိုက်၏။ တောင်နံရံအထက်ရှိ ထိုက်ကျိကျောက်တုံးမှာ အသာအယာ လှည့်ပတ်နေသေးသည့်အပြင် ယင်ယန်ချီတို့မှာလည်း လှိုင်းထနေသေးကြောင်း တွေ့လိုက်ရသည်။
သူက ခြေထောက် မ၍ နောက်တစ်လှမ်း လှမ်းရန် ပြင်လိုက်သော်လည်း ထိုခြေထောက်ကို ချက်ချင်း ပြန်ရုတ်လိုက်၏။ အနောက်မှ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာသဖြင့် ချင်မူ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ကျောက်ရုပ်ဖြစ်နေခဲ့သော ဖန်ဆင်းရှင်သည် ကျောက်အသားများ ကွာကျလာပြီး အသွေးနှင့်အသားတို့ ပြန်လည်ရရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုဖန်ဆင်းရှင်က ပခုံးပေါ်တွင် ပုဆိန်တစ်လက်နှင့်အတူ ပေါက်တူးတစ်လက် တင်လျက် သူ့ထံ လျှောက်လာသည်။ သူ့ရင်အုံမှာ အတိုင်းသား ပေါ်လွင်နေပြီး သူ့အသွင်က အင်မတန် ရဲရင့်မည့်ပုံ ရှိလေသည်။
“ဒီကျောက်တုံးတွင်းကို သိမ်းပိုက်ဖို့က သိပ်ခက်တာပဲဟ”
ချင်မူမှာ စိတ်အားတင်းလျက် လမ်းလျှောက်လာနေသော ဖန်ဆင်းရှင်ဆီသို့ ကြည့်လိုက်သည်။
ဖန်ဆင်းရှင်၏ခန္ဓာကိုယ်မှာ ကြံ့ခိုင်ခံညားပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် တာအိုစည်းချက်တို့က သဘာ၀ကျကျ ကိန်းဝပ်နေသည်။
တစ်ဖက်တစ်ချက်စီရှိ ထိုက်ကျိကျောက်တုံးတွင်း၏ တောင်နံရံများတွင် ယင်ယန်ချီတို့ လှည့်ပတ်စီးဆင်းနေသည်။ အနက်ရောင်နှင့် အဖြူရောင်ချီတို့က တစ်ခုနှင့်တစ်ခု ရစ်ပတ်လျက် ဖန်ဆင်းရှင်၏ခန္ဓာကိုယ်ထဲ ၀င်ရောက်လာသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုသင်္ကေတများမှာလည်း ပိုမိုထင်းလင်းလာသည်။ သူ့တွင် မျက်လုံးသုံးလုံးရှိပြီး မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံး၌ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး မြုပ်နေသေး၏။ ထိုစဉ် ထိုက်ကျိကျောက်တုံးတစ်တုံးက ပျံသန်းလာ၍ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနှင့် ထိကပ်သွားပြီး ၎င်းကို အစားထိုးကာ သူ့ဦးနှောက်ထဲ ၀င်ရောက်သွားချေသည်။
ဖန်ဆင်းရှင်၏ မျက်လုံးနှစ်လုံးမှာ အတော်လေး ထူးဆန်းလာသည်။ သူ၏သူငယ်အိမ်သည် နှစ်ခြမ်းကွဲသွားပြီး တစ်ကောင်နှင့် တစ်ကောင် လှည့်ပတ်နေသော ယင်နှင့်ယန် ငါးနှစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
သူငယ်အိမ်နှစ်စုံ…
ချင်မူ့မျက်၀န်းထောင့်စွန်းများ လှုပ်ခတ်သွားသည်။ ဤထိုက်ကျိကျောက်တုံးတွင်း၏ ထူးဆန်းမှုမှာ အခြားကျောက်တုံးတွင်းများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းချေသည်။
ဖန်ဆင်းရှင်မှာ သိသိသာသာပင် မူလ ဖန်ဆင်းရှင်မဟုတ်တော့ဘဲ ကျောက်တုံးတွင်းမှ ထိန်းချုပ်ထားသည့် ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင် ဖြစ်သွားချေပြီ။
“ထိုက်ကျိကျောက်တုံးက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနေရာမှာ အစားထိုးသွားပြီဟ .... အဓိပ္ပာယ်က ကျောက်တုံးတွင်းက ဒီဖန်ဆင်းရှင်ကို ထိန်းချုပ်ပြီး လမ်းစဉ်တွေ၊ သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေ ထုတ်သုံးနိုင်အောင် လုပ်နေတာပဲ”
ချင်မူသည် သူ့အာရုံကို ဖန်ဆင်းရှင်ပေါ်တွင် စူးစိုက်ထား၏။ သူ့အနေဖြင့် ဤနေရာအထိ ရောက်ရှိလာပြီးဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိချေ။
မည်သို့ပင် ဖြစ်စေကာမူ ထိုက်ကျိကျောက်တုံးတွင်းအား အရယူရပေမည်။ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသည် ထိုက်ကျိသဘောတရားအလိုက် ကွဲထွက်နေခြင်း ဖြစ်သည်။ ဤကျောက်တုံးတွင်းက သူ့အတွက် အင်မတန် အရေးကြီးပေသည်။
ရုတ်တရက် ဖန်ဆင်းရှင်သည် ပေါက်တူးကို မြှောက်၍ ခြေထောက်တွင် အားအပြည့်ထည့်လိုက်သည်။ သူက ချင်မူ့ရှေ့သို့ လျှပ်တပြက် ရောက်လာပြီး ပေါက်တူးက ခုတ်လွှဲကျလာ၏။
ချင်မူက ဓားကျိုးကို လွှဲရမ်း၍ ဓားမရှည်တစ်လက်အသွင် ပြောင်းလဲလိုက်သည်။ ယင်းက လမ်းစဉ်သို့ ဝင်ရောက်ထားသော သူ၏ သိုင်းကွက်ပင် ဖြစ်သည်။
သူသည် ဓားမလမ်းစဉ်သို့ ၀င်ရောက်ခဲ့ပြီး ဓားမလမ်းစဉ်၏ ပထမဆုံး မဟာကောင်းကင်နတ်သိုင်းကို နားလည်နိုင်ခဲ့၏။
တောင်ကောင်းကင်မုခ်မဝထက်က တံခါးခေါက်သံ
ဓားမရောင်က ထွန်းလင်းတောက်ပလာပြီး ၎င်းနှင့်အတူ ကမ္ဘာခေတ်နှောင်း ဓားမလမ်းစဉ်၏ တမူထူးခြားသော လမ်းစဉ်သင်္ကေတများ ပေါ်လွင်လာကာ ပေါက်တူးနှင့် ၀င်တိုက်သွားသည်။
ဓားမလမ်းစဉ်သည် သေရမည်မကြောက်ရွံ့ဘဲ ဆူးငြှောင်ခလုတ်များကို ဖြတ်ပိုင်းမည့် သဘောကို ဆောင်၏။
ကောင်းကင်၏ အန္တရာယ်များ၊ ကမ္ဘာမြေ၏ မာကြောမှုများကို ဓားမတစ်လက်က ခုတ်ပိုင်းပစ်နိုင်သည်။
လမ်းမရှိလျှင် လမ်းဖောက်မည်။ အသင်္ချေသော အပြောင်းအလဲများကို လိုက်လံရှာဖွေနေစရာမလို။ ဒေါင်လိုက်၊ အလျားလိုက် ခုတ်ပိုင်းချက်များသာ လိုအပ်သည်။
ဒင်....
တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီး ချင်မူ လွင့်ထွက်သွားသည်။ သူက တောင်နံရံကို အားဖြင့် ကန်၍ ပိုမိုပြင်းထန်သော အမြန်နှုန်းဖြင့် ပြန်လည်ပြေး၀င်သွား၏။
ဖန်ဆင်းရှင်၏ လက်များသည် မြှောက်တက်သွားပြီး သူက နောက်ဆုတ်သွားသည်။ ချင်မူသည် သူ့အရှေ့သို့ ရောက်လာပြီး ဓားမကို ပင့်မြှောက်လိုက်ရာ ဧရာမ ခေါင်းကြီးတစ်လုံး လွင့်ထွက်သွားလေ၏။
ချင်မူလည်း မြေပေါ် ကျလာကာ မြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
သူ့လက်မနှင့် လက်ညှိုးကြားရှိ အသားစမှာ ကွဲရှသွားပြီး သွေးများ ပန်းထွက်လာ၏။ သို့သော် ထိုမျှအရည်အချင်းရှိသည့် ရန်သူမျိုးကို တစ်ချက်တည်းနှင့် သတ်နိုင်ရန် ဤမျှဒဏ်ရာက မပြောပလောက်ပေ။
ရုတ်တရက် ခေါင်းပြတ်ဖန်ဆင်းရှင်သည် ပေါက်တူးမြှောက်လိုက်ပြန်၏။ ချင်မူမှာ အံ့အားသင့်သွားပြီး ပေါက်တူးကို အလောတကြီး ရှောင်တိမ်းလိုက်ရသည်။
ခေါင်းပြတ်ဖန်ဆင်းရှင်က လွဲချော်သွားပြီး မြေကြီးထဲမှ ပေါက်တူးကို ဆွဲနှုတ်သည်။ သူ့ရင်အုံထဲမှ ထိုက်ကျိ မျက်လုံးနှစ်လုံး ထွက်ပေါ်လာပြီး အင်မတန် ကြောက်မက်ဖွယ် ကောင်းလှ၏။
ဘုတ်…
ခေါင်းပြတ်ဖန်ဆင်းရှင်က ပေါက်တူးကို ချ၍ ပေါက်တူးရိုးကို မှီထားသည်။ တစ်ချိန်တည်းမှာပင် တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီး ကျောက်တုံးတွင်းထဲရှိ ဖန်ဆင်းရှင်တို့၏ ကျောက်သားများ ကွာကျကုန်ကာ ရုပ်ခန္ဓာများ ပြန်လည်ရရှိသွားကြသည်။ တောင်တစ်ဖက်တစ်ချက်ရှိ ယင်ယန်ချီတို့သည် နဂါးများအလား ဝုန်းဒိုင်းကြဲလျက် လူးလွန့်ကာ သူတို့ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားကြ၏။
သူတို့အားလုံးက ချင်မူ့ထံ လျှောက်လာကြသည်။
ဘုန်း…. ဘုန်း… ဘုန်း
ပေါက်တူးများမှာ တစ်လက်ပြီးတစ်လက် မြေပေါ်သို့ ပစ်ချခံလိုက်ရပြီး ၎င်းတို့၏ သတ္ထုရောင်က အေးစက်စက် တောက်ပနေကြ၏။ ဒါဇင်ချီသော ဧရာမလူကြီးများက ပျံသန်းရန် ပြင်နေသည့် ငန်းများအလား နေရာယူ၍ ဝိုင်းတိုက်ကြတော့သည်။
ချင်မူက ဓားမရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ့ဒဏ်ရာများမှာ အလျင်အမြန် သက်သာလာ၏။ သူက ရယ်လျက် ပြောသည်။ “ငါ့ဓားမက ဘယ်သူ့ကို ခုတ်ပေးရမလဲ… တိုက်ပွဲလေးတစ်ပွဲထက် မပိုပါဘူးကွာ.. လာကြစမ်း”
ဖန်ဆင်းရှင်တို့သည် ပျံသန်းသူက ပျံသန်း၊ တောင်နံရံပေါ် တက်သူများက တက်၊ ပြေးလာသူများက ပြေးလာကြသည်။ သူတို့ပေါက်တူးများမှ ရောင်ပြန်ဟပ်နေသည့် အလင်းရောင်မှာ ယင်နှင့် ယန်ကို ခွဲခြားပေးထားသည့် ထိုက်ကျိစက်၀န်းမှ မျဉ်းကြောင်းအလား ထင်ရသည်။ သူတို့ကား ဘက်ပေါင်းစုံမှ ဝိုင်းခုတ်နေကြ၏။
ဘုန်း…
ထိုက်ကျိကျောက်တုံးတွင်းထဲတွင် အလင်းတန်းကြီးတစ်တန်းသည် မြေပြင်မှ ဖောက်ထွက်လာပြီး အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွား၏။ နောက်ထပ် အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။ လေလယ်တွင် အလင်းတန်းနှစ်တန်းက လှည့်ပတ်၍ ကောင်းကင်ထိပ်နှင့် ၀င်တိုက်၏။ အဝေးမှကြည့်လျှင် ၎င်းတို့သည် တစ်ကောင်နှင့်တစ်ကောင် လှည့်ပတ်နေသာ ထိုက်ကျိစက်ဝန်း၏ ယင်နှင့်ယန် ငါးများအလားပင်။တောင်ခြေတွင် နဂါးချီလင်နှင့် ယန်အာတို့မှာ မြင်ကွင်းကို ကြောင်လျက် ကြည့်နေကြမိသည်။ သူတို့သည် ကျောက်တုံးတွင်းထဲ၌ မည်သည်တို့ ဖြစ်ပျက်နေသည်လဲ မသိကြချေ။
အလင်းရောင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် ဖန်ဆင်းရှင်တို့မှာ ပေါက်တူးများ ကိုင်ဆောင်လျက် ဝိုင်းဖွဲ့ကာ ရပ်နေကြ၏။ အလယ်တွင် ပုပ်သိုးနေသော အသားစိုင် ရှိနေသည်။
ချင်မူသည် သူတို့ကြောင့် စိစိညက်ညက်ကြေသည်အထိ အရိုက်ခံခဲ့ရချေပြီ။
ဖန်ဆင်းရှင်များမှာ ခံစားချက်ကင်းမဲ့နေပြီး ပေါက်တူးများမြှောက်၍ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် ကျောက်တုံးတွင်းထဲရှိ ဒြပ်ထုများသည် လျင်မြန်စွာ ပြောင်းလဲလာပြီး ဖန်ဆင်းရှင်များက အလျင်အမြန် နောက်ဆုတ်နေသော အသွင်သဏ္ဍာန် ဖြစ်လာကကြသည်။
တချို့က ကောင်းကင်ထက်သို့ နောက်ပြန်ပျံတက်သွားကြပြီး တချို့က တောင်နံရံများပေါ်တွင် နောက်ပြန်ပြေးနေကြသည်။ တချို့က မြေကြီးထဲ ၀င်ရောက်သွားကြ၏။
ထိုစဉ် အသားစိုင်သည်လည်း အလျင်အမြန် ပြောင်းလဲလာကာ ချင်မူ့ပုံသဏ္ဌာန် ပြန်ပေါ်လာသည်။ အရာအားလုံးကား စမှတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
“တိုက်ပွဲလေးတစ်ပွဲထက် မပိုဘူး…လာကြ…” ချင်မူက အော်လိုက်၏။