← Chapters

မဟူရာသစ်ပင်ကြီး၏ အသက်ရစ်ကွင်းများ

Vol. 89 Ch. 1162

မဟူရာသစ်ပင်ကြီး၏ အသက်ရစ်ကွင်းများ

Vol. 89 Ch. 1162

ဖန်သားကောင်းကင်စေတီထဲရှိ ရှေးဟောင်းနတ်ဘုရားဥနှင့် ထိုက်ရှီဥတို့သည် အပြင်လောကရှိ ကိစ္စအတော်များများနှင့် ထိတွေ့ခဲ့ကြ၏။ ထိုဥနှစ်လုံးမှာ စောစီးစွာ တူးဖော်ခံခဲ့ရသည့်အတွက် ချင်မူ၏ သွက်လက်ဖြတ်လတ်သော အာရုံတို့က ‌ထိုရှေးဟောင်းနတ်ဘုရားဥများမှာ မသန့်စင်တော့ကြောင်း ဖော်ပြနေသည်။

တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးသည့် ဖန်သား‌ကောင်းကင်စေတီထဲရှိ ရှေးဟောင်းနတ်ဘုရားဥမှာ နွီရှင်းမျိုးနွယ်စု တူးဖော်ခဲ့သော ရတနာတစ်ပါး ဖြစ်သည်။ နွီရှင်းမျိုးနွယ်စု ချေမှုန်းသတ်ဖြတ်ခံခဲ့ရပြီးနောက်တွင် ၎င်းသည် မြောက်နတ်မင်းရွှမ်းဝူလက်ထဲသို့ ကျရောက်၍ ဖန်သားကောင်းကင်စေတီအဖြစ် သွန်းလုပ်ခံခဲ့ရသည်။

ထိုက်ရှီဥကိုမူ ဖန်ဆင်းရှင်တစ်ယောက်က တူးဖော်ခဲ့သော်လည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လက်ထဲသို့ ရောက်ရှိခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် သူကိုယ်တိုင်က မပြည့်စုံဘဲ ‌မွေးဖွားခဲ့ရသောကြောင့် ဥမှ ပြီးပြည့်စုံသော နတ်ဘုရားတစ်ပါး မွေးဖွားလာမည်စိုး၍ ဥကို ချိပ်ပိတ်ကာ ကျောက်ယန်ခန်းမထဲတွင် ဝှက်ထားခဲ့သည်။

ဥနှစ်လုံးသည် တူးဖော်ခံခဲ့ရပြီးနောက် လူ့နှလုံသားတို့၏ ကောက်ကျစ်စဉ်းလဲမှုကို ကြုံတွေ့ခဲ့ရ၏။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ထိုက်ချူသည်လည်း ဥမှ မွေးဖွားခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ကာ ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဥနှစ်လုံးထဲမှ ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ထိုက်ကျိကျောက်တုံးတွင်းထဲမှ ရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် သိပ်ကွာခြားလှမည်မဟုတ်သလို ဖရိုဖရဲကျောက်တုံးတွင်းထဲမှ ရှေးဟောင်းနတ်ဘုရားကဲ့သို့ သာလွန်ထူးကဲလိမ့်မည်မဟုတ်ဟု ချင်မူ ခံစားရလေသည်။

ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးသည် တစ်ဥနှင့်တစ်ဥ ဆက်သွယ်ကြတိုင်း ချင်မူ ရှိနေလျှင် ရပ်တန့်သွားတတ်ကြ၏။ တစ်ခုခု ကြံစည်နေကြသည်မှာ သိသာပေသည်။

“မကြာခင် ငါ ထိုက်ရှီဥရဲ့ တာအိုဘာသာစကားကို နားလည်နိုင်တော့မယ်…. အဲ့ဒီအချိန်ကျရင် သူတို့ပြောစကားတွေကနေတဆင့် ဖန်သားကောင်းကင်စေတီထဲက ရှေးဟောင်းနတ်ဘုရားဥရဲ့ ဘာသာစကားကို နားလည်နိုင်လိမ့်မယ်… တာအိုဘာသာစကားနှစ်ခုလုံးကို နားလည်နိုင်တာနဲ့ သူတို့ ဘာတွေပြောနေကြသလဲ ငါသိိနိုင်ပြီ”

ချင်မူသည် ခြေလှမ်းကျဲများဖြင့် ကျောက်တုံးတွင်းထဲမှ ထွက်လာပြီး ရှေးဟောင်းနတ်ဘုရားဥနှစ်လုံးအား မည်သို့ဖြေရှင်းရမည်ကို ခေတ္တဘေးဖယ်ထားလိုက်၏။ သူက တောင်အောက်သို့ ခပ်မြန်မြန် ဆင်းလာကာ နဂါးချီလင်နှင့် ယန်အာကို ဆင်ခေါ်လိုက်သည်။ “ဒီနေရာကနေ ထွက်သွားကြစို့”

နဂါးချီလင်နှင့် ယန်အာက တအံ့တဩ မေးကြသည်။ “ဂိုဏ်းသခင်/သခင်လေး… ဒါက ဘယ်လို ရတနာမြေမျိုးမလို့လဲ… ဘာလို့ လက်လျှော့လိုက်ရတာလဲ”

ချင်မူက သူ့ဘေးရှိ ဟင်းလင်းပြင်သားရဲဆီသို့ တစ်ချက်ကြည့်ပြီး ပြုံးကာ ဖြေသည်။ “ဿဘာဝရဲ့ ရတနာတွေဆိုတာ ကုသိုလ်ကံကောင်းမှ ရယူနိုင်တာ... ချီးမြှောက်ခံရတာ... ကောင်းကင်အရင်းအမြစ်တွေနဲ့ မြေကြီးအရင်းအမြစ်‌တွေ…. ငါက ကုသိုလ်ကံ သိပ်မကောင်းသေးဘူး…. ငါ ဒီနေရာကို အင်အားသုံး သိမ်းပိုက်လိုက်ရင် ထိခိုက်ဒဏ်ရာရလိမ့်မယ်”

နဂါးချီလင်နှင့် ယန်အာမှာ ‌ဇဝေဇဝါဖြစ်နေကြသည်။ ချင်မူသည် အတိတ်တုန်းက သူလိုချင်သည့်အရာကို ပြတ်ပြတ်သားသား အဓမ္မလုယူတတ်သူ မဟုတ်လော။ ဤသို့ ရတနာတောင်မျိုးကို တွေ့ရှိခဲ့ပြီးနောက်မှ အဘယ်သို့ပြု၍ လက်ဗလာဖြင့် ပြန်လာခဲ့ပါသနည်း။

ထိုမျှသာမက ဤသည်က ထိပ်တန်းရတနာမြေတစ်မြေ ဖြစ်သည်။ ဘိုးဘေး‌နန်းတော်၏ ကမ္ဘာဦးအစ ကျောက်တုံးတွင်း ငါးတွင်းထဲမှ တစ်တွင်းလည်း ဖြစ်၏။ ကျောက်တုံးတွင်းငါးတွင်း၌ မတူညီသော စွမ်းအားငါးမျိုး ကိန်းဝပ်နေချေရာ မတူညီသာ ကျင့်ကြံစနစ်၊ ကျင့်ကြံခြင်းဆိုင်ရာ ဦးတည်ချက်များနှင့် ကျင့်ကြံခြင်းလမ်းစဉ်များဟုပင် ဆိုနိုင်ချေသည်။

ဖန်ဆင်းရှင်တို့သည် အသိစိတ်အလျဉ်ကို ဖွဲ့တည်အဆင့်မြှင့်နိုင်အောင် ထိုက်ချူ၏ ကျောက်တုံးတွင်းမှ မဟာကမ္ဘာဦးအစ ထိုက်ချူနတ်ကျောက်တုံးများကိုသာ အားကိုးခဲ့ကြ၏။ သူတို့က ရှေးဟောင်းကမ္ဘာဦးခေတ်၏ စကြ၀ဠာကို အုပ်စိုး၍ ရှေးဟောင်းနတ်ဘုရားများကိုပင် ကျွန်ပြုနိုင်ခဲ့ချေသည်။

ထိုက်ချူနတ်ကျောက်တုံးများက စွမ်းအားကြီးသကဲ့သို့ အခြားနတ်ကျောက်တုံးများကလည်း မဆိုးရွားလှ‌ချေ။ သူတို့သာ ဤကျောက်တုံးတွင်းကို သိမ်းပိုက်နိုင်ပါက အနာဂတ်တွင် အလားအလာများစွာ စောင့်စားနေလိမ့်မည်။

သို့‌သော် ချင်မူက ထွက်သွားချင်သဖြင့် သူတို့မှာ သူ့နောက်ကို လိုက်ရပေလိမ့်မည်။

“မြေဧကတွေအများကြီး စိုက်ပျိုးထွန်ယက်ခဲ့တာ နှမြောစရာပဲ”

နဂါးချီလင်က သူ စိုက်ပျိုးထားခဲ့သော စိုက်ခင်းများကို နှမြောသတ ကြည့်ရင်း ‌တွေးလိုက်၏။ ‘ကမ္ဘာလောကကြီးက ကြီးမားပေမယ့် စိုက်ပျိုးမြေဧက နည်းနည်းလောက်ကို မထိန်းသိမ်းပေးထားနိုင်ဘူးတဲ့လေ’

သူတို့သည် အနက်ရောင်သဲကန္တာရဆီသို့ ပြန်လည်ရောက်ရှိလာကြပြီး ဖြတ်လျှောက်လာကြသည်။ သူတို့အရှေ့ရှိ သဲနက်များက ကောင်းကင်ကို ဖုံးလွှမ်းနေပြီး သဲလေများက အင်မတန် ပြင်းထန်၏။ ဖန်သားကောင်းကင်စေတီကို အားကိုးရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

ချင်မူမှာ အနောက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်ရင်း ကြောင်အသွား၏။

သူတို့ ဖြတ်သန်းလာခဲ့သည့် အနက်ရောင်သဲကန္တာရမှာ ကျယ်ပြောသော ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲသွားခဲ့ချေသည်။ မရေမတွက်နိုင်သော ကြယ်တာရာများက နဂါးငွေ့တန်းတစ်ခုအဖြစ် ဖွဲ့တည်နေပြီး တဟုန်ထိုး တိုက်ခတ်နေသော သဲနက်များမှာ ရေလှိုင်းများအလား မျောလွင့်နေသည့် ကြယ်တာရာများအဖြစ် ပြောင်းလဲနေသည်။

သူက အကြည့်ရုတ်ကာ အရှေ့သို့ ပြန်ကြည့်လိုက်သည်။ သဲကန္တာရသည် မျက်စိတစ်ဆုံး ဆန့်တန်းနေပြီး အမှောင်ထုဖြင့် လွှမ်းခြုံခံထားရသည်။ သူ၏ လက်ငါးချောင်းကိုပင် မြင်ရန် ခက်ခဲ၏။

“တကယ်ကို ထူးဆန်းတဲ့နေရာပဲ.. အဲ့ဒီလို နတ်ဘုရားတွေကို မွေးထုတ်ပေးနိုင်နေတယ်”

သူက ထိုက်ချူနတ်ကျောက်တုံးအပိုင်းအစတစ်ခုကို ထုတ်၍ ချီစွမ်းအင် ပေါင်းထည့်လိုက်သည်။ ရုတ်တရက် သူ့ချီစွမ်းအင်မှာ နှစ်ခုကွဲသွားပြီး ယင်ယန်ချီအဖြစ် ပြောင်းလဲသွားသည်။

ချင်မူ အံ့အားသင့်သွားသည်။ နတ်ကျောက်တုံးကို သုံး၍ သူ၏ချီစွမ်းအင်မှ ဖြစ်ပေါ်လာသော ယင်ယန်ချီမှာ မူလ ပေါင်းထည့်ခဲ့သော ချီစွမ်းအင်ထက် များစွာ သန်မာ၏။ ထို့အပြင် ပို၍များပြားသော အသွင်ပြောင်းလဲမှုများ ရှိနေပြီး‌ လောကထဲရှိ မည်သည့်သတ္တဝါမဆိုအဖြစ် ပြောင်းလဲနိုင်သည့်အလား ထင်ရသည်။

'ဒီထိုက်ကျိနတ်ကျောက်တုံးမှာ မဟာကမ္ဘာဦးအစ မူလ‌ကျောက်တုံးနဲ့ ဖန်ဆင်းရှင်တွေနဲ့ ဆင်တဲ့ ကျင့်ကြံလမ်းစဉ်တစ်ခု ပါတယ်.... ထိုက်ချူဥကို မဟုတ်ဘဲ ထိုက်ကျိဥကိုသာ တူးဖော်မိလိုက်ရင် ထိုက်ကျိမူလကျောက်တုံးရဲ့ အစိတ်အပိုင်းရှစ်ခုကို ထိန်းချုပ်တဲ့သူတွေက မဟာဧကရာဇ်ရှစ်ပါးလို ဖြစ်လာပြီးတော့ ဥထဲက ရှေးဟောင်းနတ်ဘုရားနှစ်ပါးက မဟာကမ္ဘာဦးအစ ကောင်းကင်နတ်ဧကရာဇ်နှစ်ပါး ဖြစ်လာလိမ့်မယ်’

သူက ထိုက်ကျိနတ်ကျောက်တုံးအား သိမ်းဆည်း၍ ထိုက်ကျိကျောက်တုံးတွင်းဆီ လှည့်ကာ လက်ပြလိုက်သည်။

ဥမှ မွေးဖွားလာသည့် ရှေးဟောင်းနတ်ဘုရားငါးပါးတွင် နှစ်ပါးမှာ အသွင်ဖွဲ့တည်ပြီးလေပြီ။ ထိုက်ကျိဥထဲမှ ရှေးဟောင်းနတ်ဘုရားများ မည်သည့်အချိန်၌ ထွက်လာမည်နည်း။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါး ထွက်လာပါက လောကကို မည်သို့ ပြောင်းလဲသွားစေနိုင်သနည်း။

“ဟင်းလင်းပြင်သားရဲတွေက ဖန်ဆင်းခံထားရတာလား မေးဖို့ မေ့သွားတယ်… မွေးဖွားပြီးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားက ဖန်ဆင်းခဲ့တာများလား…. ဟင်းလင်ပြင်သားရဲတွေကို ဖန်တီးရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ”

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် ဖန်ဆင်းရှင်များနှင့် မဟာဧကရာဇ်ကို ရှင်းလင်းသုတ်သင်ပြီးသောအခါ အဆင့်မြင့်သိုင်းပညာရှင်အားလုံးနီးပါးနှင့် ပူးပေါင်း၍ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့သည်။ ရည်ရွယ်ချက်များထဲမှ တစ်ခုက ဟင်းလင်းပြင်သားရဲများ မထွက်လာအောင် ဖြစ်၏။

ထိုမျှသာမက နတ်ဘုရင်ကုန်းယွင်သည် ကောင်းကင်နတ်အရှင်ကုန်း ဖြစ်သည်။ သူမသည် ဖန်ဆင်းရှင်တစ်ပါးဖြစ်သော်လည်း ဟင်းလင်းပြင်သားရဲများအား ချိပ်ပိတ်ထားသင့်ပြီး မလွှတ်ပေးသင့်ဟု ယုံကြည်၏။

ဖန်ဆင်းရှင်များသည် ဟင်းလင်းပြင်သားရဲများကို ဖန်တီးခဲ့သည့် ဖြစ်တည်မှု၌ မကောင်းသော ရည်ရွယ်များ ရှိသည်ဟု ခံစားခဲ့ရသည်မှာ သိသိသာသာပင်။

ဤအရာ၏ နောက်ကွယ်အကြောင်းအရင်းကား ဘာများနည်း….

ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့စဉ်က ဤနေရာတွင် မွေးဖွားလာခဲ့သည့် ရှေးဟောင်းနတ်ဘုရားကိုပါ ချိပ်ပိတ်ရန် စီစဉ်ထားခဲ့သည်လော။

‌မြောက်ဘက်သို့ ဆယ်ရက်ကြာ ခရီးနှင်လာခဲ့ပြီးနောက် ထိုက်ကျိကျောက်တုံးတွင်းထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါး ပြောပြခဲ့သော အနက်ရောင်သစ်ငုတ်ကို တွေ့လိုက်ရသည်။ ချင်မူမှာ ခေါင်းမော့ကြည့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်သွား၏။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးသာ ဤသည်က အနက်ရောင်သစ်ငုတ် ဖြစ်သည်ဟု မပြောခဲ့လျှင် ဤနေရာ၏ ပုံစံအစစ်အမှန်ကို သိရှိနိုင်မည်မဟုတ်ချေ။

သူတို့‌အရှေ့တွင် မရေမတွက်နိုင်သော အနက်ရောင်တောင်တန်းများက မားမားမတ်မတ် ရပ်‌တည်နေသည်။ အဝေးမှ ကြည့်လျှင် ရာ၊ ထောင်ချီသော တောင်များမှာ စက်ဝိုင်းသဏ္ဌာန် ဖွဲ့တည်နေပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသည့် တောင်တန်းများအား ဖြစ်ပေါ်နေစေသည်။

သို့သော် ဤနေရာမှာ အင်မတန် အိုမင်းသော သစ်ပင်တစ်ပင်မှ ကျန်ရစ်ခဲ့သော သစ်ငုတ်တိုတစ်ခု အမှန်တကယ် ဖြစ်ချေသည်။ ဖွဲ့တည်နေသော စက်ဝိုင်းပုံသဏ္ဍာန် တောင်တန်းများမှာ ဤအနက်ရောင်သစ်ပင်ကြီး၏ အသက်ရစ်ကွင်းများ ဖြစ်ကြ၏။

သို့သော် နှိုင်းယှဉ်မရလောက်အောင် ကြီးမားလှသော စက်ဝိုင်းပုံသဏ္ဍာန် တောင်တန်းများမှာ အရေအတွက် နည်းပါးပုံရပြီး အသက်ရစ်ကွင်း များများစားစား ရှိပုံမပေါ်ချေ။

ချင်မူက ကောင်းကင်ထက်သို့ ပျံတက်၍ ရေတွက်ကြည့်လိုက်သည်။ တောင်တန်းများသည် အသက်ရက်ကွင်း ဆယ့်ခြောက်ကွင်းကိုသာ ဖွဲ့တည်ထား၏။ ၎င်းအရ ဤအနက်ရောင်သစ်ပင်သည် သက်တမ်းဆယ့်ခြောက်နှစ်သာ ရှိပေလိမ့်မည်။

“ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့ သစ်ပင်တစ်ပင်က ဘယ်လိုလုပ် ဒီလောက် ကြီးနေရတာတုန်း” သူက ရယ်လျက် ခေါင်းရမ်းလိုက်သည်။

“ရှေးဟောင်းနတ်ဘုရားတွေ ပြောတာတော့ ဒီနေရာက ကျောက်တုံးတွင်းငါးတွင်း ပြီးရင် ဒုတိယပဲတဲ့… ဆိုတော့ ငါ့ပိုင်နက်က ဒီမှာ ဖြစ်ရမယ်”

ချင်မူသည် ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်၍ မှောင်ပိန်းနေသော တောင်တန်းများဆီသို့ ပျံသန်းသွားစေကာ အနက်ရောင်သစ်ပင်၏ ဗဟိုသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ တောင်များ၏ အလယ်၌ မားမားမတ်မတ် ရပ်တည်နေသော ဧရာမတောင်ထိပ်တစ်ခု ရှိသော်လည်း တောင်ထိပ်မှာ ပြားကပ်နေချေသည်။

ချင်မူက ဖန်သားကောင်းကင်စေတီကို ထုတ်၍ ဧရာမအနက်ရောင်တောင်ထိပ်ထဲ ထိုးစိုက်လိုက်သည်။ သူက အသံဩဇာအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ “နိုးထစမ်း”

ဝီ…….

ဖန်သားကောင်းကင်စေတီသည် ထီးရွက်များကို တစ်လွှာပြီးတစ်လွှာ ဖြန့်ကျက်လိုက်သဖြင့် ကောင်းကင်ဘုံများ ပြန့်ကားထွက်လာ၏။ မကြာမီ ၎င်းတို့သည် အနက်ရောင်တောင်တန်းများအပေါ် လွှမ်းခြုံသွားပြီး အနက်တောင်တန်း‌ဆယ့်ခြောက်ခုက ကောင်းကင်ဘုံ ၂၈ ဘုံ၏ အောက်သို့ ရောက်သွားတော့သည်။

သူ့ပိုင်နက်ကို ကာကွယ်ပြီးနောက် ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ချက်ချင်း ဖွင့်လိုက်ကာ ဖန်ဆင်းရှင်တို့၏ မြင်ယောင်ဖန်ဆင်းခြင်းနည်းလမ်းဖြင့် နန်း‌ဆောင်တစ်ဆောင် တည်ဆောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် နဂါးချီလင်၏အသံ ထွက်လာသည်။ “ဂိုဏ်းသခင်၊ ဒီအနက်ရောင်တောင်ပေါ်မှာလည်း အသက်ရစ်ကွင်းတွေ ရှိတယ်ဗျို့”

ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး လျှောက်သွားလိုက်၏။ မြေအောက်ဘုံအရှင်သခင် အသေးစားလေးသည် ထိုင်လျက် ဤဧရာမအနက်ရောင်တောင်ထိပ်ပေါ်ရှိ နှစ်များကို ရေတွက်နေသည်အား တွေ့လိုက်ရသည်။ သူကား နှစ်,ထောင်အနည်းငယ်အထိ ရေတွက်ပြီးလေပြီ။

“ဒါတွေ… ဒါတွေက တကယ်ကြီး အသက်ရစ်ကွင်းတွေပဲဟ”

ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ မြေအောက်ဘုံအရှင်သခင်အသေးစားလေးသည် နှစ်သုံးထောင်အထိ ရေတွက်ပြီးသွားသော်လည်း သူ့မှာ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချေသည်။

အနက်ရောင်တောင်တစ်တောင်လုံးမှာ မိုင်ပေါင်များစွာ ရှည်လျားကျယ်ပြန့်၏။ ၎င်းတို့အားလုံးကို မည်မျှကြာကြာ ရေတွက်ရမလဲ မသိနိုင်ချေ။

ချင်မူ့ရင်မှာ ပြင်းထန်စွာဖြင့် တဒိန်းဒိန်း ခုန်နေသည်။ သူက အနက်ရောင်တောင်၏ အမှတ်အသားများကို ကြောင်အစွာ ကြည့်နေမိသည်။ သူ့ဦးနှောက်မှာ လိုက်မမှီနိုင်တော့ချေ။ “ဒီအနက်ရောင်သစ်ပင်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ… ဒီတိုင်းဆို တစ်နှစ်က ဘာအဓိပ္ပာယ်လဲ.. ဒီသစ်ပင်အတွက် တစ်နှစ်က ဘယ်လောက်ကြာတာလဲ”

နဂါးချီလင်က ခြေတစ်လှမ်းချင်း လှမ်းလျက် ဧရာမအနက်ရောင်တောင်ထိပ်၏ အရှည်ကို တိုင်းတာပြီး ခြေတစ်လှမ်းတွင် အသက်ရစ်ကွင်း မည်မျှရှိကြောင်း တွက်ချက်သည်။ ထို့နောက် သူက ခြေလှမ်းအရေအတွက်နှင့် မြှောက်၍ ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ ဒီအနက်ရောင်တောင်ထိပ်က သစ်ပင်သာဆို နှစ်ကုဋေသုံးဆယ် သက်တမ်းရှိတယ်”

All Chapters