ကောင်းမွန်သော ကံကြွေးတစ်ခု တည်ဆောက်ခြင်း
Vol. 89 Ch. 1161
ထိုက်ကျိ ကျောက်တုံးတွင်း၏ ယဇ်ပလ္လင်ထက်ရှိ နတ်ဘုရားဥ၏ ပတ်ပတ်လည်၌ အဖြူရောင်နှင့် အနက်ရောင်ချီတို့ ရစ်သိုင်းလှည့်ပတ်နေကြသည်။ ၎င်းတို့ ဖြည်းညင်းစွာ လှည့်ပတ်နေစဉ် အင်မတန် ထူးဆန်းသော အင်းကွက်တစ်ကွက်သည် ဥခွံ၏ အပြင်နံရံတွင် ပေါ်လာပြီး ချင်မူဆီသို့ ဆက်သွယ်နေသည့်အလား ထင်ရ၏။
ဥခွံပေါ်ရှိ အင်းကွက်များမှာ စာလုံးများနှင့် တူသော်လည်း စာလုံးတစ်လုံးချင်းစီသည် လုံးဝန်းနေပြီး အဖြူရောင်နှင့် အနက်ရောင်အဖြစ် သိသိသာသာ ကွဲထွက်နေသည်။ တချို့က ပိုနက်သည်၊ တချို့က ပိုဖြူသည်။ စာလုံးတစ်လုံးချင်းစီတွင် အင်းကွက်ပုံစံတစ်မျိုးစီ ရှိကြရာ အဓိပ္ပာယ်မတူဟု ဆိုလိုသည်။
ချင်မူက ပြုံးလျက် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “တာအိုနောင်တော်၊ ခွင့်လွှတ်ပေးပါ… ကျွန်တော် နောင်တော့်ရဲ့ အရေးအသားတွေကို နားမလည်ပါဘူး”
နတ်ဘုရားဥသည် အနည်းငယ် တုန်ရီသွားပြီး ဥခွံပေါ်တွင် အင်းကွက်တချို့ ထပ်ပေါ်လာသည်။ ချင်မူမှာ နားလည်ရန် ကြိုးစားသော်လည်း စာလုံးတို့၏ ခမ်းနားမှုကို နားလည်နိုင်ရန်မှာ အင်မတန် ခက်ခဲနေသည်။ သူက ပြောသည်။ “ဒီလိုဆိုရင်ရော… နောင်တော်နဲ့ ကျွန်တော် အသိစိတ်အလျဉ်ချင်း ထိပေးလိုက်ရင် နားလည်နိုင်လိမ့်မယ်”
သူ့အသိစိတ်အလျဉ်က ထွက်ပေါ်လာပြီး ဥကို အသာအယာ ပွတ်တိုက်သွားသည်။
ချင်မူ့စိတ်ထဲတွင် ထိုက်ကျိစက်၀န်းတစ်ခု ချက်ချင်း ဖွဲ့တည်လာပြီး ယင်ယန်ချီတို့ လှည့်ပတ်သွား၏။ ယောက်ျားတစ်ယောက်၏ တာအိုအသံလည ်း ထွက်ပေါ်လာသည်။ “ကြိုဆိုပါတယ် တာအိုမိတ်ဆွေ”
ချင်မူက ဓားကို ထောက်လျက် အတန်ငယ် ဦးညွှတ်လိုက်သည်။ “ဒီနေရာကို အမှတ်မထင် လာရောက်ပြီး တာအိုနောင်တော်ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
ထိုအခိုက်အတန့်တွင် ထိုက်ကျိစက်၀န်းထံမှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာသည်။ “စောစောက အဆန်းတကြယ် အဖြစ်အပျက်ကက ငါတို့ကြောင့် မဟုတ်ဘူး … ဒီနေရာရဲ့ ထိုက်ကျိကျောက်တုံးက ယင်ယန်ချီကို ပုံပျက်သွားစေပြီး အပြင်လူတွေ ၀င်မရအောင် လုပ်ခဲ့တာ… တာအိုမိတ်ဆွေ ရောက်လာတာကို အာရုံခံမိတဲ့အတွက် ငါတို့ ဒီကျောက်တုံးတွင်းရဲ့ မူမမှန်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်… တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပေးပါ”
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။
ဥထဲ၌ ရှေးဟောင်းနတ်ဘုရားနှစ်ပါး ရှိနေချေသည်။
ချင်မူနှင့် အပြင်လူများအား တိုက်ခိုက်ရန် ကျောက်တုံးတွင်းကို ထိန်းချုပ်သူမှာ သူမတို့မဟုတ်ကြောင်း အမျိုးသမီး ရှေးဟောင်းနတ်ဘုရား ပြောခဲ့သည်ကို ချင်မူ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဧကရာဇ်၏ ကမ္ဘာဦးအစ နတ်ကျောက်တွင်း၊ တစ်နည်းအားဖြင့် ထိုက်ချူကျောက်တုံးတွင်း အလားတူဖြစ်၍ပင်။
ထိုက်ချူကျောက်တုံးတွင်းသည် တူးဖော်ခံသည့် ပထမဆုံးကျောက်တုံးတွင်းဖြစ်၏။ ကျောက်တုံးတွင်းသို့ ၀င်ရောက်ရသည်မှာ အင်မတန် အန္တရာယ်များခဲ့သည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ နတ်ဘုရင်ကုန်းယွင်၏ ခေါင်းတလားအား ကျောက်တုံးတွင်းထဲ ပို့ဆောင်ရန် ရှေးဟောင်းနတ်ဘုရားရှစ်ပါးအား ခိုင်းစေခဲ့ပုံ၊ ထိုရှေးဟောင်းနတ်ဘုရားရှစ်ပါး သေဆုံးခဲ့ပုံတို့ကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးတွင်းသည် ၀င်လာရဲသည့်သူတိုင်းကို တိုက်ခိုက်မည်မှာ သိသာလှ၏။
ဤသည်ကား ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းများ သူတို့ကိုယ်သူတို့ ကာကွယ်သော နည်းလမ်းဖြစ်ပေသည်။
ရလဒ်အနေဖြင့် မရေမတွက်နိုင်သော ဖန်ဆင်းရှင်များမှာ ကျောက်တူးဖော်ရင်း သေဆုံးခဲ့ရသည်။
မှန်ပါသည်။ ချင်မူကား သူတို့စကားအား အပြည့်အ၀ မယုံချေ။
ထိုက်ကျိကျောက်တုံးတွင်းမှာ အလားတူ ကြောက်မက်ဖွယ်ကောင်းပြီး ချင်မူမှာ သေဘေးမှ လက်မတင်ကလေး လွတ်မြောက်ခဲ့ရ၏။ နောက်တုံးတွင် လွတ်မြောက်ရန်အတွက် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို သုံးရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ချေ။
ဥထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးသာ သူ့ကို အမှန်တကယ် ကယ်ချင်ခဲ့ပါက သူ ကျောက်တုံးတွင်းထဲ ၀င်ရောက်ချိန်တည်းက ကယ်တင်ခဲ့ပေလိမ့်မည်။ သို့သော် သူတို့သည် ထိုက်ကျိကျောက်တုံးတွင်း ချင်မူ့ကို မသတ်နိုင်တော့သည့်အထိ စောင့်ဆိုင်းပြီးမှ ကျောက်တုံးတွင်း၏ မူမမှန်မှုကို ဖိနှိပ်ကာ သူတို့၏စေတနာကို ဖော်ပြခဲ့သည်။
အမှန်တကယ်တွင် သူတို့ ထိုက်ကျိကျောက်တုံးတွင်း၏ ဆန်းကြယ်မှုကို ဖိနှိပ်သည်ဖြစ်စေ၊ မဖိနှိပ်သည်ဖြစ်စေ ချင်မူ့အတွက် အရေးမကြီးပေ။ သူ့အနေဖြင့် ဤနေရာသို့ ရောက်လာနိုင်ရန် အပြည့်အ၀ ယုံကြည်ချက် ရှိပြီးဖြစ်၏။
ထိုက်ကျိစက်၀န်းသည် လှည့်ပတ်နေပြီး အမျိုးသားရှေးဟောင်းနတ်ဘုရား၏အသံက ထွက်ပေါ်လာသည်။ “အပြင်က တာအိုမိတ်ဆွေ… မင်း မသိလောက်သေးတာ တစ်ခုရှိတယ်…. ရှေးဟောင်းကမ္ဘာဦးခေတ်မှာ ကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်း စုစုပေါင်း ငါးတွင်းရှိခဲ့ပြီးတေ့ ဂုဏ်သရေရှိ မြင့်မြတ်ထည်ဝါတဲ့ နတ်ဘုရားငါးပါးကို မွေးဖွားပေးခဲ့တယ်… အဲ့ဒီကျောက်တုံးတွင်းငါးတွင်းကို ထိတဲ့သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အဆုံးသတ်လှမှာမဟုတ်ဘူး”
အမျိုးသမီး ရှေးဟောင်းနတ်ဘုရား၏ အသံက ဆက်ပြော၏။ “ငါတို့က ဥထဲမှာပဲ ရှိနေသေးပေမယ့် ဒီနေရာက အရာအားလုံးကို ငါတို့ရဲ့ လက်ဖမိုး သိထားပြီးသားပဲ… နင့်ကို ခြောက်လှန့်နေတယ် မထင်ပါနဲ့ သက်သေပြဖို့ ကြိုးစားနေတာပါ…ဒီနေရာက ဖန်ဆင်းရှင်တွေက ကျောက်တုံးတွင်းငါးတွင်းမှာ ကျောက်တူးခဲ့ကြပြီး ဒီလောကကနေ ထွက်သွားကြရပြီ”
ထို့နောက် အမျိုးသားရှေးဟောင်းနတ်ဘုရား၏အသံက ထွက်လာသည်။ “မဟာဧကရာဇ်က ထိုက်ချူကျောက်တုံးတွင်းကို တူးဖော်ခဲ့တယ်…. သူ့မှာ အံ့မခန်းလိလိ အစွမ်းအစတွေ ရှိခဲ့ပေမယ့် ကပ်ဘေးတွေ ကြုံတွေခဲ့ရပြီး အကြိမ်ပေါင်းများစွာ အသက်ဘေးကြုံခဲ့ရတယ်… သူ့အင်ပါယာကို နစ်မြုပ်စေခဲ့တာက သူ တူးဖော်ခဲ့တဲ့ ထိုက်ချူပဲ”
ချင်မူ မည်သည်မှ မပြောနိုင်ခင် အမျိုးသမီးရှေးဟောင်းနတ်ဘုရား၏အသံက ဆက်ပြောသည်။ “အဲ့ဒါက ဝဋ်လည်တာလို့ ခေါ်တယ်…. အပြင်က တာအိုမိတ်ဆွေ…. ထိုက်ကျိနတ်ကျောက်တုံးနဲ့ ထိုက်ကျိမူလကျောက်တုံးက နင် တွေးထင်ထားသလောက် နင့်အတွက် အသုံး၀င်ရဲ့လား”
“အခု မဟာဧကရာဇ်က ဘိုးဘေးနန်းတော်ကို ပြန်ရောက်လာတော့ ကျောက်တုံးတွင်းငါးတွင်းက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သဘောပေါက်ထားတယ်….. ဒါကြောင့် သူ ရွေးချယ်ထားတဲ့နေရာက ကျောက်တုံးတွင်းငါးတွင်းထဲက မဟုတ်ဘဲ အင်မတန် အဖိုးတန်တဲ့ နတ်သတ္ထုတွင်းတစ်တွင်းပဲ”
“ဒီလောကမှာ ကမ္ဘာဦးအစ ကျောက်တုံးတွင်းငါးတွင်းအပြင် တခြား သတ္ထုကျောက်တုံးတွင်းတွေလည်း ရှိသေးတယ်… အထဲမှာ နတ်သတ္တုတွေနဲ့ နတ်ကျောက်စိမ်းတွေ အများကြီးရှိကြတယ်… အဲ့ဒါတွေက မင်းအတွက် ပိုအသုံး၀င်လောက်မှာပါ”
ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တလှည့်စီ စကာပြော၍ သေချာရှင်းပြနေသည်။ အစစ်အမှန်လား အတုအယောင်လား ဆိုသည်ကတော့ ချင်မူ၏ ဆင်ခြင်နိုင်စွမ်းအပေါ် မူတည်၏။
ချင်မူက တခဏ တုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “ကျွန်တော် နောင်တော်တို့နှစ်ယောက်ကို မနှောင့်ယှက်ခဲ့သင့်ဘူး… ရှင်းပြသင်ကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော် နောင်တော်တို့ရဲ့ ယင်ယန်ချီနဲ့ ပတ်သက်ပြီး သိပ်ကို သိချင်မိတယ်…. ထိုက်ကျိနတ်ကျောက်တုံးနဲ့ ထိုက်ကျိမူလကျောက်တုံးရဲ့ အသုံး၀င်ပုံကိုလည်း သိချင်မိသေးတယ်… တကယ်လို့များ…”
သူက တခဏ ချိတုံချတုံ ဖြစ်နေကာ ပြောသည်။ “တကယ်လို့ နောင်တော်တို့ နှစ်ယောက်သာ ကျွန်တော့်ကို မူလကျောက်တုံးတစ်လုံးနဲ့ နတ်ကျောက်တုံးတစ်ရာပေးမယ်ဆိုရင် ကျွန်တော် ချက်ချင်း ထွက်ခွာသွားပါ့မယ်”
ရှေးဟောင်းနတ်ဘုရားနှစ်ပါး စကားပြောတော့မည့်အချိန်တွင် ချင်မူက အလောတကြီး ပြန်ပြော၏။ “ငှားတာပါ…. နောင်ကျ ပြန်ပေးပါ့မယ်”
သူ့စိတ်ထဲရှိ ထိုက်ကျိစက်၀န်းသည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ဥထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက အသိစိတ်အလျဉ်များ ရုတ်သိမ်းသွားကြသည်။
မိန်းမအသံနှင့် ယောက်ျားသံက နတ်ဘုရားဥထဲမှ ထွက်လာသည်။ သူတို့ ပြောနေသည့် ဘာသာစကားမှာ ရှေးဆန်ပြီး လျှို့ဝှက်ကာ မည်သည့်အဓိပ္ပာယ်မှ မရှိချေ။
ချင်မူက ယဇ်ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ရင်း သူတို့ ဆွေးနွေးနေသည်ကို စောင့်နေ၏။
တခဏကြာပြီးနောက် ဥပေါ်၌ ထူးဆန်းသော အင်းကွက်တစ်ကွက် ပေါ်လာသည်။
ချင်မူက အသိစိတ်အလျဉ်ကို ထုတ်လွှတ်၍ နတ်ဘုရားဥနှင့် ဆက်သွယ်လိုက်၏။
နောက်ထပ် ထိုက်ကျိစက်၀န်းတစ်၀န်းက သူ့စိတ်ထဲ၌ ဖွဲ့တည်လာပြီး အမျိုးသားရှေးဟောင်းနတ်ဘုရားအသံက ထွက်ပေါ်လာသည်။ “ငါတို့က မွေးဖွားဖို့ အဝေးကြီးလိုသေးတဲ့အတွက် မင်းကို မူလကျောက်တုံးရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ နတ်ကျောက်တုံးတစ်ရာ ငှားပေးလို့ရတယ်…. ဒါပေမဲ့ နောင်ကျ ပြန်ပေးရမယ်”
“မင်း ပြန်မပေးရင် ဒုက္ခတွေ့ရလိမ့်မယ်”
အမျိုးသမီးရှေးဟောင်းနတ်ဘုရားက ပြော၏။ “ယင်ယန်တာအိုကိုတော့ ငါတို့ကို မေးနေစရာမလိုဘူး.. နင်ကိုယ်တိုင် နားလည်နိုင်တယ်…. ထိုက်ကျိမူလကျောက်တုံးက နင့်ကို ယင်ယန်ဘဝကူးပြောင်းခြင်းရဲ့ ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို နားလည်စေလိမ့်မယ်”
ချင်မူက ကျေးဇူးတင်လိုက်သည်။ နတ်ဘုရားဥကို ၀န်းရံနေသော မူလကျောက်တုံးရှစ်တုံးထဲမှ တစ်တုံးသည် ပြေလျော့သွားပြီး သူ့အရှေ့သို့ လိမ့်ဆင်းလာသည်။
ချင်မူက ကျောက်တုံးကို ကောက်ယူ၍ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
ဤကျောက်တုံးတွင်းသည် မူလကျောက်တုံး တစ်လုံးတည်းသာ ရှိသည့် ထိုက်ချူကျောက်တုံးတွင်းနှင့် မတူဘဲ မူလကျောက်တုံး တစ်တုံးထက်ပိုကာ ရှိနေ၏။
ချင်မူက ပြောသည်။ “နောင်တော်တို့နှစ်ယောက်က ဘိုးဘေးနန်းတော်ကို ကောင်းကောင်းသိကြပါတယ်…. ကမ္ဘာဦးအစကျောက်တုံးတွင်းငါးတွင်းအပြင် တခြားဘယ်ကျောက်တုံးတွင်းတွေက အဖိုးတန်ဆုံးလဲဗျ…. လမ်းညွှန်ပေးပါဦး”
ထိုက်ကျိစက်ဝန်းက ဖြည်းဖြည်းချင်း လှည့်ပတ်သွားသည်။ နောက်ခဏတွင် အမျိုးသားရှေးဟောင်းနတ်ဘုရားက ပြောသည်။ “မင်း ဒီကြယ်တာရာလွင်ပြင်ကို ထွက်ခွာသွားရင်…”
“ကြယ်တာရာလွင်ပြင်တဲ့လား” ချင်မူမှာ အံ့ဩမှင်သက်နေ၏။
“ဟုတ်တယ်… ဒါက ထိုက်ကျိကြယ်တာရာလွင်ပြင်ပဲ”
အမျိုးသားရှေးဟောင်းနတ်ဘုရားက ဆက်ပြောသည်။ “ထွက်သွားတဲ့အချိန်ကျ မင်း နားလည်ပါလိမ့်မယ်… မင်း ဒီကြယ်တာရာလွင်ပြင်ကနေ ထွက်သွားရင် မြောက်ဘက်ကို ဦးတည်သွားပါ… မင်းရဲ့အမြန်နှုန်းနဲ့ဆို ဆယ်ရက်လောက်တော့ သွားရလိမ့်မယ်…. ဆယ်ရက်ပြီးရင် အင်မတန် ကျယ်ပြောတဲ့ နေရာတစ်ခုကို ဖုံးအုပ်ထားတဲ့ အနက်ရောင်သစ်ငုတ်တိုတစ်ခု တွေ့လိမ့်မယ်… အဲ့ဒီသစ်ငုတ်တိုအောက်မှာ သူမတူတဲ့ ရတနာတစ်ပါး ကိန်းအောင်းနေတယ်… အဲ့ဒါက ကျောက်တုံးတွင်းငါးတွင်းကို ဖယ်လိုက်ရင် ဘိုးဘေးနန်းတော်မှာ အကောင်းဆုံးရတနာပဲ”
ချင်မူက ကျေးဇူးစကားဆိုသည်။ “နောင်တော်တို့နှစ်ယောက်လုံးက ဘိုးဘေးနန်းတော်အကြောင်း စေ့စေ့စပ်စပ် သိကြတော့ ဖရိုဖရဲကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရား ဘယ်များ ရောက်သွားသလဲ မေးခွင့်ရှိမလားဗျာ”
ဥထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူဖြေလိုက်ကြသည်။ သူတို့အသံထဲတွင် အားကျမှုများ ပြည့်နှက်နေ၏။ သူတို့က ပြုံးလျက် ပြောသည်။ “သူက တာအိုကို ရရှိပြီး လွတ်မြောက်သွားခဲ့ပြီ… ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအဖြစ် ပြောင်းလဲပြီးတော့ ဖြစ်တည်မှုမရှိ၊ အဆင့်အတန်းမရှိ၊ အရောင်အဆင်းမရှိ၊ အနံ့မရှိ၊ လိင်ကွဲပြားမှုမရှိ... နေရာတိုင်းမှာ ရှိပြီး အရာရာကို သိမြင်ခဲ့ပြီ..”
“သူက ငါတို့ထဲမှာ အရည်အချင်းအရှိဆုံးပဲ… မွေးဖွားပြီးတာနဲ့တစ်ပြိုင်နက် ရုပ်ခန္ဓာချုပ်နှောင်မှုတွေကနေ လွတ်မြောက်ခဲ့တယ်… လွတ်လပ်ပြီး ချုပ်နှောင်မှုတွေ မရှိဘဲနဲ့ ကောင်းကင်နဲ့မြေကြီးနဲ့ တစ်သားတည်း ဖြစ်တည်ခဲ့တယ်… သူက ဘယ်သူ့ပုံစံကိုမဆို ပြောင်းလဲနိုင်ပြီး ဘယ်ခေတ်မဆို၊ ဘယ်နေရာမှမဆို ပေါ်လာနိုင်တယ်… အခြားတစ်ဖက်မှာတော့ ငါတို့ကတော့ ခန္ဓာအချုပ်အနှောင်ကနေ ရုန်းထွက်ပြီး သူ့လိုဖြစ်လာဖို့ ကျောက်တုံးတွင်းစွမ်းအားကို စုပ်ယူရင်း ပြစ်ဒဏ်တွေကို ကျော်ဖြတ်ရဦးမယ်”
ချင်မူမှာ တုန်လှုပ်သွားမိသည်။ “အဲဒါက ဘာအဆင့်များလဲ”
ချင်မူက စိတ်ထိန်း၍ မေးလိုက်၏။ “ဘိုးဘေးနန်းတော်ထဲကို ဝင်လာတဲ့ ကောင်းကင်နတ်အရှင်တွေထဲက ဘယ်သူက အရှင်မယွမ်မုလဲဆိုတာ နောင်တော်တို့များ သိသလား”
“သူ ဒီမှာမရှိဘူး”
ဥထဲမှ ရှေးဟောင်းနတ်ဘုရားက ဖြေ၏။ “ဒီနေရာမှာ အရှင်မယွမ်မုဆိုတာ မရှိဘူး…အပြင်က တာအိုမိတ်ဆွေ မင်းမသွားခင် အကြံတစ်ခု ထပ်ပေးလိုက်ချင်တယ်… မင်းခန္ဓာကိုယ်မှာ တခြားကျောက်တုံးတွင်းက တာအိုမိတ်ဆွေတွေရဲ့ အရှိန်အဝါတွေ ရှိနေတယ်…. ကံတရားတွေ သိပ်ပြီး မနှောင်ဖွဲ့မိရင်တော့ မင်း အသက်ကိုမင်း ကယ်နိုင်ပါသေးတယ်”
ချင်မူလည်း ကျေးဇူးစကားဆို၍ ယဇ်ပလ္လင်မှ လှည့်ထွက်လာသည်။ သူက ကျောက်တုံးတွင်းအပြင်သို့ ထွက်နေပြီး ရုတ်တရက် ထိုက်ကျိနတ်ကျောက်တုံးအပိုင်းအစများက ကျောက်တုံးတွင်းနံရံမှ ကွာကျလာသည်။
သူက နတ်ကျောက်တုံးများကို ကောက်ယူကာ ရေတွက်လိုက်၏။ စုစုပေါင်း ၉၉ လုံး ရှိလေသည်။ စောစောက ကောက်ယူလိုက်သော ထိုက်ကျိကျောက်တုံးအ၀င် စုစုပေါင်း တစ်ရာအတိအကျ ရှိ၏။
“ငါ့ခန္ဓာကိုယ်ထဲက ရှေးဟောင်းနတ်ဘုရားတွေက ရတနာတွေဆိုပေမယ့် ချိန်ကိုက်ဗုံးတွေလဲ ဟုတ်တယ်”
ချင်မူမှာ ဖန်သားကောင်းကင်စေတီနှင့် ထိုက်ရှီဥအကြောင်း တွေးရင်း ခေါင်းကိုက်လာသည်။ ဤဥနှစ်လုံးအား မည်သို့ကိုင်တွယ်ရမည်နည်း။