နဂါးသည် မြစ်ကို မဖြတ်နိုင်ခြင်း မဟုတ်
Vol. 89 Ch. 1160
ဖန်ဆင်းရှင်တို့၏ မျက်၀န်းထဲတွင် လည်နေသော အနက်ရောင်နှင့် အဖြူရောင် သူငယ်အိမ်တို့မှာ အံ့ဩမှင်သက်သွားကြသယောင် ထင်ရသည်။ သို့သော် သူတို့တွင် ထိုသို့ခံစားချက်မျိုး မရှိချေ။ ချင်မူ့ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် ဖန်ဆင်းရှင်တို့က သူ့ဆီ ပြေး၀င်လာကြပြန်သည်။
ယခင်က လေပေါ်ပျံတက်သွားသူများက တဖန် လေပေါ်ပျံတက်သွားကြ၏။ တောင်၏ နံရံနှစ်ဖက်ပေါ် တက်သွားသူများက တောင်နံရံများပေါ် တက်သွားကြသည်။ မြေပေါ်မှ ပြေးလာသူများက ပြေးလာကြပြန်သည်။
ထိုပေါက်တူးများကလည်း စောစောကအတိုင်း ယင်ယန်တာအို၏ ဆန်းကြယ်သော သဘောတရားကို သယ်ဆောင်လျက် ချင်မူ့အား ထောင့်ပေါင်းစုံမှ တိုက်ခိုက်ကြ၏။
ဘုန်း…
ပြင်းထန်လှသော တုန်ခါမှုများ ထွက်ပေါ်လာပြီး အနက်ရောင်ယန်ငါးနှင့် အဖြူရောင်ယင်ငါးတို့သည် တစ်ကောင်နှင့် တစ်ကောင် လှည့်ပတ်ရင်း ကောင်းကင်ထက်တွင် ထပ်ပေါ်လာကြ၏။
တောင်ခြေတွင် နဂါးချီလင်နှင့် ယန်အာတို့မှာ မော့ကြည့်လျက် ငေးကြောင်နေကြသည်။ “ဒါကို ကြုံဖူးသလိုပဲနော်”
ကျောက်တုံးတွင်းထဲတွင် အချိန်ကား မူလစမှတ်သို့ ပြန်ရောက်သွားပုံပင်။
ဖန်ဆင်းရှင်တို့သည် ချင်မူကို သတ်၍ စိစိညက်ညက်ကြေအောင် ရိုက်နှက်ခဲ့ကြ၏။ သို့သော် နောက်ခဏတွင် သူတို့မှာ မူလနေရာသို့ ပြန်ရောက်သွားကြကာ ပေါက်တူးများ ကိုင်လျက် နေရာယူထားကြသည်။
ချင်မူက သူတို့ရှေ့တွင် ရပ်လျက် အော်ရယ်လိုက်သည်။ “လာကြ…”
အရာအားလုံးက ထပ်မံဖြစ်ပြန်သည်။ ဖန်ဆင်းရှင်များသည် ပြေးဝင်လာရင်း ပေါက်တူးများကို လွှဲရမ်းလိုက်ကြပြန်သည်။ နှိုင်းယှဉ်မရနိုင်အောင် ခမ်းနားကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ပေါက်ကွဲထွက်လာပြီး ယင်ယန်ငါးနှစ်ကောင်က ကောင်းကင်ထက်တွင် လှည့်ပတ်နေကြပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ချင်မူ အသက်ရှင်ကျန်ခဲ့သည်။ သူက ဖန်ဆင်းရှင်များအလယ်၌ တုန်ရီစွာ ရပ်နေပြီး လဲကျမသွားချေ။
ထပ်ခါထပ်ခါဖြစ်ပွားသည့် အကြိမ်တိုင်း သူသည် မတူညီသော သိုင်းကွက်များကို သုံးခဲ့၏။ သုံးကြိမ်မြောက်တွင်တော့ အသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာတွေခဲ့ချေပြီ။
ချင်မူက ပြုံးဖြီးလိုက်ပြီး သူ၏ပါးစပ်ထဲတွင် သွေးတို့ ပြည့်နေသည်။ သူက သွေးများဖြင့် ခပ်ဟဟ ရယ်လိုက်သည်။ “ငါ မသေလိုက်ဘူးပဲ”
ခွမ်း...
သူ့နောက်တွင် ဖန်ဆင်းရှင်တစ်ယောက်က ပေါက်တူးကို မြှောက်၍ သူ့ခေါင်းထဲ ခုတ်ချလိုက်ကာ သူ၏ဦးခေါင်းခွံကို ကြေမွသွားစေသည်။
ကျန်ဖန်ဆင်းရှင်များကလည်း ပေါက်တူးများ မြှောက်၍ တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်နေကြသည်။ ထိုအခိုက်အတန့်တွင် အချိန်မှာ နောက်ပြန်ရစ်သွားသကဲ့သို့ ဖြစ်သွားပြီး နောက်ခဏတွင် ဖန်ဆင်းရှင်များမှာ မူလနေရာသို့ ပြန်ရောက်ရှိသွား၏။
ချင်မူက ထိုနေရာတွင် အကောင်းပကတိအတိုင်းရပ်နေပြီး အော်ရယ်လိုက်သည်။ “လာကြ..”
တောင်ခြေတွင် နဂါးချီလင်၊ ယန်အာ၊ ဟင်းလင်းပြင်သားရဲနှင့် မြေအောက်ဘုံအရှင်သခင်အသေးစားလေးတို့မှာ အနက်ရောင်၊ အဖြူရောင်အလင်းတန်းများနှင့် ကောင်းကင်ထက်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ယင်နှင့်ယန်ငါးနှစ်ကောင်တို့အား အသားကျနေလေပြီ။ သူတို့က လုပ်စရာရှိသည်ကို ဆက်လုပ်နေကြသည်။
မြေအောက်ဘုံအရှင်သခင်အသေးစားလေးက ဟင်းလင်းပြင်သားရဲ၏ ခေါင်းပေါ်တွင် လှဲ၍ သွားရည်များကျနေပြီး သူနှင့် ဟင်းလင်းပြင်သားရဲတို့သည် တောင်ပေါ်ရှိ ကမ္ဘာဦးဧရာမသားရဲများကို ကြည့်နေကြ၏။ ယန်အာက နတ်ဧကရာဇ်လန်ဝူ သူ့ကို ပေးထားခဲ့သည့် ရတနာဇလုံ ထုတ်ကာ စွမ်းအင်ဆေးလုံးများ ဖော်စပ်ရန် ပြင်ဆင်နေချေသည်။ နဂါးချီလင်က ရွာတံခါးရှေ့တွင် လှဲ၍ အိပ်ငိုက်နေ၏။
ကျောက်တုံးတွင်းထဲတွင်မူ ချင်မူမှာ အကြိမ်ကြိမ်အခါခါ အသတ်ခံနေရသည်။ သို့သော် ပြန်လည်အသက်ရှင်လာတိုင်း ပို၍အချိန်ကြာကြာ တောင့်ခံလာနိုင်၏။
သူ စိစိညက်ညက်ကြေသွားသည့် နောက်ဆုံးအချိန်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အရာအားလုံး မူလအစအခြေအနေသို့ ပြန်ရောက်တော့မည့်အချိန်တွင် ဖန်ဆင်းရှင်တို့က ပါးစပ်များ ကျယ်လောင်စွာ ဟလိုက်ကြပြီး ယင်ယန်ချီသည် သူတို့ပါးစပ်ထဲမှ နဂါးများအလား ပျံထွက်လာကာ ချင်မူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားကြသည်။
ဤမဟာအထွတ်အထိပ်ကျောက်တုံးတွင်းသည် ကိုယ်ပိုင်အသိစိတ် ပေါက်ဖွားခဲ့သည်မှာ အထင်ရှားပင်။ ၎င်းက ချင်မူ အရှက်မရှိသော နည်းလမ်းကို သုံး၍ ပိုမိုသန်မာလာအောင်နှင့် ယင်ယန်တာအိုကို ပို၍ နက်နက်နဲနဲ နားလည်နိုင်အောင် ပြုလုပ်နေသည်ကို သဘောပေါက်သွားသည်။ ထို့ကြောင့် ချင်မူ သေဆုံးနေချိန်တွင် တစ်ခါတည်း အပြီးသတ် ချေမှုန်းနိုင်အောင် အခွင့်အရေးကို အသုံးချခဲ့ချေပြီ။
ယင်ယန်ချီတို့ ဖန်ဆင်းရှင်များ၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားသည့်အခါ သူတို့မှာ လျင်မြန်စွာ ကျောက်ရုပ်များ ပြန်ဖြစ်ကုန်ကြသည်။
ယင်ယန်ချီမှာ ချင်မူ့အသွေးအသားထဲ ရောက်ရှိသွားချိန်တွင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းနှင့် ထိပ်တိုက် တွေ့သွား၏။ စိစိညက်ညက်ကြေသွားသည့် ချင်မူသည် ပြန်လည်ရုပ်လုံးပေါ်လာသည့်အခါတိုင်း တစ်ချက်တစ်ချက် ကျောက်တုံးအပိုင်းအစအဖြစ် ပြောင်းလဲသွားပြီး တစ်ချက်တစ်ချက် အသွေးနှင့်အသားတို့ ပြန်ပေါ်လာ၏။ တစ်ခါတရံတွင် မကောင်းဆိုးဝါးအမျိုးမျိုးအဖြစ် ပြောင်းလဲသွားတတ်သော်လည်း နောက်ဆုံးတွင်တော့ သူ၏ပုံရိပ်အဖြစ် ဖွဲ့တည်လာသည်။
ကောင်းကင်နတ်အရှင်လင်သည် ဖန်ဆင်းခြင်းလမ်းစဉ်ကို အခြေခံ၍ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ၎င်း ယင်ယန်ချီနှင့် ၀င်တိုက်သွားသည့်အခါ ကြောက်မက်ဖွယ် တုံ့ပြန်မှုကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ တစ်ခုက မပြောင်းလဲသောဒြပ်ထု၏ သဘာ၀ဖြစ်ပြီး နောက်တစ်ခုက အသွင်သဏ္ဍာန်တို့၏ ပြောင်းလဲခြင်းဖြစ်သည်။
ထိုသို့ ထိပ်တိုက်တွေ့မှုမျိုးတွင် အောင်နိုင်သူ၊ ရှုံးနိမ့်သူ ရှိရပေလိမ့်မည်။
မပြောင်းလဲဒြပ်ထုကောင်းကင်နတ်သိုင်း ရှုံးနိမ့်သွားပါက ချင်မူ သေမည်။။
ယင်ယန်ချီ ရှူံးနိမ့်သွားပါက ချင်မူ အသက်ရှင်မည်။
ထိုမျှ ရိုးရှင်း၏။
ပြင်းထန်လှသော ထိပ်တိုက်တွေ့မှုက အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ခဲ့ပြီးနောက် ချင်မူမှာ သွေးအိုင်ထဲမှ ထလာသည်။ သူ ပြုံးလိုက်သည့်အချိန်မှာပင် သူသည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး ထိုက်ကျိစက်၀န်းအဖြစ် ပြောင်းလဲသွား၏။
ထိုက်ကျိစက်၀န်းထဲတွင် ယင်နှင့်ယန်တို့က ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။
နောက်တခဏတွင် စက်၀န်းထဲရှိ ယင်ယန်ချီက ချင်မူ့ပုံရိပ်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။
ဤသည်ကား သူ၏ဝိညာဉ်သန္ဓေသားပင်။
ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းသည် ယင်ယန်စွမ်းအင်များနှင့် ထိတွေ့ပြီးနောက် သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ကွယ်ပျောက်သွားစေခဲ့သော်လည်း ဝိညာဉ်သန္ဓေသားကိုမူ မသေဘဲ ကျန်ရစ်စေခဲ့သည်။
ချင်မူ၏ ဝိညာဉ်သန္ဓေသားသည် ဓားကျိုးကို လက်တွင်ကိုင်လျက် ထိုက်ကျိစက်၀န်းအလယ်၌ ရပ်နေ၏။
ဓားကျိုး၏ ဓားရိုးတွင် အသေးစား ထိုက်ကျိစက်၀န်းနှစ်ခု ခတ်နှိပ်ခံထားရသည်။ ၎င်းတို့က ဓားရိုး၏ တစ်ဖက်တစ်ချက်စီတွင် မြုပ်နှံထားသော ထိုက်ကျိကျောက်တုံးနှစ်တုံး ဖြစ်ပေသည်။
ဝိညာဉ်သန္ဓေသားက ဓားကို လွှဲရမ်းလိုက်ရင်း အရမ်းလေးမျက်နှာကို ပိုင်းဖြတ်လိုက်သည်။
“ကောင်းကင် ဖွင့်ဟစမ်း”
ဝုန်း….
သူ့ပတ်ပတ်လည်တွင် မဟာတာအိုမှာ တုန်ရီသွားသည်။ ကောင်းကင်နှင့်မြေကြီး ကွဲအက်သွားသကဲ့သို့ ဝုန်းခနဲ အသံကြီးက ပဲ့တင်ထပ်လျက် ထွက်ပေါ်လာ၏။ ကမ္ဘာဦးသစ်ပင်တစ်ပင်သည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး သန့်ရှင်းသော ချီနှင့် ညစ်ညမ်းသော ချီကို ခွဲခြမ်းကာ ယင်နှင့်ယန် ကွဲသွားစေသည်။ မရေမတွက်နိုင်သော ကြယ်တာရာများက ကောင်းကင်ထက်တွင် မြောလွင့်ဖွဲ့တည်လျက် ရွှမ်တုကို ဖော်ဆောင်လိုက်၏။
ကောင်းကင်နတ်မြစ်က အပေါ်မှ စီးကျလာပြီး မြစ်ဖျားခံရာမှာ ရွှမ်တုဖြစ်သည်။ မြစ်သည် ဝင်ရိုးစွန်းလေးခုတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားပြီး မြောက်၀င်ရိုးစွန်းမှ ရှေးဟောင်းနတ်ဘုရားနှစ်ပါး ဖွားမြင်ပေးလိုက်သည်။ တစ်ဦးက ရွှမ်းဖြစ်ပြီး နောက်တစ်ဦးက ဝူဖြစ်သည်။ ရွှမ်းဝူက ပေါင်းစည်းသွားပြီး မြွေက လိပ်နှင့် ရောယှက်သွား၏။ ပြင်းပြင်းထန်ထန် တုန်ခါမှုကြီးနှင့်အတူ မြောက်ကောင်းကင်၏ မရေမတွက်နိုင်သော ကြယ်တာရာများ ဖွဲ့တည်လာကြသည်။
မြောက်ကောင်းကင်၏ ရှေးဟောင်းနတ်ဘုရားတို့မှာ အမျိုးမျိုးသော အရွယ်အစား၊ အသွင်သဏ္ဍာန်တို့ဖြင့် ပေါ်လာပြီး ကိုယ်ပိုင်နယ်မြေအသီးသီးအား စောင့်ရှောက်နေကြသည်။
ကောင်းကင်နတ်မြစ်က အနောက်ဘက်သို့ ဆက်လက်စီးဆင်းသွားပြီး အနောက်နတ်မင်း ပေါ်လာ၏။ ကျားဖြူက ဟိန်းဟောက်လိုက်ပြီး ကြယ်တာရာများစွာ အနောက်ကောင်းကင်တွင် ဖွဲ့တည်လာကြသည်။ အနောက်ကောင်းကင်၏ ရှေးဟောင်းနတ်ဘုရားတို့သည် ကြယ်များကို ကြီးစိုးလိုက်ကြပြီး စွမ်းအားများ ကြီးထွားလာကြ၏။
ထို့နောက် တောင်၀င်ရိုးစွန်း၏ မီးငှက်၊ အရှေ့ဝင်ရိုးစွန်း၏ နဂါးစိမ်းတို့အပြင် ကြယ်တာရာလွင်ပြင်များနှင့် ကြယ်တာရာအစုအဝေးများအားလုံး ဖွဲ့တည်လာကြသည်။
ကောင်းကင်နတ်မြစ်သည် ယိုတုဖြတ်သန်းစီးဆင်း၍ ကမ္ဘာဦးသစ်ပင်ကို ရစ်ပတ်သွားသည်။ များလှစွာသော ကောင်းကင်ဘုံများက အလင်းတန်းများ ကွန့်မြူးလျက် ကမ္ဘာဦးသစ်ပင်၏ ပတ်ပတ်လည်တွင် တည်ရှိနေကြသည်။
ကျယ်ပြောခမ်းနားနေသော ကောင်းကင်နတ်မြစ်က ပင်လယ်ထဲသို့ စီး၀င်သွားပြီးနောက် မှုန်ရီအုံ့ဆိုင်းနေသည့် ယိုတုထဲတွင် နစ်မြုပ်သွား၏။ အချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းနှင့်အတူ စီးဆင်းသွားရင်း မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ငရဲမြစ်အဖြစ် ပြောင်းလဲသွား၏။
ငရဲမြစ်သည် မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်ဆီသို့ ရောက်၍ အဆုံးသတ်မြို့ပျက်ထဲ ကျဆင်းကာ မဟာအမှောင်ထုထဲသို့ တိုး၀င်သွားတော့သည်။
အဆုံးသတ်မြို့ပျက်၏ အခြားတစ်ဖက်မှ ကောင်းကင်နတ်မြစ်သည် ပြန်ထွက်လာပြီး ရွှမ်တုအထက်သို့ ရောက်ရှိသွား၏။ ၎င်းက ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားတွင် စီးဆင်းနေပြီး သူ၏မျက်ခုံးရှည်ကြီးများမှာ ကောင်းကင်နတ်မြစ်ကို ရောင်ပြန်ဟပ်လျက် တဖျတ်ဖျတ် လှုပ်နေချေသည်။
ကောင်းကင်နယ်စားမင်းခြေထောက်အောက်ရှိ အမှောင်ထုထဲတွင် ကောင်းကင်ယင်ကမ္ဘာမှ တုန်ခါလှိုင်းများ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သဲမှုန်များသည် တဝေါဝေါ ပျံသန်းလာကြရင်း ချင်မူ့ဝိညာဉ်သန္ဓေသားထဲစို့ စိမ့်ဝင်ကာ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခု ဖွဲ့တည်လိုက်သည်။
ထိုက်ကျိစက်၀န်းပေါ်တွင် တချွင်ချွင်မြည်သံများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး တာအိုအသံတို့ ပျံလွင့်လာ၏။ ယင်နှင့်ယန်ချီမှ ကောင်းကင်နန်းဆောင်များ အတန်းလိုက် ဖွဲ့တည်လာသည်ကို စက်၀န်းထဲမှ မြင်နေရသည်။ ကောင်းကင်နန်းဆောင်တို့သည် တာအိုအသံမများဖြင့် တုန်ခါဟိန်းဟောက်လျက် အသစ်အတိုင်း တောက်ပနေချေသည်။
ကောင်းကင်နန်းဆောင်တစ်ခုချင်းစီ၏ နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ယင်နှင့်ယန်ချီက မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သည့် နတ်ဓားမနှစ်လက်အလား အဆက်မပြတ် ပြောင်းလဲနေကြသည်။
ဤသည်က ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ပင်။
ရုတ်တရက် ကောင်းကင်ရတနာနယ်ပယ်မှာ အလျင်အမြန် ကျုံ့၀င်သွားပြီး သေးငယ်လာ၏။ အချိန်တိုအတွင်း ၎င်းသည် ဦးနှောက်တစ်လုံး အရွယ်အစားအဖြစ် ဖိသိပ်သွားသည်။
ဦးနှောက်ပတ်၀န်းကျင်တွင် သွေးကြောများ၊ အရိုးများ၊ ဆံပင်များ ပေါက်လာကာ ချင်မူ့မျက်နှာ ပေါ်လာ၏။ ထို့နောက် သူ၏မျက်နှာအစိတ်အပိုင်းများ၊ နှလုံး၊ ကလီစာခြောက်ခုနှင့် ခြေ၊ လက်လေးဖက် ပေါက်လာသည်။
ချင်မူ လက်ဆန့်တန်းကာ ဓားကို ဆွဲယူလိုက်သည်။ ဓားကျိုးက သူ့လက်ထဲတွင် ပေါ်လာပြီး သူ့ခါးတွင် ကပ်သွား၏။ ဓားကျိုး၏ ဓားအိမ်ကလည်း သူ့ခါးတွင် ပေါ်လာသည်။
သူက ဖန်ဆင်းရှင်ကျောက်ရုပ်များဖြင့် ဖွဲ့တည်ထားသော စက်ဝိုင်းအတွင်းမှ ထွက်လာပြီး သူ့အ၀တ်များမှာလည်း ပေါ်လွင်လာနေသည်။ သူ ကျောက်ရုပ်စက်ဝိုင်းထဲမှ ထွက်လာစဉ် သူ၏၀တ်ရုံက သူ့အနောက်တွင် တဖျတ်ဖျတ် လွင့်ခါလျက် ရှိချေသည်။
ကျောက်တုံးတွင်းထဲမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ ကြားလိုက်ရသော်လည်း ချင်မူက မကြားချင်ယောင်ဆောင်လျက် ဆက်လျှောက်သွားသည်။ ကျောက်တုံးတွင်းထဲတွင် ဆန်းကြယ်မှုများ မရှိတော့ဘဲ တောင်နံရံပေါ်ရှိ ယင်ယန်ချီတို့ပင်လျှင် လှိုင်းထနေခြင်း ရပ်တန့်သွားသည်။
အချိန်အတော်ကြာ လျှောက်လာပြီးနောက် အဆုံးမဲ့သော ယင်နှင့်ယန်ချီသည် သူ့အရှေ့တွင် ပေါ်လာကာ နှိုင်းမရလောက်အောင် ကြီးမားသော ထိုက်ကျိစက်၀န်းတစ်ခု ဖော်ဆောင်လိုက်သည်။
ကျယ်ပြောသော စက်ဝန်းအလယ်တွင် ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ကိန်းအောင်းနေ၏။ ယဇ်ပလ္လင်သည် ယင်နှင့်ယန်ကြား၌ တည်ရှိနေခြင်း ဖြစ်ပြီး နတ်ဘုရားဥတစ်လုံးက ယဇ်ပလ္လင်အလယ်တွင် တိတ်ဆိတ်စွာ နေရာယူထားသည်။
ယင်ယန်တာအိုသင်္ကေတများဖြင့် ပြည့်နှက်နေသည့် မူလကျောက်တုံးရှစ်တုံးက နတ်ဘုရားဥကို ၀န်းရံထားသည်။
ချင်မူက နတ်ဘုရားဥအရှေ့သို့ လျှောက်သွားလိုက်ရင်း ခါးရှိ ဓားကို ထုတ်လိုက်၏။ သူက ဓားကို ယဇ်ပလ္လင်ပေါ်တွင် စိုက်လျက် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ပြော၏။ “ဥထဲက တာအိုနောင်တော်... အပြင်လူ ချင်မူက နှုတ်ဆက်လိုက်ပါတယ်”